ဒဂုန်တာရာ
(ဗိုလ်ချုပ်အသက်ရှိစဉ် တာရာမဂ္ဂဇင်း ပထမဆုံး ထုတ်တွင် စာရေးဆရာ ဒဂုန်တာရာ ၏ ဝေဘန်ချက် ကို အလင်္ကာကျော်စွာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကြီးမှုးတည်းဖြတ်သော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၅၁)၌ ပြန်လည်ဖော်ပြခဲ့ပါသည်။ မူရင်းအတိုင်း ပြန်လည်၍ ဖော်ပြလိုက်ပါသည်။)
မောင်လူအေး
အောင်ဆန်း - သို့မဟုတ် - အရိုင်း
သူ၏အောက်မှ လူထုကြီးသည်၊ စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်းမရှိ၊ တချို့ကပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်း တခုကား အချင်းချင်း ကပ်ကာ တီးတိုးပြော၍ နေ၏။ သို့သော်ပြက်ရယ်ပြု ချင်း ကားမရှိ။ အစိမ်းပုတ်ရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကား ခံ၍ထား၏။ ကားလိပ် ကြီးမှာ ဘ၀ရုပ်ပုံတောတောင်မှ ခြယ်လှယ်ထားခြင်းမရှိ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ် ကိုမျှ ထူးထူးထွေထွေ မဖေါ်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာ ဆောင်၍နေသည်။ သူသည် သည်စိမ်းညို့မှိုင်းသော ကားကြီး၏ အရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာပထ၀ီ မြေကြီးမှ ဗမာ့ ၀ါဂွမ်းစစ်စစ်ဖြင့် ယက်လုပ် သည့် ပင်နီဖျင်ကြမ်းကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင်ပိုးလုံချည် ဖြစ်၏။ ခေါင်းမှာ ပွယောင်း ယောင်းနှင့် မသေသပ်၊ မျက်နှာအသွင် အပြင် မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင် သော မွန်ဂိုလီယံ အနွယ် လူရိုင်း မျက်နှာ နှင့်တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတယောက်၏ မျက်နှာနှင့် လည်း တူ၏။ တက္ကသိုလ် ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထယ်ဝါခြင်း၊ ယဉ်ကျေးသိမ် မွေ့ခြင်း တို့သည် သူ့တွင်လုံးဝ မခိုအောင်း။ လမ်းပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန် ဆင်းရဲသား တဦးနှင့် သာ တူ၏။ ဗမာလူထုကြီးထဲမှ သူတဦး ၏ အသွင်အပြင်မျိုးသာ ဖြစ်၏။ သူသည် လက်နှစ်ဘက် ကို ဘေးသို့ ကား၍ လှုပ်ကာ လှုပ်ကာ စကားကိုပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်း မရှိ။ ချောမွေ့ခြင်းမရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။ သင် ပထမဆုံးသော အောင်ဆန်း ၏ ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည် ဖြစ်၏။
ထိုအခါကား ၁၉၃၅-ခု ပဌမဦးဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီး ကို ရန်ကုန်မြို့ ဂျူဘလီဟော ခန်းမတွင် ဆင်ယင်နေသော အခါဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်း ကျောင်းတွင် ပညာသင်ကြား လျက်ရှိရာ နယ်မှ ကျောင်းသား ကိုယ်စားလှယ် အဖြစ် ကျောင်းသားများ ညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း စကား ပြောသည် ကို တွေ့မြင်ရခြင်းဖြစ်ပေသည်။ ၁၉၃၆-ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင် တော့မည့် ဆဲဆဲ၊ မီးခိုးများ အူနေသည့်အခိုက်၊ “အောင်ဆန်း” အမည်ကို သတင်းစာ များတွင် ဘတ်ရသော အခါ၊ သူ့ကို သိချင်သောစိတ် အင်မတန်ထက်သန်ခဲ့သည်။ ထိုအခါက အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံ ဖြစ်သော အိုးဝေမဂ္ဂဇင်း ၏ အယ်ဒီတာ ဖြစ်၏။ ကျွန်တော်မှာ စာပေ၀ါသနာ ပါသူ ဖြစ်ရာ၊ အောင်ဆန်း ကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဘူးချင်၏။ သို့သော် ဂျူဘလီဟော ကျောင်းသားများ ညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည် ကို တွေ့မြင်ကြားနာရသောအခါ၊ အထင်နှင့် အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော်ထင်ထား သည်မှာ ကောလိပ်ကျောင်းသား ရုပ်ဖြောင့်ဂိုက်ကြ စကားပြောကောင်း ဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော်အထင်ကြီးထား၏။
တွေ့ရသော အခါ ရုပ်ကလည်းမဖြောင့်၊ စကားပြောကလည်း မပြေပြစ်၊ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်၊ ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ် သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင် စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။ နောက်တနှစ်ခန့် ကြာသောအခါ၊ ကျွန်တော်လည်း တက္ကသိုလ် ရောက်၍ နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇-၃၈ ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ် သမဂ္ဂ တွင် ဒုတိယ ဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ တွင် ဥက္ကဌ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်း နှင့်အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံသည် မရင်းနှီးခဲ့ပေ။ သူနှင့်ကား ရင်းနှီး၍ မဖြစ်၊ သူသည် ရင်းနှီး၍ ရသော လူစားမျိုးမဟုတ်။ နိုင်ငံရေး အတူတူ တွဲဘက်လုပ်လျှင်သာ သူနှင့်ရင်းနှီးမည် ဖြစ်၏။ တက္ကသိုလ်တွင် နေစဉ် ကျွန်တော်သည် သမဂ္ဂ နိုင်ငံရေး ကိုသာ တဘတ်သတ် မလိုက်၊ စာပေလည်း ဘတ်ချင်၏။ စာလည်း ရေးချင်၏။ ဂီတ ကိုလည်း လိုက်စားဘူး၏။သည်လို အစုံလုပ်ချင်သဖြင့် သူနှင့် မရင်းနှီး နိုင်ပေ။ သူကား နိုင်ငံရေး သမား သက်သက် ဖြစ်၏။ ကိုအောင်ဆန်း နှင့်ကျွန်တော်ကို သခင် ဗဟိန်း က အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမား သက်သက် မဟုတ် သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသော အဖြစ်သို့ မရောက်သွားခဲ့ပေ။ သခင်ဗဟိန်းနှင့်ကား သည်လိုမဟုတ်။ သခင်ဗဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်၏။ စာပေ ကဗျာလင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့် ခဏပင် ရင်းနှီးချစ်ခင် ကာ ယခု သူကွန်မြူနစ် ဖြစ်နေသည့်ဘ၀ အထိပင် ရင်းနှီးချစ်ခင်ခြင်းကား မပျက်။ ကျွန်တော်ကား ခုခံရေးကိုလည်း မပြုသော နိုင်ငံရေးသမား လည်းမဟုတ်။ သို့သော်ချစ်ခင်ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား ဤသို့မဟုတ်။ ကျွန်တော် စာရေးဝါသနာ ပါသည် ကို ကိုအောင်ဆန်းသိ၏။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံမှ စသော ကဗျာများ၊ ၀တ္ထုတို ဆောင်းပါး စသည့် စာပေများကို သူဘတ်ဘူးလိမ့်မည်မထင်။ ဂရုစိုက် ၍ ဘတ်မည့် လူမျိုးလည်း မဟုတ်။ သို့သော်တခါက သခင်ဗဟိန်း နှင့်အတူ သမဂ္ဂကော်မတီ ခန်းတွင် ပင်းယ မဂ္ဂဇင်းတွင် ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါးတခု ကိုကား ကျွန်တော်ရှေ့တွင် ဘတ်သည်ကို တွေ့ရဘူး၏။ ဘတ်ပြီးလျှင် ဝေဘန်ချက်ပေး၏။
ကိုအောင်ဆန်းသည် လည်း အင်္ဂလိပ်ဗမာ ဆောင်းပါးရှင် တဦးဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့်ရေးသော သူ၏ဆောင်းပါးများ ကို ဂန္တလောက မဂ္ဂဇင်း တွင် ဘတ်ရဘူး၏။ သူသည် ဗုဒ္ဓဘာသာ တရားတော် နှင့် ပတ်သတ်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အ၀တ်အစား ဆင်ခြင်ရေးပြဿနာ ကိုလည်း၊ သူသည် ဂန္တလောက တွင် ပန်းတနော် ဦးသန့် နှင့် အပြန်အလှန်ရေးသည် ကို အမှတ်ရ၏။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်း၏ ကြွေးကြော်သံ ဖြစ်သော မျိုးညွန့်မဂ္ဂဇင်း တွင်ပါသော သူ၏ “လောက၀ိဟာ” အမည်ရှိ ဗမာဆောင်းပါတို ကလေးကိုကား ကျွန်တော် အတော်သဘောကျပါ၏။ ကမ္ဘာလောက ကြီးကို ပညာဗဟုသုတအမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာ တင်၍ ရေးထား၏။ ကိုအောင်ဆန်းသည် ဗမာစာရေး ညံ့သူမဟုတ်ပေ။ တိတိကျကျရေး၏။ ပါဌိကို မှန်ကန်စွာ သုံး၏။ တခါတရံ ဟာသဥာဏ် ပါ၏။ ပုသိမ်မြို့တွင် ကျင်းပသော ကျောင်းသားများ ညီလာခံ သူ၏ ဥက္ကဌ မိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာ ကို “ပညာရေးပူရာဏ် ကျမ်းကြီးပေ တကား ...”ဟုပြောင်လှောင်ထားသည် မှာ သရော်ချက် (Irony) ပါ၏။ ကျောင်းမှ ထွက်ပြီး တို့ဗမာ အစည်းအရုံးသို့ ၀င်သွားသော အခါ၊ ငတ်ပြတ် လာ၍လား မပြောတတ်။ ဒဂုန်မဂ္ဂဇင်း တွင် ဆောင်းပါးရေးလိုကြောင်း ကျွန်တော်ကို ပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ် ၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေ၏။ ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်း ရေးသော ဆောင်းပါးများ အတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား “နိုင်ငံရေးအမျိုးမျိုး” ဟူသော ဆောင်းပါးဖြစ်၏။ ဂရိ နိုင်ငံရေး က အစချီ၍ မျက်မှောက်ဗမာ့နိုင်ငံရေး အခြေအနေ အထိရေး၏။ စာပြောင်လှ၏။ ဘတ်လို့ကောင်း၏။ သူလည်း ဒဂုန်တွင် ကြာကြာ မရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍ သွား၏။ အစိုးရ ကလည်း ညှိုးထား၍ လား မပြောတတ်။ ဒဂုန်မဂ္ဂဇင်း ထိုနှစ်မှာပင် ပိတ်ခြင်းခံရရှာ၏။ သမဂ္ဂဥက္ကဌ ဖြစ်သော ၁၉၃၈-၃၉ နှစ် က သူသည် ဘီအယ်လ်တန်းတွင် ရှိ၍၊ ပဲခူးကျောင်းဆောင် အလယ် ထပ်တွင် နေသည်။ အခန်းသည် သပ်ယပ်ခြင်း ကင်းမဲ့၏။ သူ၏ အခန်းတွင် စာအုပ်များ ပြည့် နှက်၍ နေသည်။ စာအုပ်များသည် စာပွဲပေါ်တချို့၊ ကြမ်းပေါ်တွင် တချို့ ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ် ဖြစ်၍ နေကြ၏။ သူသည် အင်မတန် စာဘတ်သူ တယောက် ဖြစ်၏။
သူသည် ဒေါသကြီးသူ တဦးဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော်အဘို့ကား ဒေါသကြီးသည် မကြီးသည် ကိုကားမသိ သူ့တွင် စိတ်လိုက်မာန်ပါစိတ် (Emotionalism) တွေရှိသည် ဟု ကျွန်တော်ထင်၏။ နှစ်ကိုကား အသေအချာ မမှတ်မိတော့၊ သပိတ်မှောက် နှစ်လည် အထိမ်းအမှတ်ပွဲ တခု တက္ကသိုလ် သမဂ္ဂတွင် ကျင်းပ၏။ ပရိဿတ် ထဲမှ ထ၍ ဝေဘန် စကားများ ထပြောကြ၏။ သို့ပြောကြသည့် အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသား တဦးက ဥက္ကဌဟောင်း မစ္စတာရာရှစ် ကိုဝေဖန်ရာ၌ အတော်ထိခိုက် သော အပြစ်တွေကို ထုတ်ဖော်ပြော၏။ ကုလားကျောင်းသား ပြောသည့်စကားများ အခြေခိုင်သည် မခိုင် သည်ကိုကား မမှတ်မိတော့။ ကိုအောင်ဆန်းသည် မစ္စတာရာရှစ် အတွက် ဒေါပွကာ၊ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင်ထွက် စသည့်အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာကုလားအပါးသို့တိုး၍သွား၏။ ဘေးက ကျောင်းသားများ ၀ိုင်း၍ ဆွဲထားရ၏။ သူသည် ဒေါသကြောင့် ဆတ်ဆတ် တုံလျက်ရှိသည်။
ကုလားဗမာ အဓိကရုဏ်း အပြီး ဒေါက်တာ ဘမော်၏ တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂ က ငြင်းပယ်လိုက် ပေသည် ကိစ္စ နှင့်ပတ်သတ်၍ (အိုးဝေ) ညိုမြ အမှုးရှိ သော ကျောင်းသားတစု က မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး ၌ ကိုအောင်ဆန်း ညိုမြကို ဒေါပွကာ၊ ဥက္ကဌ ထိုင်ခုံမှ နေ၍ ညိုမြ အတင်းကို အတော်ပြောလိုက်၏။ သည်လို စိတ်လိုက်မာန်ပါ ပြောပြီး နောက်တပတ်လောက် ကြာသော အခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြ အား ရှုံ့ချပါသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း၊ ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်၍ လာ၏။ တက္ကသိုလ် တွင်ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာကို ထားခဲ၏။ သူ၏မျက်နှာထား သည် သုန်မှုန်၏။ တခါတွေ့ဘူးသော သူကို နောက်တခါတွေ့လျှင် နှုတ်ဆက်ခြင်မှ ဆက်၏။ သူ့ ကို သိသူ က ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဌ ဖြစ်၍ သူ့ကိုကား ကျောင်းသားတိုင်း က သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးသား တွေးနေဟန်တူ၏။ ဗမာပြည်၏ လွတ်လပ်ရေးအတွက် စိတ်ပူပုံ ရ၏။ ထိုကြောင့် သူသည် သုန်မှုန်လျက်နေသည်။ သူစကားပြောလျှင် လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများ က နားထောင်နေရသည်။ ဘေးကလူများ ၏ စကား ကိုသူမကြား၊ သူပြောချင် တာတွေကိုသာ စွတ်ပြော၍ နေတတ်သည်။
တခါက ရန်ကုန်ကို ဂျပန်တို့သိမ်းပိုက်စ အချိန် ၀ိတိုရိယရိပ်သာရှိ အိမ်တအိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက် ရှိကြသည်။ ကျွန်တော်မှာလည်း တောက ရောက်ခါစ ဖြစ်၏။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်က ထိုင် ကာတီးနေ၏။ ဘေးမှ သခင်စံဝေ နှင့် တက္ကသိုလ်ကျောင်းသား အချို့က ၀ိုင်း၍ သီချင်း လိုက် ဆိုလျက် ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ၊ ဂီတ အင်မတန်ငတ်နေ၍ သီချင်းသံကို တောင့်တ နေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေပျက်၍ နေ၏။ “ချစ်ခင်မှာလား ကြင်မှာလား...ခင်ခင်ရယ်... ချစ်သဲနွယ် အဟုတ်ကို ချစ်တော့မယ်၊ ခင်ရယ်..ကြင်မယ်.....”၀ိုင်း၍ ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက်ဂေါက်ဂေါက် နှင့် တဘက်မှ ရှောက်လာခါ စန္ဒယား အပါးတွင် လက်ထောက်ခါရပ်လျက်“ ဟေ့- ရပ်ကြ၊ ခုလိုအခါမျိုးမှာ ရဲစိတ်ရဲမာန် တက်စေမည့် ရဲတင်းသံတွေကိုသာ ဆိုရတယ်ဗျ။ ဒီ-ချစ်မယ် ကြင်မယ် သီချင်းမျိုးက မဟန်ဘူး” ရုတ်တရက် ကြောင်၍ စန္ဒယား ကိုခေတ္တ ရပ်လိုက်၏။သူသည် သူပြောချင်တာ ပြောပြီး၍ ထွက်သွားသော အခါ ကျွန်တော်တို့လည်း ဆက်၍ သီဆိုခါ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လို လူစားမျိုး။
သမဂ္ဂ ဥက္ကဌ ကိုလှမောင် (ယခု ဆိုရှယ်လစ် ပါတီဝင်၏) လက်ထပ်ပွဲသည် ဘီအိုင်အေ ခေတ် ရွှေတောင်ကြား တွင် လုပ်၏။ သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေ သမားများ တွင် ပထမဆုံးဖြစ်၏။ လက်ထပ်ပွဲပြီးသော အခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာ နေကြ ၏။ ကြေးစား စန္ဒယားဆရာ တဦးက တီးခါ ဖျော်ဖြေလျက် ရှိ၏။ သည်အတွင်း ကိုအောင်ဆန်း သည် စန္ဒယားဆရာ ကို ရပ်စေခါ ကျွန်တော့်ကို လူကြားထဲမှ အတင်းဆွဲ ခေါ်၍ သီချင်းတပုဒ် ကိုတီးစေ၏။ သူသည် စန္ဒယား ကိုလက်ထောက်ခါ မရတရဖြင့်လိုက်ဆို၏။ တီးသော သီချင်းမှာ “ကဉ္စန” သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုတ်တီးကာ နောက်တပုဒ် တီးခိုင်းပြန်၏။ တခါက ဂျပန်ခေတ် ၀န်ကြီးတဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည် ပြုသောအခါ သူ့ကို စစ်သေနာပတိ ဟု အားလုံးက လေးစားသော အားဖြင့် ထမင်းစား ခန်းကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ အခြား ဧည့်သည်များ က အ၀တွင် ရပ်၍ သူ့အ၀င်ကို စောင့်လျက်နေကြ၏။ သူသည် စစ်ဝတ်စစ်စား နှင့် ၀င်လာခါ ရုတ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ၀င်ထိုင်လိုက်ပြီး၊ ဇတ်ကနဲ ဘယာကြော် တတုံးကို ယူခါစားလိုက်၏။ သူထမင်း စားနေစဉ် ဧည့်သည် ၀င်လာလို့လည်း ဗမာ့ဧည့်ဝတ် ထုံးစံအရ ထမင်းစားပါအုံးလား ဟု ခေါ်ချင်မှခေါ်သော လူစားမျိုးဖြစ်၏။ ဒါတွေကြောင့်လည်း သူ့ကို မိတ်ဆွေရင်းများ က ကြောင်သည် ဟု အမှတ်ထားကြ၏။ သူ့တွင် သိမ်မွေ့ခြင်းမရှိ၊ အလှအပ ကို သူမမက်မော၊ သူသည် ကြမ်းတမ်းသည်၊ ရိုင်းသည်၊ ဆက်ဆံပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ်ထုံးစံ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝဂရုမစိုက်၊ ဂီတ၊ပန်းချီ၊ သဘင် စသော အနုပညာရပ်များ ကိုမလိုက်စား။ သူ့ကိုယ်သူ အတင်းယဉ်ကျေးအောင် မလုပ်၊ သူ၏ နဂိုရ် အတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုပြင်ဘဲနေ၏။
သူတွင် နိုင်ငံရေးဝိညာဉ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး ကိုသာ တခုတည်း လုပ်သော လူတဦး ဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်း ဆောင်မှ ဂုဏ်သရေရှိ လူကြီး လူကောင်း မဟုတ်။ တခုတည်းသော ယုံကြည်ချက် နှင့်တခုတည်း ကို သာ လုပ်သော နိုင်ငံရေးသတ္တ၀ါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။ ၁၉၄၂ - ခုနှစ်တွင် သူနှင့်နောက်ဆုံးတွေ့၏။ သူသည် အတတ်ပညာ (Art) အကြောင်း ကိုပြောပြ၏။ “အတတ်ပညာ ဆိုတာ ရှိတာဘဲ။ လင်မယား ဘ၀မှာလဲ အတတ်ပညာ မြောက်အောင် လုပ်ရတာဘဲ။ အတတ်ပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုဘဲ တော်လှန်ရေးမှာလဲ အတတ်ပညာ ရှိတာဘဲ။ အတတ်ပညာ မြောက်မှ တော်လှန်ရေးဟာလဲ တကဲ့တော်လှန်ရေး အစစ်ဘဲ”။ သည့်နောက် သူနှင့်ကျွန်တော် မတွေ့တော့၊ တွေ့ဆုံဘို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီသွားလည် ကလည်း ဖေါ်ဖေါ်ရွေရွေ လောကွတ်ပြှူဌာ ခေါ်မည့် လူစား မျိုးမဟုတ်။ တခါက ဗိုလ်ချုပ်ဘ၀ တွင် မော်တော်ကားကြီးထဲ၌ သူ၏ ဇနီးခလေးများနှင့် တဗြုံကြီး ကို မြင်လိုက်၏။ အော် သားနဲ့ မယားနဲ့ မို့ လူစိတ်တော်တော်ပေါက်လာပြီ။ အရင်ကလို “ကြောင်” တော့မည် မဟုတ်။ အကြမ်းအရိုင်း မှ ယဉ်ကျေးလာတော့မည် ဟုအောက်မေ့ လိုက်၏။ မှန် မမှန်ကား မပြောတတ်။ ဖ-ဆ-ပ-လ ဥက္ကဌ အမျိုးသား ခေါင်းဆောင် ဦးအောင်ဆန်း ကိုကား ကျွန်တော် မသိ။ သူ၏နိုင်ငံရေး ကို ဝေဘန်ခြင်းမဟုတ်။ သူ၏ လူအဖြစ်သာ ကျွန်တော်သိသည် ကို ပြောပြခြင်း ဖြစ်ပေ သည်။ တခုတော့ထင်သည်။ သူသည် လူထုမှ လူတဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာရသည် ဖြစ်လိမ့်မည်။
-မောင်လူအေး-
Rest of your post
No comments :
Post a Comment