Wednesday, 11 February 2009

အဝေးရောက်အစိုးရ ဘယ်တော့ပြောင်းမလဲ



-ထွန်းအောင်ကျော်-
(ခေတ်ပြိုင်)

အမေရိကန်နိုင်ငံရဲ့ (၄၄) ဆက်မြောက် သမ္မတအသစ်အဖြစ် ဘားရက်ဟူစိန် အိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပုံ ကို ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ (၂၀) ရက်နေ့မှာ ကိုယ်တွေ့ကြုံလိုက်ကြရပြီ။ သမ္မတ ဂျော့ဘုရှ်ရဲ့ သက်တမ်း (၂) ဆက်ဟာလည်း အဲဒီနေ့မှာပဲ ကုန်ဆုံးသွားခဲ့ရှာပြီ။ အမေရိကန်တွေက ကမ္ဘာကို သူတို့ရဲ့ ဒီမိုကရေစီဟာ ရှင်သန်နေဆဲဖြစ်တယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်တယ်။ ရီပတ်ပလီကန် ပါတီသမ္မတက သူတို့ရဲ့ ပြိုင်ဘက် ဒီမိုကရေစီပါတီ သမ္မတလောင်းကို အာဏာလွှဲပြောင်းပေးမှုဟာ ညင်သာ ချောမွေ့ပြီး ယဉ်ကျေးသိမ်မွေ့လှ ပါတယ်။ ထွက်ခွာသွားတဲ့ သမ္မတက နောက်တက်လာမယ့် သမ္မတအသစ် ကို လူထုပရိသတ်ရှေ့မှာ လက်ဆွဲ နှုတ်ဆက်ပြီး အတူတကွလက်ဝှေ့ယမ်းပြခဲ့ကြတာကို ကြည့်ရတာ အလွန်ပီတိဖြစ်စရာ ကောင်းလှပါတယ်။ ငါတို့အားလုံးမှာ ဒီလိုရင့်ကျက်မှုတွေ ရှိနေပြီလားဆိုတာကို မေးလိုက်ချင်ပါတယ်။

ဒေါက်တာစိန်ဝင်းဟာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို (၁၈) နှစ်လုံးလုံး ဘာတိုးတက်မှုမှမလုပ်နိုင်ဘဲ ဦးဆောင်ခဲ့တဲ့အတွက် နိုင်ငံရေးတက်ကြွစွာလုပ်နေသူများအကြားမှာ မချင့်မရဲဖြစ်မှု၊ တွေဝေမှုတွေနဲ့ ရောပြွန်းပြီး NCGUB အပေါ်မှာ ယုံကြည်အားကိုးမှု ကင်းမဲ့လာခဲ့ကြပါတယ်။

တဖက်မှာလည်း NCUB အမျိုးသားကောင်စီအတွင်းမှာ အုပ်စု (၂) စုကွဲနေခဲ့ပါတယ်။ ကိုနိုင်အောင် ဦးဆောင်တဲ့ FDB ကတဖက်၊ NCUB အထွေထွေအတွင်းရေးမှူး ကိုမောင်မောင်၊ MPU ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများတို့ကတော့ တဖက်ဖြစ်နေပါတယ်။ FDB မှာ အဖွဲ့ ခုနှစ်ဖွဲ့ပါဝင်ပြီး သူတို့ဟာ ဒေါက်တာစိန်ဝင်းနဲ့ နီးစပ်သူတွေ ဖြစ်ပါတယ်။ ကိုမောင်မောင်က ကုလသမဂ္ဂမှာ မြန်မာအစိုးရကို တာဝန်ခံနိုင်မှု၊ ဂုဏ်သိက္ခာရှိမရှိကို (Credentials Challenge) စိန်ခေါ်မှုကို ဦးဆောင်လုပ်တဲ့အခါ ဦးစိန်ဝင်းက လက်မှတ်ထိုးပေးဖို့ ငြင်းဆိုခဲ့သလို ကိုနိုင်အောင်တို့အုပ်စုကလည်း ထောက်ခံအားပေးမှုတွေ မလုပ်ခဲ့ပါဘူး။ တဖက်မှာတော့ ဒေါ်စန်းစန်း MPU တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေက အားတက်သရော ထောက်ခံအားပေးကြပါတယ်။

ဒီအုပ်စု (၂) စုဟာ တဖွဲ့နဲ့တဖွဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြရင်း နောက်ဆုံးပေါက်ကွဲလုအဆင့်ကို ရောက်ရှိလာခဲ့ကြပါတယ်။ ဒီနေရာမှ အုပ်စု (၂) စုလုံး ဘယ်လိုသူတို့ ပူးပေါင်းလုပ်ကြမလဲဆိုတာကို မရှာဖွေနိုင်ရင် သူတို့ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီရရှိရေး၊ လွတ်လပ်ရေးဆိုတာတွေကို ရရှိနိုင်ကြတော့မှာ မဟုတ်ပါဘူး။ အုပ်စု (၂) ခုလုံး သူတို့မှာရှိတဲ့ အတ္တတွေ၊ မာနတွေကို အရင်သတ်ပစ်ဖို့ လိုပါတယ်။ ဒီလိုအတ္တတွေ၊ မာနတွေကင်းမှ သူတို့ပူးပေါင်း လုပ်နိုင်ကြမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ သူတို့ဟာ ရန်သူတွေ မဟုတ်ကြဘူးဆိုတာ သတိချပ်သင့်ပါတယ်။ တူညီတဲ့ ရည်မှန်းချက်ကို လျှောက်လှမ်းနေကြသူများသာ ဖြစ်တယ်ဆိုတာကို သတိပြုမိဖို့ လိုပါတယ်။ “တို့ဟာ ပြည်သူအတွက် တိုက်ပွဲဝင်နေတာလား၊ တို့အုပ်စု လက်ဝါးကြီးအုပ် ကြိုးကိုင်နိုင်ဖို့အတွက် တိုက်ပွဲဝင်နေတာလား” ဆိုတာပါပဲ။

ဒေါက်တာစိန်ဝင်းရဲ့ ၁၉၉၀ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ် သက်သက်နဲ့သာ အစိုးရအဖွဲ့ကို ဖွဲ့ရမယ်ဆိုတဲ့ အတွေးအခေါ်ဟာ အမြင် သွေလွဲနေမှုသက်သက်သာ ဖြစ်ပါတယ်။ (၁၈) နှစ်ကြာ ဘာမှ တိုးတက်မှုကို မလုပ်နိုင်တဲ့ အတွေးအခေါ်ပေါ်မှာ ရပ်တည်မှုဟာ ဦးစိန်ဝင်းကို နေရာမြဲစေရေးကလွဲလို့ တခြားရလဒ်မရှိပါဘူး။ ဒေါက်တာစိန်ဝင်းက “အကယ်၍ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ သူတွေကိုပါရောပြီး အစိုးရဖွဲ့ရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်သွားမယ်” လို့ ငြင်းဆို ခုခံခဲ့ပါတယ်။

ကျနော်အနေနဲ့တော့ ဒီငြင်းဆိုခုခံမှုဟာ မှန်ကန်မှုမရှိတဲ့အပြင် မခိုင်လုံပါဘူး။ NCGUB ကို ဦးဆောင်နေတဲ့ သူတွေကိုကြည့်ရင် ကိုသောင်းထွန်းနဲ့ ကိုဇော်ဦးတို့ဟာ MP မဟုတ်တဲ့သူနှစ်ဦး ဆိုတာကို ထင်ထင်ရှားရှား တွေ့ရမှာဖြစ်ပါတယ်။ ကိုသောင်းထွန်းဟာ ဆိုရင် ၀န်ကြီးချုပ် မဟုတ်သော်ငြားလည်း ၀န်ကြီးချုပ်ကဲ့သို့ တာဝန်ယူထားတွေကို တွေ့ရမှာ ဖြစ်တယ်။ ဦးစိန်ဝင်းကတော့ ကန့်လန့်ကာနောက်ကွယ်မှာ ဘာတာဝန်ကိုမှ ထိထိရောက်ရောက်ယူပြီး လုပ်နေတာမရှိပါဘူး။ ကိုဇော်ဦးက Burma Fund ရဲ့ ဒါရိုက်တာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတာ အများအသိဖြစ်ပါတယ်။ ယခုတော့ သူရဲ့ ဗဟုအဖွဲ့ကို တည်ထောင်ပြီး တစင်ထောင်နိုင်တဲ့ အဆင့်ကို ရရှိသွားပါပြီ။

ကိုသောင်းထွန်းဟာ အမေရိကန်နိုင်ငံမှ ဥရောပနဲ့ အာရှနိုင်ငံတွေကို လေယဉ်ပျံနဲ့ ဥဒဟို သွားလာလှုပ်ရှား နေခဲ့ပါတယ်။ ဒီလိုအခွင့်အရေးမျိုးကို ဘယ်လွှတ်တော်ကိုယ်စားလှယ်မှ မရှိကြပါဘူး။ ဒီလိုကြီးမားတဲ့ တာဝန်မျိုးကို ဘယ်လို လွှတ်တော် ကိုယ်စားလှယ်ကို မှ တာဝန်ပေးခြင်းမခံခဲ့ကြရပါဘူး။ လွှတ်တော်ကိုယ်စား လှယ်တွေ၊ NCGUB ၀န်ကြီးတွေထက် ကြီးမားတဲ့ တာဝန်ပေးအပ်မှုတွေကို တာဝန်ခံလုပ်နေတဲ့ ကိုသောင်းထွန်း ကြောင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီလား လို့မေးရင် အဖြေက မပျက်ပြယ်ဘူးလို့ ဖြေရမှာပါ။ ဒါကြောင့် ဦးစိန်ဝင်းပြောတဲ့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူတွေ အစိုးရအဖွဲ့ထဲမှာ ပါလာလို့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ပျက်ပြယ်သွားမယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ ကိုသောင်းထွန်းရဲ့ ကုလသမဂ္ဂ တာဝန်ခံ၊ နိုင်ငံခြားရေးတာဝန်ခံ၊ ဘဏ္ဍာရေးတာဝန်ခံအဖြစ် ဌာနသုံးခုကို တဦးတည်း ကိုင်စွဲပြီး လုပ်နေကတည်းက ပျက်ပြယ်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် ဦးစိန်ဝင်းရဲ့ အကြောင်းပြချက်ဟာ လုံးဝခိုင်မာမှုမရှိဘဲ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဆိုတာမျိုး ဖြစ်နေခဲ့ပါတယ်။

ဦးစိန်ဝင်းတို့ရဲ့ အသစ်ထပ်ဖွဲ့လိုက်တဲ့ NCGUB ထဲမှာ ယခင်လူဟောင်းတွေ အားလုံးနီးနီး ပြန်ုပါလာခဲ့ပြီး ဒေါက်တာစန်းအောင် တယောက်တော့ ပြုတ်သွားခဲ့တာတွေ့ရပါတယ်။ အသစ်ဝန်ကြီး လက်သစ်သုံးဦးမှာ ခွန်မြင့်ထွန်း တယောက်ကတော့ မြန်မာစစ်အစိုးရကို တာဝန်ခံနိုင်မှု၊ ဂုဏ်သိက္ခာရှိမရှိကို (Credentials Challenge) စိန်ခေါ်မှုကို ဆက်လက် ထောက်ခံမဲပေးခဲ့ပြီး အမတ် ဦးဝင်းလှိုင်နဲ့ ဦးထွန်းဝင်းကတော့ ယခင် ထောက်ခံခဲ့ရာက ဘက်ပြောင်းပြီး ဆန့်ကျင်မဲပေးလို့ ၀န်ကြီးနေရာကို ယူခဲ့ကြတာ အများသိပြီးဖြစ်လို့ အထူးပြောစရာ မလိုတော့ပါဘူး။



ဒီနေရာမှာ (၁၈) နှစ်လုံးလုံး ဘာမှ ထိရောက်အောင်မလုပ်နိုင်တဲ့ အုပ်စုအပြင် ၎င်းတို့ရဲ့ နောက် (၃) ဦး ပေါင်းလိုက်တဲ့အဖွဲ့ ကိုကြည့်ရင် ကိုယ်ရပ်တည်ချက်ကို ၀န်ကြီးနေရာနဲ့လဲခဲ့တဲ့ လူနှစ်ယောက်နဲ့ ဘယ်လိုရှေ့ကို တိုးတက်အောင်လုပ်ကြမလဲဆိုတာ မေးရတော့မှာပါ။ ရှေ့တိုးမယ့် အရိပ်အယောင်တော့ မမြင်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဒပ်ဗလင်အစည်းအဝေးမှာ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးမှာ အရည်အချင်း ပြည့်မီတဲ့သူတွေကိုပါ အစိုးရထဲမှာ ထည့်သွင်းရမယ်ဆိုတဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းဖို့အတွက် အမတ် ဦးပီတာလင်းပင်ကို ကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုအချိန်အထိ ဒီကော်မရှင်နဲ့ပတ်သတ်တဲ့ သတင်းထုတ်ပြန်မှုကို NCGUB က မလုပ်ပါဘူး။ ခွန်မြင့်ထွန်းအနေနဲ့ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေ ပါဝင်ဖို့အတွက် ၀န်ကြီးနေရာကို လက်ခံလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။



ဒါပေမယ့် ဒီကိစ္စကို သဘောတူခဲ့တာ အခုမှ မဟုတ်ပါဘူး၊ NCGUB စဖွဲ့ကတည်းက ဗိုလ်ချုပ်မြ၊ ဥက္ကဋ္ဌ ဘရန်ဆိုင်းတို့အားလုံး အစိုးရထဲမှာ ပါဝင်ဖို့ကိစ္စမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပဲ အရင်ဖွဲ့ပါရစေ၊ နောက်မှ တော်လှန်ရေးခေါင်းဆောင်တွေကို ပါဝင်ခွင့်ပေးပါမယ်ဆိုပြီး စကားခံခဲ့တာ ရှိပါတယ်။ အခု (၁၈) နှစ်ရှိသွားပြီး အကောင်အထည်ပေါ်မလာသေးပါဘူး။ ခွန်မြင့်ထွန်းကို မက်လုံးပေးပြီး အစိုးရအဖွဲ့ကို တိုးချဲ့လုပ်ပါမယ် ဆိုပေမယ့် လက်တွေ့လုပ်မှာလားဆိုတာ မေးစရာဖြစ်လာပါတယ်။

အခုအချိန်ဟာ ၂၀၁၀ ကို တိုက်ဖို့ လူသစ်၊ သွေးသစ်တွေကို တွန်းတင်ပေရမယ့် အချိန်ပါ။ ၂၀၁၀ ဟာ လပိုင်းသာလိုပါတော့တယ်။ ကျနော်တို့အနေနဲ့ ရှေ့ကခေါင်းဆောင်ပြီး တိုက်မယ့် တော်လှန်ရေးခေါင်းဆောင် တွေ ပေါ်ထွက်လာဖို့ အထူးလိုအပ်နေတဲ့ အချိန်ဖြစ်ပါတယ်။

NCGUB ဟာ အမှန်တကယ် တိုးချဲ့ဖို့ စိတ်ဆန္ဒရှိမယ်ဆိုရင် NCGUB ၀က်ဆိုက်မှာ ဦးပီတာလင်းပင်ကို တိုးချဲ့ဖွဲ့စည်းရေးကော်မရှင်ဖွဲ့ပေးလိုက်ကြောင်း၊ ၎င်းကော်မရှင်က (၂) လ (၃) လ အတွင်း တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များပါတဲ့ တိုးချဲ့ရေးကို လုပ်တော့မှာဖြစ်ကြောင်း အများသိအောင် ကြေညာသင့်ပါတယ်။ ဒီကိစ္စကို သိသူလူနည်းစုသာဖြစ်နေတာမို့ ဒါဟာ တကယ့်စိတ်ဆန္ဒနဲ့ သဘောတူခဲ့ တာလား။ ဒါမှမဟုတ် ငါတို့ကို မဲပေးအောင် လှည့်စားလိုက်တာလား ဆိုတာ ရှေ့လာမယ့် သမိုင်းတကွေ့မှာ ကြုံကြရတော့မှာပါ။

တဖက်မှာလည်း NCUB ဟာ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့လိုပါတယ်။ NCUB ရဲ့ ကြေညာချက်တွေနဲ့ တာဝန်ယူ ဖြေရှင်းကြတဲ့ သူတွေကြားမှာ အမြီးအမောက် မတည့်တာတွေ ရှိနေပါတယ်။ တဦးက ပြောတာတမျိုး၊ နောက်တဦးက တမျိုးနဲ့ လူတွေကို စိတ်ရှုပ်ထွေးစေခဲ့ပါတယ်။ NCUB အဖွဲ့အတွင်းမှာ ကြေညာချက် တခုမထုတ်ခင် အဖွဲ့ဝင်အားလုံးကို အသိပေးသင့်ပါတယ်။ ကြိုတင် ညှိနှိုင်းသဘောတူညီမှုတွေ ယူသင့်ပါ တယ်။ ကြေညာချက်ထုတ်ပြီးမှ ဦးဆောင်သူတချို့ သိတောင် မသိလိုက်ရဘူးဆိုတာ အရုပ်ဆိုးလှပါတယ်။ NCUB မှာ ပြည်တွင်းလှုပ်ရှားမှုအတွက် People Defiance Committee (PDC) ဖွဲ့ထားပြီး NCUB ထဲမှာပါတဲ့ FDB ကသူတို့ ခုနှစ်ဖွဲ့အနေနဲ့ လူထုလှုပ်ရှားမှုအတွက် Committee for Mass Movement (CMM) ထပ်ပြီးဖွဲ့ပြန်ပါတယ်။ အဓိက က အိမ်ကြီးထဲမှာ အိမ်ငယ်ဆောက်သလိုဖြစ်နေတော့ ပြည်တွင်းလုပ်ငန်းတွေကို ထိရောက်အောင် NCUB အနေနဲ့ မလုပ်နိုင်တော့ဘဲ ပြည်တွင်းကိစ္စအတွက် သီးခြား (Proposal) စာတမ်းတင် တောင်းမှုတွေဖြစ်နေခဲ့တာ တွေ့ရပါတယ်။ ဒါမျိုးကို ရှောင်နိုင်ဖို့အတွက် NCUB အနေနဲ့ သူတို့ရဲ့ အခြေခံဥပဒေ (Constitution) ထဲမှာ သီးခြားလုပ်ပိုင်ခွင့်မရှိစေရ၊ လုပ်ချင်လျှင် NCUB မှ ထွက်၍ လုပ်နိုင်သည်ဟု ဆိုလျှင် လုပ်ငန်းရှုပ်ထွေးမှုများ ရှင်းသွားနိုင်ပါသည်။

ကျနော်အနေနဲ့ကတော့ ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးနေတဲ့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ ဟော်လန် စတဲ့ နိုင်ငံတွေမှာ သမ္မတတွေ၊ ၀န်ကြီးတွေ ဘယ်လောက်ကြာကြာ အုပ်ချုပ်ခွင့်ပေးထားတယ်ဆိုတာ လေ့လာပြီး လိုက်နာကျင့်သုံးသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ခေါင်းဆောင်တဦးကို သက်တမ်း (၂) ဆက်ထက် ပိုပြီးရွေးချယ်ခံပိုင်ခွင့် ပေးမထားပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လူတဦးတယောက်ဟာ သက်တမ်း (၂) ဆက်ထက်ပိုပြီး အုပ်ချုပ်လာခဲ့ရင် သူ့ရဲ့ အသိုင်းအ၀န်းအဆောက်အအုံဟာ ထုထည်နဲ့ ဖြစ်လာခဲ့ပြီး အာဏာရှင် ဘ၀ကို ပြောင်းနိုင်တဲ့အတွက် အမြော်အမြင်ရှိစွာနဲ့ (၂) ဆက်ထက်ပိုပြီး အရွေးမခံရလို့ သတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်။ သက်တမ်း (၂) ဆက်ထက်ပိုပြီး တာဝန်ယူခွင့်မရတဲ့အတွက် နောင်တက်လာမယ့် သွေးသစ်တွေအတွက်လည်း အုပ်ချုပ်ဖို့ အခွင့်အရေးပေးထားတာဖြစ်ပါတယ်။

ဒီမိုကရေစီကျင့်စဉ်ကို မကျင့်သုံးတဲ့ အာဏာရှင်နိုင်ငံတွေမှာတော့ အာဏာရှင်တွေဟာ သက်တမ်း တလျှောက် နေရာယူထားခြင်းဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို လက်ခံပြီး အာဏာမြဲရေးကို တည်ဆောက်ကြပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်ကြတယ်ဆိုရင် ဒီမိုကရေစီကျင့်စဉ်ကို အူထဲအသည်းထဲက ယုံကြည်ပြီး လက်တွေ့ကျင့်သုံးကြဖို့လည်း လိုပါတယ်။

ဦးစိန်ဝင်းအနေနဲ့ NCGUB ကို လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများ မထည့်ဘဲထားခြင်းဆိုတဲ့ (Exclusive policy) ပေါ်လစီကိုပြောင်းပြီး အားလုံးပါဝင်နိုင်တဲ့ (All Inclusive policy) ပေါ်လစီကို ပြောင်းလဲကျင့်သုံးခြင်း ဖြင့် ကွဲပြားနေတဲ့ အုပ်စုအားလုံးကို စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ဒီကမှတဆင့် ပွဲဦးထွက်တိုက်ပွဲကို ညီညွတ်တဲ့ တပ်ပေါင်းစုတခုအနေနဲ့ ၂၀၁၀ ကို ထိထိရောက်ရောက် တိုက်နိုင်မှာဖြစ်ပါတယ်။ ၂၀၁၀ လွန်ကာလမှာ ဒီမိုကရေစီကို မြန်မာပြည်သူပြည်သားများ အားလုံးအတွက် ထူထောင်နိုင်ပါလိမ့်မယ်။

NCGUB နာမည်နဲ့ပဲဖြစ်ဖြစ်၊ NUG နာမည်နဲ့ပဲဖြစ်ဖြစ် အစိုးရအတွင်းမှာ တကယ်ရှေ့ဆောင် လုပ်နိုင်မယ့်သူတွေ၊ လုပ်ရဲတဲ့သူတွေ ပါဝင်ဖို့လိုအပ်ပါတယ်။ အစိုးရအဖွဲ့ဟာ ၀ါရှင်တန်မှာ (၃) ယောက်၊ ယိုးဒယားမှာ (၃) ယောက်၊ အိန္ဒိယမှာ (၁) ယောက် ပုံစံများနဲ့ ဘယ်လိုမှ အလုပ်မဖြစ်နိုင်ပါဘူး။ ထိရောက်စွာ ဦးဆောင်နိုင်ဖို့ အစိုးရအဖွဲ့ကို ၀ါရှင်တန်မှာ အားလုံးနေပြီး လုပ်ချင်လုပ်၊ ဒါမှမဟုတ် မဲဆောက်၊ ချင်းမိုင် လိုနေရာမျိုးမှာ ရုံးထိုင်ပြီး တစုတစည်း တည်း လုပ်နိုင်ဖို့လိုပါတယ်။ ကတ်ဘိနက်အဖွဲ့ဟာ အမြဲတမ်း အစည်းအဝေးလုပ်ပြီး မျက်နှာချင်းဆိုင်တိုင်ပင် နေကြဖို့ အထူးအရေးကြီးပါတယ်။ ဒါကြောင့် အလုပ်ဖြစ်အောင် ဘယ်လိုပုံစံပြောင်းကြမလဲ ဆိုတာကို စဉ်းစားပြီး ပြုပြင်ပြောင်းလဲရပါလိမ့်မယ်။

NCGUB, NCUB, DAB, ABSDF, DPNSစတဲ့ အဖွဲ့အစည်းတွေအားလုံးမှာ ၎င်းအဖွဲ့အစည်းများရဲ့ အခြေခံဥပဒေ မှာ မည်သူမှ ခေါင်းဆောင်မှုကို သက်တမ်း (၂) ဆက်ထက်ပို၍ ထမ်းဆောင်ခွင့် မရှိစေရ ဆိုသည့် အချက်ကို ထည့်ထားခြင်းဖြင့် အရည်အချင်းရှိသူ နောက်လူ၊ လူသစ်များကို တက်လမ်းဖွင့်ပေးရာ ရောက်တဲ့အပြင် ပုဂ္ဂိုလ်ရေးလက်ဝါးကြီးအုပ်၊ အုပ်စုဖွဲ့မှုမျိုးကို ကျော်လွှားတိုက်ဖျက်နိုင်မှာဖြစ်သလို ဒီခေါင်းဆောင်က အောင်မြင်အောင် မလုပ်နိုင်ရင် ခေါင်းဆောင်သစ်ကို ရွေးပြီး လုပ်ခွင့်ပေးခြင်းဖြင့် လူမှန်နေရာမှန်များကို ဖန်တီးခွင့်ရရှိလာမှာ ဖြစ်ပါတယ်။

ရာသက်ပန်ခေါင်းဆောင်များ ကင်းပျောက်၍ ဒီမိုကရေစီကျင့်စဉ်ကို လေးစားလိုက်နာကျင့်သုံးသော ခေါင်းဆောင်သစ်များ ပေါ်ထွန်းရေးကို ရှေးရှုလျက်။


Rest of your post

5 comments :

Anonymous said...

very good article indeed. honestly, although i want democracy in burma, i don't have any faith in sein win and his group. they have done nothing for the country even though they have so much power as the gov in exile.

Anonymous said...

စိန်ဝင်းအစိုးရ..အလိုမရှိ
စိန်ဝင်းအစိုးရ... ကျဆုံးပါစေ
စိန်ဝင်း နုတ်ထွက်ပေးရေး .. ဒို့အရေး
ဦးဘ၀င်းအာဇာနည်ကြီးရေ..ခင်များသားလုပ်ပုံကိုကြည့်
လှည့်ပါအုန်း....ဗိုလ်ချုပ်ရေ..ခင်များတူ ကို ကိုယ်ယောင် ပြဆုံးမပါအုန်း။

Anonymous said...

ထောက်ခံတယ်။
အဝေးရောက် ပြည်သူတဦး

Unknown said...

Ko Htun Aung Kyaw wrote this article? You got to be kidding me. What has he done in the past 15 years while he is so critical of NCGUB? Seriously, somebody answers me, please.

I never understand some people daydreams of the political system of Unite States of America. We still got monasteries raided by soldiers.
This is not the time to daydream but be realistic. Plus, finger pointing won't make anyone look good but very "typical politician" to the eyes of people.

Unknown said...

Just a brief explanation: I don't hate Ko Htun Aung Kyaw. But, burmese people are very tired of "finger pointing" political thing.

I've got a question for all of you. What has any of you done to support NCGUB in its fight against SPDC?

Meanwhile, take a look at KHAK's life. Scandal after scandal. Recently he joined Wa Group in Canada and got kicked out. What's more shameful than that. I don't think it's objective to have Ko Htun Aung Kyaw written this article. He is gone for some activist including myself.

Please, support each other in this fight!!! Please, stop blaming each other. 2010 is just around the corner. Blaming on NCGUB itself is your plan for 2010? I'm ashamed of you.