Saturday 21 February 2009

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ တပိုင်းတစ



U Ba Pe,Mr Clement Attlee, General Aung San,U Tin Htut(1947-jan)No-10-Downing Street- London

(စာရေးဆရာ မြဒေါင်းညို ၏ ရေးသားချက်ဖြစ်ပါသည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၃၁ရက် နေ့က ရဲဘော် စာအုပ်အသင်းမှ ထုတ်ဝေခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ၌ ပြန်လည် တင်ပြခဲ့ပါ သည်။ ဆောင်းပါး မှာရှည်လွန်းသော်လည်း ဖြတ်တောက် တင်ပြရန် အဆင်မပြေသောကြောင့် အောင်ဆန်းဘာလဲ(၁)၊ အောင်ဆန်းဘာလဲ(၂) နှင့် အောင်ဆန်း ဘာလဲ(၃)ဟူ၍ ၃ ပိုင်း ခွဲ ကာ ကျနော်ပြန်လည် တင်ပြပေးပါသည်။ တောက်လျှောက် တဆက်တည်း မဖတ်နိုင်ခြင်း အတွက် ခွင့်လွှတ်နားလည်ပေးပါဟု။ နဂိုမူရင်း အတိုင်းပြန်လည် ဖော်ပြလိုက်ပါသည်။)


-မောင်လူအေး-

မူလအချီး

ဗိုလ်ချုပ်အောင်ဆန်း၊ သို့မဟုတ် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ ချုပ် ဥက္ကဌ ဦးအောင်ဆန်း နှင့် ပတ်သတ်၍ စာတပုဒ်ရေးပေးရန် ရဲရဲတောက် ဦးရွှေထွန်း ၏ ပြောကြားချက် အရ “အောင်ဆန်းဘာလဲ” အမည်တပ်သော စာအုပ်ကိုရေးသား လိုက်ပါ ကြောင်း။

ဗိုလ်ချုပ်အောင်ဆန်း နှင့်ပတ်သတ်၍ အမျိုးမျိုး ထင်မြင်ချက်ပေးနေကြသည့် အထဲတွင်၊ ဗိုလ်အောင်ဆန်းသည် မည်သူမည်ဝါ နည်းဟု မေးနေသော လူပြိန်းများ ရှိနေသဖြင့်၊ ဗိုလ်အောင်ဆန်း အကြောင်းကို သိရှိသလောက် ရေးသားရန် အကြောင်း ဆိုက်ရောက်လာပေ သတည်း။

မြဒေါင်းညို

အောင်ဆန်းဘာလဲ (၁)

အောင်ဆန်းဘာလဲ။
အောင်ဆန်း ဟာ ကွန်မြူနစ်လား။
ဖက်ဆစ်ဘဲ ဆန်နေသလား။
အေ အက်(ဖ)အို ဟာ ဘာလဲ။
အောင်ဆန်း နဲ့ အေအက်(ဖ)အို ဟာ ဘာဆိုင်သလဲ။
အောင်ဆန်း မှာ ပါတီရှိသလား။
အေအက်(ဖ)အို ဟာ ပါတီလား။
အောင်ဆန်း ဘာတွေလုပ်မလဲ။
ဘာပြုလို့ လူကြိုက် လူကြည်ညိုများသလဲ။

ဒီလို အမေးမျိုးတွေ မေးလာတာဟာ မကြာခဏဘဲ၊ လူတွေက အောင်ဆန်းအကြောင်း သိပ်သိချင်ကြတယ်။ အောင်ဆန်း အပေါ်မှာ အပုံကြီး မျှော်လင့်ကြတယ်၊ ဒို့ကို လွတ်လပ်ရေး ရအောင် တိုက်ပေးမှာ အောင်ဆန်းဘဲလို့ ယူဆ တဲ့လူတွေက ယူဆကြတယ်။

“ရှေ့ကို နိုင်ငံရေးနဲ့ ဘမ်းမယ်ဆီးမယ်ဆိုတာ ကျွန်တော်တို့ အသိပင်ဖြစ်တယ်။ နိုင်ငံရေး လုပ်တယ်ဆိုရင် ဒါတွေကို ကြောက်နေလို့ မဖြစ်၊ ဘမ်းလေ ကောင်းလေဆိုတာ သိစေချင်တယ်။ ကျွန်တော်တို့တတွေဟာ နိုင်ငံရေးကို အသက်နဲ့ လဲထားသူများ ဖြစ်ကြတယ်။ ဒီအခြေရောက်နေလို့ မှ မရဲစရာ ဘာရှိသလဲ။ နိုင်ငံကိုလည်း ရောင်းစားမဲ့ သူများမဟုတ်တာ ကို လူအများသိစေလိုတယ်။ ကျနော်တို့ရဲ့ ညီညွတ်ရေးဟာ ရာထူးယူတဲ့ညီညွတ်ရေးမဟုတ်၊ တိုင်းပြည် အကျိုးရှိရာ ရှိကြောင်း ဖြစ်နိုင်ရန် ညီညွတ်ကြခြင်း ဖြစ်တယ်”လို့ အေ-အက်(ဖ)အို- ခေါ် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ဆန်း က အောက်တိုဘာလ ၂၉ရက်နေ့ အေအက်(ဖ)အို ဦးစီးအဖွဲ့ အစည်းအဝေးမှာ မိန့်ကြားခဲ့တယ်။ ဒီမေးခွန်းကိုကြည့်၊ မကြောက်တရားရယ်၊ ညီညွတ်ရေးတရား ဟောတာရယ်၊ လူတွေ အဘို့မှာ ဘမ်းတယ်၊ ဆီးတယ် ဆိုတာကို အထူးအဆန်းလုပ်ပြောနေကြတယ်၊။ အောင်ဆန်းက အနိုင်မခံ အရှုံးမပေးဘူး၊ ညီညွတ်တယ် ဆိုတာ လွတ်လပ်ရေး ရယူရေး အတွက် ညီညွတ်တယ် လို့ ရှင်းပြနေတယ်။ ဒီလိုဗြောင်ပြောတာကို လူထုကြိုက်တယ်။ ဘာကြောင့်လဲ.....လူထုစိတ်နဲ့ တထေရာထဲမို့လို့....

အောင်ဆန်းဟာ အလောင်းမင်းတရားကြီးရဲ့ လူယုံတော် ညာလက်ရုံး တဆူဖြစ်တဲ့ ပင်း-မင်းကြီး ဦးမြရဲ့ အဆက်အနွယ်တဲ့။ ဒီ ဦးမြဟာ ရဲဘော် ခြောက်ကျိပ်ရှစ်ယောက် စာရင်းဝင် မဟုတ်ပေမဲ့ အလောင်းမင်းတရားနဲ့ အတူ တတိယ နိုင်ငံတော်ကြီး ဖန်ဆင်းထူထောင်တဲ့ အခါ မှာ အမှုတော်ထမ်းရွက်ခဲ့တယ်လို့ သိရတယ်။ အောင်ဆန်းရဲ့ အဘိုးအေ က သီပေါ ပါတော်မူ တဲ့အခါ၊ အင်္ဂလိပ် ခံချတဲ့ (ရွှေလရောင်) ဘွဲ့ခံ နတ်မောက်မြို့ သူကြီး ဦးမင်းရောင်ဘဲတဲ့။ အဲဒီ ဦးမင်းရောင် နဲ့ ပါတ်သတ်ပြီးတော့ သခင်ကိုယ်တော်မှိုင်း တခါပြောဘူးတာ ကတော့ ဒီအင်္ဂလိပ် နဲ့ စစ်တိုက်နေတုန်း၊ ဦးမင်းရောင်တို့မှာ ခဲယမ်းမီးကျောက် သေနတ်၊စိန်ပြောင်း နည်းနေတော့၊ ဦးမင်းရောင်က တောင်ငူတလျောက်၊ တောင်တွင်းကြီးတလျောက်၊ ဘုရားတွေ ၀င်ဖူးပြီး၊ တပည့်တော်တို့ လွတ်လပ်ရေးရပြီး ကိုယ့်မင်း ကိုယ့်ချင်းနဲ့ နေတဲ့အခါ နှစ်ဆ ပြန်လှု ပါမယ် ဆိုပြီး ဘုရားတွေက ကြေးခေါင်းလောင်းကြီးတွေကို ဖြုတ်ပြီး လက်နက်ခဲယမ်း သွန်းလုပ် သတဲ့၊ အဲဒါ အောင်ဆန်း ရဲ့သွေးသတ္တိ အကြောင်းရင်းဘဲ၊ အလုပ်လုပ် ရမယ် ဆိုရင်တုန်းတိုက်တိုက်၊ ကျားကိုက်ကိုက် မဖြစ်မရှိရ ဖြစ်ရမယ်၊ ခြံဝင်ရင်လဲ နွားပါရမယ် စွန့်ရ မယ်။

ကျောင်းသား ဘ၀မှာ ဆိုရင် အောင်ဆန်း ဟာ မီးခဲဘဲ။ မဟုတ်မခံဘူး။ ရိုးရိုးနေ ရိုးရိုးကြီးဘဲ။

အုပ်ချုပ်ရေးသစ် တိုက်ဖျက်ရေးပွဲ အမျိုးသားနေ့တွေမှာ၊ တက္ကသိုလ်ကျောင်းသား တွေ ကို အောင်ဆန်း ခေါင်းဆောင်ပြီး ပါဝင်ခဲ့တယ်။ (လူမိုက်အလိုရှိတယ်) ဆိုတာကို ကြွေးကြော်စေခဲ့ တယ်။ တက္ကသိုလ်ကျောင်းသား သမဂ္ဂ အတွင်းရေးမှုး ဘ၀၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ လုပ်တုန်းက၊ အောင်ဆန်းက အိုးဝေမဂ္ဂဇင်း ထဲမှာ (အ၀ီစိက ငရဲခွေးလွတ်ထွက်လာပြီ) ဆောင်းပါးကို ထည့်သွင်းခဲ့တယ်။ ဆောင်းပါးရေးသူ အမည်ကို ကျောင်းအုပ်ကြီးက ထုတ်ဘော်ပြောဘို့ တောင်းဆိုတယ်။ အယ်ဒီတာ အောင်ဆန်းက သူတာဝန်ခံထုတ်လို့ သူတာဝန် ဖြစ်တယ်။ မပြောနိုင်ဘူးဆိုလို့ ကျောင်းအုပ်ကြီးက အောင်ဆန်းကို နှင်ပါလေရော...

တာဝန်ရိုသေတဲ့ အောင်ဆန်း။ ၁၉၃၈ ခုနှစ်လောက် ကျတော့မှ အောင်ဆန်းကို သခင်အောင်ဆန်း ရယ်လို့ထင်ထင်ရှားရှားကြီး သိခဲ့ကြရတယ်။ ဒီတုန်းက ၀န်ထောက်ရာထူး ကို ဗြိတိသျှ အစိုးရ က ဖြားယောင်းပေးခဲ့တယ်လို့ သိခဲ့ရတယ်။ ၁၉၃၉-ခု၊ ဧပြီ ၆ရက် က ၉ရက်၊ မော်လမြိုင် သခင်ညီလာခံ သဘင်ဝယ်၊ အတွင်းရေးမှုး အောင်ဆန်းက စစ်ကြီးဖြစ်လာရင် ဗြိတိသျှ မကူစတမ်း အဆိုတင်သွင်းခဲ့တယ်။ ၁၃၀၀-ပြည့်အရေးတော်ပုံ မှာလဲ အောင်ဆန်းဟာ ကြိုးကိုင်တဦး ဖြစ်ခဲ့တယ်။ နယ်ချဲ့စနစ် တိုက်ဖျက်ဘို့ ညီညွတ်ရေး တပ်ဦး ဖွဲ့ချင်တာနဲ့ ထွက်ရပ်ဂိုဏ်းမှာ အတွင်းရေးမှုး ၀င်လုပ်ခဲ့တယ်။ ၁၉၄၁-ခု၊မတ်လ ထဲမှာ သခင်အောင်ဆန်းက အိန္ဒိယရှိတဲ့ ကုလားခေါင်းဆောင်ကြီးတွေနဲ့ ရင်းနှီးဖို့ ကုလားပြည် သွားခဲ့တယ်။ အနောက်မြောက် နယ်စပ်ရောက်....ပက်ရှဝါးမြို့မှာ၊ ကုလားလူမျိုးတွေ ကွပ်မျက် ခဲ့တဲ့ ဆာမိုက်ကယ်အိုဒိုင်းနား သတ်ဖြတ်မှုနဲ့ ပတ်သတ်တဲ့ မျိုးချစ်စိတ်ဓါတ်ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲကြီး ချီးကျူးပါတယ် လို့ဟောခဲ့တယ်။ အဲဒီတုန်းက ( အမျိုးအတွက် အသက်အသေခံမဲ့ လူစွမ်းကောင်း အလိုရှိတယ်၊ လူစွမ်းကောင်း ရှာတွေ့ဘီ၊ သူဟာ သခင်အောင်ဆန်းဘဲ) လို့ ကွယ်လွန်သူ သခင်ဘိုးလှကြီး ကရေးသားခဲ့တယ်။ အဲဒီကတဲကဘဲ တက်မဲ့မီးဟာ ရဲရဲဘဲ၊ အောင်ဆန်းဟာ လူကြိုက်များလာတာဘဲ။ စကားပြောရင် ဘုကျပေမဲ့ သူဟာ အလုပ်သမား လို့ အသိအမှတ်ပြုခဲ့ကြတယ်။ ဥရောပတိုက် မြူနစ်မြို့တော်မှာ အင်္ဂလိပ် နန်းရင်းဝန် ချိန်ဘာလင် က ဂျာမဏီ ဟစ်တလာကို အညံ့ခံလိုက်လို့ ကမ္ဘာစစ်ကြီးဟာ ကမ္ဘာ တခါးဝ ကို ဆိုက်နေတာ သိတာနဲ့ အောင်ဆန်းဟာ ကျောင်းသား အောင်ဆန်း ဘ၀ကနေပြီး တော့ တော်လှန်ရေးသမား အောင်ဆန်း ဖြစ်ခဲ့တယ်။

၁၉၄၁-ခု၊ ဒီဇင်ဘာလ ၂၈-ရက်နေ့၊ ယိုးဒယားပြည် ဘန်ကောက်မြို့တော် ဗမာ့လွတ်လပ်ရေး တပ် စဖွဲ့တဲ့ နေရာမှာ အောင်ဆန်းက ရဲဘော်တွေနဲ့ အတူ ဗမာ့လွတ်လပ်ရေးအတွက်၊ လက်မောင်းသွေးဖောက်ပြီး သွေးသစ္စာ သောက်ခဲ့ကြတယ်။ ( စားဘို့ဆိုရင် ကျောက်ခဲ၊ အိပ်ဘို့ ဆိုရင် မြေကြီး၊ ဆုလာဘ်ဆိုရင် သေဘို့ဘဲ) လို့ အောင်ဆန်းက မျှော်လင့်ချက်ကြီး နဲ့ မလိုက်ကြဘို့ ဟောပြောခဲ့တယ်။ ၁၉၄၂-ခု၊ ဇန္န၀ါရီလ ကျတော့ သခင်အောင်ဆန်းကို “ဗိုလ်ချုပ်တေဇ” အဖြစ်နဲ့ ဘီ-အိုင်-အေ တပ်ဦးမှာ တွေ့ရတယ်။ ဒါပေမဲ့ အောင်ဆန်း ဟာ အောင်ဆန်းဘဲ။ လူတွေက ဘယ်လိုမြှောက်ပေမဲ့ သူက မြောက်ပါမသွားခဲ့ဘူး။ ၁၉၄၂-ခု၊ မေလ ၁၉-ရက်နေ့က ကန်တော်မန် ထမင်းစားပွဲ တခုမှာ အောင်ဆန်း က-

မိမိသည် ထမင်းစားပွဲများ ဧည့်ခံပွဲများ တက်ရောက်ရန် ၀ါသနာ မပါခဲ့ပါကြောင်း၊ ယနေ့ မနေသာ၍ တက်ရောက်လာသော်လည်း ရှက်ကြောင်း၊ ထမင်းစားပွဲကြီး ကျင်းပဧည့်ခံ သူများက တိုင်းပြည်ခေါင်းဆောင်ကြီးများဟာ တိုင်းပြည်အတွက် ဆောင်ရွက်အောင်မြင်ပြီး ပြန်လာကြတယ် ဆိုတဲ့ အထိမ်းအမှတ်နဲ့ ဧည့်ခံခြင်းဖြစ်ပါကြောင်း၊ မိမိဘာမျှ ခြားခြားနားနား မဆောင်ရွက် ရသေးသဖြင့် ထမင်းမစားလိုသေးကြောင်း၊ ဗိုလ်မှုးကြီး အာဇာနည်ကြီး ဟု ချီးကျူးကြသည်ကိုလည်း မခံလိုသေးကြောင်းများနှင့် မိမိသည် မည်သည့်ပါတီမှ မလိုက်၊ မိမိ ကြီးမှုးသော ဗမာ့ကာကွယ်ရေးတပ်မတော်ကြီးမှာလည်း ဘယ်ပါတီနှင့်မှ မဆိုင်၊ တတိုင်းပြည် လုံးနှင့်သာ ဆိုင်ကြောင်းကို ပြောကြားခဲ့တယ်။

အားလုံးကဘဲ သခင်အောင်ဆန်းဟာ သခင်မဟုတ်တော့ဘူးလို့ ပြောခဲ့ကြတယ်။ ဟုတ်တယ် တိုင်းပြည်မှ မလွတ်လပ်သေးဘဲ ဘာပြုလို့ ထမင်းစားပွဲတွေ လုပ်ရမှာလဲ လို့ ပြောလာခဲ့ကြ တယ်။ ဗိုလ်ချုပ် ဗိုလ်တေဇ ဖြစ်ရတာလဲ ဗမာပြည် ပြန်ရချင်တာနဲ့ ဖြစ်ရတာ၊ ရဲဘော် ၃ကျိပ် ခေါင်းဆောင်ရတာလဲ ဒီအကြောင်းကြောင့်ဘဲ၊ ဂျပန်သွားမခေါ်ရင်လဲ အင်္ဂလိပ် ပစ်ပြေးတဲ့ ဗမာ ပြည်ကို ဂျပန်စွတ်ဝင်လာမှာဘဲ။

၁၉၁၆-ခု၊ အိုင်ယာလန် လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ဆာရော်ဂျာကေးဆ်မင်း ဆိုတာ ပေါ်ခဲ့တယ်။ သူက ဂျာမဏီက လက်နက်တွေ အိုင်ယာလန်ကျွန်းပို့ ဖို့ တာဝန်ကျတာဘဲ။ အိုင်ယာလန်ကျွန်းကို ရေငုတ်သင်္ဘော နဲ့ လက်နက်တွေယူလာတော့ အခန့်မသင့်တာနဲ့ အဘမ်းခံရပြီး သတ်ခံရတယ်။ အဲဒီ အိုင်းရစ် သူရဲကောင်းလို အောင်ဆန်းကြိုးစားခဲ့တယ်။ မြန်မာ ရော်ဂျာကေးဆ်မင်း တယောက်ပေါ်ပေါက်လာမှ ဖြစ်မည်ဟု ကျွန်ုပ်တို့ အားလုံး သဘော ကိုက်ညီကြသည်။ ကျွန်ုပ်၏ ကိုယ်နှင့် အသက်ကိုပင် မြန်မာရော်ဂျာကေးဆ် မင်း အဖြစ်ယူရန် နိုင်ငံအတွက် စွန့်လှူလိုက်၏။ ထို့ကြောင့် ၁၉၄၀-ခု၊ သြဂုတ်လ ၈-ရက်နေ့ ဂျာမဏီလေတပ်ကြီးက ရာဇ၀င်တွင် မကြုံဘူးသောလေကြောင်းစစ်ပွဲ ဆင်နွှဲ ကာ လန်ဒန်မြို့ကြီးကို တိုက်သောနေ့၊ ထိုနေ့ပင် မြန်မာနိုင်ငံမှ ကျွန်ုပ်တို့သည် တရုပ် သင်္ဘောသား စီမံခန့်ခွဲ မောင်းနှင်သည့် နော်ဝေပိုင် သင်္ဘောပေါ်တွင် တိတ်တဆိတ် ပုန်းအောင်းထွက်ခါ လိုက်ပါသွားရလေတော့သည်။

-ဤတွင် အောင်ဆန်းဘာလဲ(၁) ကို ရပ်နားပါမည်။ ဆက်လက်ဖော်ပြဦးပါမည်-

(မှတ်ချက်။ ရှစ်လေးလုံး အရေးတော်ပုံကြီး စတင်သော သြဂုတ်လ ၈ရက်နေ့ နှင့် ဗိုလ်ချုပ် ပြည်ပသို့ အကူအညီထွက်ရှာသော နေ့ မှာ ထပ်တူထပ်မျှဖြစ်နေခြင်းမှာ မြန်မာသမိုင်းတကွေ့၏ အံ့သြဖွယ်ရာဖြစ်ပါသည်။ တိုက်ဆိုင်မှုပေလော၊ သမိုင်းကတောင်းခြင်း ပေလော- မောင်လူအေး)


Rest of your post

No comments :