Tuesday 24 February 2009

ကိုရီးယား ကျွန်းဆွယ် ၌ တင်းမာမှုတွေ တိုးပွားနေ

ကိုရီးယား သတင်းဌာန က လွှင့်ထုတ်နေသော ကိုရီးယား ကျွန်းဆွယ် တင်းမာမှု အခြေအနေ

-ဇင်မင်းထက်-

မြောက်ကိုရီးယားအစိုးရရဲ့ အာကာသရေးရာ ကော်မတီ ပြောခွင့်ဆိုခွင့်ရှိသူ က နိုင်ငံရဲ့ အရှေ့မြောက်ကမ်းခြေ အရပ်ကနေ ဂြိုဟ်တု ပစ်လွတ် စမ်းသပ်ဖို့ ပြင်ဆင်နေတယ်လို့ မြောက်ကိုရီယားဗဟိုသတင်းဌာနမှာ အင်္ဂါနေ့က ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။ Kwangmyongsong-2 လို့ အမည်ပေးထားတဲ့ ဆက်သွယ်ရေးဂြိုဟ်တုကို Eunha-2 ဒုံကျည်နဲ့ ပစ်လွတ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေ ကတော့ တောင်ကိုရီးယား နိုင်ငံ ရောင့်ဟပ် (Yonhap) သတင်းဌာန ကနေ မြောက်ကိုရီးယား အစိုးရဟာ တာဝေးပစ်ဒုံကျည် Taepodong-2 ကို ပစ်လွတ် စမ်းသပ်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ အပြီး ဒီလိုကြေညာချက် တရားဝင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် ဇူလိုင် ၂ ရက်နေ့ က စမ်းသပ်ခဲ့တဲ့ မိုင် ၄၂၀၀ ( ၆၇၀၀ ကီလိုမီတာ) အကွာအဝေး ပစ်လွတ်နိုင်တဲ့ တာဝေးပစ်ဒုံကျည် Taepodong-2 ဟာ အမေရိကန် အလားစကားပြည်နယ် နှင့် ဟာဝိုင်ရီ ကျွန်းထိ ရောက်ရှိ နိုင်တယ်လို့ ပြီးခဲ့တဲ့ စမ်းသပ်မှုတုန်းက ထုတ်ပြန်ခဲ့တဲ့ သတင်းတွေထဲမှာဖော်ပြပါရှိတယ်။ ဒါပေမဲ့လည်း ဒီစမ်းသပ်မှုဟာ စက္ကန့် ၄၀ အတွင်း မအောင်မမြင်ဖြစ် ကာ ပင်လယ်ထဲမှာ ပျက်ဆီးသွားခဲ့တယ်လို့ဆိုတယ်။

လောလောဆယ် တောင် နှင့် မြောက် ကိုရီးယား နယ်စပ်ဒေသမှာ မြောက်ကိုရီးယားက စစ်အင်အားတွေ တိုးချဲ့ နေတာဟာ စိုးရိမ်ရတဲ့ ခြိမ်းခြောက်မှုတခုပဲလို့ တောင်ကိုရီးယား အစိုးရက ထုတ်ဖော်ပြောဆိုခဲ့တယ်။ မြောက်ကိုရီးယားဟာ နယ်စပ်ဒေသ မှာ သူတို့ရဲ့ အထူးတပ်ဖွဲ့ ၆၀,၀၀၀ ကနေ ၁၈၀,၀၀၀ ထိ ထပ်မံတိုးချဲ့ ထားပြီး၊ ယခုဆိုရင် နေ့ ည အဆင်သင့် တိုက်ခိုက်နိုင်တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ ၀င် ၁ ဒသမ ၉ သန်း ဟာ အသင့်အနေအထား ရှိနေပြီလို့ တောင်ကိုရီးယား ကာကွယ်ရေးဌာနက ထုတ်ဖော် ပြောဆိုခဲ့တယ်။ မြောက်ကိုရီး ယားဟာ ရေငုပ်သင်္ဘော၊ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေကို အသင့်ပြင်ဆင် နေကြောင်း၊ မိုင် ၁၈၀၀ ( ကီလိုမီတာ ၃၀၀၀) ရောက်နိုင်တဲ့ တာလတ်ပစ် ဒုံကျည်တွေ ဟာ အမေရိကန်ပိုင် ဂွမ်ကျွန်း၊ သြစတေးလျားနိုင်ငံမြောက်ပိုင်းထိ ပစ်ခတ်နိုင်ပြီး၊ နှစ်နိုင်ငံ ရေပိုင်နက်တွေမှာလည်း စစ်သင်္ဘောများ ကို နေရာချကင်းလှည့် နေကြောင်း ဖော်ပြခဲ့တယ်။

စမ်းသပ်ပစ်လွတ်ခဲ့သော မြောက်ကိုရီးယား တာလတ်ပစ်ဒုံးကျည်

တချိန်ထဲမှာ မြောက်ကိုရီးယားအစိုးရဟာ ရှေးရိုးစွဲ ကွန်မြူနစ်ဝါဒ ယုံကြည်တဲ့ အသက် ၇၈ နှစ်ရှိ ဗိုလ်ချုပ်ကြီး O Kuk Ryol ကို အဆင့် ၂ ရာထူး တိုးပေးခဲ့ပြီး၊ ကာကွယ်ရေးဝန်ကြီး အပါအ၀င် ထိပ်တန်းဗိုလ်ချုပ်ကြီး ရာထူးတွေကို ထုတ်ပယ်ကာ သဘောထားပိုမို တင်းမာတဲ့ စစ်ဗိုလ်ချုပ်များနဲ့ အစားထိုးခန့်အပ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဆန်ဟီး (Lee Sang-hee) က မြောက်ကိုရီးယား အခြေအနေနဲ့ ပက်သက်ပြီး လွှတ်တော်၌ စစ်ဆေး ကြားနာမှု မှာ ဖြေဆိုသွားပါတယ်။ တောင်ကိုရီယားအနေနဲ့ ရုတ်တရက် တိုက်ခိုက်မှုကို အချိန်တိုအတွင်း ပြင်းပြင်းထန်ထန် ပြန်လည် တုန့်ပြန်ဖို့ အသင့်အနေအထား ရှိနေပါကြောင်း တောင်ကိုရီးယားလွှတ်တော် အမတ်တဦး၏မေးမြန်းချက် ကို ပြန်လည် ဖြေဆိုသွားပါတယ်။တောင်ကိုရီးယားမှာ အမေရိကန်တပ်သား ၂၈,၅၀၀ နှင့် တောင်ကိုရီယား စစ်သား ၆၆၅,၀၀၀ ရှိပါတယ်။ မြောက်ကိုရီးယားဟာ အီရတ် နှင့် အာဖဂန် မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို လေ့လာ အခွင့်ကောင်းယူပြီး၊ ဒီလိုခြိမ်းချောက်မှုတွေ၊ စစ်အင်အားတိုးချဲ့မှုတွေ ကို တိုးမြှင့်ပြုလုပ်နေတာလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိ ကြီးတဦးက တောင်ကိုရီးယားသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်မှုမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား နိုင်ငံဟာ ယခင် ချုပ်ဆိုထားတဲ့ သဘောတူညီချက်အတိုင်း ဆင်းရဲမွဲတေနေတဲ့ ကွန်မြူနစ် မြောက်ကိုရီးနိုင်ငံ ကို အစားအစာ၊ ဆေးဝါး၊ လောင်းစာဆီတွေ ကို ၁၀ နှစ်ကြာ အကူအညီပေးပို့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုရီးယား နှစ်နိုင်ငံ အကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက် အတိုင်း ကိုရီးယားကျွန်းဆွယ် အတွင်း နျူကလီးယားလက်နက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကောင်အထည်ဖော်ဆောင်မှု၊ တိုးတက်မှုတွေ မရှိတာက တကြောင်း၊ စစ်အင်အားတိုးချဲ့ပြီး ရန်လိုခြိမ်းချောက်မှုတွေ ဆက်တိုက် ပြုလုပ်လာတာက တကြောင်း၊ တို့ကြောင့် တောင်ကိုရီးယားသမ္မတသစ် လီမြောင်ဘတ် (Lee Myung-bak) က ကူညီထောက်ပံ့မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလိုတုန့်ပြန်ခဲ့မှု ဟာ ကွန်မြူနစ် မြောက်ကိုရီယား အစိုးရ ကို အမျက်ဒေါသဖြစ်စေခဲ့ပြီး၊ ထိပ်တိုက် ခြိမ်းချောက်မှုတွေ ကို ဆက်တိုက်ပြုလုပ်လာခဲ့တယ်။ တောင်ကိုရီးယား သမ္မတလီမြောင်ဘတ် ကို ရှေးရိုးစွဲ ဖက်ဆစ်အာဏာရှင် တစ်ယောက်ဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယား အစိုးရထုတ် သတင်းစာထဲမှာ စွပ်စွဲဖော်ပြခဲ့တယ်။

တောင်ကိုရီးယား အစိုးရက တော့ မြောက်ကိုရီယားအစိုးရနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုကို ကမ်းလှမ်းထားပြီး၊ ရပ်ဆိုင်းနေတဲ့ ယခင် ၆ နိုင်ငံ အစည်းအဝေးကို အမြန်ဆုံးပြန်လည်စတင်ဖို့ နဲ့ ကုလသမဂ္ဂ က တားမြစ်ထားတဲ့ တာဝေးပစ်ဒုံကျည် ကိုရီးယားကျွန်းဆွယ်မှာ စမ်းသပ်မှုမပြုလုပ်ဖို့ တောင်းဆိုထားတယ်။ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် ကတော့ လူသားချင်းစာနာတဲ့ ထောက်ပံ့ကူညီပေး နေမှုဟာ ကိုရီးယားကျွန်ဆွယ် မှာ နျူကလီးယားလက်နက်တွေ ဖယ်ရှားရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး တွေ နဲ့ တိုက်ရိုက် ဆက်စပ်မှုရှိတဲ့ အပြင်၊ မြောက်ကိုရီးယား အစိုးရ၏ ရန်လိုမှု၊ စစ်အင်အားတိုးချဲ့ ငြိမ်းချောက်မှု ပြုလုပ်နေတာ တွေဟာ ကိုရီးယား နှစ်နိုင်ငံ သဘောတူညီချက် ကို ချိုးဖောက် နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။

မြောက်ကိုရီးယား ကတော့ သူတို့ပြောထားတဲ့ ဂြိုဟ်တု ပစ်လွတ်မဲ့ နေ့ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် လည်း ပစ်လွတ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း မြောက်ကိုရီးယား ဗဟို သတင်းဌာနက ကြေညာသွားပါတယ်။


Rest of your post

No comments :