Tuesday, 17 February 2009

အဓိကနိုင်ငံရေးကြွေးကျန်တစ်ခုကိုဘယ်လိုရှင်းမှာလဲ

NLD CEC and MPs at Gandi Hall after 1990 elections
ပုံကို ဤနေရာမှရယူသည်။

အဓိကနိုင်ငံရေးကြွေးကျန်တစ်ခုကိုဘယ်လိုရှင်းမှာလည်း၊

တောင်းယူမှာလား၊ ညှိယူမှာလား၊ အညံ့ခံမှာလား၊ တိုက်ယူမှာလား၊

ဆလိုင်းကိုကိုဦး
ဖေဖေါ်ဝါရီလ ၁ရ ရက်၊ ၂ဝဝ၉

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဂမ်ဘာရီနဲ့ဂျပန်နိုင်ငံခြားရေဝန်ကြီးတို့ ထုတ်ပြန်ကြေ ငြာချက်ကို ကြည့် ခြင်းအားဖြင့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိသည့်သဘောထားကို မိမိတို့ရှင်းလင်းပြတ်သားစွာ တွေ့ရပြီဖြစ်သည်။ တနည်းအားဖြစ် ဆိုလျှင် မိမိတို့ဒီမိုကရေစီ အင်အားစုဘက်မှ ကုလသမဂ္ဂဟာသံတမန် ရေးရာ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတယ်လို့ဆိုရမှာဖြစ်တယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘော ထားသည် စစ်အစိုးရကိုတရားဝင်အစိုးရ တစ်ရပ်အဖြစ် အသိအမှတ်ပြုပေး နေသလို ဖြစ်ပြီး မိမိတို့၏ ဒီမိုကရေစီအင်အားစုအပေါ် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ကြဘို့ ဖိအားပေးနေသည်နဲ့တူသည်၊

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်နိုင်သေးသော်လည်းဘဲ ဆုတ်ကိုင်ထားဆဲ ဖြစ်သည့် မိမိတို့ ဒီမိုကရေစီ အင်အားစုတို့အား နောက်ဆုံးနိုင်ငံရေးတိုက်ပွဲကို ဘယ်လိုဆင်နွှဲကြမှာ လည်းဆိုသည့် မေးခွန်းကအသင့်စောင့်ကြိုနေပြီဖြစ်သည်၊ တရားဝင်ရပ်တည်နေဆဲဖြစ်သည့် အမ်အယ်ဒီအနေနဲ့ ဘာလုပ်မှာ လည်း ပြည်ပရောက်ဒီမိုကရေစီအင်အားစုတို့အနေဖြင့် ဘာလုပ်ကြ မှာလည်းဆိုသည့် မေးခွန်းကို လက်တွေ့ ဆန်သော တုန့်ပြန်ချက်နဲ့အတူ အဖြေပေးရတော့မည် ဖြစ်သည်၊

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ဆုတ်ကိုင်ပြီး အစိုးရတစ်ရပ်ကိုဖွဲ့မှာလား ဒါမှမဟုတ် နအဖမှ အသစ်ထပ်မံ ပြုလုပ်သည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြန်ဝင်မှာလားဆိုသည့် ပဟေဠိကို လုံးဝပြတ်ပြတ်သားသား အဖြေပေး ရမည်မှာ အနိုင်ရပါတီ အမ်အယ်ဒီ ပင်ဖြစ် သည်၊ အကယ်၍သာ အမ်အယ်ဒီအနေနဲ့ ၁၉၉ဝရွေးကောက်ပွဲ ရလဒ်ကို နောက်ဆုံးနိုင်ငံရေးတိုက်ပွဲအဖြစ်အကောင်အထည် မဖေါ် နိုင်ခဲ့လျှင် အမ်အယ်ဒီရဲ့ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍ တစ်ခန်းရပ်သွားပြီလို့ ဆိုရပါ လိမ့်မည်၊

ပြည်သူလူထုမှ အမ်အယ်ဒီပါတီ အပေါ်ထားရှိသည့် မူလယုံကြည်မှုများ အားလုံးသည်ပင်လျှင် နေချင်း ညချင်း ပျောက်ကွယ် သွားနိုင်ပါသည်၊ အခြားတစ်ဖက်မှပြန်ကြည့်လျှင်လည်း နအဖမှ ပြည်သူတွေကိုဒါးမိုးထားပြီး လုပ်မဲ့ရွေးကောက်ပွဲကို ပြည်သူ့ ဆန္ဒခံယူပွဲ တုန်းကလို နိုင်ခြေမရှိ ဘဲ အောင့်သက်သက်နဲ့ဝင်ပေးရမည့် အနေအထားပင်ဖြစ်သည်၊ ဒီတော့ယနေ့ အမ်အယ်ဒီ ဘာလုပ်မလည်း၊ သေရင်မြေကြီးရှင်ရင်ရွှေထီး လုပ်ကို လုပ်ရမည့်အနေအထားမှာ မလုပ်ဘဲ ရှောင်လွဲလို့ရနိုင်မည့် နိုင်ငံရေး နည်းလမ်း ကိုထပ်မံရှာဖွေနေဦးမှာလား၊ ပြည်သူတွေ အတွက် တာဝန်ကျေကျေ စွန့်စားဆုံးဖြတ်လုပ်ကိုင်မှာလားဆိုသည့် မေးခွန်းကို ကိုယ်တိုင်ကိုယ်ကျ ဖြေဆို ရတော့မည်ဖြစ်သည်၊

သေချာတာတစ်ခုကတော့ ဒုတိယနည်းလမ်းဖြစ်သည့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရေးဆိုသည့် နိုင်ငံရေးတိုက်ပွဲ ကတော့ မြေကြီးလက်ခတ်မလွှဲ နိုင်ငံရေးအရအသာစည်းရမည်မဟုတ်သည့်အပြင် ပြည့်သူဆန္ဒခံယူပွဲတုန်းကလို အရှုံးနဲ့ရင်ဆိုင် ရဘို့များနေပါသည်၊ ဒီတော့အမ်အယ်ဒီဘာလုပ် သင့်သလည်းဆိုရင် အဖြေရကြပ်ပါလိမ့်မည်၊ ပြည်သူတွေကတော့ အမ်အယ်ဒီကို အစိုးရတစ်ရပ် အနေနဲ့ မြင်ချင်တာကတော့ အသေအချာပင် ဖြစ်သည်၊

မည်သို့ပင်ဆိုသေကာမူ အမ်အယ်ဒီမှာ အဓိကရှိနေသည့်နိုင်ငံရေးကြွေးကျန်တစ်ခုကတော့ ၁၉၉ဝ ရွေးကောက် ပွဲရလဒ်ကို လုံးဝတာဝန်ယူပြီး အကောင်အထည်ဖေါ်ပေးရမည့်ကိစ္စပင်ဖြစ်သည်။ အနှစ်နှစ်ဆယ် နီးပါးလုံးလုံး လုံးဝတိုးတက်မှုမရှိတဲ့ အကျိုး ရလဒ်မရှိတဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ နိုင်ငံရေးနည်းဗျူဟာကို ရပ်ဆိုင်းသင့်ပြီ လို့ယူဆပါတယ်၊ မိမိကိုယ်ကိုမိမိတို့ ရာဇဝတ်သား လို့ အမြဲလိုလိုချောက်လှန့်ခံနေရတဲ့ စစ်အာဏာရှင်တွေဟာ အာဏာကို လွဲပြောင်းပေးဘို့မပြောနဲ့ အာဏာကိုခွဲဝေဘို့ တောင် ကြောက်နေကြတာ အမ်အယ်ဒီခေါင်းဆောင် တွေက ပိုသိပါလိမ့်မယ်၊ လူဆိုတာ သေတာကိုကြောက်ကြသူတွေကြီး ပါဘဲ၊ အရပ်စကားနဲ့ပြောရ ရင် ဘယ်သူ ကမှ ကိုယ်သေတွင်းကိုယ်တူးချင်ကြမှာ မဟုတ်ဘူး၊ အမျိုးသားရင်ကြားစေ့ရေးဆိုပြီး စကားလုံး လှလှပပနဲ့ အာဏာရှင်တွေကို ကျောသပ်လို့မရနိုင်ဘူး၊ သူတို့မှာလည်းဦးနှောက်ရှိ တယ် သူတို့လည်းတွေးတတ်တယ် ဆိုတာ လောက်ကို တော့ အာဏာရှင်ကို ကျောသပ်လိုသူတွေ အလွန်ကိုသတိထားရမဲ့ အချက်ဖြစ်ပါတယ်၊

စစ်အာဏာရှင်တွေဟာ အမျိုးသားရင်ကြား စေ့ရေးဆိုသည့် နိုင်ငံရေးလုပ်ငန်းစဉ်ကို မိမိတို့ လည်ပင်းကို တစ်ရစ်စီချည်နှောင်မည့်ကြိုးဖြစ်မည်ဆိုတာကို မုချတွက်ဆပေလိမ့်မည်၊ ဒါကြောင့် အာဏာရှင်တွေဟာ တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံရေးနည်းပရိယာယ်အရ ကောင်းကောင်းအသုံးချ ခဲ့ပြီး နိုင်ငံတကာကို လှည့်စား နိုင်ခဲ့တယ်၊ အချိန်ဆွဲနိုင်ခဲ့တယ်၊ မိမိတို့ဒီမိုကရေစီအင်အားစု တို့ကို အတွေးအခေါ်မျိုးစုံကွဲပြားအောင် လုပ်နိုင်ခဲ့တယ်၊ မတိုက်နိုင်တော့ဘူး ညာဘဲစား တော့မယ် ဆိုသူများပေါ်လာသလို စစ်အာဏာ ရှင်တွေနဲ့ အပေးအယူလုပ်ကြသူတွေလည်း တစ်နေ့တစ်ခြားပိုများလာတာကသာ အဖတ်တင် ကျန်ရစ်ခဲ့ တယ်၊ ဒီတော့ တွေ့ဆုံဆွေးနွေးရေး ဘဲပြောပြော အမျိုးသားရင်ကြားစေ့ရေးဘဲပြောပြော ဒီလိုနိုင်ငံရေး နည်းပရိယာယ် အရ ချည်းကပ် မှုကနေ့ မည်သူတွေကအကျိုးဖြစ်ထွန်းခဲ့ပါသလည်း၊ စစ်အာဏာရှင်တွေကသာ အကျိုးအမြတ် များစွာဖြစ်ထွန်း ခဲ့တယ် မဟုတ်ပါလား၊

မိမိတို့ဟာအမျိုးသားရင်ကြားစေ့ရေးကို အမှန်တကယ်လိုချင်သလို တွေ့ဆုံဆွေးနွေးရေးကို အမှန် တကယ် ဖြစ်စေလိုသူတွေပါ၊ လူတစ်ဦးနဲ့တစ်ဦး တိုက်ခိုက်သတ်ဖြတ်တဲ့လက်နက်တွေကိုလည်း ကိုင်လိုသူတွေ မဟုတ်ကြပါဘူး၊ သို့သော်လည်း ပြည်သူတွေရဲ့ရင်ဝကိုသေနတ်နဲ့ထောက်ပြီး အမျိုးသားရေးလက္ခဏာမဲ့နေတဲ့ စစ်ရာဇဝတ်သားတွေကို အနုနည်းဖြင့်ဘယ်လိုနည်းနဲ့မှ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာကိုတော့ ပေါ်လစီအရ ပြတ်ပြတ်သားသားရှိသင့်နေပါပြီ။ နိုင်ငံတကာနဲ့ ကုလသမဂ္ဂကိုလည်း ပေါ်လစီသစ်နဲ့ ချည်းကပ်သင့်နေပါပြီ၊

တောင်းယူမှာလား၊ ညှိယူမှာလား၊ အညံ့ခံမှာလား၊ တိုက်ယူမှာလား၊ မှတပါးအခြားမရှိတော့ပြီ၊ တောင်းလို့လည်း မရ၊ ညှိလို့လည်း မရ၊ တိုင်းပြည်ဘဏ္ဍာကိုခိုးချင်သလောက်ခိုး၊သတ်ချင်သူကို သတ်၊ ဖမ်းချင်တဲ့သူကို ဖမ်းပြီး မတရားထောင်ချ၊ ဥကဒေမဲ့ လုပ်ချင်ရာလုပ်နေတဲ့ ရာဇဝတ်သား တွေနဲ့ စုဖွဲ့ထားတဲ့ စစ်ပဒေသရာဇ်တွေကို ကုလသမဂ္ဂမပြောနဲ့ ဘုရားရှင်တောင်မှ နားချလို့ ရနိုင်မယ်မထင်ပါဘူး၊ ဒီတော့ အလုပ်မဖြစ်တော့တဲ့ လမ်းစဉ် အဟောင်းတွေကို အမြန်ဆုံး စွန့်ပယ်ပြီး စိတ်သစ်လူသစ် လမ်းစဉ်သစ်တွေ နဲ့ ဆက်လက်တိုက်ပွဲဝင်ဘို့ကို အခြေအနေတွေ ကတောင်းဆိုနေပါပြီ၊

မဖြေချင်သောမေးခွန်းကို မေးရတော့မည်၊ အမ်အယ်ဒီပါတီဦးဆောင်မှုအောက်မှာထောင်ကျသူကျ၊ သေသူသေ၊ မွဲသူမွဲ၊ အရှင်လတ်လတ် ငရဲပြည်ရောက်သူရောက်၊ အမ်အယ်ဒီဘာကြောင့် အစိုးရ မဖွဲ့ရဲခဲ့ပါသလည်း၊ အမျိုးသား ရင်ကြားစေ့ရေး ထိခိုက်မှာစိုးလို့ ပြောဦးမှာလား၊ အနှစ်နှစ်ဆယ် တောင်ပြည့်တော့မယ်၊ လူထုနေရာ က ဝင်ကြည့်ပါ။ စိတ်ဓါတ်ကျနေပြီ၊ ယုံကြည်အားကိုးမှုနည်းနေပြီ၊

သေချာတာတစ်ခုကတော့ အမ်အယ်ဒီဟာသမိုင်းတစ်ကွေ့မှာ ပြည်သူတွေအတွက် အကောင်းဆုံး တစ်ခုခုကို စွန့်စွန့်စားစား ဆုံးဖြတ်လုပ်ကိုင်ရတော့မည့် အချိန်ကိုရောက်လာပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။


လေးစားစွာဖြင့်-

Rest of your post

2 comments :

Unknown said...

I like this very good article and thank you to show the excellent point of view.

Unknown said...

It's a right and only way to terminate junta. Totally agree !