Wednesday 14 January 2009

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနှင့် လိပ်ပြာ အကျိုးသက်ရောက်မှု

မြန်မာစီးပွားရေးပညာရှင်များတင်သွင်းခဲ့သော Butterfly Effect on World Economic Cha၀s

-မြတ်စိုး-

ယနေ့ ကမ္ဘာကြီးဟာ ကျယ်ပြောသော ပထ၀ီဒေသကြီး တခုဖြစ်သလို ထွေပြားသောလူမှုစီးပွား ရေး နယ်ပယ်ကြီး တခုလည်းဖြစ်ပါတယ်။ ထို့အတူ ပြုပြင်ပြောင်းလဲနေမှုများ၊ ရင်ဆိုင်နေရ သော ပြဿနာများ၊ ဖွံ့ဖြိုးရေးလှေကားထစ်များကို တက်ကြရာတွင်လည်း တချိန်တည်း၊ တပြိုင်တည်း မဟုတ်သလို၊ တစ်ပုံစံတည်း လည်း မဟုတ်ကြပါဘူး။ ထို့အတူ စဉ်စားအဖြေရှာမှု ပုံစံဟာလည်း အသွင်မတူနိုင်ကြပါဘူး။ ဒါပေမဲ့လည်း စဉ်စားအဖြေရှာမှုတွေ မှာတော့ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်သစ် စီးပွားရေး အခြေအနေကို နားလည် သိရှိဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ခေတ်သစ် စီးပွားရေး ဖြစ်ပေါ်နေမှုနှင့် လက်ရှိစီးပွားရေး အကျပ်အတည်းများ ကို လေ့လာ သုံးသပ်ရာမှာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ ဖြစ်ကြတဲ့ ဂျပန် နဲ့ ဂျာမဏီ နိုင်ငံတွေရဲ့ အကြောင်းကို ယနေ့ တင်ပြသွားပါမယ်။ ဒီနိုင်ငံတွေ မှာ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးဆိုင်ရာ အကျပ်အတည်းတွေ ကိုဖော်ပြရင်း အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်ဘွဲ့ရ မြန်မာ စီးပွားရေး ပညာရှင်လူငယ်များ တင်သွင်းခဲ့သော (
Butterfly Effect on World Economic Chaos) စာတမ်း နဲ့ တချို့ စီးပွားရေးပညာရှင်များရဲ့ ဒဿနတွေ ကို စာဖတ်သူတို့အားဝေမျှပေးခြင်းပါတယ်။

ဂျပန် (သို့) အာရှ ကျား

ဂျပန်နိုင်ငံ လူစည်းကားရာ တိုကျိုမြို့ မှာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် အိုးမဲ့အိမ်မဲ့လူဦးရေ အသစ် တိုးများလာနေပြီ ဟု ဂျပန် ရုပ်မြင်သံကြားသတင်းဌာနတခုနဲ့ CNN သတင်းဌာန တွေမှာကြေညာသွားခဲ့တယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ စီးပွားရေးအားဖြင့် ဒုတိယ အင်အားအကြီးဆုံးနိုင်ငံဖြစ်သလို၊ နေထိုင်ဘို့ ဈေးကြီးပြီး၊ လူနေမှု အဆင့်အတန်းမြှင့်မားတဲ့ တိုင်းပြည် တခုလည်းဖြစ်တယ်။ လောလောဆယ်ကြုံတွေ့နေရတဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်၏ အကျိုးဆက်ကြောင့် တိုကျိုမြို့ လူစည်ကားရာ အကြီးဆုံးပန်းခြံ မှာ ရာပေါင်းများစွာ သော အိုးမဲ့အိမ်မဲ့ဖြစ်နေကြတဲ့ သူတွေဟာ အလုပ်အကိုင်သစ်တွေ ရဖို့ တန်းစီစောင့်ဆိုင်း နေတာကို တွေ့ရ တယ်။ လောလောဆယ် အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေ ကို အစိုးရနှင့် ဂျပန် အလုပ်သမားပါတီက အစာရေစာ တွေထောက်ပံ့ဝေငှနေတာတွေ့ရတယ်။ ဆောက်လုပ်ရေး ယာယီအလုပ်သမားဘ၀ ဖြင့် လုပ်ကိုင်ခဲ့တဲ့ အသက် ၆၁ နှစ် အရွယ်ရှိ ဂျပန် အမျိုးသားကြီးကတော့ ဒါဟာ သူ့အတွက် ပထမဦးဆုံးအကြိမ် အိုးမဲ့အိမ်မဲ့ အခြေအနေကို ရောက်ရှိခဲ့တာလို့ ငိုယိုပြောဆိုနေတယ်။ ခရစ်စမတ်မတိုင်မှီ သူအလုပ်လုပ်ကိုင်တဲ့ ကုမ္ပဏီက ပိတ်လာတာကြောင့် သူဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး၊ မိသားစု တွေဆီမှာလည်းနေထိုင်လို့ မရတာကြောင့် အိုမဲ့အိမ်မဲ့ ဘ၀ကိုရောက်ရှိသွားခဲ့တာလို့ ပြောဆိုတယ်။ သူ့လို အိုးမဲ့အိမ်မဲ့ဖြစ်နေကြသူတွေဟာ အစိုးရနဲ့ ဂျပန် အလုပ်သမားသမဂ္ဂက စီစဉ်ဆောက်လုပ် ပေးထားတဲ့ ယာယီတဲတွေ မှာနေထိုင်နေကြတယ်။ ဂျပန် အစိုးရ ရဲ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းအရ တိုကျိုမြို့မှာ အောက်တိုဘာလ မှ မတ်လ အထိ ၈၅,၀၀၀ ယာယီအလုပ်သမား အဖြစ် လုပ်ကိုင်နေကြသူ တွေ ဟာ အလုပ်လက်မဲ့ ဖြစ်ကြလိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်။ လူဦးရေ ထူထပ်တဲ့ တိုကျိုမြို့ မှာတော့ ဒီအရည်အတွက် ဟာ ဘာမှ မပြောပလောက်ပေမဲ့၊ စီးပွားရေး အခြေအနေ အရ ကတော့ အခုအချိန်ဟာ အဆိုးဝါးဆုံးဖြစ်ရပ်တခုပါ။

ဂျပန်နိုင်ငံ တိုကျို မြို့ မှာ စီးပွားရေးပျက်ကပ်ကြောင့် ဒုက္ခရောက် တဲ့လူတွေကို အစိုးရက အခမဲ့ အစားအစာ ကိုစီစဉ် ပေးထားပုံ နှင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေရဲ့ အခြေအနေတွေ ကို ဒီမှာနှိပ်ကြည့်ပါ။ မြန်မာ ပြည်မှာတော့ ဒုက္ခရောက်နေတဲ့ လူတွေအတွက် သက်သာချောင်ချိရေး အစီအစဉ်တွေမရှိပါဘူး။ အစိုးရကလည်း လုပ်မပေးဘူး။ လူတွေကလည်း တောင်းဆိုတာ အခုထိ မရှိသေးဘူး။ မြန်မာပြည်က လူတွေ အတော့ကို အဆင်ပြေ ကြပုံရတယ်။ လူနေမှု အဆင့်အတန်း မြင့်မားတဲ့ ဂျပန်နိုင်ငံမှာ တနေ့ကို ၁ ဒေါ်လာနဲ့ မရပ်တည်နိုင် ကြပေမဲ့၊ ဆင်းရဲနိမ့်ကျပြီး ဆင်းရဲမွဲတေနေမှု အောက်မှာ နေထိုင်ကြရတဲ့ မြန်မာ နှင့် ဇင်ဘာဘွေ ပြည်သူ တွေ ကတော့ ၁ ဒေါ်လာ နဲ့ ရပ်တည်လို့ရတဲ့ အခြေအနေဟာ နှစ်ပေါင်း ၄၀ ကျော် နေထိုင် ခဲ့ရလို့ အသားကျ၊ ခေါက်ရိုးကျိုး နေကြတာကြောင့်လည်း ဖြစ်မှာပါ။

တိုကျိုမြို့ လမ်းမတွေပေါ်မှာတော့ ယာယီအလုပ်သမားအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ကြတဲ့ သူတွေဟာ “We Have Family: Help Us” ငါတို့မှာမိသားစုတွေရှိတယ်။ အကူအညီပေးပါလို့ ဆိုပြီး သူတို့ အစိုးရကို တောင်းဆို ဆန္ဒပြ နေကြတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ ယာယီအလုပ်သမား (Temporary Workers) အဖြစ် ၀င်ရောက်လုပ်ကိုင် ခဲ့ကြတဲ့သူတွေဟာ၊ တခြား ငှားရမ်းခြင်းခံထားရတဲ့ အလုပ်သမား( Permanent workers) တွေလို အကျိုးခံစားခွင့်နဲ့ အကူအညီထောက်ပံ့မှုတွေ ကိုမရရှိကြလို့ပါ။ တချို့ အိုးမဲ့အိမ်မဲ့ ဖြစ်သွား ကြတဲ့ ယာယီ အလုပ်သမားတွေကတော့ “ဟုတ်ပါတယ်။ ကျနော်တို့ဟာ ဒုက္ခရောက်နေ ကြတယ်။ ဒါပေမဲ့လည်း ဒီလိုဘဲ ကျိုးစားရှာဖွေရင်းနဲ့ နောင် နှစ်ကြရင် ဒီဒုက္ခတွေကို ကျော်လွှားနိုင် ပါလိမ့်မယ် လို့” အကောင်းဘက်ကမြင်ပြီး ပြောဆိုနေသံတွေ ကိုလည်းကြားရတယ်။

ဂျာမဏီ (သို့) ဥရောပ ကျား

ဂျာမဏီဟာ ကမ္ဘာမှာ ပထမ အများဆုံး ပြည်ပသို့တင်ပို့ရောင်းချနေတဲ့ နိုင်ငံတခုဖြစ်တယ်။၂၀၀၆ ခုနှစ် ဂျာမန် အလုပ်သမားရေးရာ ဌာန ကထုတ်ပြန်ခဲ့တဲ့ စာရင်းအရ အလုပ်လုပ်နိုင်သူဦးရေ ၄၃.၆၆ မီလီယံ ရှိပါတယ်။ ၂၀၀ရ ခုနှစ် ကမ္ဘာ့ ကိန်းဂဏန်းအရ ဂျာမဏီနိုင်ငံ ၏ ပြည်ပသို့တင်ပို့ရောင်ချမှု ( Exports) ဟာ အမေရိကန် ဒေါ်လာ ၁၃၅၄ ဘီလီယံ (၁.၃၅၄ ထွီလီယံ) ရှိခဲ့ပြီး၊ ကမ္ဘာမှာ ပထမ အကြီးမားဆုံး ပြည်ပသို့ တင်ပို့ရောင်းချနေ တဲ့ နိုင်ငံတခုဖြစ်တယ်။ ဂျာမန်အစိုးရ ရဲ့ ဒီနေ့ ထုတ်ပြန်ကြေညာတဲ့ ကိန်းဂဏန်းတွေအရ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ မှာ ပြည်ပသို့တင်ပို့ရောင်းချမှုဟာ ရာစုနှစ် ၂ စု အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့တယ်။ ဒါဟာ ၁၉၉၀ ခုနှစ် အောက်တိုဘာလက စတင်ရင် ပထမဦးဆုံးအနိမ့်ဆုံး အဆင့်ကိုရောက်ရှိသွားတာဖြစ်ပြီး၊ ပြည်ပသို့တင်ပို့နေမှု တနှစ်အတွင်း ၁၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလမှာ ဂျာမဏီရဲ့ထုတ်ကုန်ဟာ ၁၂ ရာခိုင်နှုန်း နှင့် သွင်းကုန်ကတော့ ၅.၆ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း ဖော်ပြထားတယ်။ လောလောဆယ် ဂျာမဏီနိုင်ငံမှာ ကုမ္ပဏီ တောတော များများ ဟာ ကုန်ထုတ်လုပ်မှုတွေ လျှော့ချနေပြီး၊ အလုပ်အကိုင်တွေ ကိုလည်း လျှော့ချနေတာတွေ့ရတယ်။ ဂျာမဏီနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း က စရင် အဆိုးရွားဆုံး အခြေအနေ ကိုရောက်ရှိ နေတယ်လို့ ဂျာမန်အစိုးရ ကကြေညာခဲ့တယ်။ လောလောဆယ် ဂျာမဏီနိုင်ငံရဲ့ ကုန်သွယ်ရေးပိုငွေဟာ အောက်တိုဘာလ မှာ ယူယို (ဥရောပသုံးငွေ ) ၁၆.၄ ဘီလီယံရှိရာက အခုဆို ယူယို ၉.ရ ( ဒေါ်လာ ၁၃ ဘီလီယံ) သို့ ကျဆင်းသွားတယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဂျာမဏီနဲ့ ဥရောပ နိုင်ငံတွေ ကတော့ လက်ရှိရင်ဆိုင်နေရတဲ့ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြီးကို သက်သာအောင် အတိုးနှုန်းတွေ ကို လျှော့ချဘို့ စဉ်းစားပြောဆိုနေကြတယ်။

စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်

အမေရိကန် စီးပွားရေးပညာရှင်နှင့်ပြည်ထောင်စုဗဟိုဘဏ် အကြီးအကဲဟောင်း အယ်လန် ဂရင်းစပင်း က ကမ္ဘာ့စီးပွားရေးကို နှိုင်းယှဉ် သုံးသပ်ပြောဆိုခဲ့ရာမှာ အမေရိကန်၏ စီးပွားရေး ဟာ လှည်းတစ်စီးရဲ့ ၀န်းရိုးတခု ဖြစ်ပြီး၊ ကျန်တဲ့ ကမ္ဘာရှိ အခြားနိုင်ငံတွေရဲ့ စီးပွားရေးကို လှည်းရဲ့ ဒေါက်တိုင် များ အဖြစ် တင်စား သုံးနှုန်း ခဲ့ဘူးပါတယ်။ လှည်းတစီး မှာ လှည်းဝန်ရိုးက အဓိက ကျတယ်။ လှည်း ၀န်ရိုး ကျိုးသွားတာဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကောင်းကောင်း မလည်ပတ်တော့ဘူး ဆိုရင် ဒေါက်တိုင်တွေ ဟာ ခံနိုင်ရည်မရှိတော့ဘဲ အလိုလို ကျိုးသွား လိမ့်မယ်လို့ သတိပေးပြောကြားခဲ့ဘူးပါတယ်။ ဆိုလိုတာက အမေရိကန်ရဲ့ စီးပွားရေး ဟာ တခြားနိုင်ငံတွေ ကို သက်ရောက်နိုင်စေတယ် ဆိုတဲ့ အချက်ပါ။ အမေရိကန် မှာ အစိုးရက အမေရိကန် ၀ါဂွမ်းစိုက်ပျိုးတဲ့ လယ်သမား တွေကို ငွေကြေးထောက်ပံ့မှုပေးလိုက် ခြင်းဟာ၊ အာဖရိက က နိုင်ငံငယ်တွေ ဖြစ်တဲ့ ၀ါဂွမ်းစိုက်ပျိုးသူတွေကို ဒုက္ခရောက်စေနိုင်ပါတယ်။ အမေရိကန် လယ်သမားတွေဟာ ၀ါဂွမ်းတွေ ပိုမိုထုတ်လုပ်ပြီး၊ ကမ္ဘာ့ဈေးကွက်မှာ ဈေးနှုန်းချိုသာစွာဖြင့် တင်ပို့ရောင်းချနိုင်ကြတယ်။ အစိုးရထောက်ပံ့မှုမရှိ၊ နည်းပညာလည်း မရှိ၊ လူကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေတဲ့ အာဖရိနိုင်ငံများရှိ ၀ါထုတ်လုပ်နေကြတဲ့ အာဖရိ ကန် လယ်သမားတွေ အနေဖြင့် အတော့ကို ဒုက္ခရောက်ကြ ပါလိမ့်မယ်။ ထုတ်လုပ်မှုက သိပ်မရှိ၊ ဈေးနှုန်းကလည်းကမ္ဘာ့ဈေးကွက်မှာကျဆင်းလာမှာမို့ သူတို့ကို အများကြီး သက် ရောက် လာစေနိုင်တဲ့ အချက်ဆိုတာပါဘဲ။

တချို့ စီးပွားရေး ပညာရှင်တွေ ကတော့ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဟာ တခြားနိုင်ငံတွေကို သက်ရောက်စေနိုင် ကြောင်း ဒိုမီနို သီအိုရီ နဲ့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တယ်။ ဒီသီအိုရီ နဲ့ ပက်သက်ပြီး ကျနော် ပြီးခဲ့တဲ့ လက ဆောင်းပါးမှာ ရှင်းပြခဲ့ပါတယ်။ ဥပမာ- ၁၉၉၇ ခုနှစ် ဇူလိုင်လမှာ က ထိုင်းနိုင်ငံက သူတို့ရဲ့ ဘတ်ငွေ ကို လျှော့ချခဲ့တယ်။ ဒီလျှော့ချခဲ့မှုကြောင့် ပြည်တွင်း အရင်း အနှီးအများစုဟာ အိမ်ယာမြေဈေးကွက် တွေမှာ နစ်နေခဲ့တယ်။ အဲဒီနောက် စတော့ အစုရှယ်ရာ ဈေးကွက်တွေ ကျဆင်းခဲ့တယ်။ ထိုင်းနိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ ငွေကြေး ဆိုင်ရာ အကျပ်အတည်းဟာ ထိုင်းနိုင်ငံမှာရပ်မနေဘဲ အိမ်နီးချင်း အာရှနိုင်ငံတွေ အပါအ၀င် တကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့တယ်။ ၁၉၉ရ ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ အာရှစီးပွားရေး အကျပ်အတည်း ပြဿနာဟာ ဒီနေ့ အမေရိကန် မှာရင်ဆိုင်နေရတဲ့ စီးပွားရေးပျက်ကပ်ကြီးနဲ့ အလားသဏ္ဍန် တူပါတယ်။


ဒိုမီနို သီအိုရီ

ဒါပေမဲ့လည်း အမေရိကန် စီးပွားရေးပညာရှင် အယ်လန်ဂရင်းစပင်း အဆိုအရ ဖွံ့ဖြိုးဆဲ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ဟာ တကမ္ဘာလုံးနဲ့ နှိုင်းယှဉ်ရင် လှည်း ဒေါက်တိုင်တခု သာဖြစ်တာမို့ ၊ အတိုင်းအတာတခုသာ တခြားနိုင်ငံ တွေကို သက်ရောက်ကူးစက်သွားခဲ့တယ်။ ဒါပေမဲ့လည်း၂၀၀ရ ခုနှစ် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန် နိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ၀ရုန်းသုန်း ကားဖြစ်ပေါ်ခြင်း၊ ပရမ်းပတာဖြစ်ခြင်း (Economic Chaos) ဟာ လှည်းဝန်ရိုး ကျိုးသွားတာ ဖြစ်တာကြောင့် ၁၉၉၇ ခုနှစ်မှာခံစားရမှာထက် ပိုမို မှာကတော့ ဧကန် မလွဲပါဘူးလို့ ဆိုတယ်။

၁၉၉၇ ခုနှစ် အာရှ ငွေကြေးဆိုင်ရာ နဲ့ စီးပွားရေးဆိုင်ရာ အကျပ်အတည်းပြီးနောက် ဒီလိုစိမ်ခေါ်ချက်မျိုးတွေ ထပ်မံဖြစ်နိုင်-မဖြစ်နိုင် နိုင်ငံတကာ စီးပွားရေးပညာရှင်တွေက မှန်းဆကြည့်ကြတယ်။ နာမည်ကျော် ဘောဂဗေဒ ပညာရှင် ပေါလ်ခရူမန် က နောက်ဆယ်နှစ်အတွင်း တစ်ကြိမ် ကြုံနိုင်စရာ ရှိသေးတယ်လို့ ၂၀၀၀ ခုနှစ်မှာ ဟောကိန်းထုတ်ခဲ့တယ်။ ဂျပန်စီးပွားရေး ပညာရှင် အီဆူကီး ဆာကာတီဘရာ ကလည်း ကမ္ဘာ့စီးပွားရေးဟာ ဗဟိုရွေ့ပြောင်းမှုကြီးဖြစ်နေပြီး၊ ထိုရွေ့ပြောင်းမှုဟာ ယခင်ကလို နိုင်ငံကြီးတနိုင်ငံမှ အခြားနိုင်ငံတခုသို့ ရွေ့ပြောင်းမှုမျိုးမဟုတ်။ မြေကမ္ဘာပေါ်မှ မိုးပေါ်ဆိုက်ဘာစပေ့သို့ ရွေ့ပြောင်းမှုကြီးဖြစ်တယ်။ ပြောင်းလဲမှုဟာ လျင်မြန်လွန်းမှာဖြစ်လို့ နည်းပညာ (Technology) မကိုင်နိုင်လျှင် ရှော့ခ်(Shock) ဒဏ် ခံနိုင်ဖွယ်မရှိလို့ ဟော်ကိန်းထုတ်ခဲ့တယ်။ သူတို့ အဆိုအရ အစိုးရတွေဟာ ပြင်ဆင်မှုမရှိဘူး၊ နည်းပညာ ကိုအသုံးမချဘူးဆိုရင် နောင်ဖြစ်ပေါ်လာမဲ့ စီးပွားရေးအကျပ်အတည်းဟာ ၁၉၉၇ ခုနှစ်ထက် အဆပေါင်းများစွာ ပိုမိုခံစားရလိမ့်မယ်လို့ဆိုတယ်။ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေ၊ ဆင်းရဲတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေးစူနာမီ လှိုင်းတံပိုးအောက်မှာ သားကောင်တွေ ဖြစ်ကြလိမ့် မယ်ဆိုတာဘဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်က သူတို့ ရဲ့ ဟောကိန်း ဟာ မှန်ကန်နေကြောင်း ဒီနေ့ ပြသနေတယ်။ တချို့ စီးပွားရေးပညာရှင်တွေကတော့ အစိုးရတွေ၊ ဥပဒေပြု အမတ်တွေ၊ နိုင်ငံရေးသမားတွေ ဟာ ကြိုတင်သိရဲ့နဲ့ ဘာမှ ပြင်ဆင်မှုတွေ၊ ကာကွယ်မှုတွေ မပြုလုပ်ခဲ့မှုပေါ် ထောက်ပြပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။ သူတို့ ကတော့ အစိုးရတွေရဲ့ တာဝန်မဲ့ လုပ်ရပ်လို့ စွပ်စွဲပြောဆိုခဲ့ကြတယ်။

မနေ့က အင်ဒီယားတက္ကသိုလ် (Indiana University) မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးအကြောင်း ဆွေးနွေးသုံးသပ်ကြတဲ့ စီးပွားရေးဆိုင်ရာနှီးနှောဖလှယ်ပွဲမှာ အမေရိကန်မှာ နေထိုင်နေကြတဲ့ စီးပွားရေး လေ့လာသုံးသပ်နေသူ မြန်မာ ပညာရှင်များလည်း တက်ရောက် ခဲ့ကြတယ်။ မြန်မာ စီးပွားရေးပညာရှင်များက (Butterfly Effect on World Economic Chaos) စီးပွားရေးဆိုင်ရာ စာတမ်းတစောင်တင်သွင်းခဲ့တယ်။ ဒီနှီးနှောဖလှယ်ပွဲမှာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးအကြောင်းနဲ့ ပက်သက်ပြီး၊ မြန်မာစီးပွားရေး ပညာရှင်များက အက်ဒ၀ပ်လိုရင့်ဇ် (Edward Lorenz) ရဲ့ လိပ်ပြာအကျိုးသက်ရောက်မှု (Butterfly Effect ) ကို နှိုင်းယှဉ်ပြီး တင်ပြဆွေးနွေးသွားတာကြားခဲ့ရတယ်။ ဒီတော့ လိပ်ပြာအကျိုးသက်ရောက်မှု ဆိုတာ ဘာလဲ။ အတိုချုပ်ရှင်းပြ ရယင်တော့ ကမ္ဘာ့ရေစီးကြောင်းပြောင်းလဲမှုဟာ ကမ္ဘာ့ ရာသီဥတု ကို ပြောင်းလဲသွားစေသလို၊ ကမ္ဘာ့ ရာသီဥတုပြောင်းလဲလာနေမှု ဟာ ကမ္ဘာ့ရေစီးကြောင်း ကို ပြောင်းလဲလာစေနိုင်တဲ့ အချက်ဆိုတာ ကိုနှိုင်းယှဉ် အသုံးချဖော်ပြသွားတာပါ။ ဒီ လိပ်ပြာ အကျိုး သက်ရောက်မှု ဟာ ၀ရုန်းသုန်း ကားဖြစ်ပေါ်ခြင်း၊ ပရမ်းပတာ ဖြစ်ခြင်း သီအိုရီ ( Chaos Theory) ကို သုံးသပ် လေ့လာရာက တွေ့ရှိခဲ့တဲ့ ရှာဖွေ တွေ့ရှိချက်တခုပါ။ စီးပွားရေး၊ နိုင်ငံရေး၊ ရာသီဥတု ဆိုးရွားမှုဖြစ်ပေါ်လာမှုအပေါ် နောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ သက်ရောက်မှု အခြေအနေတွေ ကို လေ့လာ သုံးသပ် ထားခြင်း ဖြစ်ပါတယ်။


လိပ်ပြာတစ်ကောင် အတောင်တဖျတ်ဖျတ်ခတ်မှုဟာ ကမ္ဘာ့လေတိုက်နှုန်းနှင့် လေသွားရာလမ်းကြောင်း ကို ပြောင်းလဲ သွားစေနိုင်တဲ့ လိပ်ပြာအကျိုးသက်ရောက်မှု (Chaos သီအိုရီ ) စမ်းသပ်ချက်

လိပ်ပြာအကျိုးသက်ရောက်မှု ပက်သက်ပြီး၊ မြန်မာပြည် အားမာန်သစ် စာပေ စာအုပ်တိုက် ကထုတ်ဝေတဲ့ သောင်းထိုက် (အငြိမ်းစားဗိုလ်မှူးကြီး) ဘာသာပြန်ရေး သားထားသော အမှန်တရား မြတ်နိုးခြင်း စာအုပ်မှာ အကျယ်တ၀င့်ရှင်းပြ ထားဘူး တယ်။ ဒီ သီအိုရီ ကို စီးပွားရေးနယ်ပယ် မှာ လည်းပြောဆို သုံးစွဲလာနေကြပါပြီ။ ဒိုမီနို သီအိုရီ လိုပါဘဲ။ နိုင်ငံတနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ အခြားနိုင်ငံတွေကို သက်ရောက်စေနိုင်တယ် ဆိုတဲ့ အချက်ပါဘဲ။

လိပ်ပြာအကျိုးသက်ရောက်မှု သီအိုရီ

သောင်းထိုက်
(အငြိမ်းစားဗိုလ်မှူးကြီး) က အခုလို ဘာသာပြန်ပေးခဲ့ပါတယ်။ အက်ဒ၀ပ်လိုရင့်ဇ် ( Edward Lorenz) ဟာ မန်ဆာချူးဆတ် စက်မှုတက္ကသိုလ် ( MIT) မှ ရာသီဥတုနှင့် ဇလဗေဒ ပညာရှင် တဦးပါ။ သူဟာ လေတိုက်သည့် ပုံစံ အနည်းငယ် ပြောင်းရုံနှင့် ရာသီဥတုကို မည်သို့ ထိခိုက် လွှမ်းမိုး နိုင်သည် ကို သိလို၏။ ထို့ကြောင့် (၁၉၆၀ ခုနှစ်များတွင်) လိုရင့်ဇ်သည် လေပုံစံ အနည်းငယ် ပြောင်းရုံနှင့် ရာသီဥတု မည်သို့ ဖြစ်လာနိုင်သည်ကို သူ့ကွန်ပြူတာ အဖြေထုတ်ရန် စီစဉ်ခဲ့ပြီး သူ့ဓာတ်ခွဲခန်းမှ အပြင်ထွက်၍ ကော်ဖီသောက် အပန်းဖြေခဲ့လေသည်။

အက်ဒ၀ပ်လိုရင့်ဇ် ( Edward Lorenz)

သူ့ဓာတ်ခွဲခန်းသို့ ပြန်ရောက်သည့် အခါ ကွန်ပြူတာကြီးက ထုတ်ပေးသည့် ပုံကိုကြည့်၍ လိုရင့်ဇ် သည်အထူး အံသြနေ၏။ လေတိုက်သည့်ပုံစံ အနည်းငယ်ပြောင်းသွားရုံ နှင့် ကမ္ဘာ့ရာသီဥတု အကြီးအကျယ် ပြောင်းလဲ သွားစေသည်ဟု ကွန်ပြူတာက အဖြေထုတ်ပေး လေသည်။ လိုရင့်ဇ် ကဤသို့ပြောပြပါသည်။ ဘရာဇီးလ်(တောင်အမေရိက) နိုင်ငံက လိပ်ပြာ တစ်ကောင် အတောင်တဖျတ်ဖျတ်ခတ်ရုံ နဲ့ တက်ဆတ်ပြည်နယ် မှာ လေပြင်းမုန်တိုင်းကြီး ကျရောက်နိုင်ပါသည်။ လိပ်ပြာ အတောင်ခတ်၍ ဖြစ်ပေါ်လာသည့် လေလှိုင်းများသည် မိုင်ပေါင်းထောင်ချီပြေးသွား၍ လမ်းတလျှောက်လုံး အခြားလေလှိုင်းများကို ထိခိုက်သွားကာ နောက်ဆုံး ရာသီဥတု တစ်ခုလုံးကို ပြောင်းလဲသွားစေမည်ဟူသော သဘောဖြစ်လေသည်။ လိုရင့်ဇ်က လိပ်ပြာ အတောင်ခတ် သည်ကို ပမာနှိုင်းပြောဆိုခဲ့သည်ကို အစွဲပြု၍ ယင်းအကျိုး သက်ရောက်မှု ကို လိပ်ပြာအကျိုးသက်ရောက်မှုဟု ခေါ်တွင် လာကြ ခြင်းဖြစ်သည်။

ဟုတ်ပါတယ်။ မြောက်အမေရိက က လိပ်ပြာတကောင် အတောင်တဖျတ်ဖျတ် ရိုက်ခတ် လိုက်မှုကြောင့် အင်အားကြီးမားတဲ့ ဆူနာမီလှိုင်းလုံးကြီးဟာ ဘာလင်တံတိုင်း၊ မဟာတံ တိုင်း နဲ့ ဂျပန်ကျွန်း ကမ်းခြေတွေဆီ တဘုန်းဘုန်း ပြင်းပြင်း ထန်ထန် ရိုက်ခတ်သွားနေပါပြီ။

(ဇန္န၀ါရီ ၁၄, ၂၀၀၉)

ကျွန်နော့် ဆောင်းပါးများကို လက်ဆင့်ကမ်း ကူးယူဖော်ပြပေးနေသော ပြည်တွင်း၊ ပြည်ပ ဘလော့ဂ်ဂါ များကို အထူးကျေးဇူး တင်ရှိကြောင်းပြောကြားလိုပါတယ်။


Rest of your post

2 comments :

Anonymous said...

ကျေးဇူးဘဲ အကိုရေ။ ညီမ အမြဲအားပေးနေပါတယ်။


နှင်းအိ

Anonymous said...

ွှအကိုရေ

PDF file နဲ့ တင်ပေးပါလား။

KK ( စင်္ကာပူ)