Tuesday, 17 February 2009

တောတန်း၊ သစ်ပင်၊ သွေးစတွေပဲ သက်သေခံနေတော့တယ် (၂)

-ယောဟန်အောင်-

(၃)
အချိန်က ၁၉၈၈ ခုနှစ် သွေးထွက်သံယို အာဏာသိမ်းအပြီး၊ သူတို့ တောထဲရောက်လာပြီး တနှစ်ကျော်ရုံမျှ။ ဤအချိန်က သူတို့ ပြင်းပြင်းထန်ထန် စစ်သွေးကြွနေကြသည်။ တိုက်လို ခိုက်လိုစိတ်၊ (လက်စားချေလိုစိတ်လည်းပါလိမ့်မည်) ပြင်းပြ နေကြသည်။ တိုက်ပွဲမတိုးဖူးသည်ပင်က ရှက်စရာ ဖြစ်နေသည်။ အာဏာသိမ်းပြီးစ တောထဲရောက်လာသော ကျောင်းသား၊ လူငယ်အုပ်ကြီးက နယ်စပ် ဟိုနေရာ၊ သည်နေရာ ပြန့်ကျဲနေကြသည်။ အားလုံးက ရဲဘော်သုံးကျိပ် အသေးစား ကလေးတွေ။ အားလုံးက ကိုယ့်ကိုကိုယ် ထင်တလုံးနှင့် လာကြသည့် မြို့နယ်အသီးသီးက သပိတ် ခေါင်းဆောင်တွေ။ စာတတ်တွေ။ စကားကတ်တွေ။ စကားတလုံးကို သက်သေအကိုးအကားနှင့် ငြင်းခုန်ကြသူတွေ။ မဟာမိတ်နယ်မြေ တာဝန်ခံများကလည်း လျှာရှည်လွန်း၍ စိတ်ညစ်ကြရသည့် သူတွေ။

ထိုင်းတပ်စခန်းတခုမှ မြင်ရသော (၀သပ) တပ်စခန်းကုန်းတခု
(ဤနေရာမှ ဓါတ်ပုံကို ရယူပါသည်။)

ကျောင်းသား စာတတ်များ ကပ်ပုံက မလွယ်ကြော...။ သေဘောပိုးစခန်းမှ အဖြစ်အပျက်တခု သူကြားဖူးသေး သည်။ ရွာလူကြီးက အမိန့်ထုတ်သည်။ ညအခါ လက်နှိပ်ဓါတ်မီး မသုံးရ။ မီးခွက်၊ မီးအိမ်များနှင့် သွားလာရမည် ဟု ဆိုသည်။ အကြောင်းက ရန်သူ့စစ်တပ်များက လက်နှိပ်ဓါတ်မီးသုံး၍ ညအခါ တက်လာလျှင် ခွဲခြားစစ်ဆေး နိုင်ရန် ဖြစ်သည်။ အရေး ပေါ် အခြေအနေကြောင့်လည်း ဤအမိန့်ထုတ်ခြင်း ဖြစ်လိမ့်မည်။ သို့သော် ကျောင်းသားစာတတ်များက မီးခွက်၊ မီးအိမ် များ ဖြင့်သွားသည်။ မီး မထွန်းထား။ မီးခွက်ကြီး သည်အတိုင်း ကိုင်၍ သွားနေကြခြင်း ဖြစ်သည်။ နောက်တော့ “မီးထွန်း၍” ဟူသော စာသားထပ်ဖြည့် လိုက်ရသေးသည်။

နောက်တော့ ရောက်နေသည့် နေရာတွေမှာ စုဖွဲ့နိုင်ဖို့ ကြိုးစားကြသည်။ စခန်းတွေ ဖွဲ့သည်။ ယခင်က တပ်မတော်တွင် တာဝန်ထမ်းဆောင်ဖူးသည့် စစ်သားဟောင်းများ ပါလာကြသလို၊ မဟာမိတ် ကရင်၊ မွန် စသဖြင့် အကူအညီတောင်း၍ စစ်သင်တန်းများ ပေးသည်။ နောက်တော့ ဗဟိုဌာနချုပ်တခုကို ဖွဲ့စည်းကြပြီး၊ ဒေသအလိုက်လည်း တပ်ရင်းများဖွဲ့လာကြ သည်။ ပြဿနာက သေနတ်ဆို၍ ဟုတ်တိပတ်တိ မရှိ။ နယ်မြေခံ မဟာမိတ်များကလည်း သေနတ်တပ်ဆင်၍ ရှေ့တန်း လွှတ်ရမှာ စိတ်မချသေး။ ငှက်ပျောပင်၊ ပဲဟင်း၊ မြစ်ချဉ်၊ ငှက်ဖျားနှင့် လုံးချာလည် လိုက်နေသောကာလ။ သို့သော် အချို့ သော တပ်ရင်းများကတော့ ရှေ့တန်းစစ်ကြောင်းများလွှတ်၍ မဟာမိတ်တပ်များနှင့် ပူးတွဲလှုပ်ရှားနိုင်ကြပြီ။

သူတို့ “၀ဒေသ” ဘက်ကို တာဝန်ဖြင့် လွှတ်မည်ဆိုတော့ အတော်ဂုဏ်ယူမိသည်။ ဗဟိုခေါင်းဆောင် တယောက်က သူ့ကို မာနာပလောတက်လာရန် အကြောင်းကြားလာခဲ့သည်။ ခြေလှမ်းတွေတောင် မြောက်ကြွကြွ။ ထိုအချိန်က ထိုင်းနိုင်ငံကို ဖြတ်၍ ခရီးထွက်လာ၍ ရသလို၊ ဘုရားသုံးဆူဒေသမှ ကေအန်ယူ တပ်မဟာ (၆) နယ်မြေ ဒေါနတောင်ကြောတလျှောက် လျှောက်၍ အုန်းဖန်ဆိုသည့် ထိုင်းမြို့ကလေးသို့ သွားနိုင်သည်။ အနည်းဆုံး ၄-၅ ရက်တော့ လျှောက်ရမည်။ ထိုမှတဆင့် မဲဆောက်၊ မာနာပလောသို့ သွား၍ ရသည်။ ထိုင်းနိုင်ငံအတွင်း ဖြတ်သန်းရသည်မှာ ယခုကာလကဲ့သို့ မကျပ်တည်းသေး သလို၊ နယ်စပ်ဒေသများတွင် ကေအန်ယူမှထုတ်ပေးသည့် “ကော်သူးလေ”တံဆိပ် ရိုက်နှိပ်ထားသည့် ပတ်စ် (လက်မှတ်) ဖြင့် သွားလျှင် ချောချောမောမော ရနေသေးသည်။ တော်ရုံတန်ရုံဆိုလျှင် ထိုင်းရဲများက ပြဿနာမရှာကြ။

မာနာပလောရောက်လာတော့မှ အခြေအနေကို သိတော့သည်။ ယခင်ဗဟို အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်းက ဒီအေဘီစစ်ကြောင်း ဖွဲ့မည်ဆို၍ တပ်ရင်းများမှ တပ်ဖွဲ့ဝင်များ ခေါ်ထားသည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) ကလည်း လက်နက်များ ထောက်ပံ့ပေးမည်လိုလို။ နောက်တော့ အကောင်အထည် ပေါ်မလာ။ နယ်အသီသီးမှ ခေါ်ထား သည့် ရဲဘော်များက တရုံးရုံး။ လက်နက်မရှိ။ အိပ်၊ စား၊ ဖျား၊ ပွား၊ ပြဿနာ ရှာသူကလည်း ရှာသည်။ နောက်တော့ အချို့ ရဲဘော်များကို တိုက်ပွဲဖြစ်နေသော ၀မ်းခခံတပ်သို့ ထည့်လိုက်သည်။ ကျန်သော ရဲဘော်အချို့ကို တပ်ရင်း (၅၀၁) အဖြစ် ပလောင်ဒေသကို အခြေခံ၍ ထိုးဖောက်ရန် ယခု စီမံကိန်းဖြစ်လာရခြင်း ဖြစ်သည်။ ရဲဘော်များက စခန်းပေါင်းစုံမှ၊ တပ်ရင်းမှူး အဖြစ် တာဝန်ပေးခံရသည့် ကိုသိုက်ထွန်းဦးက ဘုရားသုံးဆူဒေသမှ၊ ငှက်ဖျားပိုးထက်ဆိုးသည့် သေဘောပိုး ဟု နာမည် ပေးထားကြသည့် စခန်းမှ ကိုဇော်နိုင်ကြီး (ယခု ကနေဒါ)၊ ကိုအောင်ဝင်းတင်တို့လည်း ပါသည်။ ကိုအောင်နိုင်ဦး ကလည်း သေဘောပိုးစခန်းမှ။ အများစုက တပ်ရင်း (၂၀၉) သံလွင်စခန်းမှ ရဲဘော်များသည်။ သူတို့က ယခင် စစ်ရေး အတွေ့အကြုံ တစုံတရာရှိနေကြပြီး ယခုစစ်ဆင်ရေးတွင်လည်း စစ်ရေးအရ ဦးဆောင်နိုင်လိမ့်မည်ဟု ယူဆ ထားသည်။ တောလမ်းကိုဖြတ်၍ ကချင်ဒေသသို့ ပြန်မည့် ရဲဘော်များလည်း ပါသည်။ ထူးထူးခြားခြား မှတ်မိနေသေး သည်က မောင် သန်းထိုက်ဆိုသည့် ကလေး ဖြစ်သည်။ ထိုစဉ်ကတော့ ကလေး စစ်သားဆိုတာလည်း အထူး သတိမပြုမိ။ ဤလူငယ် ကလေး များကလည်း တိုက်လိုခိုက်လိုစိတ် အတော်ပြင်းပြနေကြသည့် ကာလဖြစ်သည်။

မောင်သန်းထိုက်က ၇၄-ကျောင်းသား အရေးအခင်းများက ကျောင်းသားခေါင်းဆောင်ဟောင်းတဦး ဖြစ်သူ ကိုကျော်ဝင်း မောင်၏သား ဖြစ်သည်။ သူဇာတ်လမ်းကလည်း အဆန်း။ ၈၈-အာဏာသိမ်းပြီးချိန်တွင် လက်နက်ကိုင်တိုက်ရန်အတွက် အခြား အထက်တန်းကျောင်းသား တစ်ရာကျော်နှင့်အတူ မုန်း၊ ကျောက်ကြီးဒေသဘက်မှ ကေအန်ယူဒေသသို့ တက်လာ ကြသည့် ကလေးများဖြစ်သည်။ သူတို့ကို စစ်အစိုးရ တပ်ရင်းတခုက ဖမ်းမိသည်။ တအုပ်လုံး ကလေးများချည်းဖြစ်၍ ဘာ ဆက်လုပ်ရမှန်း မသိ။ စစ်တပ်ရင်းထဲတွင် ဖမ်းထားရင်း၊ ရေတွင်တူး၊ အိမ်သာဆောက်၊ ထမင်းချက် ကြုံသလို ခိုင်းနေကြ သည်။ ပြန်ပို့ရန် အမိန့်စောင့်နေခြင်းလည်း ဖြစ်လိမ့်မည်။ နောက်တော့ ဤအုပ်စုထဲမှ အချို့က စစ်တပ်အလစ်တွင် ထွက် ပြေး၍ ကေအန်ယူ တပ်မဟာ ၃ မှတဆင့် သံလွင်စခန်းသို့ ရောက်လာကြသော ကလေးအုပ်စု ဖြစ်သည်။ ထို့အပြင် အချို့ တပ်ရင်းများက ပူကြသောကြောင့်လည်း ဖြစ်မည်။ ၀မ်းခ တပ်ရင်း (၂၁၁) မှ ရဲဘော်များလည်း ဤမစ်ရှင်တွင် ပါကြသေး သည်။

မာနာပလော၊ ပလောင်ကုန်းတွင် ၁၀ ရက်ခန့်နေပြီး ဆက်ထွက်လာခဲ့ရခြင်း ဖြစ်သည်။ အားလုံးက စိတ်ကူးယဉ်နေကြသည်။ ပလောင်တပ်ဖွဲ့ PSLA မှ ဗိုလ်မှူး တလွယ်ဆိုင်းကလည်း အပြောကောင်း။ ပလောင် လက်ဘက်ခြောက်၊ ပလောင် ပဲပုတ်၊ ပလောင်ပျိုဖြူလေးများနှင့် တွေ့ရချည်သေးရဲ့ဟု စိတ်ကူးယဉ်နေခဲ့ကြသည်။

(၄)
ထွက်လာစဉ်က လူချည်းသာ။ လက်နက် မပါ။ ဆက်သွယ်ရေးစက်ပင် မပါ။ ဟိုရောက်တော့ ကြည့်စီစဉ်တာပေါ့ဟူ၍သာ လိုက်ခဲ့ကြသည်။ ပါလာသည်ကတော့ ကိုယ်နှင့်မကွာ ... တောက်လောင်နေသော ယုံကြည်ချက်များနှင့် ရှေ့ကိုထိုးပြေးနေ သော စိတ်ကူး မျှားစင်းများသာ...

ABSDF ဗဟိုမှ လူကြီးများ ဆွေးနွေးပြီးခဲ့ကြပြီဟု စိတ်ကို အေးအေးထားခဲ့သည်။ ခရီးစဉ်တွင်လည်း ထိုအချိန်က ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ကိုကျော်ကျော် (ယခု NDD)နှင့် နိုင်/စည်း တာဝန်ခံ ကိုအောင်ထူး (ယခု BLC) တို့ ကလည်း ၀ဌာနချုပ်အထိ လိုက်လံ ပို့ဆောင်ကြသည်။ သူတို့က (၀သပ) ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ပြုခဲ့ကြ သည်ဟုလည်း ထင်သည်။ သေချာ မသိခဲ့ရ။

အချိန်က ၁၉၈၉ နှစ်ကုန်ပိုင်းခန့် ဖြစ်မည်။ ၀တိုင်းရင်းသား တပ်ဖွဲ့များက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ပုန်ကန်၍ ၁၉၈၉၊ သင်္ကြန်အပြီး ဧပြီလ ၁၇ ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။ ယခင် ဗကပခေါင်းဆောင်ပိုင်းများကိုတော့ တရုတ် ပြည်ဘက်သို့ လိုက်ပို့လိုက်ကြသည်။ သတင်းများလည်း သူတို့ကြားရသေးသည်။ ၀တပ်ဖွဲ့များက နောက်ပိုင်း ၀ပြည် သွေးစည်း ညီညွတ်ရေးပါတီ (၀သပ) UWSA ကို ဖွဲ့စည်းလိုက်ကြသည်။ အားလုံးက (၀သပ) ဘာလုပ်မည်နည်းဟု စိတ်ဝင် တစား နားစွင့်နေကြသည်။ အင်အား ၂-သောင်းကျော်၊ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ပေါင်းလျှင် အင်အား ၃ သောင်းကျော် တိုက်ရည်ခိုက်ရည် ကောင်းသောတပ်ကြီး။ တိုက်ပွဲအတွေ့အကြုံဆိုလျှင် မဆလတပ်များကပင် ဖြုန်ကြရသော တပ်များ။ ယခင်တရုတ်ပြည်က ထောက်ပံ့ထားသော လက်နက်ကျည် အကျန်များကလည်း ဂိုဒေါင် ၁၀ လုံးခန့် ကျန်သေးသည် ဟူသော ကောလာဟလများလည်း ကြားနေရသည်။

သူတို့ သေချာတော့မသိ။ ၀သပ ခေါင်းဆောင်များ မာနာပလောလာ၍ ဒီအေဘီတပ်ပေါင်းစု ခေါင်းဆောင်များနှင့်လည်း လာရောက် ဆွေးနွေးကြသည်ဟု ကြားရသည်။ သူတို့က လက်နက်၊ ကျည် ပူစရာမလို၊ ဆန်အိတ် တသိန်း တနှစ်စာလား မသိ ယာယီ ရပ်တည်ရေးအတွက် လိုသည်။ အထောက်အပံ့ပေးရန် လာဆွေးနွေးကြသည်ဟု ကြားရသည်။ အကြားသာ ဖြစ်သည်။ သူတို့လို အောက်ခြေရဲဘော်များက သေချာ မသိကြရ။ နောက်ပိုင်းတွင်တော့ (၀သပ) တပ်ဖွဲ့များက စစ်အစိုးရ နှင့် ၁၉၈၉ ခုနှစ် မေလ ၉ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး လုပ်သွားခဲ့သည်။

သူတို့ သွားရသည့် နေရာက (၀သပ) ဗဟိုဌာနချုပ် ပန်ဆန်းမဟုတ်။ (၀သပ) မြောက်ပိုင်းမှ သံလွင်တောင်ပိုင်းသို့ ထိုးဆင်း လာ၍ ထိုင်း-မြန်မာနယ်စပ်တွင် လာ၍ အသစ်အခြေချသည့် တောင်ပိုင်း (၀သပ) ဌာနချုပ်ဖြစ်သည်။ သူတို့က ဗျူဟာ အမြင် ဖြင့် တောင်ပိုင်းသို့ ထိုးဖောက်လာခြင်းလည်း ဖြစ်နိုင်သည်။ ဗကပ တပ်ဖွဲ့များကို အာဏာသိမ်းပြီးသည့်နောက်တွင် တရုတ် အစိုးရနှင့် ဆက်ဆံရေးက မသေချာ။ ၀ဒေသတွင်းက မည်သည့်သီးနှံမျှ ဖြစ်ဖြစ်မြောက်မြောက် ထွက်သည် မဟုတ်။ တရုတ်မှ တင်သွင်းသည့် ဆန်၊ ရိက္ခာကိုသာ မှီခိုနေရသည်။ တရုတ်အစိုးရက ပိတ်ဆို့လိုက်ပါက ဟူ၍ တွက်ချက် ပြင်ဆင်ချက်လည်း ဖြစ်နိုင်သည်။ ထိုင်းနိုင်ငံ နယ်စပ်ကို ခြေကုတ်ယူ၍ အခြားလမ်းကြောင်းများထိုးဖောက်လိုခြင်းလည်း ဖြစ်နိုင်သည်။ ဘိန်းကုန် ကူးရန်အတွက် လမ်းကြောင်းချဲ့ထွင်လာသည်ဟုလည်း နောက်ပိုင်း လေ့လာသူအများက သုံးသပ် ကြသည်။ မည်သို့ ဖြစ်စေ ကျနော်တို့လည်း သူတို့ကို စည်းရုံးဖို့ လိုအပ်နေသည်။ တချိန်တွင် ၀တပ်ဖွဲ့များ သေနတ်ပြန် ပေါက်စေရေး အတွက် တတ်နိုင် သမျှ ကျနော်တို့ ချည်းကပ်ရမည်။ အနည်းဆုံး မိမိတို့ ဒီမိုကရေစီ အင်အားစုများ၏ မျှော်လင့်ချက်များကို ရှင်းပြနိုင်မည်။ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အမြင်ချင်း ဖလှယ်နိုင်မည်။ ဖြစ်နိုင်လျှင် လက်နက်ဂိုဒေါင်များထဲမှ သေနတ်များ အကူ အညီတောင်းလိုသည်ကလည်း စိတ်ထဲရှိနေကြသည်။ ဦးဏှောက်နှင့် သေနတ်လဲလှယ်ရေးပဲ ဆိုပါစို့။ ဤသို့ဖြင့် ယခု ခရီးကို စွန့်စားထွက်လာကြခြင်း ဖြစ်သည်။

ဝတပ်ဖွဲ့များ အစုအပြုံလိုက် တောင်ပိုင်းသို့ ရွှေ့လာစဉ်တွင် နယ်မြေလုစစ်ပွဲကြီး စတော့သည်။ ဤဒေသများက မူလက ခွန်ဆာ၏ မောင်ထိုင်းတပ် (MTA) များ ထိန်းချုပ်ထားသော နယ်မြေဖြစ်သည်။ ၀ တပ်မဟာများ ဆင်းလာပြီကြားရတော့ ခွန်ဆာတပ်များကလည်း လမ်းမှဖြတ်တိုက်ကြသည်။ (၀သပ) တပ်ရင်းမှူးတဦးဖြစ်သူ ကိုအိုက်သောင်း ပြန်ပြောပြသည်ကို သူ အမှတ်ရမိသေးသည်။

“ကျနော်တို့ တပ်မဟာက တောင်ပိုင်းဆင်းလာတော့ လူ ၃,၀၀၀ လောက်ရှိတယ်။ အဲသည်မှာ ခွန်ဆာတပ်တွေကလည်း လမ်းက ဖြတ်တိုက်ကြတယ်။ တညမှာ ကျနော်တို့ကို ခွန်ဆာက ပျောက်ကြားချတာ တပွဲတည်းမှာ လူ ၃၀၀ လောက် အကျအဆုံးရှိတယ်။ ဒီနေရာအရောက် ဖောက်လာရတာဆိုရင် အနည်းဆုံး ရဲဘော် ၄၀၀-၅၀၀ လောက်တော့ ကျခဲ့လိမ့် မယ်”...
ဘုရားရေ...
သူတို့ အံ့သြသွားမိသည်။ ပျောက်ကြားတပွဲတည်းမှာ ၃၀၀ ကျော် ကျခဲ့ရသည် ဆိုသည်။ ဤသို့ဆိုလျှင် အတော်ကြီးသော စစ်ပွဲမျိုးလည်း ဒီနေရာတွင် ဖြစ်ခဲ့လိမ့်မည်။ သွေးခင်း၍ ယခုလမ်းကို လျှောက်ခဲ့ရခြင်းလည်း ဖြစ်လိမ့်မည်။ ယခင်က အမေ ရိကန်များ လူနီရိုင်းများ၏ မျှားမိုးအောက်တွင် အနောက်ဘက်သို့ နယ်ပယ်ချဲ့ထွင်ခဲ့ရသည်မျိုး ဖြစ်လိမ့်မည်။ တော၏ နယ်မြေပိုင်စား လုကြသည့် သဘာဝ၊ အားကြီးသူတို့သာ ရှင်သန်နိုင်သည့် သဘာဝကိုလည်း ချက်ချင်း နားလည်လိုက်ရ သည်။

သူတို့ကို လိုက်လံပို့ဆောင်သည့် ၀ဗိုလ်မှူး စိုင်းပေါက်သည်ပင် ခပ်ဖောင်ဖောင်းကြီး ဖြစ်နေသည်ဟု ထင်မိသည်။ သူက ကျည်ကာ အင်္ကျီဝတ်ထားခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင်း ဖြတ်သွားစဉ်မှာပင် ကျည်ကာအင်္ကျီနှင့် ဖြစ်နေသောကြောင့် ရန်သူကလည်း များသည့်ပုံ ပေါ်နေသည်။ သေနတ်အတိုကိုလည်း ကျည်ထိုး၍ ကားဒက်ရှ်ဘုတ်ထဲ ထည့်ထားသေးသည်။ (နောက်ပိုင်း ၁၉၉၅ ခုနှစ်တွင် ချင်းမိုင်မြို့ဟော်တယ်တခု အထွက်တွင် ဦးခေါင်းကို သေနတ်ဖြင့်ပစ်၍ လုပ်ကြံခံခဲ့ရပြီး ဗိုလ်မှူးစိုင်းပေါက် သေဆုံးခဲ့သည်။)

သူတို့ကို တာဝန်ပေးလိုက်သည်ကတော့ ၃-လ မစ်ရှင်ဟု ဆိုသည်။ သူတို့လည်း မည်သည့် အခြေအနေကြုံရပါ့....။

ယောဟန်အောင်

ဆက်လက်ဖော်ပြပါမည်။ မျှော်...


Rest of your post

1 comment :

LITTLE BURMA GROCERY said...

ကိုအောင်သူငြိမ်းခင်ဗျာ ဒီဇာတ်လမ်းထဲမှာ အသုံးချခံ
လိုက်ရတဲ့ ဇာတ်ကောင်တချို့ သေကံမရောက်သက်မ
ပျောက်ဘဲ ဒီနေ့ထိ ရှိနေပါသေးတယ်။အသဲနာ။ ရင်နာ
စရာပေါ့ဗျာ ။ အမိန့်ပေးလိုက်တဲ့လူတွေက သူတို့အမိန့်
ကိုတောင် သတိမရကြတော့ဘူး။တာဝန်ယူမှုဆိုတာဝေး
ရော။တနေ့တော့ အဖြေမှန်ကို ရှင်းကြရမှာပေါ့။
တော်လှန်ရေးထဲမှာ တော်လှန်သူ