Tuesday, 10 February 2009

ထိုင်းနိုင်ငံရေး နှင့် မြန်မာ့အရေး သုံးသပ်ချက်

ထိုင်းဝန်ကြီးချုပ် အဘီဆစ် (၀ဲ) နှင့် NLD (LA) နိုင်ငံခြားရေးကော်မတီ ဥက္ကဌ ဦးညိုအုန်း မြင့် ( ယာ)

-ညိုအုန်းမြင့်-

၂၀၀၆ ခုနှစ်မှစပြီး ၂၀၀၈ ခုနှစ် ကုန်သည် အထိ ထိုင်းနိုင်ငံရေးမုန်တိုင်းဟာ ပြင်းပြင်းထန်ထန် ရှိနေဆဲပါဘဲ။ တချိန်က စံနမူနာယူခဲ့ရတဲ့ ထိုင်းယဉ်ကျေးမှု၊ ခွင့်လွှတ်နားလည်မှု၊ ယဉ်ကျေးသိမ်မွေ့စွာ တုန့်ပြန်တက်တဲ့ ထိုင်းနိုင်ငံရေး အတွင်း ကွာဟမှုတွေ၊ ပဋိပက္ခတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာက တဖြေးဖြေး ပျောက်ကွယ်ခဲ့ပြီ ဆိုရင်မမှားပါဘူး။

ဝန်ကြီးချူပ်ဟောင်းတပ်ဆင်လက်ထပ်က မြန်မာစစ်အုပ်စု အပေါ် မျက်နှာသာပေးရေးမူဝါဒဟာ နိုင်ငံရပ်ခြားမှာ အခြေမချခြင်ဘဲ ချခဲ့ရတဲ့ မြန်မာ့အရေးလှုပ်ရှားသူများရဲ့ မချိတင်ကဲ ခံစားမှုတွေ၊ စီးပွားရေးရုံးတွေကို တိုးချဲ့ ခဲ့တဲ့အတွက် မြန်မာ အတိုက်အခံ ဆက်သွယ်ရေး ရုံးခန်းတွေ၊ ထောက်ပံ့ရေးရုံးခန်းတွေ ပိတ်ခံခဲ့ရတာတွေ၊ မြန်မာပြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြရင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးအချုပ်မှာ အချိန်ကုန်ခံ စိတ်ပိုင်းဆိုင်ရာ ညဉ်းပန်းနှိပ်စက်ခံရတာတွေ၊ ထိုင်းရဲတွေရဲ့ ငွေကြေး ခြိမ်းချောက်မှု၊ မတော်မတရား ကျင့်ခံခဲ့ရမှုတွေဟာ ထိုင်းအခြေစိုက် မြန်မာဒီမိုကရေစီလှုပ်ရှားမှုများရဲ့ သမိုင်းစာမျက်နှာ တွေမှာ အပြည့်ပါဘဲ။

မြန်မာ့အရေး ကမ္ဘာက ကန့်ကွက်ပြီဆိုရင် ထိုင်းနိုင်ငံခြားရေးဌာန (သို့) ၀န်ကြီးချုပ်ကိုယ်တိုင်က မြန်မာနအဖ စစ်ခေါင်းဆောင် တွေရဲ့ ရှေ့နေမဌားရဘဲ၊ ရှေ့နေလိုက်ပေးခဲ့လို့ မြန်မာ့အရေးဟာ ASEAN ခြံဝရောက်တာနဲ့ “ဆက်ရန်ရှိသေးသည်။ မှန်သားပြင်မှာ ဆက်လက်ရှု့ စားပါ” နဲ့ အဆုံးသတ်ရပေါင်းလည်း မနည်းတော့ပါ။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ထိ ၀န်ကြီးချုပ်ဟောင်းတပ်ဆင်ရဲ့ ဆွေမျိုး၊ တပည့်များ တယောက်တလည်း ၀န်ကြီးချုပ်လုပ်နေရာမှ ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ်တယောက် ၀န်ကြီးချုပ်ဖြစ်လာလိမ့်မယ်၊ ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေကို တဖြည်းဖြည်း လျော့ကျလာအောင် လုပ်ပေးမည့်သူဖြစ်လာလိမ့်မယ်လို့ ဘယ်သူက မှ မထင်ထားခဲ့ကြပါဘူး။

ထိုင်းနိုင်ငံရေးဖြစ်စဉ်မှာ အာဏာနဲ့ ငွေဟာ အမြဲဒွန်တွဲနေခဲ့ပါတယ်။ အာဏာရှိရှင် အရွေးခံရဖို့ သေချာသလို၊ ငွေနဲ့ စည်းရုံးနိုင်တာ ကို ထိုင်းနိုင်ငံရေးလို့ ခေါ်တယ်လို့ ထိုင်းလုံခြုံရေး အကြီးအကဲတယောက်က မိမိကို ပြောဆိုခဲ့ဘူးပါတယ်။ ၀န်ကြီးချုပ် အာ ဘီဆစ် (Abhisit Vejjajiva )ဟာ အဂတိလိုက်စားမှုနှင့်မကင်းသည့် ထိုင်းနိုင်ငံရေးလောကတွင် အဂတိလိုက်စားမှု ကင်းသူအဖြစ် လူသိများလာခဲ့သည်။
သူဟာ အောက်စ်ဖို့ တက္ကသိုလ် က နေ စီးပွားရေး၊ နိုင်ငံရေး၊နှင့် ဒဿနိကဗေဒ ဘာသာဖြင့် ဘွဲ့ရခဲ့ပြီး၊ စီးပွားရေး ဘာသာဖြင့် အဆင်မြင့်ဘွဲ့ကို အောက်စ်ဖို့တက္ကသိုလ် ကဘဲ ရယူခဲ့သည်။ ၁၉၉၀ ခုနှစ်မှ ရမ်ဂန်ဟန် တက္ကသိုလ် မှာ ဥပဒေဘွဲ့ကိုလည်း ရယူခဲ့ပါသည်။ သူဟာ ဒေါက်တာ Pimpen Sakuntabhai ကို လက်ထပ်ခဲ့ပြီး ကလေး ၂ယောက် မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၉၀ ခုနှစ်မှာ နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်ခဲ့ပြီး၊ ဘန်ကောက် မဲဆန္ဒနယ် ကနေရွေးချယ်တင်မြောက်ခြင်းခံခဲ့ရပါသည်။ ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီ လ ကတည်းကစပြီး၊ ဒီမိုကရက် တစ်ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သူဖြစ်ပါတယ်။ အာ ဘီဆစ်ဟာ လူငယ် နိုင်ငံရေး ခေါင်းဆောင်တဦး ဖြစ်ပြီး၊ ထိုင်းလူလတ်တန်းစားနဲ့ ပညာတက်အသိုင်းအ၀ိုင်းမှာ သူဟာ ထိုင်းနိုင်ငံကို ပြုပြင်ပြောင်းလဲမဲ့သူတယောက်၊ မှန်ကန်တဲ့ လမ်းကြောင်းသစ်တွေဆီ ကို ဦးတည်အောင်လုပ်ဆောင်မဲ့သူလို့ အားကိုး ယုံကြည်ခဲ့ကြတယ်။

ကျနော်တို့ မြန်မာ့အရေးလှုပ်ရှားသူများအနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲ၊ ခေါင်းဆောင်မှု အပြောင်းအလဲ ဟာ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် များစွာအရေးကြီးတယ်လို့ ခံယူလေ့ရှိပါတယ်။

အစည်းအဝေးပြီး အမှတ်တရ

တိုက်တိုက်ဆိုင်ဆိုင်ဘဲ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀န်ကြီးချုပ်မဖြစ်ခင် (၂) ရက်အလိုမှာ အစည်းအဝေးအပြီး စကားပြော ဖြစ်ခဲ့ပါတယ်။ ၈၈ မျိုးဆက် တို့ရဲ့ အသက်အရွယ် ထိုင်း ဒီမိုကရက်တစ်ပါတီဥက္ကဌ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် တို့ အပေါ် တလေးတစားရှိကြောင်းဖော်ပြခဲ့တာကို ချီးကြူးခဲ့ပါတယ်။ ကျနော်တို့ စကားဝိုင်းကို အခြားပါတီ ခေါင်းဆောင်တွေ၊ အမတ်တွေက အနှောက်အယှက်မပေးခဲ့ပါဘူး။ အချိန်တိုတို အတွင်းမှာ မြန်မာနိုင်ငံအတွက် ဖြစ်သင့် ဖြစ်ထိုက်တာတွေဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ကျနော်အစည်းအဝေးအပြီး စဉ်းစားမှုတွေများလာခဲ့တယ်။ ကျနော်တို့မှာ တူညီတဲ့ အချက်တွေရှိနေတာ အမှန်ပါ။ ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဟာ အင်မတန်မှ ငွေကြေး နဲ့ အာဏာ အင်အားကြီးတဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ဆင် နှင့် အဖွဲ့ ကို ရင်ဆိုင် တိုက်ပွဲဝင်နေချိန်မှာ ကျနော်တို့မှာလည်း အနှစ် ၂၀ ကြာ အာဏာရှင်စံနစ်သစ် ဆိုးကျိုးကို တွန်းလှန်နေတဲ့ အချိန်ဘဲဖြစ်ပါတယ်။

ဘာကြောင့် ဒီမိုကရက်တစ်ပါတီ အာဏာရလာသလဲ

ဦးဆောင်မှု ဟာ မှန်ကန်မှုရှိခဲ့တယ်။ ဦးဆောင်သူတွေ မှာ ခေါင်းဆောင်မှု အရည်အချင်းတွေ ရှိတယ်။ ပြတ်သားတဲ့ မှုဝါဒရေးရာ ပေါ်လစီတွေ ရှိကြတယ်။ ဦးဆောင်သူတွေဟာ မြော်မြင်မှု တွေရှိသလို ၊ သူများမမြင်နိုင်တာတွေ၊ သူများမမြင်သေးတာတွေ၊ သူများထက်ပိုမြင်တဲ့ နည်းဗျူဟာ၊ မဟာဗျူဟာတွေ ကို ဆက်တိုက်ဆိုသလို တိုက်ပွဲ သဏ္ဍန်တွေ ဖော်ဆောင် နိုင်ခဲ့တယ်။ ပြည်သူတွေကို ဦးဆောင်လမ်းပြ နိုင်ခဲ့တယ်။ ပြည်သူတွေ ရဲ့ မျော်လင့်ချက် တွေ၊ ပူးပေါင်းပါဝင်လာနိုင်မှု တွေ ယုံကြည်မှုရှိလာအောင် လွှမ်းမိုးမှု ပြုလုပ်နိုင် ခဲ့တယ်။ ငွေကြေးနိုင်ငံရေး လုပ်နေသူတွေ၊ နေရာယူ ပြီး မီးဖိုချောင်နိုင်ငံရေး လုပ်နေတဲ့ အချောင်သမား နိုင်ငံရေးသမား တွေ၊ ခေါင်းဆောင်တွေ ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာတွေ့ခဲ့ရတယ်။

A leader is one who sees more than others see,
who sees farther than others see,
and who sees before others do.


နိုင်ငံ တိုင်းမှာ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ နေထိုင်နေကြတာ ကြောင့် လူမျိုးရေး
ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ဟာ နိုင်ငံတိုင်းမှာ ရှိနေကြတယ်။ ထို့အတူ ထိုင်းနိုင်ငံမှာလည်း ဒီပြဿနာတွေကို ရင်ဆိုင်နေခဲ့ ကြရတယ်။ ဒါပေမဲ့လည်း ၀န်ကြီးချုပ် အဘီဆတ်ဟာ ပဋိပက္ခကြီးမားလာစေမဲ့ လူတန်းစားရေး၊ လူမျိုးရေး၊ ဘာသာရေး ကို အခြေခံတဲ့ တိုက်ပွဲတွေကို ရှောင်ရှားခဲ့တယ်။ တတိုင်းပြည်လုံး က လိုလားတောင်းဆို နေတဲ့ ငွေကြေးနိုင်ငံရေး နှင့် အာဏာရှင် စံနစ်ကို တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ပြုပြင်ပြောင်လဲရေး တွေကို အခြေခံပြီး တိုက်ပွဲဝင်ခဲ့တာတွေ့ရတယ်။

အတိုက်အခံ အချို့ နဲ့ ညီညွတ်ရေး မဟာမိတ်လုပ်ပြီး၊ ဘုံရန်သူကို တိုက်ပွဲ ၀င်ခဲ့တယ်။ လူတန်စားပေါင်းစုံ ပါဝင်လာနိုင်အောင် ၊ ထောက်ခံလာအောင် စည်းရုံးမှုတွေ၊ ညီညွတ်ရေးတွေ ကို တည်ဆောက်နိုင်ခဲ့တယ်။ ဘယ်သူက ဦးဆောင်ခဲ့တာထက် ငွေကြေး ကျောထောက်နောက်ခံထားတဲ့ အာဏာရှင် စံနစ်ကို ဘယ်လို အဆုံးသတ် အောင် တိုက်ပွဲ ၀င်မလဲ ဆိုတဲ့ အတွေးအခေါ် နှင့် ယုံကြည်ချက်အပေါ် အခြေခံပြီး အချိန်ကို အကျိုးရှိစွာ အသုံးချမှုတို့ကြောင့်ဘဲဖြစ်တယ်။

The real test of leadership isn't where you start out.
It's where you end up.


ဒါဟာ ညီညွတ်ရေးကို အဓိကထားမှု၊ အချိန်ကို အကျိုးရှိစွာ အသုံးချမှုတို့ကြောင့်ဘဲဖြစ်တယ်။ ကျနော်တို့ ပြည်ပရောက် ခေါင်းဆောင် တချို့ လို မနိုင်လို့ မတိုက်တာမရှိပါဘူး။ နိုင်ဖို့ခက်တယ် ဆိုတာကို ၀န်ကြီးချုပ်အဘီဆက် နားလည်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီလို ညီညွတ်ရေးရအောင်လည်း ကျနော်တို့ ကိုယ်တိုင် ခေါင်းဆောင်မှု၊ တိုက်ပွဲသဏ္ဍန် နဲ့ မူဝါဒရေးရာတချို့ ကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ရတာတွေ ရှိတယ်လို့ ဆိုတယ်။ ၀န်ကြီးချုပ်ဟောင်းတပ်ဆင်နဲ့ အားပြိုင်နေတဲ့ အဖွဲ့တွေ အကြား စေ့စပ်ဆွေးနွေးပြီး အင်အားတွေ စုစည်းနိုင်ခဲ့တဲ့ အချက် ကို အလေးထားစေချင်ပါတယ်။

အခွင့်အရေးတခုကို ငါ့အတွက်၊ ငါ့အဖွဲ့ အတွက်၊ ငါ့လူမျိုးအတွက်၊ ငါ့ဘာသာ အတွက် ဆိုတာမထားပဲ သဘောထားကြီးနိုင်ခဲ့ရင် သမိုင်းရဲ့ အမှားတဖက်မှာရှိနေတဲ့ နအဖ စစ်အုပ်စုကို အပြီးသတ်ချေမှုန်း နိုင်မယ် ဆိုတာ ယုံကြည်ပါတယ်။

(ညိုအုန်းမြင့် သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (လွတ်မြောက်နယ်မြေ) ၏ နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ တဦးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ၊ အမေရိကန်နိုင်ငံ တက္ကဆတ် တက္ကသိုလ် မှာ အရှေ့တောင်အာရှ နှင့် အာရှရေးရာ ဆိုင်ရာ ၀ိဇ္ဖာ ဘွဲ့ ကို ၁၉၉၇ ခုနှစ်မှာ ရရှိခဲ့သူ တဦးဖြစ်ပါတယ်။ သူဟာ
၁၉၈၈ ခုနှစ်က ရန်ကုန်တက္ကသိုလ် (ပင်မ) သမိုင်းဌာနမှာ နည်းပြဆရာတဦးအဖြစ် သင်ကြားပို့ချ ပေးခဲ့သည်။)


Rest of your post

No comments :