Tuesday 24 February 2009


ဆင်းရဲတာတောင် မပြောရဲ မပြရဲအောင် တားမြစ်ပိတ်ပင်နေသော နအဖ။


-နစ်နေမန်း-

နအဖဟာ မြန်မာရုပ်ရှင်ကားတွေမှာ ဆင်းရဲတဲ့ဇာတ်ဝင်ခန်းတွေ သရုပ်ဖေါ်ရင် မြန်မာ့ရုပ်ရှင်လုပ်ငန်း (ဇာတ်လမ်းရုပ်ရှင်) ရဲ့ ညွန်ကြားချက်တွေကို လိုက်နာရမယ်ဆိုပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါတယ်။



တိုင်းပြည်မှာ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတာကို၊ ပြည်သူတွေ နေ့စဉ်ကြုံတွေ့ခံစားနေရတဲ့ ဘ၀တွေကို အမှန်အတိုင်း ဖေါ်ထုတ်ပြသရမှာ ဖြစ်တယ်။

ဆင်းရဲမှုတွေကို ဖုံးကွယ်တာထက် ပြည်သူတွေ ဆင်းရဲမှုတွင်းက လွတ်ကင်းအောင် တိုင်းပြည်အုပ်ချူပ် မင်းလုပ်သူတွေက စောင့်ရှောက်ကြည့်ရှူပြီး ကယ်တင်ပေးရမယ်၊ လူမှုဘ၀ဖူလုံရေးလုပ်ငန်းတွေ၊ အခြေခံလူတန်းစားတွေ ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေ ရဖို့ ကို ဆောင်ရွက်ပေးရမယ်။

တိုင်းသူပြည်သားတွေ ဘာကြောင့် ဆင်းရဲဒုက္ခရောက်ရသလည်းဆိုတာကို သေချာစွာ ဆန်းစစ်ကြည့်ပြီး ဆင်းရဲသားပြည်သူတွေရဲ့  ဘ၀တွေကို ဖေါ်ထုတ်ပြီး အများပြည်သူတွေ သိရှိရအောင် ပြသရမယ်။ ဒါမှသာ တိုင်းပြည်တပြည်ရဲ့  အခြေအနေမှန်ကို သိသာထင်ရှားစေမှာ ဖြစ်တယ်။ ပြည်သူပြည်သားအချင်းချင်းလည်း ဆင်းရဲဒုက္ခရောက်နေသူတွေကို ၀ိုင်းဝန်းကူညီ ပံ့ပိုးနိုင်ဖို့ သိရှိကြမှာ ဖြစ်တယ်။

ဆင်းရဲဒုက္ခရောက်နေတာကို ဖုံးကွယ်ပြီး တိုင်းသူပြည်သားတွေ ဖူလုံကြွယ်ဝနေပါတယ်လို့  ဟန်ဆောင်ပြနေလို့ ကတော့ တကယ်တမ်း ပိုပြီး ဆင်းရဲတွင်း နစ်သထက်နစ်မှာပေါ့။ မြန်မာပြည်သူပြည်သားတွေမှာ တစ်နေ့ လုပ်စာ တစ်နေ့ မနည်း ရှာကြံရုန်းကန်လှုပ်ရှားနေတာတင် မကဖူး၊ တစ်နေ့ ကို ထမင်းတစ်နပ် မှန်အောင် မစားနိုင်ကြတဲ့ ဆင်းရဲသူတွေ တစ်ပုံကြီးပါ။

တိုင်းပြည်ကို မတရားအုပ်ချူပ်နေတဲ့ နအဖတွေက တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခရောက်နေတာ လူမသိ စေချင်ဖူးဆိုတာကိုက သူတို့ ရဲ့  စီမံခန့်ခွဲမှု ညံ့ဖြင်းမှုနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ဘယ်လောက် ကျဆင်း နေလည်းဆိုတာကို မပေါ်လွင်စေချင်လို့ ဖုံးကွယ်ထားချင်တာဘဲ။

ဆင်းရဲတာ ဘာမှ ရှက်စရာ မလိုပါဖူး။ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း တင်ပြရဲရမယ်။ ဒါဟာ တိုင်းပြည်ရဲ့  ဂုဏ်သိက္ခာညှိုးနွမ်းစရာ မဟုတ်ဖူး။ မတရားသောနည်းလမ်းများနဲ့  လာဘ်စားပြီး တိုင်းပြည်ပိုင် ငွေတွေ သယံဇာတပစ္စည်းတွေကို ခိုးဝှက် ဘုံးယူပြီး ကြွယ်ဝချမ်းသာနေကြတဲ့ နအဖအသိုင်းအ၀ိုင်း သူခိုးကြီးတွေကြောင့်သာ တိုင်းပြည်ရဲ့  ဂုဏ်သိက္ခာဟာ ကမ္ဘာ့အလည်မှာ ကျဆင်းနေရတာ။

ရုပ်ရှင်အနုပညာဆိုတာ တိုင်းပြည်ကို အကျိုးပြုရတယ်။ တိုင်းပြည်ကို အကျိုးပြုဖို့ အတွက် တိုင်းသူပြည်သား တွေရဲ့  ဘ၀မှန်ကို ထင်ဟပ်စေတဲ့ အဖြစ်အပျက်တွေကို ဖေါ်ကျူးပြသပေးရမယ်။ ဒါမှသာ အနုပညာဟာ ပြည်သူ့ အတွက် ဖြစ်မှာ။ ဒီဟာကို ဆင်းရဲသားကားတွေ ရိုက်ရင် ဘာမဖေါ်ပြရဖူး၊ ဘယ်လို မနေထိုင်ရဖူး၊ ဘယ်လို မ၀တ်စားရဖူး၊ တိုင်းပြည်ဂုဏ်သိက္ခာကို ထိခိုက်စေမှာဖြစ်တယ်လို့  ကန့် သတ်ပိတ်ပင်နေတာဟာ နအဖတွေဟာ သူတို့ အသုံးမကျတာကို ရှက်ပြီး၊ ကိုယ့်မျက်ချေး ကိုယ့် မမြင်ဘဲ အာဏာပြ ချူပ်ချယ်တာ ဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့  ဘ၀အမှန်ကို အများပြည်သူနဲ့ ကမ္ဘာက သိရင် သူတို့ကို ပြစ်တင်ရှုတ်ချတာ ကို မခံရဲဘဲ ကြောက်နေတာ ဖြစ်တယ်။

တစ်ချိန်တုန်းက ပြည်သူတွေအကြိုက် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ကြတဲ့ မြန်မာရုပ်ရှင်တွေ ဖြစ်ကြတဲ့ ဂုဏ်ရည်မတူ၊ ဘယ်ပန်းချီရေးလို့မမှီ၊ ဘယ်သူပြိုင်လို့လှပါတော့နိုင်၊ ပန်းမြိုင်လည်မှဥယျာဉ်မှူး၊ ဘုံပြတ်ဘမောင်၊ သဘင်သည်မ၀င်ရ၊ အဖေတခုသားတခု နဲ့ မွန်းတည့်ချိန်မှာနေ၀င်သည် ရုပ်ရှင်ကားတွေမှာ ဆင်းရဲသား လူတန်းစားတွေရဲ့ ဘ၀မှန်တွေကို ပီပီပြင်ပြင် တင်ပြခဲ့ကြလို့ အများပြည်သူက လက်ခံအားပေးခဲ့ကြပါတယ်။

အခုတော့ နအဖတွေက ဆင်းရဲသားဇာတ်ဝင်ခန်းတွေကို တားမြစ်တဲ့ လုပ်ပေါက်က “စိန်စီသောည” လို နအဖ သန်းရွှေသမီး သန္တာရွှေ မင်္ဂလာဆောင်မှာ စိန်တွေ ပြူးနေအောင် ၀တ်ပြထားတာမျိုး၊ ချစ်ကြိုက်ခန်းတွေသာ ပါပြီး အချို့ ဇာတ်ဝင်ခန်းတွေမှာ ဆိုရင် မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ မောင်နဲ့ နှမ သားနဲ့ အမိအတူ မကြည့်သင့်တဲ့ ရိုက်ချက်တွေပါတဲ့ ရုပ်ရှင်တွေ၊ ဟိုမလုံ ဒီမလုံနဲ့ ၀တ်စားဆင်ယင်မှုတွေပါတဲ့ ရုပ်ရှင်ကားတွေ ဘဲ ရိုက်ပြရမလိုဖြစ်နေပြီ။ ဒီလိုမျိုး ရုပ်ရှင်တွေကြတော့ မတားမဆီး ဆင်ဆာမဖြတ်ဘဲ ဆင်းရဲသားဇတ်ဝင်ခန်း တွေကို တားမြစ်ပိတ်ပင်တာကတော့ နအဖတွေ မယောင်ရာ ဆီလူး ဖြစ်နေတာပါ။

မကြာခင်သေးကမှ ကမ္ဘာကျော် အော်စကာ ရုပ်ရှင်ဆုပေးပွဲမှာ ဆုကြီး (၈) ဆု ရသွားတဲ့ “Slumdog Millionaire” ရုပ်ရှင်ကားဆိုရင် အိန္ဒိယနိုင်ငံမှာ နေထိုင်နေတဲ့ ဆင်ရဲသားပြည်သူတွေဘ၀ကို ဖေါ်ကျူးပြီး ပြသလို့ ၊ ရုပ်ရှင်ပညာစွမ်းပကားနဲ့  ဖြစ်ရပ်မှန် လူနေမှုဘ၀အဆင့်အတန်းကို ပေါင်းစပ်ပြီး တင်ပြခဲ့လို့  ကမ္ဘာကျော် ရုပ်ရှင်တစ်ကားအဖြစ် အောင်မြင်သွားပါပြီ။ ဒီဇာတ်ကားကို တိုက်ရိုက်လည်း ကြည့်လို့ ရတဲ့ ဒေါင်းလုပ်လည်းလုပ်လို့ ရတဲ့နေရာကတော့ http://iwillsearch4u.com/slumdog-millionaire-dvdscr-xvid-nogrp/ မှာပါ။ ဒီလိုကားမျိုးတွေ မြန်မာပြည်မှာ မပြရအောင် တားမြစ်ပိတ်ပင်ထားလေ့ရှိတဲ့အတွက် မြန်မာပြည်သူတွေ သွားရောက် ကြည့်ရှူနိုင်ပါတယ်။ ဒီ Slumdog Millionaire ရုပ်ရှင်ဇာတ်ကား အော်စကာဆုရတယ် ကြားတာနဲ့ မြန်မာပြည်သူတွေရဲ့  ဆင်းရဲတဲ့ဘ၀တွေ ဖေါ်ကျူးတဲ့ ရုပ်ရှင်တွေ ပေါ်လာမှာကို နအဖတွေ စိုးရိမ်ကြီးပြီး အခုလို မြန်မာရုပ်ရှင်ကားတွေ ဆင်းရဲတဲ့ဇတ်ဝင်ခန်းတွေ သရုပ်ဖေါ်ရာမှာ လိုက်နာရမယ့် ညွန်ကြားချက်တွေ ကမန်းကတန်း ထုတ်ပြန်လိုက်တာပါဘဲ။




နအဖလက်ထက်မှာ ဆင်းရဲတဲ့အကြောင်းတောင် ဆင်းရဲပါကြောင်း လွတ်လွတ်လပ်လပ် မဖေါ်ပြရဲ လောက်အောင်ပါဘဲလား နအဖရယ်။ မြန်မာပြည်ကြီးကလည်း အမှန်တကယ်ကို နအဖတွေ ပြောသလို ချမ်းသာနေတာကိုး။ ဝေးလံခေါင်းပါးတဲ့ ကျေးလက်ဒေသတွေမပြောနဲ့ ဦး ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့ သစ်တွေ ရပ်ကွက်တွေမှာ ပြည်သူတွေ ဘယ်လောက် ဆင်းဆင်းရဲရဲ နေထိုင်ကြရသလည်းဆိုတာ သိကြပါတယ်။

တကယ်တမ်း မြန်မာပြည်ရဲ့ တိုင်းပြည်ဂုဏ်သိက္ခာကျနေတာ ဆင်းရဲနေကြတဲ့ မြန်မာပြည်သူတွေကြောင့် မဟုတ်ပါ။ ရိုင်းစိုင်းဖောက်ပြန်နေကြတဲ့ နအဖဗိုလ်ချူပ်ရူးကြီးများနဲ့ မိသားစုအသိုင်းအ၀ိုင်းကြောင့် နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ ပညာရေးအရရော၊ လူမှုရေးအရရော ကမ္ဘာ့မိသားစုအသိုင်းအ၀ိုင်းကြား မှာ တိုင်းပြည်ဂုဏ်သိက္ခာ ကျဆင်းသထက် ကျဆင်းနေရတာ ဖြစ်ပါကြောင်း ပြောကြားလိုက်ပါတယ်။






Rest of your post

No comments :