Thursday 5 February 2009

“သူငယ်ချင်းမောင်ဘဦးသို့ပေးစာ”


ဆလိုင်းကိုကိုဦး
ဇန်နဝါရီလ ၃၁ ရက်နေ့၊ ၂ဝဝ၉

-သူငယ်ချင်းမောင်ဘဦးရေ ဒပ်ဗလင်ညီလာခံလည်းပြီးသွားပြီ၊ ထူးမခြားနားပါဘဲ၊ မဲဆွယ်တာတွေနဲ့ မဲဝယ်တာတွေ့ စုံလို့ပါဘဲ၊ ဒီမိုကရေစီတောင်မရသေးဘူး၊ ဖေါက်ပြန်မှုတွေနဲ့အစပြုလို့ပါဘဲလား၊ ကိုယ်အစွမ်းအစနဲ့အမတ်ဖြစ်လာသလား ရှစ်လေးလုံး ကြောင့်အမတ်ဖြစ်လာတာ ဆိုတာကိုလည်း ပြန်စမ်းစစ်ကြပါအုံး၊


To those who cling to power through corruption and deceit
and the silencing of dissent, know that you are on the wrong
side of history.

US President Barack Obama


-ခြစားမှု၊ လိမ်လည်လှည့်ဖြားမှုတွေအတွင်းမှာနေပြီး သဘောထားကွဲလွဲမှုတွေကို ဆိတ်ငြိမ်သွားအောင်လုပ်ရင်း အာဏာကို ဖက်တွယ်ထားတဲ့သူတွေဟာ မိမိဟာသမိုင်းရဲ့ အမှားဘက်အခြမ်းမှာ ရှိနေကြတာကို သိနေကြတာ ပါဘဲ၊ ဆီလျှော်အောင် ပြန်ဆိုပေမဲ့ လိုအပ်ရင်မူရင်းစာသားကို ခံစားနိုင်ပါတယ်၊

ဘဦးရေ၊

ဦးစိန်ဝင်းအစိုးရဟာ ဒီလိုအစိုးရမဟုတ်ဘူးလား၊ အတိုက်အခံကိုလည်းမလိုလား ခြစားနေသူအများနဲ့ ဝိုင်းရံနေမှာတော့ သူတို့ဟာ သမိုင်းရဲ့အမှားဘက်အခြမ်းဘက်မှာရှိနေတယ်ဆိုတာ သိသင့်နေပါပြီ။ အသိတရားရပြီးပြင်ဆင်လာမယ်ဆိုရင်တော့ ဝမ်းပန်းတသာ ကြိုဆိုပေးရမှာ ငါတို့တာဝန်ဖြစ်သလို ဆက်လက်ပြီးဆင်ကန်းတောတိုးလုပ်နေရင်တော့ အမှန်တရားကိုလိုလားတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ ထောပနာသြဘာသံတွေကို ကြားကြရမှာအမှန်ပါဘဲ၊ သူတို့ဟာ အတိုက်အခံဝေဖန်သူတွေရဲ့အသံတွေကို ဥပက္ခာပြု ပြီး စားဖါးတွေ၊ ဖေါ်လန်ဖါးတွေရဲ့ မြှောက်ပင့်မှုတွေကြားမှာ နိုင်ငံရေးအောင်ပွဲခံနေကြသူမို့ သူတို့နဲ့ထိုက်တန်တဲ့ သမိုင်းသူတို့ရကြမှာ အမှန်ပါဘဲ။

ဘဦးရေ၊

တစ်ကယ်တော့ အစစ်အမှန်တော်လှန်ရေး အကျိုးကို သယ်ပိုးလိုသူတွေဟာ ဦးစိန်ဝင်းနဲ့ရှစ်လေးလုံးအမတ်တွေ ပေါင်းဖွဲ့ထားတဲ့ အစိုးရအဖွဲ့ကို ကြည့်လို့မရသလို ကိုမောင်မောင်ကိုလည်း အကြီးအကျယ်လုံးဝ ဆန့်ကျင် နေကြသူတွေပါ၊ ဦးစိန်ဝင်းနဲ့အစိုးရဟာ ယခင်တုန်းက ဇော်ဦး၊ ဦးစိုးပိုင်၊ ကိုမောင်မောင်၊ ဦးဟန်ညောင်ရွှေ၊ ကိုသောင်ထွန်း၊ ကိုနိုင်အောင်တို့ကို အမာခံထားပြီး နိုင်ငံတစ်ကာက ငွေကြေးတွေကို မအောင်မြင်ခဲ့တဲ့ ပရောဂျက်ပေါင်းများစွာနဲ့ တင်တောင်းပြီး ဒီမိုကရေစီအတွက်ရလာတဲ့ ငွေကြေးတွေကို စိတ်ရှည်လက်ရှည် ဖြုံးတည်းနေကြတာပါ။ ကိုမောင်မောင်ကငွေရှာကောင်းခဲ့လို့ အမ်စီယူဘီမှာ အတွင်းရေးမှုး ဖြစ်သွားပြီးမှ ဦးစိန်ဝင်းတို့နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားကြတာပါဘဲ။ ကိုမောင်မောင်အတွင်းရေးမှုးလုပ်နေတဲ့ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ဟာလည်း အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အလုပ်သမားဝန်ကြီး ဦးလှဦး ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တစ်ခုပါ၊ တကယ်တော့ သူတို့အားလုံးဟာ အရင်တုန်းက အလွန်ချစ်ခင်ကြတဲ့ နိုင်ငံရေးမဟာမိတ်တွေပါဘဲ၊ နိုင်ငံတကာက ဒီမိုကရေစီကို ထောက်ခံတယ်ဆိုပြီး မဖြစ်စလောက် ထောက်ပံ့ပေးနေသည့် ဒေါ်လာနဲ့ယူရိုနောက်ကိုလိုက်ရင်း အရင်းအမြစ်နေရာချင်း တူနေလို့ ခွါပြဲခဲ့ကြတာလို့ဆိုရမှာဘဲ။

ဘဦးရေ၊

နိုင်ငံရေးအရ အဓိကျတဲ့နေရာရယူထားတဲ့လူတွေရဲ့ အဓိကအားနည်းချက်ကတော့ ငွေရှာနေရာယူ နိုင်ငံရေးဖြစ်နေလို့ဘဲ၊တချို့ခေါင်းဆောင်တွေဆိုရင် အဖွဲ့အစည်းနှစ်ခုအောက်က လခနှစ်ခုတောင်ယူပြီး နိုင်ငံရေးလုပ်နေပါတယ်လို့ ပြောသံကြား နေရပါတယ်၊ လူအခွင့်အရေးချိုးဖေါက်မှုတွေနဲ့နံမည်ထွက်ခဲ့လို့ အမေရိကန်တက္ကသိုလ်တစ်ခုမှာ စာသင်ကြားခွင့် ပိတ်ပင်ခံခဲ့ရသူတစ်ဦးဟာ တပ်ပေါင်းစုငယ်တစ်ခုမှာ ဥက္ကဌဖြစ်နေသလို နယ်စစ်မှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုမှာ ဒုဥက္ကဌနေရာယူပြီး လခနဲ့ဒီမိုကရေစီအရေးလုပ်နေပါသတဲ့၊ ကြားလို့မှကောင်းပါရဲ့လား။ ဒီလိုဘဲလခကို အနည်းနဲ့အများဆိုသလို ယူထားကြသူတွေ တော်တော်များများ ရှိကြပါတယ်၊ တကယ်လို့ မိမိဟာ တော်လှန်ရေး အကျိုးစီးပွါးကို လိုလားပြီး ရိုးသားမှုရှိတာကိုဖေါ်ပြလိုပါက မိမိအနေနှင့် မည်မျှဝင်ငွေရှိကြောင်း၊ ဘယ်လောက်လခရယူကြောင်း ကို အများသူငါ သံသယကင်းရှင်းအောင် အတိအလင်း ဖေါ်ပြသင့်ကြပါတယ်။ အနည်းဆုံးတော့ လခပေးခဲ့တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ မှတ်တမ်းတင်ထားသင့်ပါတယ်၊ ပြီးတော့မိမိတို့ ကိုယ်စားပြုရာ တပ်ပေါင်းစု တွေမှာ လည်း အချက်အလက်အားဖြင့် ပေးပို့မှတ်တန်းတင်ထားသင့်ပါတယ်၊ ငွေကြေးဆိုင်ရာစီးဆင်းမှု၊ အသုံးစရိတ်မှန်ကန်မှု ရှိမရှိကိုလည်း စစ်ဆေးနိုင်အောင် စီစစ်ရေးအဖွဲ့ကို လွတ်လပ်သောသူများနဲ့ ဖွဲ့စည်းပြီး စစ်ဆေးခွင့်ပေးခြင်းအားဖြင့် ဒီမိုကရေစီအင်အားစုများရဲ့ ယုံကြည်မှုကိုလည်းပိုမိုရရှိလာနိုင်ပါတယ်။

အမေရိကန်သမတတစ်ယောက်ရဲ့လခကို အမေရိကန်ပြည်သူတွေအားလုံး သိခွင့်ရှိပေမဲ့ ခန့်မှန်းလို့မရနိုင်တဲ့ သူတို့တို့ဝင်ငွေတွေကို သိခွင့်မရကြတဲ့အတွက် ဒီမိုကရေစီ အင်အားစုတွေအကြားမှာ သံသယအကျိုးပေးမှု တွေကို တစ်နေ့တစ်ခြားတိုးပွါးလာစေတာ အမှန်ပါဘဲ။

ဒီလိုသံသယအကျိုးပေးမှုကနေ ဒီမိုကရေစီလှုပ်ရှားမှုကြီးတစ်ခုလုံးကို ထိခိုက်နစ်နာမှုရှိခဲ့တာကို အသေအချာပြန်လည်ဆန်းစစ်ပြီး နားလည်ပြုပြင်စေချင်တာ ဒီမိုကရေစီအင်အားစုတွေရဲ့ ဆန္ဒအမှန်ပါဘဲ။

ဘဦးရေ၊

အမ်စီယူဘီရော အမ်စီဂျီယူဘီရော နိုင်ငံရေးအရအားနည်းချက်ရှိနေတာ အမှန်ပါဘဲ၊ လူကနည်းပြီး တပ်ပေါင်းစုတွေများလာတာရယ်၊ မျောက်သစ်ကိုင်းကူးသလို ဟိုရောက်လိုက်ဒီရောက်လိုက်၊ ပရောဂျက်ရအောင်ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့တွေကို အားရှိလာအောင် ပေါင်းပြီးတပ်ပေါင်းစုထဲက တပ်ပေါင်းစုငယ်တွေပြန်ပေါ်လာ စသည်ဖြစ်ရှုပ်ထွေးနေကြတယ်၊ ဘယ်သူမပြု မိမိမှုဆိုသလို မိမိတို့အားလုံးမှာတာဝန်ရှိသလို ဦးဆောင်ဖွဲ့စည်းတဲ့သူတွေဟာလည်း နိုင်ငံရေးအရ ပိုပြီးတာဝန်ရှိပါတယ်၊ ငွေရှာပေးနိုင်တယ်ဆိုပြီး နိုင်ငံရေးအရအားနည်းချက်ရှိနေသူကို အမ်စီယူဘီမှာ အထွေထွေအတွင်းရေးမှုး နေရာပေးတာတွေ၊ လူမှုရေးဖေါက်ပြန်မှုနှင့် ကျောင်းသားတပ်မတော်မှာဖြစ်ခဲ့တဲ့ ကချင်လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးမှာ ဗဟိုကော်မီတီတစ်ယောက် အနေနဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ လူမျိုးတွေကို ပူပူနွေးနွေး တပ်ပေါင်းစုကလေးမှာ ဥက္ကဌအဖြစ်တင်မြှောက်ထားတာတွေဟာ အင်မတန်မှ အကျည်းတန်တဲ့ ငွေရှာ နေရာယူနိုင်ငံရေးဖြစ်နေလို့ဘဲ။

နိုင်ငံရေးမှာ သန့်သန့်စင်စင်ခေါင်းဆောင်တွေကို ရှာဖွေတင်မြှောက်ပေး ရန်လိုသလို သန့်သန့်စင်စင် ခေါင်းဆောင်တွေကိုရဘို့ရန် အလွန်ပင်ခက်ခဲလှမှန်းနားလည်ပါတယ်။ ဒါပေမဲ့ ငွေရှာနေရာယူနိုင်ငံရေးကို ဆက်လက်ကျင့်သုံးပါက အဲဒီခေါင်းဆောင်တွေဟာ ငွေရှာတာတွေနဲ့အချိန်ကုန်ပြီး ဘာမှမလုပ်နိုင်ဘဲ ငွေရှာရေးပေါ်လစီကို ဦးစားပေးမိမှာမို့ မှန်ကန်တဲ့တိုက်ပွဲဝင်လမ်းကြောင်းကို လျှောက်နိုင်မှာမဟုတ်ပါဘူး။ စေ့စပ်ရေးကိုအရေခြုံပြီး လူကြားကောင်းအောင် နိုင်ငံရေးအကျဉ်းသမားတွေအမြန်ဆုံးလွှတ်ပေးပါ တောင်းဆိုယုံနဲ့တော့ နိုင်ငံတကာကလည်းတာဝန်ကျေပေးတဲ့ နိုင်ငံရေးသနားကြေး၊ စာနာကြေးလေး လောက်တော့ ဆက်ရနေဦးမှာပါ၊ တော်လှန်ရေးဆိုတာလည်းဖြစ်မလာ လက်နက်တွေဗုံးတွေလည်း ဖြစ်မလာဘူးဆိုရင်တော့ ဗိုလ်ချုပ်ပြောခဲ့တဲ့ “ရရင်ရ မရင်ချ” ရမဲ့အချိန်အခါမှာ မင်းတို့ငါတို့ဘာလုပ်ကြမလည်း၊ အဲဒီအချိန်မှာ အမ်ဂျီအိုတွေက မဖြစ်စလောက်ပေးတဲ့ငွေကြေး တွေဟာ ဒီမိုကရေစီအရေးအတွက်တော့ အဆိပ်အတောက်ဖြစ်နေတော့မှာအမှန်ဘဲပေါ့။

အမ်စီယူဘီနဲ့ပတ်သက်ပြီးပြောရရင် မူလကအားကောင်းပြီး အခြေခံဖြစ်တဲ့ ဒီအေဘီနဲ့အမ်ဒီအဖ်ကို အခြေမပြုဘဲ အသစ်ရောက်ရှိလာတဲ့ အမတ်လောင်းလျှာများနဲ့ အာဏာရပါတီအဖွဲ့ဝင်တွေကို အခြေðပပြီး ပိုမိုကြီးမားတဲ့ တပ်ပေါင်းစုတွေကို ထပ်မံဖွဲ့စည်းခဲ့တာဟာ မူလကအားကောင်းခဲ့တဲ့ တပ်ပေါင်းစုကို အားနည်းချုပ်ငြိမ်း သွားအောင် လုပ်လိုက်သလိုဖြစ်နေတယ်၊ ဘာဖြစ်လည်းဆိုတော့ အဲဒီတပ်ပေါင်းစုဟောင်းထဲက ခေါင်းဆောင်တွေကဘဲ နောက်ထပ်တပ်ပေါင်းစုကိုရောက်လာကြတာ မဟုတ်ပါလား။ တကယ်တန်း ကျစ်လစ်သိပ်သည်းတဲ့ နိုင်ငံရေးအဖွဲ့အစည်းများကိုသာ ပေါ်ပေါက်စေလိုလျှင် ဒီမိုကရေစီအင်အားစု တွေအကြား အဖွဲ့အစည်းများ ဖွဲ့စည်းမှုဆိုင်ရာ ဘုံသဘောတူညီချက်တွေကို ဆွေးနွေးပြီး လူသိရှင်ကြား လက်မှတ်ရေးထိုးသင့်တယ်။ ဒါမှ လူနှစ်ဦးသုံးဦးနဲ့ ဖြစ်လာတဲ့အဖွဲ့အစည်းတွေ တွေ့ကရာလူတွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့အစည်းတွေ ငွေရှာစားယုံသက်သက် ဖြစ်လာတဲ့ အဖွဲ့အစည်းတွေကို မဖြစ်လာအောင် တားဆီးနိုင်မှာဖြစ်ပါတယ်။ ငါအနေနဲ့ပြေရရင် တပ်ပေါင်းစုတွေအားလုံးဟာ သီးခြားစီဖြစ်ရန် မလိုဘဲ တစ်စုတစ်စည်းထဲဖြစ်သင့်ပါတယ်၊ ဒီလိုဖြစ်လာဘို့ဆိုတာ တပ်ပေါင်းစုအသီးသီးက ခေါင်းဆောင်တွေဟာ ဖွဲ့စည်းမှုဆိုင်ရာ ဘုံသဘောတူညီချက်ကိုအခြေခံပြီး နိုင်ငံရေးသတ္တိရှိရှိပေါင်းစည်းကြဘို့လိုတယ်၊

ဘဦးရေ၊

စေ့စပ်ရေးဆိုတာ ငါတို့မှာမရှိဘူး၊ ငါတို့ဟာအာဏာရှင်အစစ်ပါလို့ သူတို့လုပ်ရပ်တွေနဲ့ တစ်ချိန်လုံးဖေါ်ပြနေတဲ့ ယုတ်မာရိုင်းဆိုင်းတဲ့ အယုတ်တစ်မာကောင်တွေ စုစည်းထားတဲ့ အာဏာရှင်သန်းရွှေအစိုးရကို ရွှေပြေအေး တစ်ရားတိုက်ကြွေးဘို့ ကြိုးစားနေကြတဲ့ ဒီမိုကရေစီတပ်မတော်တစ်ခုဖြစ်လာသည်အထိလုပ်ရန် လုံးဝရည်ရွယ်ချက် လုံးဝမရှိတဲ့ အသနားခံပေါ်လစီကိုသာ အမြဲတန်းကိုင်ဆွဲထား တဲ့ ဦးစိန်ဝင်း ဦးဆောင်တဲ့ အစိုးရမျိုးကို ထောက်ခံပေးတဲ့အထဲမှာ ငါဘယ်တော့မှပါမှာမဟုတ်ဘူး၊

ဘဦးရေ၊

အခုဆိုရင် စားဖါးတွေညီညွတ်သွားကြပြီ၊ ဒီလို အသနားခံပေါ်လစီနဲ့ နိုင်ငံတကာမှာလျှောက်သွားပြီး ခယဝပ်တွားနေတာရယ် စစ်အာဏာရှင်တွေအပေါ် ပြတ်သားတဲ့ပေါ်လစီမရှိဘဲ ဖြတ်စားလဒ်စားတဲ့ ပေါ်လစီကိုသာ ကိုင်ဆွဲထားတဲ့ ဦးစိန်ဝင်းဦးဆောင်တဲ့ အစိုးရမျိုးကို ဆန့်ကျင်လို့နောက်ထပ်ပုန်ကန်သူ ဖြစ်လျှင်လည်း သူပုန်နှစ်ထပ်ကွမ်းဖြစ်ပါစေ၊ ဖြစ်ရပါလို၏လို့ငါတောင်းဆိုလိုက်ပါတယ်။

မြန်မာစားဖါးတွေနဲ့ အမ်ဂျီအိုစားဖါးတွေပေါင်းပြီး၊ အမေရိကားနဲ့ဥရောပမှာခြေရှုပ်နေတာတွေ ငါသိပါတယ်၊ မဟာဗျူဟာဆွေးနွေးပွဲ လုပ်တယ်ဆိုပြီး ကိုနိုင်အောင်ကနေ သူသြဇာညောင်းတဲ့သူတွေကို ဥရောပကို အပျော်ခရီးထွက်သလိုလက်ရွေးစင်ခေါ်ယူသွားပြီး ဆွေးနွေးပွဲ တွေကိုလုပ်ကြတယ်။ ထွက်လာတဲ့ ရလဒ်က ခပ်ပျော့ပျော့လေးရယ်၊ ငွေတောင်းလို့ကောင်းရုံလေးပါဘဲ၊ ဂမ်ဘာရီကိုတိုက်တွန်းချက်တွေကို ထည့်ပေးလိုက်မယ်တဲ့၊ အင်မတန်အားရစရာကြီးပါ။ ဂမ်ဖလားတစ်လုံးလောက်တန်ဘိုးမရှိလို့ ဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်က အတွေ့မခံခဲ့တာပေါ့၊ ဘန်ကီမွန်းလည်း သူတို့ကိုလခကောင်းကောင်းပေးနိုင်အောင် ကုလသမဂ္ဂကိုငွေအများထည့်ဝင်ထားတဲ့ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွါးကလွဲလို့ မြန်မာပြည်အတွက် ဘာမှလုပ်ပေးမှာမဟုတ်ဘူး၊

ဘဦးရေ၊

ဒီနေ့ငါတို့ရဲ့အနီးကပ်ဆုံးရန်သူဟာ မှားယွင်းတဲ့ပေါ်လစီကိုကျင့်သုံးမှုတွေဘဲ၊ ရွှေဝါရောင်တုန်းက ငါတို့ ဘာပြောခဲ့ကြသလည်း၊ စေ့စပ်ရေးဆိုတာ ဒီအစိုးလက်ထက်မှာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတာလေ၊ ခုတော့သူတို့လေ ရွှေဝါရောင်ကိုလည်း မေ့သွားကြပြီ၊ နာဂစ်ကိုလည်းမေ့သွားကြပြီ၊ ဒိုင်ယာလော့တွေ အသံပြန်ထွက်လာတယ်။ ဇင်ဘာဘွေလို အာဏာခွဲဝေယူချင် နေကြပြီထင်တယ်၊ အမ်ဂျီအိုဆရာကြီးတွေက သူတို့ကိုငွေပေးပြီး လုပ်ခိုင်းတော့မယ်၊ သူဆန်စားရင်ရဲရမယ်ဆိုတာ မင်းလည်းသိပါတယ်၊ အမှန်တကယ်တော့ အမ်ဂျီအိုဟာ အမ်ဂျီအိုအလုပ်ကို လုပ်တာဖြစ်ပြီး မိမိတို့ကဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတယ်ဆိုတာကို လောက်တော့ ခွဲခြားမြင်သင့်ပါတယ်၊ သူတို့ဟာ မြန်မာနိုင်ငံကို ကူညီနေတာနဲ့မတူဘဲ နိုင်ငံရေး သုသေသန လုပ်နေသလိုဘဲ၊ ခံစားနေရသူတွေကတော့ နင်းပြားပြည်သူတွေဘဲပေါ့။

ဘဦးရေ၊

အမေရိကန်အစိုးရတစ်ချို့တွေရဲ့နောက်ကြောင်းမှာ ဒီမိုကရေစီအတွက် အမှန်တကယ် လက်နက်ကိုင်စွဲ တိုက်ပွဲဝင်သူတွေကို ပြောင်ဖြစ်ဖြစ် နောက်ကွယ်ကဖြစ်ဖြစ် စစ်လက်နက်ငွေကြေး ထောက်ပံ့ပေးခဲ့တဲ့ သာဓကတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ဦးစိန်ဝင်းလို ခပ်ပျော့ပျော့ လူမျိုးကိုတော့ ပေးနိုင်မယ်မထင်ပါဘူး၊ တော်လှန်ရေးတစ်ခုလိုအပ်လို့ လုပ်ရတော့မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလို့ သတ္တိရှိရှိ ပြတ်ပြတ် သားသားလုပ်မယ့်လူမျိုးရဘို့လိုတယ်၊ အဖြူကောင်တွေနားမှာ ခယဝပ်တွားနေကြတဲ့ စားဖါးတွေလက်ထဲကို ဘယ်လိုလုပ်ပြီး သေနတ်တွေ ဗုံးတွေရောက်လာမှလဲ။၊ စားဖါးတွေဟာ သေနတ်မြင်ရင် ဆန်ပြတ်သွားမယ် ဆိုတဲ့ စားဖါးပေါ်လစီကို လက်ကိုင်ထားကြသူတွေပါ၊ ဒီလိုလူတွေလက်ထဲမှာ တိုင်းပြည်ရဲ့ကံကြမ္မာကို ပုံအပ်ထားရတာ ငါပြည်သူ တစ်ယောက်အနေနဲ့ပြောရရင် သိပ်ရင်နာတယ်ကွာ။ သန်းရွေတို့က ဘီလီယံနဲ့ချီပြီး လောဘဇော တက်တာနဲ့ အမ်ဂျီအိုတွေဆီက မဖြစ်စလောက်စားကျွင်းစားကျန်တွေနဲ့စာရင် မင်း တော်လှန်ရေးသမားတစ်ဦးအနေနဲ့ မင်းဘယ်လို့နားလည်ပေးမလဲ၊ နောက်ဆုံးမင်းကိုငါမေးလိုက်မယ်၊

ဘဦးရေ၊

ဦးစိန်ဝင်းဦးဆောင်တဲ့အစိုးရမျိုးကို မင်းထောက်ခံသလား မထောက်ခံဘူးလားဆိုတာပါဘဲ၊ ငါကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် လွှဲမှားနေတဲ့ပေါ်လစီကို ကျင့်သုံးနေတယ်လို့ ငါယုံကြည်ရင် ဘယ်ပါတီ ဘယ်အစိုးရကိုမဆို ငါဆန့်ကျင်သွားမယ်။ ငါရှင်းရှင်းအဖြေပေးလိုက်တယ်၊ မြန်မာပြည်ဒီမိုကရေစီရရှိအောင် ဘယ်လိုမှစွမ်းဆောင်နိုင်မှာမဟုတ်တဲ့ အသနားခံပေါ်လစီကို အမြဲတန်းကိုင်ဆွဲထားတဲ့ ဦးစိန်ဝင်း ဦးဆောင်တဲ့ အစိုးရမျိုးကို ငါလုံးဝမထောက်ခံဘူးဟေ့။ ပြည်တွင်းက အမ်အယ်ဒီက အစိုးရမဖွဲ့နိုင်ခင်မှာ ယှဉ်ပြိုင်အစိုးရ ဖွဲ့မယ်ဆိုရင် တကယ်ကိုယှဉ်ပြိုင်တဲ့အစိုးမျိုးဖြစ်ရမယ်၊ ကုလသမဂ္ဂမှာ မြန်မာပြည်ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် အဖြစ် စစ်အာဏာရှင်ကို ယှဉ်ပြိုင်ပြီးနေရာယူရမဲ့လှုပ်ရှားမှုကို ကိုမောင်မောင်ဦးဆောင်ပြီးလုပ်တဲ့ လှုပ်ရှားမှု ဖြစ်လို့ ငါတော့မထောက်နိုင်ဘူးဆိုတာ နိုင်ငံရေးမဆန်သလို အတိုက်အခံကိုလည်း နေရာမပေးလို့တဲ့ သဘောဖြစ်နေ ပါတယ်၊ ယှဉ်ပြိုင်တဲ့အစိုးလို့အစိုးရလို့အမည်ခံပြီး မယှဉ်ပြိုင်ဘဲအရှုံးပေးနေတဲ့ ဒီလိုအစိုးရမျိုးကို ဘယ်နိုင်ငံအစိုးရမျိုးကမှ အသိအမှတ်ပြုပေးမှာမဟုတ်ပါဘူး။

ဘဦးရေ၊

ငါ့အနေနဲ့ပြောရရင် ပုဂ္ဂိုလ်ရေးအရ ငါ ကိုမောင်မောင်ကို ရင်းလည်းမရင်းနှီးခဲ့ဘူး နိုင်ငံရေးလည်း အတူတွဲမလုပ်ခဲ့ဘူးဘူး၊ သူဦးစိန်ဝင်းနဲ့ ပလဲနံပသင့်နေစဉ်တုန်းအတိုင်းဘဲ ငါဒီနေ့အထိသူကို့မထောက်ခံခဲ့ဘူး။ အမ်စီယူဘီကလုပ်တဲ့ကမ်ပိန်းနဲ့ ကိုမောင်မောင်နဲ့ငါခွဲခြားမြင်တယ်။ တကယ်လို့ ဒီကမ်ပိန်းကို ဦးစိန်ဝင်းတို့က ပိုပြီးလုပ်သင့်ပါတယ်၊ ယှဉ်ပြိုင်အစိုးရက စစ်အာဏာရှင်တွေရဲ့ ခုံနေရာကို ယှဉ်ပြိုင်ပြီးအနိုင်ယူမဲ့ ပွဲမှာ ဒီမိုကရေစီအင်အားစုထဲက ဘယ်သူဘယ်ဝါမှ ကန့်ကွက်ကြမှာ မဟုတ်ဘူး၊ ငါလည်းအပြည့်အဝထောက်ခံတယ်၊ ငါလိုချင်တဲ့ ယှဉ်ပြိုင်အစိုးရမျိုးကတော့ ရှင်းလင်းပြတ်သားမယ်၊ ခြစားမှုတွေကင်းရမယ်၊ ရန်ငါစည်းပြတ်ရမယ်၊ တိုင်းရင်းသားအင်အားစုတွေ ကိုစည်းရုံးနိုင်ရမယ်၊ အရည်အချင်းတွေနဲ့ပြည်ဝပြီး အချောင်သမားမဆန်တဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့အစိုးရမျိုးဘဲ၊


ဘဦးရေ၊

ရေးစရာအများကြီးပါဘဲ၊ ဝေဖန်ခံရသူများထံ မေတ္တာပို့တုန့်ပြန်စာများကို နံမည်ရင်းနဲ့ဖြစ်စေ နံမည်ဖွက်နဲ့ဖြစ်စေ လက်ခံရရှိသည့် အတွက် သူတို့၏ချစ်ခြင်းမုန်းခြင်းများကို နိုင်ငံရေးလောကဓံတရားနဲ့ ကျေနပ်စွာခံယူ မည့်ကြောင်း မင်းကိုအသိပေး ရင်း၊

ဆလိုင်းကိုကိုဦး





Rest of your post

2 comments :

ခင်မင်းဇော် said...

ကျမလဲ ဦးစိန်ဝင်းအစိုးရကို မထောက်ခံဘူး။
စီစီကို ထောက်ခံရင် ငါတို့ထွက်မယ် ဆိုတာ ဒီမိုကရေစီလား။ လူထုခေါင်းဆောင် လုပ်မယ့်လူက ပြောရမယ့်စကားလား။ အဲဒီမှာပဲလေးစားမှုက ပျောက်ဆုံးသွားခဲ့တယ်။
ဒီတိုက်ပွဲမှာ ဆုံးရှုံးမှာ စိုးလို့ဆိုရင် ဘာတွေ ရထားလို့ ဆုံးရှုံးမှာ ကြောက်နေတာလဲ လို့လဲ မေးချင်တယ်။ ပြီးတော့ ဒီတိုက်ပွဲဟာ ၂၀၁၀ ရောက်သွားရင် တိုက်ခွင့်မရတော့မယ့် တိုက်ပွဲလဲ ဖြစ်တယ်။ ဒီတနှစ်ကလေးပဲ ဒီလိုတိုက်ရမယ့် အခွင့်အရေးရှိတာမို့ ဘာလို့နားမလည်တာလဲ ဆိုတာလဲ စဉ်းစားမရဖြစ်မိတယ်။

Anonymous said...

လာဖတ်သွားပါတယ်.. စိန်ဝင်း အစိုးရ...ကျဆုံးပါစေ။