Wednesday, 14 January 2009

ကြယ်ငါးပွင့်သင်္ဘောကုမ္ပဏီ နှစ် (၅၀)

လွန်ခဲ့တဲ့ အနှစ် ၂၀ က ကြယ် ၅ပွင့် သင်္ဘောတစင်း၊ အခုတော့ သံချေးတက်နေပါပြီ

-မောင်ရေပြာ-

မြန်မာ့ကြယ်ငါးပွင့်သင်္ဘောကုမ္ပဏီကတည်ထောင်တာနှစ်(၅၀)ပြည့်တဲ့အခမ်းအနားကျင်းပမယ်ဆိုပြီးအရင်သင်္ဘောသားဟောင်းတွေကို ဖိတ်ထားတာကြားရတယ်။ ကြယ်ငါးပွင့်သင်္ဘောကုမ္ပဏီရုံးမှာ ဖေဖေါ်ဝါရီလမှာ အစိုးရ၀န်ကြီး က ဦးဆောင် ကျင်းပမယ်ပြောပါတယ်။

နှစ်သာ ၅၀ ပြည့်သွားတယ်၊ ဘာထူးခြားသလဲ မေးရမှာပါ။ အရင်တချိန်က လွတ်လပ်ရေးရပြီး ဖွံ့ဖြိုးလိုတဲ့ နိုင်ငံ တိုင်းက နိုင်ငံ အလံကို တံဆိပ်တပ်ထားနိုင်တဲ့ နိုင်ငံဂုဏ်ဆောင် လေကြောင်း၊ သင်္ဘောကုမ္ပဏီတွေ ထောင် လေ့ရှိတယ်။ Nation Flag-Carrier လို့ ခေါ်ပါတယ်။ ကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီကိုလည်း အခုလို နိုင်ငံအလံတင် သင်္ဘောကုမ္ပဏီ အနေနဲ့ ၁၉၅၉ ခုနှစ်က တည်ထောင်ခဲ့တယ်။ စတင်တည်ထောင်စ ကာလက ပြည်တော်သာ စီမံကိန်းနဲ့ တိုင်းပြည်တိုးတက်ရေး လုံးပမ်းနေချိန်၊ တိုင်းပြည်စီးပွားရေးကလည်း ဒီလောက် မဆိုးသေးဘူး။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရစဉ် အစည်းအဝေးမှာ ရှိနေတဲ့ အတွင်းဝန် ဦးဘဂျမ်းရဲ့ညီဦးဘရှမ်းက စတင် ဦးဆောင်တည်ထောင်ခဲ့တယ် ပြောတယ်။

နောက်တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအောက်မှာ ကြယ်ငါးပွင့်လည်း အစိုးရပိုင် သင်္ဘောကုမ္ပဏီ အဖြစ် ဆက်စခန်း သွားရတယ်။ ဦးဆောင်သူတွေကလည်း ခိုးလိုက် ၀ှက်လိုက်ကြနဲ့ရှိခဲ့တယ်။ ခိုးတဲ့နေရာမှာဆိုရင် ကြယ်ငါးပွင့် ဦးဆောင် ညွှန်ကြားရေးမှူး ဖြစ်ခဲ့တဲ့ ဦးရွှေသန်းကအတော်အခိုးကြမ်းခဲ့တယ် ပြောတယ်။

အခု စစ်အစိုးရလက်ထက်မှာ ပိုဆိုးတာပေါ့။ နိုင်ငံတကာ စံချိန်စံနှုန်းတွေလည်း ကရုမစိုက်တော့ဘူး။ ရေပေါ်ရင် သင်္ဘောလောက် ထင်တဲ့သူတွေ အုပ်ချုပ်နေတော့ သင်္ဘောတွေကို တရုတ်ကို ပေါချောင်ကောင်း အပ်ပြီး ဆောက်ခိုင်းတယ်။ တရုတ်ကလည်း ဖြစ်သလို ဆောက်ပေးလိုက်တာ၊ သင်္ဘောဆိုရင် သင်္ဘောပုံနဲ့တောင် မတူတော့ဘူး။ ခန့်ခန့်ထည်ထည် မရှိလှတော့ဘူးလို့ သင်္ဘောသားဟောင်း တယောက်က ရင်နာနာနဲ့ ပြန်ပြောပြတယ်။

အခု နှစ် ၅၀ အကြား မြန်မာ့ကြယ်ငါးပွင့်သင်္ဘော ကုမ္ပဏီကြီးကို ပြန်ကြည့်လိုက်တော့ ကမ်းရိုးတန်းသွား အဆင့်လောက်ပဲ ရှိနေသေးတယ်။ အခုပြန်ကြည့်တော့ ပင်လယ်သွားသင်္ဘော ၁၂ စီး၊အနီးအနား ပင်လယ်သွား ၄ စီး၊ ကမ်းရိုးတန်းသွား ကုန်တင် ၅ စီး၊ ကမ်းရိုးတန်းသွား လူစီး-ကုန်တင် ၃ စီး၊ကမ်းရိုးတမ်းသွား လူစီး ၂ စီးပဲ ရှိတာကို သူတို့ အင်တာနက် စာမျက်နှာမှာ တွေ့ရတယ်။ http://www.mfslshipping.com/ နှစ် (၅၀) ပြည့်လာတာ အခမ်းအနားလုပ်ပြီး ဂုဏ်ယူဖွယ် မဟုတ်ပါဘူး။ နှစ်၅၀- ပြည့်လာပြီ ဘယ်လောက်တိုးတက်ခဲ့ သလဲ ဆိုတာကို အကျေအလည် ပြန်လည်သုံးသပ်ရတော့မယ့် အချိန်ပါ။ မြန်မာနိုင်ငံဟာ ၁၈-၁၉ ရာစုလောက်မှာ ကမ္ဘာ က လေးစားလောက်တဲ့ကျွန်းသစ်နဲ့ သင်္ဘောဆောက်တဲ့ လုပ်ငန်းတွေကို ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက်ပြီး၊ကမ္ဘာ မှာပါ နာမည်ကျော်ခဲ့တယ်။ အခုတော့ မြန်မာ့ကြယ်ငါးပွင့် ဘယ်အဆင့် ရောက်နေသလဲ။အလားတူ မြန်မာနိုင်ငံရဲ့ အဆင့် နေရာလည်း ဘယ်ကို ရောက်နေပြီလဲ။ပြန်သုံးသပ် ဆင်ခြင်နိုင်ရင်တော့ ကောင်းလိမ့်မယ်။




No comments :