Tuesday, 17 March 2009

မက်ဒ် အေ ဂတ်စကား စစ်တပ်က အတိုက်အခံခေါင်းဆောင် ကို ထောက်ခံသွားခြင်း













စစ်တပ်က ထောက်ခံခဲ့တဲ့ မက်ဒ် အေ ဂတ်စကား အတိုက်အခံ လူငယ်ခေါင်းဆောင် အင်ဒရေ ရာဂျိုလီးနား (Andry Rajoelina)

-မြတ်စိုး-

ကမ္ဘာပေါ်မှာ စတုတ္တ အကြီးဆုံး ကျွန်းနိုင်ငံဖြစ်တဲ့ မက်ဒ် အေ ဂတ်စကား မှာ လက်ရှိ သမ္မတ မက်ခ် ရာဗာလို မာနားနား (Marc Ravalomanana) က သူ့ရဲ့ အာဏာကို စစ်တပ်ကို လွှဲပြောင်းပေးအပ်လိုက်ပါပြီ။ အသက် ၃၄ နှစ်သာ ရှိတဲ့ အတိုက်အခံ လူငယ် ခေါင်းဆောင် အန်တာနာနာရီးဗိုး မြို့တော်ဝန် အင်ဒရေ ရာဂျိုလီးနား (Andry Rajoelina) ကို ထောက်ခံပြီး ၊ လက်ရှိ
သမ္မတ မက်ခ် ရာဗာလို မာနားနား (Marc Ravalomanana) အစိုးရ ကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုတွေ၊ ထိပ်တိုက် ရင်ဆိုင် မှုတွေ ဟာ လပေါင်းအတော်ကြာ မက်ဒ် အေ ဂတ်စကား ကျွန်းနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ အင်္ဂါနေ့ မှာတော့ စစ်တပ်က အတိုက်အခံ ခေါင်းဆောင် ရာဂျိုလီးနား ကို လာရောက်ပူးပေါင်း ထောက်ခံ ခဲ့ပြီးနောက် ဒီလို အာဏာ လွှဲပြောင်းပေးအပ်မှု ဖြစ်ခဲ့ခြင်း ဖြစ်တယ်လို့ မက်ဒ် အေ ဂတ်စကား ရှိ အမေရိကန် သံတမန် များက အတည်ပြု ပြောကြားခဲ့ပါတယ်။ မက်ဒ် အေ ဂတ်စကား စစ်တပ်စစ်ဦးစီးချုပ်က အတိုက်အခံခေါင်းဆောင် အင်ဒရေ ရာဂျိုလီးနား ကို နိုင်ငံရဲ့ ကြားဖြတ် အစိုးရ သမ္မတ အဖြစ် ခန့်အပ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် အန်တာနာနာရီးဗိုး မြို့တော်ဝန် အင်ဒရေ ရာဂျိုလီးနား က သူဟာ နိုင်ငံရဲ့ သမ္မတ အဖြစ် ပြီခဲ့တဲ့ အပတ်က ကြေညာခဲ့သော်လည်း၊ သမ္မတ မက်ခ် ရာဗာလို မာနားနား (Marc Ravalomanana) အစိုးရ ကတော့ သူ့ဟာ တရားဝင်မှုမရှိဘူးလို့ ပြန်လည်ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ ပြီးခဲ့ တဲ့ လ က အတိုက်အခံ ခေါင်းဆောင် အင်ဒရေ ရာဂျိုလီးနား ကို ထောက်ခံသူတွေက ၀န်ကြီးချုပ်နဲ့ သမ္မတ အိမ်တော်တွေ ကို ၀ိုင်းရံပိတ်ဆို့ထားပြီး၊ ဆန္ဒပြတောင်းဆိုမှုတွေကို ပြုလုပ်ခဲ့ ကြတယ်။ သမ္မတ မက်ခ် ရာဗာလို မာနားနား (Marc Ravalomanana)အစိုးရ ကို ဆန့်ကျင်ဆန္ဒပြခဲ့သူတွေဟာ အစိုးရ ရဲ့ ၀န်ကြီးချုပ်ရုံးကို ပြီးခဲ့တဲ့ ရက်တွေ က သိမ်းပိုက်ခဲ့ကြပြီး၊ သမ္မတ မက် ရဗာလိုမာနားနား ကို နိုင်ငံက ထွက်ခွာသွားဖို့ တောင်းဆိုခဲ့ကြတယ်။

မကြာသေးခင်က အမတန်မှ ဈေးကြီးတဲ့ ကိုယ်ပိုင်လေယာဉ် ကို သမ္မတ မက် ရာဗာလိုမာနားနား က ၀ယ်ယူခဲ့ခြင်းဟာ အစိုးရ က တမင်သက်သက် ဒီမိုကရေစီ ကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုခဲ့ ရာရောက်ခဲ့တယ်၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ကို ပျောက်ကွယ်သွားအောင် ပြုလုပ်နေတယ်လို့ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုခဲ့ပြီး၊ ဒီလုပ်ရပ်အပေါ် အတော်လေး ဒေါသထွက်ကာ တင်းမားမှုတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ရက်ဆက် ဆိုသလို ပြင်းထန်လာခဲ့ကြပါတယ်။ အစိုးရ ရဲ့ ၀န်ကြီးချုပ်ရုံး နှင့် သမ္မတ အိမ်တော် ကို ပိတ်ဆို့ ၀ိုင်းရံ သိမ်းပိုက်ခဲ့ပြီး၊ ဒီ ထိပ်တိုက် ရင်ဆိုင် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့မှုမှာ လူပေါင်း ၂၃ ယောက် သေဆုံးခဲ့ပြီး၊ ဒါဇင်များစွာ ပြင်းထန်စွာ ဒဏ်ရာ ရခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေဟာ တခြားမြို့ တွေ ကို ကူးစက်သွားပြီး၊ မီးရှို့မှုတွေ၊ လုယက်မှုတွေ နေရာတော်တော်များများမှာ ဖြစ်ပွား နေကြောင်း မက်ဒ် အေ ဂတ်စကား ရှိ အမေရိကန်သံရုံးက အတည်ပြု ပြောဆို ခဲ့ပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က တော့ နိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာကြဖို့ သတိပေး ပြောဆိုခဲ့ ပါတယ်။

ဥရောပ သမဂ္ဂ (European Union ) နဲ့ အဖရိက သမဂ္ဂ (African Union) တွေကတော့ အစိုးရနဲ့ အတိုက်အခံ တွေ အကြားဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခ နဲ့ ထိပ်တိုက်ရင်ဆိုင်နေမှုတွေ အပေါ် မှာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစား လိုက်နာဖို့ ပြင်းပြင်းထန်ထန် သတိပေးမှု တွေထွက်ပေါ်ခဲ့ပြီး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ချိုးဖောက်မှုမှန်သမျှ ပြင်းထန်တဲ့ တုန့်ပြန်မှု တွေနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရ က လည်း အတိုက်အခံ နှင့် အစိုးရ အကြား တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တိုက်တွန်း ထားပြီး၊ လက်ရှိ စစ်တပ်နဲ့ အတိုက်အခံတွေဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက် ထပ်မံ ချိုးဖောက် ခဲ့ရင် ပြင်ထန်းတဲ့ အရေးယူမှု တွေကို ပြုလုပ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့တယ်။

လက်ရှိ မက်ဒ် အေ ဂတ်စကား ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသက် ၄၀ နှစ် ရှိ မှ နိုင်ငံရဲ့ သမ္မတ တာဝန် ထမ်းဆောင် ခွင့်ရှိသော်လည်း၊ အတိုက်အခံခေါင်းဆောင် အင်ဒရေ ရာဂျိုလီးနား (Andry Rajoelina) ဟာ ၁၉၇၅ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် ၊ သမ္မတ တာဝန်ထမ်းဆောင်ဖို့ ၆ နှစ် လိုသေးကြောင်း၊ ဒါဟာ လက်ရှိဖွဲ့စည်းပုံအခြေခံကို ချိုးဖောက် နေကြောင်း လက်ရှိ သမ္မတ မက်ခ် ရာဗာလို မာနားနား (Marc Ravalomanana) က ထောက်ပြရှုံ့ချခဲ့ပါတယ်။ နိုင်ငံရဲ့ ကြားဖြတ် အစိုးရ သမ္မတ အဖြစ် စစ်တပ် စစ်ဦးစီးချုပ်က ခန့်အပ်ခဲ့တဲ့ အတိုက်အခံ ခေါင်းဆောင် အင်ဒရေ ရာဂျိုလီးနား က တော့ ၂ နှစ် အတွင်း သမ္မတ ရွေးကောက်ပွဲ ကို ကျင်းပ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

လူဦးရေ သန်း ၂၀ ကျော်ရှိတဲ့ မက်ဒ် အေ ဂတ်စကား နိုင်ငံဟာ အာဖရိက တိုက်ရှိ ပြင်သစ်ကိုလိုနီ နိုင်ငံတနိုင်ငံဖြစ်ခဲ့တယ်။ ပြင်သစ်နိုင်ငံနဲ့ အရွယ်အစားတူဖြစ်ပြီး၊ အိန္ဒိယ သမုဒ္ဒရာ မှာ တည်ရှိနေတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ လက်ရှိ စစ်တပ်က ခန့်အပ်ခဲ့တဲ့ သမ္မတ အင်ဒရေ ရာဂျိုလီးနား (Andry Rajoelina) ဟာ လူသိများပြီး၊ အောင်မြင်ခဲ့ တဲ့ စီးပွားရေး လုပ်ငန်းရှင် လူငယ်တဦး ဖြစ်သော်လည်း တက္ကသိုလ်ပညာရေး၊ အဆင့်မြင့် ပညာရေး သင်ကြားမှု မရှိခဲ့ကြောင်း သိရ သလို၊ သူဟာ စစ်တပ် ကို သစ္စာခံခဲ့သူ တဦးလည်း မဟုတ်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာ အစိုးရတွေကတော့ စစ်တပ်က အတိုက်အခံ ကို ထောက်ခံနေပေမဲ့ ၊
မက်ဒ် အေ ဂတ်စကားကျွန်း နိုင်ငံမှာ စစ်တပ် က နိုင်ငံရေး ကို ၀င်ရောက်စွက်ဖက်လာပြီး၊ ဒီမိုကရေစီစံနစ် ကနေ မြန်မာပြည်လို စစ်အာဏာရှင် စံနစ်မျိုး ပြန်လည်ဖြစ်ပေါ်လာမှာ ကို အထူးစိုးရိမ်တကြီး ဖြစ်ကာ သတိထား စောင့်ကြည့် ဆက်ဆံနေကြပါတယ်။


Rest of your post

No comments :