Wednesday 14 January 2009

မြန်မာပြည် အတွက်မေးခွန်းများ ( အပိုင်း ၅)

ယဉ်ကျေးမှုထွန်းကားခဲ့သော သမိုင်းဝင် ပုဂံမြို့

ပုဂံရွှေပြည်အစ၊ ပထမ မြန်မာများ

-အောင်သူငြိမ်း-

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ ဆက်လက်တင်ပြထားတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံဖွဲ့စည်းထားပုံ၊ စနစ်တွေကို ဆက်လက်တင်ပြလိုပါတယ်။ မြန်မာ့လူအဖွဲ့အစည်း စတည်ရာ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၅ဝဝ လောက်ကတည်းက လူအဖွဲ့အစည်း အသိုင်းအဝိုင်းအဖြစ် ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်ပြီး ရှိနေခဲ့တာကို အရင်တပတ်က တင်ပြခဲ့ပါတယ်။

စာဖတ်မိတ်ဆွေများခင်ဗျား

ဆိုပါစို့၊ သမိုင်းအထာက်အားအရ ပြန်ကြည့်ရင် လွန်ခဲ့တဲ့ နှစ် (၂ဝဝဝ) လောက်က ကမ္ဘာ့မြေပုံကို ပြန်ကြည့်ရင် ကမ္ဘာပေါ်မှာ အင်ပိုင်ယာကြီး ၄ ခုပဲရှိ တာတွေ့ကြရပါလိမ့်မယ်။ ရောမ၊ ပါရှား၊ အိန္ဒိယမှာရှိတဲ့ မောရိယအင်ပိုင်ယာနဲ့ တရုတ်က ဟန်အင်ပိုင်ယာတို့ ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအင်ပိုင်ယာတွေကြားမှာ လစ်ဟနေတဲ့၊ သူတို့သြဇာ လွှမ်းခြုံသက်ရောက်မှု မရှိတဲ့ ဒေသတွေလည်း ရှိပါသေးတယ်။ မြောက်ဖျား တိဘက်ဒေသကနေ၊ ဧရာဝတီမြစ်ဝှမ်းလွင်ပြင် အထိဒေသတွေ ဟာလည်း ဒီလို အင်ပိုင်ယာတွေရဲ့ သြဇာကင်းတဲ့ ဒေသတွေထဲမှာ တခုအပါအဝင်ပါ။ ဒီဒေသတွေမှာ တချိန် မြန်မာဖြစ်လာမယ့်လူတွေရဲ့ ဘိုးဘေးတွေ နေထိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် ဧရာဝတီမြစ်ဝှမ်းဒေသက ယဉ်ကျေးမှု၊ ကုန်သွယ်ရေး လမ်းကြောင်းတွေကတော့ တစုံတရာ ဖွံ့ဖြိုးနေ ပါပြီ။ ခရစ်မပေါ်မီ ၁၃၉ ခုနှစ် ဘီစီမှာ တရုတ်အရာရှိ ချန်ကျီယန် (Zhang Qian) က အင်ပိုင်ယာမြို့တော်ကနေ နောက်လိုက်နောက်ပါတွေနဲ့ လူသူမပေါက်သေးတဲ့ အနောက်ဖက်ဒေသကို ခြေဆန့်ခဲ့ပါတယ်။ သူက အိန္ဒိယ၊ နောက်ဆုံး ဒီနေ့အာဖဂန်နစ္စတန်အထိ ခြေဆန့်နိုင်ခဲ့ပါတယ်။ ဧရာဝတီမြစ်ဝှမ်းဒေသကတဆင့် အိန္ဒိယနဲ့ ကုန်သွယ်နိုင်တဲ့ လမ်းကြောင်းကိုလည်း တွေ့ခဲ့ပြီး၊ ကုန်သယ်တွေက အရင်ပေါက်ရောက်နှင့်တဲ့အကြောင်း၊ ဒီ ဒေသက ဆင်စွယ်၊ အဖိုးတန်ကျောက်မြက်တွေ၊ ရွှေငွေ၊ အကောင်ငယ်ပေမယ့် သန်မာတဲ့ မြင်းတွေ၊ သူတို့ တန်ဖိုးထားကြတဲ့ ကြံ့ချိုတွေ ကုန်သွယ်နိုင်တဲ့အကြောင်း ကိုလည်း တရုတ်ဘုရင့်ထံ ပြန်သံတော်တင်နိုင်ခဲ့ပါ တယ်။

ရောမအရှေ့ဖက်က ဖြစ်နိုင်တာက အလက်ဇန်းဒါးဘုရင်ရဲ့ သံအဖွဲ့တွေကလည်း ခရစ်ပေါ်ပြီး အေဒီ ၉၇ မှာ ဧရာဝတီမြစ်ဝှမ်းဒေသကို ဖြတ်လို့ တရုတ်ဆီကို သံအဖွဲ့သွားခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာတော့ လှေသင်္ဘော တွေ ပေါ်လာတော့ မလက္ကာရေလက်ကြားကတဆင့် ရေလမ်းခရီးကို အသုံးပြုနိုင်ခဲ့ကြပေမယ့် သေချာတာက တချိန်က မြန်မာနိုင်ငံလို့ခေါ်တဲ့ ဒေသဟာ ကုန်သည်တွေ၊ ခရီးသွားတွေအတွက် လမ်းမကြီးပေါ်မှာတည်ရှိ စည်ပင်ဖွံ့ဖြိုးခဲတယ် ဆိုတာပါပဲ။

မြန်မာတွေ လက်ခံယုံကြည် ပြောဆိုလာခဲ့ကြသလို ကုန်သည် ၂ ဦးဖြစ်တဲ့ တဖုဿနဲ့ ဘာလိကတို့ ညီနောင် ၂ ဦးက ဗုဒ္ဓနဲ့ ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံလို့ အပြန်မှာဆံတော် ၈ ဆူကို ပူဇော်သယ်ဆောင်လာပြီး ရွှေတိဂုံဘုရား ကို တည်ခဲ့ကြတယ် ဆိုပါတယ်။ ဒါပေမယ့် ဒီကနေ့ ကျနော်တို့အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်က လွန်ခဲ့တဲ့ နှစ် ၅ဝဝ လောက်က တည်ခဲ့တဲ့ ဗိသုကာ လက်ရာတွေဖြစ်ပါတယ်။ ယခင်ရှေးဟောင်းလက်ရာတွေက အတွင်းမှာ ဌာပနာကျန်ရစ်နိုင်သလို မူလက ဘယ်လိုပုံရှိမယ် ဆိုတာ မပြောနိုင်ကြပါဘူး။ ဒါပေမယ့် သေချာတာ ကတော့ ဗုဒ္ဓဘာသာဟာ မြန်မာ့မြေထဲကို အစောကြီးကတည်းက ရောက်နေနှင့်နိုင်ပါတယ်။ ဒါပေမယ့် စာရေး သူ ဦးသန့်မြင့်ဦးက မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာရောက်လာပုံက နှောင်းပိုင်းကာလမှ ရောက်လာတာဖြစ်နိုင်ပြီး၊ ကုန်းလမ်းခရီးထက်စာရင် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်လာတဲ့ ရေလမ်း၊ အိန္ဒိယတောင်ပိုင်း ဗုဒ္ဓဘာသာက နေ ဆင်းသက်လာတယ်လို့ ယူဆပါတယ်။ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်လို့ ကုန်သွယ်ကြရင်း ဗုဒ္ဓဘာသာ သာမက ဟိန္ဒူအနုပညာနဲ့ အခြားတတ်ကျွမ်းလေ့လာစရာတွေကို ရယူခဲ့ပုံရတယ်လို့လည်း သုံးသပ်ပါတယ်။

ဒီလို ယူဆောင်လာတဲ့ ကိုးကွယ်ယဉ်ကျေးမှု၊ အနုပညာတွေကို ဧရာဝတီမြစ်ဝှမ်းဒေသမှာ ရှိပြီးသား ယဉ်ကျေးမှု နဲ့ပေါင်းစပ်ခဲ့ကြပါတယ်။

ဒီအချိန်မှာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းသွားလာနေတဲ့ ရေလမ်းက ပုံမှန် အသုံးပြုနေကြ ဖြစ်ဟန်တူပါ တယ်။ ပထမ ထောင်စုနှစ်ရဲ့ အစောပိုင်းရာစုတွေကို ပြန်ကြည့်ရင် အရှေ့တောင်အာရှဒေသ၊ အထူးသဖြင့် ဂျာဗား၊ ကမ်ဘောဒီးယား၊ ဆူမတြာ၊ ဆိုင်ယမ် (ဒီနေ့ထိုင်း) နဲ့ မြန်မာ မင်းတွေက အိန္ဒိယဘွဲ့ကို ခံကြသလို၊ အိန္ဒိယအနုပညာ ဆောက်လုပ်ရေး ဗိသုကာပညာတွေကို လည်း အလေးထားအတုယူခဲ့ကြတာ ထင်ထင်ရှား ရှား တွေ့နိုင်ပါတယ်။ ပြည်အရပ်က အုပ်ချုပ်သူတွေကိုယ်၌က ဝိကရမ်၊ ဝါမန် စတဲ့ အိန္ဒိယ အမည်တွေ ခံခဲ့ကြပါတယ်။ အေဒီ ၄ ရာစုမှာတော့ ဧရာဝတီမြစ်ဝှမ်းဒေသတခုလုံးမှာ တောင်ပိုင်းဗုဒ္ဓဘာသာကို လက်ခံ ယုံကြည်နေကြပြီလို့ ဆိုပါတယ်။ ဒါကိုလည်း တရုတ်ခရီးသွားရဲ့ မှတ်တမ်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်တဲ့။

ဒါပေမယ့် ဘီစီအစောပိုင်းကာလတွေနဲ့ ခရစ်တော်ပေါ်ပြီး အေဒီ ၉ ရာစုအကြားမှာတော့ ဧရာဝတီမြစ်ဝှမ်း ဒေသကို မြောက်အရပ်၊ ဟိမဝန္တာတောင်ခြေက အင်အားသစ်၊ အုပ်စုသစ်က ထိုးဝင်လာခဲ့ပါတယ်။ အဲဒါ ကတော့ ဒီနေ့မြန်မာဖြစ်လာမယ့် အုပ်စုပဲ ဖြစ်ပါတယ်။

အေဒီ ၈ ရာစုမှာ မူစလင်တပ်တွေက ဥရောပ စပိန်အထိ ချဲ့ထွင်တိုက်နေတဲ့အချိန်မှာ ဒါလီကန်အနီးက ၆ ပြည်ထောင်က စုစည်းလို့ နန်ချောင် ဧကရာဇ်နိုင်ငံကို ထူထောင်ခဲ့ကြပါတယ်။ နန်ချောင်ရဲ့ အဓိပ္ပါယ်က “တောင်ပိုင်းဒေသရဲ့အရှင်” ဖြစ်ပါတယ်။ နန်ချောင်တို့က သံလွင်မြစ်ဝှမ်းဒေသကို လွှမ်းမိုးထားသလို၊ မြောက် ဖက်ဆိုရင် တိဘက်အထိ၊ အရှေ့ဖက်ကို တန်ဧကရာဇ်တရုတ်ပြည်အထိ သြဇာကြီးခဲ့ကြပါတယ်။ အဲသည် အချိန်က ဧရာဝတီမြစ်ဝှမ်းဒေသဟာလည်း နန်ချောင်တို့ရဲ့ သြဇာစက်အောက်နေရမှာ မလွဲပါဘူး။ စစ်လိုလား ကြတဲ့ နန်ချောင်တွေကလည်း တောင်ဖက်ကို ဖိဆင်းလာမှာ မလွဲပါဘူး။ ခရစ်သက္ကရာဇ် ၈၃၂ မှာတော့ နန်ချောင်တို့က ဟန်လင်းမြို့ကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ သုံ့ပန်းအများအပြားလည်း ဖမ်းဆီးခေါ်သွားခဲ့ကြပါ တယ်။

နောက်ပိုင်း အေဒီ ၁ဝ ရာစုမှာတော့ နန်ချောင်အင်ပိုင်ယာ အားလျော့ပြိုကွဲစ ပြုလာပါပြီ။ နန်ချောင်အင်ပိုင် ယာက လူမျိုးစုတွေဟာလည်း ဧရာဝတီမြစ်ဝှမ်းကို ဘင်္ဂလားပင်လယ်အော် ပေါက်သည့်တိုင်အောင် ထိုးဆင်း လာကြပါတယ်။ ရာစုနှစ်တခုကျော်ကြာ ချေမှုန်းခံထားရတဲ့ ဖိနှိပ်ခံထားရတဲ့ ဧရာဝတီမြစ်ဝှမ်းမှာ မူလနေသူတွေ ပြင်းပြင်း ထန်ထန် မတွန်းလှန်သာတော့ပါဘူး။ နောက်ရောက်လာတဲ့ သန်မာတဲ့ မြင်းသည်တော်တွေကတော့ တောင် ဖက်ကို ဖြစ်နိုင်တာက မြစ်ကြောင်းအတိုင်း ဆင်းလာပြီး အခြေချခဲ့ကြပါတယ်။ နောက်ပိုင်းမှာ စပါးစိုက် ပျိုးဖို့ မြေဆီသြဇာကောင်းတဲ့ ဒီကနေ့မန္တလေးဒေသ အနီးတဝိုက်မှာ အခြေချခဲ့ကြပါတယ်။ သူတို့ကိုယ် သူတို့က မြန်မာလို့ခေါ်ကြပြီး၊ ဒီကနေ့ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ ဘိုးဘေးတွေ ဖြစ်လာပါတော့တယ်။ ဒီလို နဲ့ အေဒီ ၈၄၉ မှာတော့ နန်ချောင်မြင်းသည် တော်ဟောင်းတွေက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတခုလုံးကို လွှမ်းမိုး ချုပ်ကိုင်နိုင်ခဲ့ပြီး ပုဂံမှာ မြို့ရိုးရင်တား အခိုင်အခန့်နဲ့ မြို့ပြကို စတင် တည်ဆောက်ခဲ့ပါတော့တယ်။

ပုဂံသမိုင်းပြောရင် တုတ်ထမ်း၊ ဒါးထမ်း ပြောရတယ်ဆိုတာမျိုး ဆိုရိုးရှိဖူးပါတယ်။ အငြင်းပွားစရာ များလွန်း လို့ပါ။ နောက်တပတ်မှာတော့ မြန်မာ့လူမှုအဖွဲ့အစည်းရဲ့ အခြေခံအဖြစ် တချိန်က ဘုန်းမီးနေလတောက်ခဲ့တဲ့ ပုဂံ၊ တနည်းပေါက်ကံရဲ့ ဖွဲ့စည်းပုံ၊ စနစ်တွေ အကြောင်းကို စာရေးသူ ဦးသန့်မြင့်ဦး သုံးသပ်ထားပုံတွေကို ဆက် လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

မှတ်ချက်။ ဤဆောင်းပါးအား RFA -မြန်မာ အစီအစဉ် မှတဆင့် လေလှိုင်းကနေထုတ်လွှတ်သွားပြီးဖြစ်သည်။ စာရေးသူ ၏ခွင့်ပြုချက် အရ စာဖတ်သူတို့အား အခန်းဆက်များဖြင့် ဖော်ပြသွားမည် ဖြစ်သည်။

Rest of your post

4 comments :

Unknown said...

ဦးအောင်သူငြိမ်းတင်ပြထားတဲ့ အေဒီ ၈ရာစုမှာ တာလီအနီးမှာ ၆ပြည်ထောင်ပေါင်းပြီး နန်ချောင်အင်ပါယာကို ထူထောင်ခဲ့တာကတော့ သမိုင်းအထောက်အထားအရ လုံးဝငြင်းလို့ မရနိုင် ပါဘူး၊ ဒါပေမယ့် နန်ချောင်ဆိုတဲ့ အဓိပ္ပါယ်ကို "တောင်ပိုင်းဒေသရဲ့ အရှင်သခင်" လို့ပြောထားတာကိုတော့ ကျနော်အနေနဲ့အမှန်ကို ပြန်ပြင်ရေးစေချင်ပါတယ်၊ နန်ချောင်အင်ပါယာဟာ တိုင်း (ခေါ်)ဆိုင်ယမ် (ခေါ်) သျှမ်း အနွယ်ဝင် တွေရဲ့ အင်ပါယာကြီးပါ၊ နန်ချောင်ဆိုတာကလည်း သျှမ်းဘာသာစကားဖြစ်ပါတယ်။ သျှမ်းဘာသာအရဆိုရင် လန်.စ၀်လို့အသံထွက် ပါတယ်၊ အဓိပ္ပါယ်ကတော့ "လန့်"ဆိုတာက သန်း "စ၀်"ဆိုတာကတော့ အရှင်သခင်ဖြစ်ပါတယ် ဆိုတော့ မင်းဆက်ပေါင်း သန်းနဲ့ချီပြီး တည်တံ့နေမယ့် အင်ပါယာလို့ အဓိပ္ပါယ် ရပါတယ်။ ပြီးတော့ သူတို့ကိုသူတို့ တောင်ပိုင်းဒေသကို လွှမ်းမိုးတဲ့ တောင်ပိုင်းဒေသရဲ့အရှင်သခင်လို့ လည်းခံယူသတ်မှတ်ပါတယ်။

နန်ချောင်တွေဟာ သံလွင်မြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်းနဲ့ ဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ သြဇာကြီးမားပြီး လွှမ်းမိုးခဲ့ကြပါတယ်။ အဲ့ဒါကြောင်း ဒီမြစ်ဝှမ်းတလျှောက်မှာ နေထိုင်ကြတဲ့ လူအများစုဟာ သျှမ်းတွေဖြစ်ကြပြီး သျှမ်းစကားကို အများဆုံးအသုံးပြုကြပါတယ်။ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်မှာ ရှိတဲ့ ယဉ်ကျေးမှုတွေဟာ သျှမ်းဟန်တွေရောနှော နေတာကို ယနေ့တိုင်မြင်ရပါအုံးမယ်။ ကိုးကွယ်တဲ့နတ်တွေ နယ်ပိုင်နတ်တွေဆိုတာ ကလည်း သျှမ်းနတ်တွေပဲဖြစ်ပါတယ်။

အခုထက်ထိလည်း တာလီကန်မှာ သျှမ်းဘာသာစကားကိုပဲ သုံးတဲ့ တိုင်း(Dai)လို့ခေါ်တဲ့ လူမျိုးတွေကိုပဲ တွေ.ရပါမယ်၊ တာလီကန်က အခုတရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာရှိပါတယ်။ မယုံရင်လည်း အခုသွားလေ့လာကြည့်လို့ရပါတယ်။

နောက်ဆုံးကျနော်ပြောချင်တာကတော့ ဦးအောင်သူငြိမ်းတင်ပြထားတဲ့ နောင်မှာမြန်မာတွေရဲ့ ဘိုးဘေးတွေ ဖြစ်လာမယ့် လူတွေဟာ နန်ချောင်အင်ပါယာက ဆင်းသက်လာသူတွေဖြစ်တယ်လို့ ဆိုထားပြီး နန်ချောင်ဆိုတာ ဘယ်သူတွေလဲ၊ ဘယ်မှာလဲ၊ အထူးသဖြင့် နန်ချောင်တွေဟာ သျှမ်းတွေဖြစ်တယ်ဆိုတာကို လုံးဝမဖော်ပြထားပဲ မြန်မာလိုလို၊ ဗမာလိုလိုနဲ့ဖော်ပြထားပြီး မြုပ်ကွက်ချန်ထားတာကို တွေရပါတယ်၊ သမိုင်းဆိုတာကို လိမ်လို့မရပါ၊ ကျနော့်အနေနဲ့ကတော့ လူမျိုးစွဲအနေနဲ့ ပြောနေတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုးသျှမ်းသမိုင်းကြောင်း သျှမ်းအင်ပါယာအကြောင်းကို ပြောနေပြီးတော့ သျှမ်းဆိုတဲ့စကားလုံးကို တစ်လုံးမှမသုံးပဲ ဟိုလိုလိုဒီလိုလိုပြောနေတာဟာ သမိုင်းအစစ်ကိုလိမ်ဖို့ကြိုးစားနေတယ်လို့မြင်ပါတယ်။

Burmanization ကိုဆန့်ကျင်သူ လူငယ်တစ်ဦး

Anonymous said...

စိုင်းနှင့် ကော်မန့်ရေးခဲ့သူ blue ခင်ဗျား

၁။ ပထမပြောချင်တာက ကျနော်က သမိုင်းကို ရေးနေတာ မဟုတ်ကြောင်း ပြောလိုပါတယ်။ ကျနော်က ဦးသန့်မြင့်ဦးရဲ့ စာအုပ်ကို မိတ်ဆက်ဖော်ပြနေတာသာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာအုပ်က သမိုင်းအကြောင်း ဖြစ်နေတော့ ကျနော်ကသမိုင်းကို ရေးနေတဲ့သဘော သက်ရောက်နေပါတယ်။
၂။ ဒုတိယအချက်က ကျနော်က Burmanization idea အတွက် ရေးနေခြင်း မဟုတ်ကြောင်း ရှင်းလင်းအောင် ပြောပြလိုပါတယ်။ ဦးသန့်မြင့်ဦးစာအုပ်ကို ဖတ်ရတဲ့အခါ မြန်မာ့သမိုင်းကို ကမ္ဘာ့အခြေအနေနဲ့ ယှဉ်တွဲရေးထား တာမျိုး စိတ်ဝင်စားဖွယ် အချက်အလက်အတော် များများကို ဖတ်ရပါတယ်။ ဒါကြောင့် နှစ်သက်မိလို့
ဒီစာအုပ်ကိုရွေးချယ်တာ ဖြစ်ပါတယ်။
၃။ ဒီစာအုပ်အကြောင်း ကျနော်ဖတ်တဲ့အခါမှာ အခြား တိုက်ဆိုင်ပြီးဖတ်စရာ အတော်များများကိုပါ ကျနော်စိတ်ဝင်စားလို့ ဖတ်ဖြစ်ပါတယ်။ ဥပမာ-ဒေါက်တာသန်းထွန်းရဲ့ အသစ်မြင် မြန်မာ့သမိုင်း၊ အဲဒါအပြင် မြန်မာစာရေးဆရာ အများစု ရေးထားတဲ့ ပုဂံ၊ နောက်ပိုင်းအခန်းတွေကျ တော့ ဦးညိုမြရဲ့ ကုန်းဘောင်ရှာပုံတော်၊ ဆရာ မြသန်းတင့် ရဲ့ တောင်သမန်ရွှေအင်း လေညှင်းက ဆော်တော့၊ စသဖြင့် အတော်များများလည်း ကျနော် ဖတ်ဖြစ်ပါတယ်။ ကျနော် သမိုင်းပညာရှင် မဟုတ်ပါ။ အခုဖော်ပြချက်တွေမှာ ကွဲလွဲနေတာတွေ့ သလို တူညီနေတာတွေလည်း တွေ့ပါတယ်။
၎။ နောက်တခုက ရေဒီယိုပြဿနာပါ။ ကျနော့်ကို တင်ပြခွင့်ပေးချိန်က အများဆုံး ၇-မိနစ်၊ ၈-မိနစ် ပတ်ဝန်းကျင်ပါ။ အဲသည်တော့ စာအုပ်ကိုမိတ်ဆက် တဲ့ အခါ တခါတလေ ရာစုတခုကို ၇-မိနစ်နဲ့ ပြောရပါတယ်။ တခါတလေ ရာစု ၂-၃ ခုလောက် ကိုတောင် ၇ မိနစ်နဲ့ ပြောရတော့ အချက်အလက် အများကြီးကျန်တာ၊ မပြည့်စုံနိုင်တာကို ကျနော် ၀န်ခံပါတယ်။

အဲဒါအပြင် စာအုပ်ရဲ့အခန်းတခုကို ကျနော်က ၇-မိနစ်နဲ့ မိတ်ဆက်တဲ့အခါ နားထောင်သူတွေ စိတ်ဝင်စားဖွယ် ဖြစ်မယ်လို့ ထင်ရတဲ့၊ သို့မဟုတ် ထင်ရှားသူ တယောက်-၂ ယောက် အကြောင်းကို သာ ရွေးပြောရပါတယ်။ ဘယ်လိုမှ မပြည့်စုံနိုင် ပါဘူး။ ရေဒီယိုမှာ တင်ပြရတဲ့အခါ အဲသည် အားနည်းချက်ကိုလည်း တွေ့ပါတယ်။ ရေဒီယိုမှာ ပြောတဲ့အခါ ပရိသတ်ရှင်းအောင် တတ်နိုင်သမျှ အချက်တွေကို ဖေါ့ပြောရပါတယ်။ နာမည်များရင် မမှတ်မိတတ်ပါ။

အခု အချက်အလက်တွေ ထောက်ပြတာ ကျေးဇူးတင်ပါတယ်။ အားနည်းချက် ရှိတာ ၀န်ခံပါတယ်။ ကျနော် သမိုင်းပညာရှင် မဟုတ်ပါ။ ကျနော်က ဖတ်သင့်တယ်ထင်တဲ့ စာအုပ်တအုပ် ကို မိတ်ဆက်ပေးနေတာသာ ဖြစ်ကြောင်း၊ အဲသည် စာအုပ်က ပြောတဲ့အချက်တွေကို မစုံနိုင်ဘူးဆိုရင် တောင် ကျနော့်အားနည်းချက်သာ ဖြစ်ကြောင်း ပြောလိုပါတယ်။

လေးစားစွာဖြင့်-
အောင်သူငြိမ်း

kamhang said...

Hey Blue

Don’t exceed your bad words. Read carefully. Sai didn’t write about Tibeto.

Jacking