Wednesday, 18 March 2009

တောတန်း၊ သစ်ပင်၊ သွေးစတွေပဲ သက်သေခံနေတော့တယ် (၄)

SSA ၏တောင်ကုန်းများမှ ၀တပ်ဖွဲ့များ တပ်စွဲထားရာ နေရာသို့ မြင်ရသည့်ပုံ

-ယောဟန်အောင်-

(၆)

“ကျနော်တို့ ၀ဒေသမှာ လင်မယားလုပ်တန်းကစားကြတယ်။ ပထမ အရုပ်ကလေး ၂-ခု လုပ်ပါတယ်။ တခုက ယောက်ျား လေးပါ။ နောက်တခုက မိန်းကလေးအရုပ်ပါ။ နောက်တော့ အဲသည် အရုပ်ကလေး ၂-ခုကို ခြုံပုတ်နောက်ထဲမှာ ခဏထား လိုက်တယ်။ ပြီးတဲ့အခါ မိန်းကလေးအရုပ်ကို အ၀တ်တွေ ထပ်ပတ်လို့ နည်းနည်းဝအောင် လုပ်ပါတယ်။ ပြီးတော့ ခဏကြာ တဲ့အခါမှာ နောက်ထပ်အရုပ်သေးသေးလေး လုပ်ပါတယ်”

ကိုအိုက်သောင်းက သူ၏အတွေ့အကြုံကို ပြန်ပြောပြနေခြင်း ဖြစ်သည်။

ဤဒေသသို့ ရောက်ပြီးသည့်နောက်ပိုင်း ဗမာရည်လည်သူ ကိုအိုက်သောင်းနှင့် ပို၍ ပေါင်းဖြစ်ကြသည်။ လူရည်လည်သူ ဆိုသည်မှာလည်း သူက စစ်ကိုင်း တိုင်းရင်းသား ဖွံ့ဖြိုးရေးသိပ္ပံတက်ပြီးမှ တောခိုလာခဲ့သူ ဖြစ်သည်။ သူက ၀တပ်ရင်းတခု၏ ဒု-ရင်းမှူး။ ရင်းမှူးက ကိုညီဟု ခေါ်သည်ဟု သူမှတ်မိနေသည်။ ကိုအိုက်သောင်းက အေးဆေးဆေးဆေး နေတတ်သော် လည်း လူရွတ်၊ ဖွံ့ဖြိုးရေးသိပ္ပံတက်နေစဉ်မှာပင် ဆရာ၊ ဆရာမ၊ အခြား ကျောင်းသား အားလုံးက အကြောင်းသိပြီး လက်လန် ကြရသူ။

အခု သူက ဖွံ့ဖြိုးရေးသိပ္ပံတက်စဉ်က အတွေ့အကြုံကို ပြန်ပြောပြနေခြင်း ဖြစ်သည်။ ဆရာမကြီးက တိုင်းရင်းသား ကျောင်း သားများကို အလှည့်ကျ တိုင်းရင်းသား ရိုးရာ ကလေး ကစားနည်းများကို ပြောပြခိုင်းသည်။ သူအလှည့်ရောက် တော့ သူက အတည်ပေါက်နှင့် အထက်ဖော်ပြပါအတိုင်း ထပြောနေခြင်း ဖြစ်သည်။ အမှန်တကယ်တွင်တော့ ၀ဒေသတွင် ကလေးများက ဤသို့ မကစားကြပါ။ ဆရာမကြီးက အပျိုကြီး။ မျက်နှာနီ တက်လာသည်။

“ဆရာမကြီး မျက်နှာက ပထမဟုတ်မလား နားထောင်နေတယ်။ နောက်တော့ တဖြည်းဖြည်း နီတက်လာတယ်။ ကျနော် ကလည်း သူ့ကို မကြည့်ဘူး။ ဆက်ပြောတယ်။ နောက်တခါ အရုပ်ကလေး ၂-ရုပ်ကို တခါ ခြုံနောက်ထဲ ထည့်လိုက်ပြန် တယ်။ ဒီတခါတော့ မရတော့ဘူး... အိုက်သောင်း ...တော်....တော်ပြီ... ထိုင်တော့ ဆိုပြီး ပြောတော့တာပဲ။ တချို့က တခွိခွိ ရယ်နေ ကြတယ်။ ”

ကိုအိုက်သောင်းက ၀၀၊ မဲမဲ။ အရပ်ကတော့ မပုမမြင့်ဟု ဆိုရမည်။ မျက်နှာ ပြဲပြဲနှင့် ကျောက်ပေါက်မာသဲ့သဲ့ရှိသည်။ တပ်ရင်း မှူးလုပ်သူ ကိုညီက သူတို့နှင့် ရင်းနှီးသော်လည်း နိုင်ငံရေးအရ သိပ်စကားပြော မဖြစ်လှပါ။ သူက အရင်က (သကဆဖ) ခေါ် အစိုးရဖွဲ့ထားပေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံမှ လာသူဖြစ်ပြီး၊ ကျနော်တို့ကိုလည်း မနူး မနပ် တောအထာ မနပ်သေးသည့် မြို့သားပေါက်စများဟုသာ သဘောထားသည်။ ကျနော်တို့ကတော့ (၀သပ) တပ်မတော်ကြီးကို စည်းရုံး လိုက်မည်ဟု စိတ်ကူးယဉ်ထားခဲ့သည်ကလည်း ယခုပြန်တွေးတော့ မျက်နှာနွေး၍ ရှက်စရာ။ ကိုအိုက်သောင်းနှင့် ရင်းနှီး သည်ကတော့ နိုင်ငံရေးရပ်တည်ချက်များနှင့် လားလားမျှမဆိုင်။ မြို့ပေါ်ယဉ်ကျေးမှု ခံစားနိုင်ပုံ ခြင်း တူသောကြောင့်သာ ပို၍ ပေါင်းမိကြခြင်း ဖြစ်သည်။

ကိုအိုက်သောင်းနှင့် ပေါင်းဖြစ်တော့ အသောက်အစားလေးလည်း ပါလာခဲ့သည်။ သောက်ဖြစ်သည်ကတော့ ထိုင်းမှလာ သည့် စပါးနှံခေါ် အရက်ဖြူ (လောက်ခေါဝ်) သာ ဖြစ်သည်။ လက်နက်ပြင်ဌာနမှာ မဖွားရင် လက်ပစ်ဗုံးလုပ်သည့် အိုက် ပေါင်းလည်း သူတို့ဝိုင်းတွင် လာဆုံတတ်သည်။ (သူက နောက်ပိုင်း သူ့ဘာသာဗုံးကွဲပြီး သေသည်ဟု ကြားရသည်။) ၀ဒေသတွင် တာဝန်ထမ်းနေသည့် သူတို့ ရဲဘော်များအားလုံး ကို လခပေးထားသည်။ များများတော့ မဟုတ်။ ဒေါက်တာ ပါကျင်က မည်မျှ ရသည်မသိ။ ဆေးကျောင်းသား ၂-ဦးကတော့ တယောက် (၅၀၀) ဘတ်ခန့် တလပေးသည်။ သူတို့ အကူ (၂) ယောက်ကတော့ တယောက် (၂၄၀) ဘတ်စီ ရကြသည်။ သည်ငွေများကိုလည်း အားလုံးက ဘုံသဘောစုထားကာ အတူတူစား၊ အတူတူသွား လုပ်နေကြသောကြောင့် ပြဿနာလည်း မရှိလှပါ။ သောက်ရန် အစပျိုးသူကတော့ ကိုဝင်းနိုင် နှင့် သူဖြစ်သည်။ စခန်းထဲရှိ ဈေးဆိုင်ကလေး ၂-ဆိုင်တွင်လည်း ထိုင်းပစ္စည်းမှန်သမျှ၊ အရက်ပါ အကုန်ရသည်။ သည်တော့ ညနေဆိုလျှင် အခြားလုပ်စရာလည်း မရှိ။ ငွေကလည်း ထူးထူးထွေထွေ သုံးစရာမရှိ။ နည်းနည်းလေး ရီဝေ ရီထွေနှင့် ညနေ ခင်းကို ခပ်ထွေထွေ ကုန်ဆုံးလိုက်ရပါလျှင် ဘယ်လောက်ကောင်းလိုက်ပါမည်လဲ...

ဤကိစ္စကို ကိုဝင်းနိုင်က စသည်။ “ဟေ့.... ကိုဇော်ထွန်း။ ဒီညကွာ ငါတို့နည်းနည်းသောက်ချင်တယ်။ ငါတို့ ထည့်ထားတဲ့ ပိုက်ဆံက နည်းနည်းယူ သောက်မယ်ကွာ။ မင်းတို့ မသောက်ချင်လည်းနေ။ ငါနဲ့ ကိုဇော်လွင်နဲ့ သောက်မယ်။”

သူတို့ ကလည်း အချင်းချင်း ပြဿနာဟု မမြင်ကြပါ။ ကိုဇော်ထွန်းက အရက်ဘာညာ သိပ်မကြိုက်။ သူက စည်းနှင့်စနစ်နှင့် နေချင်သူ။ ခပ်တည်တည် လုပ်၍ လေးနက်သည့်ဟန်ဖမ်းနေချင်သူ။ ကိုဇော်ထွန်းနှင့် ကိုထွန်းခင်တွင် အခြားအကြောင်း တရပ်လည်း ရှိနေသေးသည်။ သူတို့က လက်ဝဲအယူအဆ နည်းနည်း သန်ကြသည်။ လက်ဝဲစာအုပ်များ ဖတ်သည်။ လူက လည်း ၀ဲချင်သည်။ ဤဒေသသို့ တာဝန်ပေးစဉ်က ရောက်လာသည်မှာလည်း တချိန်က သူတို့ကြိတ်၍ လေးစားခဲ့ရသည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည့်သူ့တပ်မတော်သား၊ ၀စစ်သားများကို တွေ့ချင်လွန်း၍ ရောက်လာခြင်း ဖြစ်သည်။ သူတို့က ၀ရဲဘော်များ ၀တ်သည့် အစိမ်းနုရောင် ခါးတို စစ်အင်္ကျီကို ခုံခုံမင်မင် ၀တ်သည်။ ၀စစ်သားများ၏ ကွန်မြူနစ်ပုံဦးထုပ်စိမ်း လေးကို ခုံခုံမင်မင် ဆောင်းသည်။ မြန်မာပြည်မှ စစ်ဗိုလ်လောင်းများသဖွယ် လူကလည်း ပို၍ ခပ်တောင့်တောင့် ဖြစ်နေ သလို။

သည်လိုနှင့် ညနေဆိုလျှင် သူနှင့် ကိုဝင်းနိုင် ပျောက်ပျောက်သွားသည်။ မှန်ပြီး ရီဝေေ၀နှင့် ပြန်လာတတ်သည်။ စခန်းမှာက ညနေစောင်းမှ ည ၉း ၀၀ နာရီအထိ လျှပ်စစ်မီးရတော့ မီး မပိတ်ခင်အချိန်ကို နည်းနည်းကြို၍ ပြန်လာရသည်။ သူတို့ ညစာ စားလျှင်တော့ မီးခွက်နှင့် ဖြစ်နေပြီ။ ဖယောင်းတိုင်ထွန်းသည့် ညစာမျိုးလည်း ဖြစ်မည်ဟု သူတွေးကြည့်မိသည်။ နည်းနည်း ကြာလာတော့ ကိုဇော်ထွန်းတို့လည်း မနေနိုင်တော့။ ညဖက် ရုပ်မြင်သံကြား ကြည့်ရန် ဆိုသည်မှာလည်း သူတို့နားမလည် သည့် ထိုင်းဘာသာနှင့် ချယ်နယ်လိုင်းများသာ ရှိသည်။ ပြောစရာ စကားကလည်း သူ့အကြောင်း ကိုယ့်ဘ၀ အူမချေးခါး မကျန် ကုန်၍ တဖြည်းဖြည်း ပါးလျားလာသည်။ နောက်ဆုံး သူတို့၏ ၆-နာရီနောက်ပိုင်း ညနေ၀ိုင်းတွင် ကိုဇော်ထွန်းရော၊ ကိုထွန်းခင်ပါ အတူ ပါလာကြတော့သည်။ သူထင်သည်ကတော့ သည်ပုံဆိုလျှင် ဘုံစုထားသည့်ငွေကလေးထဲမှ စကေး နစ်နာမည် စိုးသောကြောင့် ၀င်နွှဲလာသည်လည်း ဖြစ်ခြိမ့်မည်။ အာလုံး သာတူညီမျှဆိုတော့ သောက်တာတောင် သာတူ ညီမျှ ဖြစ်ဖို့လိုသေးသည် မဟုတ်ပါလား။ ၄-ယောက်သားဖြစ်လာ၍ ၀ိုင်းက ပို၍မြိုင်ဆိုင်လာသည်။

ဆရာပါကျင်ကတော့ ဤကြိတ်ဝိုင်းများတွင် မပါတတ်ပါ။ သူက လူကြီးပီပီ နေတတ်သည်။ စာတအုပ်ကို ဖတ်လျှင် ဖတ်နေ မည်။ ရေဒီယိုကို ဟိုသည် လှိုင်းညှိ၍ နားထောင်နေမည်။ သို့မဟုတ် နေကျချိန် နီကျင်အရိပ်ထိုးနေသည့် အခြား ၀တောင် ကုန်း ပြောင်ပြောင်များကို ငေးမော၍လည်း နေတတ်သည်။ သူ့ကို ကြည့်ရသည်မှာ အိမ်သူကို လွမ်းနေဟန်လည်း တူသည်။ သူ၏ ဇနီးသည်က နိုင်ငံရေးသမားဟောင်းကြီးတဦး၏ သမီးဖြစ်ပြီး၊ ယခုတော့ ရန်ကုန်တွင် သား၊ သမီးနှင့် အတူ ကျန်နေ ရစ်သည်။ သူ့အဖို့ နောက်ဆံတင်းစရာ တွေးတောနေသည်လည်း ဖြစ်နိုင်ပါသည်။ သူလည်း လူသားပီပီ အလွမ်းဓါတ်ခံများ ကြွနေနိုင်ပါသည်။

ဆရာပါကျင်ကိုတော့ သူတို့အားလုံးက လေးစားကြသည်။ ချစ် ကြောက် ရိုသေ၊ အားလည်းကိုးကြသည်။ သို့သော်လည်း ဒေါက်တာပါကျင်ကို နည်းနည်းတော့ စိတ်ခုမိသော ကိစ္စလေးလည်း ရှိသည်။ ၀ဌာန ချုပ်တွင် စားဖိုဆောင်က ရဲဘော် များအတွက် ဘုံစားရိပ်သာ ရှိသလို၊ အရာရှိ များအတွက် သီးသန့် စားရိပ်သာ (Mess) ရှိသည်။ နေရာက သူတို့နှင့် မနီးမဝေး။ တောင်ကုန်းလေးတခုအပေါ်မှာ။ ဤ အရာရှိ စားရိပ်သာက အဆင့်မြင့်သည်ဟု ဆိုနိုင်သည်။ စားသောက်ဆိုင် ရက်စတော ရန့် အငယ်ကလေးတခု နီးပါးမျှ ရှိသည်။ မိမိစားချင်တာ မှာထားလျှင် ချက်ပေးသည်။ ချက်ထားသော ဟင်းကို မကြိုက်လျှင် လည်း တခုခုချက်ပေး၊ ကျော်လှော်ပေးရန် ပြောနိုင်သည်။ သူတို့ရောက်စက ၀ဌာနချုပ်မှ လူကြီးများက အရာရှိ စားရိပ်သာ တွင်သာ စားရန် အကြံပြုကြသည်။ ဆရာပါကျင်က သူတို့နှင့် မတိုင်မပင် ပယ်ချခဲ့သည်။ ဆေးရုံမှ လူနာရဲဘော်များနှင့် အတူ တူ စားမည်ဟု ဆိုခဲ့သည်။ ဤသို့ဖြင့် ဆေးရုံစားဖိုတွင်သာ သူတို့ တလျှောက်လုံး နပန်းလုံးကြရတော့သည်။

သို့ပေသည့် ညနေပိုင်းတော့ ထမင်းမြိန်တတ်သည်။ ထမင်းမြိန်ဆေးကလေးလည်း မှီဝဲထားသည် မဟုတ်ပါလား။

(၇)
ဆေးရုံတွင် သာမန်အချိန်၌ အလုပ်မများလှသော်လည်း တိုက်ပွဲများ ဖြစ်ပြီဆိုလျှင် လူနာများက စုပြုံကျလာတတ်သည်။ လူနာ ၈၀-၉၀ အထိ ပြုံကျလာတတ်သည့် နေ့များလည်း ရှိခဲ့သည်။ ဤကဲ့သို့နေ့မျိုးတွင် နံနက် (၈) နာရီလောက်မှ စ၍ ည (၉) နာရီလောက်အထိ မနားတမ်း လုပ်ကြရသည်။ ဒဏ်ရာရလာသည့် ရဲဘော်များကို အနာဆေးထည့်။ ပတ်တီးစီး။ ခွဲခန်း သို့ ပို့၍ ခွဲစိတ်ကုရသူများလည်း ရှိသည်။

သောက်ဖော်သောက်ဖက် ၀တပ်မှူးများက ညနေဆိုလျှင် လာစောင့်နေတတ်ကြသော်လည်း သူတို့အဖွဲ့ အလုပ်ရှုပ်၍ လုံးပန်း နေကြသည်ကို မြင်သည်။ သူတို့ကိုလည်း အတော်ကျေးဇူးတင်ကြသည်။ သူတို့ကလည်း ခွဲခန်းထဲ ပြန်ဝင် သွားလိုက်။ သွေးများပေနေသည့် လက်အိပ်များနှင့် ပြန်ထွက်လာလိုက် အလုပ်ရှုပ် နေတတ် ကြသည်။ တခါတရံ တယောက်က ပြေး၍ ဆေးစာအုပ် လှန်လှောရသေးသည်။ မည်သည့် စာအုပ်များ လှန်သနည်းတော့ မမှတ်မိတော့။ ဤစာအုပ်များကလည်း သူတို့ ဤဆေးရုံရောက်ချိန်မှစ၍ ဆေးထောက်ပံ့မှု များနှင့်အတူ ၀ယ်ပေးရန် စာရင်းပေး၍ ထိုင်းနိုင်ငံမှ မှာယူထားခြင်း ဖြစ်သည်။ ဤသို့ ခွဲစိတ်ကြရာတွင်တော့ တတ်နိုင်သမျှ သူတို့ မေ့ဆေးမသုံးခဲ့ဘူးသည်ကို မှတ်မိနေသည်။ ထုံဆေးကိုသာ အသုံးများ ကြပြီး၊ ဒေါက်တာ ပါကျင်ကလည်း သူတို့ကို ထုံဆေးပေးနည်း ပြန်၍ ပို့ချပေး ခဲ့သေးသည်။ စာအုပ်ပြန်ပြန်လှန် နေရသည် မှာလည်း ခါးကျောရိုးကို ထုံဆေးထိုးရန်ကိစ္စများ ပြန်ကြည့်ရန်၊ သွေးကြောနှင့် အချို့သော အာရုံကြောများကို သေချာ ပြန်၍ သတိရစေရန် ပြန်ကြည့်ခြင်း ဖြစ်သည်။

ဤဒေသတွင် ဖြစ်နေသော စစ်ပွဲများက ပွဲကြီးများဖြစ်သည်။ မွန်နှင့် ကရင်ဒေသများတွင် စစ်ဆင်ရေး ဆင်းခဲ့ကြစဉ်က ရာလိုက်ချီ၍၊ တပ်ခွဲလိုက်ချီ၍ တိုက်သောပွဲများ ကြုံဖူးသည်။ ကေအန်ယူတွင်တော့ ဗျူဟာကိုင်၍ ၃-၄ ရာချီ စစ်ခင်းကြ သည်။ ဤ၀ဒေသတွင်တော့ စစ်ပွဲပမာဏက ပိုကြီးသည်ဟု သူတွက်ဆ မိသည်။ တိုက်ပွဲတပွဲ ဖော်မည်ဆိုလျှင် အနည်းဆုံး လူ (၅၀၀) မှ (၆၀၀) ခန့်အထိ ပါသည့် ဗျူဟာမြောက် ပွဲကြီးများ ဖော်ကြခြင်း ဖြစ်သည်။ ဤဒေသကို မိုင်းယောင်းလွင်ပြင် ဟု ခေါ်ကြပြီး၊ သံလွင်မြစ် အရှေ့ဖက်နှင့် ထိုင်းနိုင်ငံ နယ်စပ်ကြားဒေသ ဖြစ်သည်။ တောင်ကုန်းများက အခြားသူတို့ကြုံခဲ့ ရဖူးသည့် ဒေါနတောင်တန်း၊ တောင်ညိုတောင်တန်း ဒေသများကလို တောင်ကြောရှည်ကြီးများ မဟုတ်ကြ။ ကုန်းပြတ်များ ဖြစ်သည်။ တောင်ကုန်း တလုံးချင်း ပြူထွက်နေသည့် နေရာမျိုး ဖြစ်သည်။ “ကျနော်တို့နေရာမှာရှိတဲ့ တောင်တွေက ပုလင်း တွေ ထောင်ထားသလိုပဲဗျ...” ၀တပ်မှူး တဦးပြောသည်ကို သူ ပြန်အမှတ်ရနေသေးသည်။

ဤနေရာတွင် မူလက အခြေချထားသည့် ခွန်ဆာ၏ မောင်ထိုင်းတပ် အင်အားကလည်း မသေး။ သူတို့က ဤတောင်ကုန်း များကို ကတုတ်ကျင်းများတူး၍ အခိုင်အမာ တပ်စွဲထားသည်။ ၀တောင်ပိုင်းဌာနချုပ်၏ တပ်များကလည်း တောင်များအချို့ တွင် မြေကတုတ် အခိုင်အမာတူး တပ်စွဲထားသည်။ သို့သော် ၀တပ်ဖွဲ့များက နေရာသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကြ သောကြောင့် ၎င်းခွန်ဆာ၏ တောင်ကုန်းများကိုတကုန်းပြီး တကုန်း တက်၍ လိုက်သိမ်းနေခြင်းလည်း ဖြစ်သည်။ တခါတရံ တနေ့တည်းနှင့် တောင်ကုန်း (၃) ကုန်းခန့်ကို ပြိုင်တူတက်သည်။ ခွန်ဆာအင်အားနည်း၍ သူတို့သိမ်းပိုက်ရလိုက်သော တောင်ကုန်းများ ရှိသလို၊ ၀တပ်များက အနည်း၊ ခွန်ဆာတပ်များက အခိုင်အမာတပ်စွဲထားသည့် နေရာကို တိုးမိ၍ ပြန်လန် ကျလာသည်လည်း ရှိသည်။ ဘတပြန် ကျားတပြန်ဟု ဆိုရလိမ့်မည်။

လက်နက်အင်အားတွင် ခွန်ဆာက သာပုံရသည်။ သူတို့ထက် ပို၍ ပစ်အားကောင်းသည်။ အေကေ 47 ၊ အမ်-16 မောင်းပြန် ရိုင်ဖယ် သေနတ်များကို ရဲဘော်အားလုံး သုံးနိုင်ကြသည်။ လက်ဖြောင့်ပစ် သေနတ်သမား များနှင့်လည်း စနစ်တကျ ပေါင်းစပ်ထားနိုင်သည်။ တောင်ကုန်းပေါ်မှ အသာစီး နေရာယူထားနိုင်သူများ ဖြစ်သောကြောင့် “ကျောက်ဖရုံသီး” ဟု သူတို့ ခေါ်ကြသည့် သံပိုက်ကြီးထဲသို့ ယမ်းများ၊ သံစ များထည့် စနက်တံမီးရှို့၍ ပစ်ရသည့် လက်လုပ်ဗုံး အကြီးစားများကိုလည်း တောင်စောင်းမှ လှိမ့်ချတတ်သည်။ ၀တပ်ဖွဲ့များကတော့ ယခင် တရုတ်ပြည်မှ ထောက်ပံ့ထားခဲ့သော M-21 (တတောင့်ချင်း ပစ်ရသည့် ဆီမီး အော်တိုသေနတ်) နှင့် M-22 (မောင်းပြန်)၊ (M-23) တရုတ် စက်ကလေးသေနတ်များ ကိုင်ကြသည်။ RPG ခေါ် ငှက်ပြောဖူးပုံ ခွင်းဒုံးကို တော့ နှစ်ဖက်လုံးက ဖောဖောသီသီ သုံးသည်။ ထို့အပြင် မော်တာများ၊ (.57) (.75) နောက်ပွင့် ရိုင်ဖယ်ကြီးများလည်း သုံးကြသည်။ တောက်ချိဟု တရုတ်ဘာသာဖြင့် သူတို့ ခေါ်ကြသည့် (.5) လေယာဉ်ပစ် စက်သေနတ် ကြီးများနှင့် (2.75) ခေါ် ဒုံးကျည်များသုံး၍လည်း တဖက်နှင့် တဖက် ပစ်ခတ်ကြသည်။ (2.75) ဆိုသည်မှာ အမှန်က လေယာဉ်ပေါ်မှ မြေပြင်သို့ ပစ်ချရသည့် ဒုံးမျိုး ဖြစ်ပြီး၊ ယခုတော့ မြေပြင်မှ မြေပြင် မျက်မှန်းနှင့် တွက်ချက်၍ ဆော်နေကြ သည်။ မှောင်ခိုဈေးကွက်မှ ၀င်လာခြင်းဖြစ်ပြီး ဈေးနှုန်းကလည်း ချိုသည်။ ၇-မိုင်ခန့်ပြေးသည့်အတွက်ကြောင့် ထိရောက်မှု ရှိသည့်အပြင်၊ အသံကလည်း နားကျောစိမ့်၍ ကြောက်စရာ ကောင်းလှသည်။

ဝလူမျိုး ရဲဘော်များက သူကြုံဖူးသမျှ အကောင်းဆုံး စစ်သားဟု ဆိုနိုင်သည်။ ကမ္ဘာနှင့် ချီ၍တော့ မပြောတတ်ပါ။ အမှန်တော့ သူကလည်း စစ်ပွဲများများ၊ တပ်ဖွဲ့များများ သိပ် မကြုံဖူးခဲ့ပါ။ သို့သော်လည်း ၀ရဲဘော်များက အပင်ပန်း ခံနိုင်သည်။ အမိန့် နာခံသည်။ သေမည်မှန်း သိလျှင်လည်း နောက်မတွန့် တက်ရဲသည်။ ဗိုလ်လုပ်သူများကလည်း “ရှေ့တက်”ဟူ၍ ခိုင်းသည် မရှိ။ “ငါ့နောက်လိုက်ခဲ့” ဟူ၍သာ ခိုင်းကြသည်။ ဤစစ်ပွဲများတွင် တောင်ကုန်းတက်သိမ်း နေကြပုံ၊ စစ်ဆင်နေကြ ပုံမှာလည်း အလွန်အံ့သြစရာ ဖြစ်နေတော့သည်။

ဝတပ်ဖွဲ့များက သူတို့သိမ်းရမည့် တောင်ကုန်းများသို့ ရသမျှ တိတ်တဆိတ် ကပ်သွားသည်။ တက် သိမ်းသည်။ နောက်မှ “ငြိမ်နေ”ဟု အမိန့်လာလျှင်၊ ရောက်သည့်နေရာမှာ သည်အတိုင်း အသံမထွက် တိတ်ဆိတ်ငြိမ်သက် နေသည်။ တုတ်တုတ် မျှ မလှုပ်။ တခါတရံ သည်အတိုင်း တစ်ရက်၊ နှစ်ရက် ငြိမ်၍ ပုန်းစောင့်နေတတ်ကြသည်။ တဖက်က လက်နက်ကြီးများ၊ ဒုံးကျည် များဖြင့် ပစ်သော်လည်း ပြန်မပစ်။ ဤအတိုင်းငြိမ်ခံသည်။ လူများ အကျအဆုံးရှိ ဒဏ်ရာရလည်း အမိန့်အတိုင်း ပေ၍ ငြိမ်ခံသည်။ ဒဏ်ရာရသူများကို ဖြစ်နိုင်ပါက တိတ်တိတ်ဆိတ်ဆိတ် ပြန်ဆွဲချလာသည်။ အသံမကြားနိုင်သည့် ၄-၅ နာရီ ခရီးမှ သစ်ဝါးများကို ခုတ်၍ ထမ်းလာသူများကလည်း ထို ၀ရဲဘော်များ ထံသို့ အရောက် တိတ်တဆိတ် ပို့ပေးကြ သည်။ ပုရွတ်ဆိတ်များ အလုပ်လုပ်နေကြသည်နှင့် တူသေးတော့သည်။ ခြများ ညအခါ လူမသိအောင် မြေအောက်အိမ်ကို တိတ်တိတ်ဆောက်နေပုံနှင့်လည်း တူသည်။ ၀ရဲဘော်များကလည်း ဤသစ်ဝါးများနှင့် ကတုတ်ကျင်း၊ အကာ အရံများကို ပုန်းခိုနေရင်း မှပင် ဖြည်းဖြည်းချင်း ဆောက်သည်။ ရေမရှိ။ ထမင်း မချက်ရ။ ထမင်းထုပ်က နောက်မှ လိုက်လာသည်။ တနေ့လုံး ဤအတိုင်းငြိမ်နေ၍ ညမှောင်မှသာ ရောက်လာသော ထမင်းထုပ်ကို တနေ့တကြိမ်သာ စားကြသည်။ တခါတရံ ထမင်းထုပ် မရောက်လာ။ ဒါလည်း ပြဿနာ မရှိ။ အမိန့်ရလျှင် ဆက်တက်သည်။ ငြိမ်နေဟု အမိန့်လာလျှင် ဆက်၍ ငြိမ်နေ သည်။ တောင်ကုန်းသိမ်းဆိုလျှင် အမိန့်အတိုင်း ဆက်၍ သိမ်းသည်။ ဤမျှ အကြောက်အရွံ့နည်း၍၊ အသက်ကို ပမာမထား၊ အပင်ပန်းခံနိုင်သော တပ်များ ဖြစ်သည်။

အမှန်တော့ နယ်မြေလုစစ်ပွဲကြီး နွှဲနေခြင်းပင် ဖြစ်သည်။ (န၀တ) စစ်အစိုးရတပ်များနှင့် တိုက်နေခြင်းလည်း မဟုတ်။ တိုင်းရင်းသားတပ်များ အချင်းချင်း ချနေကြရခြင်း ဖြစ်သည်။ တဖက်တွင် ရှမ်းတိုင်းရင်းသား၊ လားဟူ၊ အခါ တိုင်းရင်းသား များ ပါသလို၊ ၀တပ် ဘက်တွင်လည်း ရှမ်းအပါအ၀င်၊ အခြားတိုင်းရင်းသားများပါ ပါနေကြသည်။ သွေးတွေ ချောင်းစီး ခဲ့ကြပြီ။ ဤတောတောင် ထူထပ်သည့် လွင်ပြင်တခုအတွက် အသက်များစွာ ရင်း၍ တိုက်နေကြသည်။ ဒဏ်ရာရ ရဲဘော်တွေ ပုံကျလာသည့်အခါ သူက စစ်ပွဲနှင့် ပတ်သက်၍ ပို၍ လေးလေးနက်နက် စဉ်းစားမိသည်။ “ခင်ဗျားတို့ဗျာ... အခု စစ်တိုက် နေကြတာကို ဘယ်လိုထင်သလဲ။ ဘာဖြစ်လို့ တိုက်နေကြတာလဲ....။” သူက ဗမာစကား အနည်း အကျဉ်း ရသည့် လူနာ အချို့ကို မေးဖူးသည်။

“ဆရာလုံရယ်... ငါတို့ လူကြီးတွေ တိုက်လို့ပြောလို့ တိုက်တာပဲ။ အရင်က သူတို့ပြောတယ်။ ဗမာနဲ့ ပြဿနာ ရှိတယ် ဆိုတော့ ဗမာနဲ့ တိုက်ကြတာပေါ့။ ဘယ်သိမှာလဲ။ အခုတော့ ငါတို့လူကြီးတွေပြောတာ ဗမာနဲ့က ပြဿနာမရှိတော့ဘူး။ ခွန်ဆာနဲ့ ပြဿနာရှိတယ် ဆိုတော့လည်း တိုက်ပေါ့။ စစ်သားပဲ။ စစ်မြေပြင်မှာတော့ တိုက်ရမှာပေါ့...” ၀ရဲဘော်ကြီး တယောက်က ရိုးသားစွာ ပြန်ဖြေခဲ့ဖူးသည်။

ဝကလေးများပုံ
Source: S. H. A. N, Shan Drug Watch

တကယ်တော့ “စစ်ပွဲ”ကပင် ဤဒေသတခုလုံးကို မောင်းနှင်ပေးသည့် စီးပွားရေးအင်ဂျင်ကြီး ဖြစ် နေသည်။ ၀ဒေသများတွင် သီးနှံ စိုက်ပျိုး၍ ကောင်းကောင်းမဖြစ်။ တောင်များက တောင် ကတုန်းများသာ များသည်။ နောက်ပိုင်းတွင် ဘိန်းစိုက်ကြသော်လည်း ဘိန်းတောင်သူများမှာ ရရစားစား လူဆင်းရဲများသာ ဖြစ်သည်။ မကြွယ် ၀ကြပါ။ ဘိန်းကိုချက်၍၊ စီရင်၍၊ ကုန်သွယ်ကြ သူများကသာ စီးပွားလမ်းဖြောင့်ကြသည်။ ၀လူငယ် လူရွယ်များအဖို့ သက်မွေးဝမ်းကြောင်း မှုမှာ စစ်သား လုပ်ရန် သာ ရှိသည်။ စစ်ကြောင့် အိမ်ထောင်ကွဲ၊ သားဆုံး၊ လင်ဆုံး ရှိကြသလို၊ မိဘမဲ့ ကလေးများ၏ တပ်မတော်လည်း ရှိလာခဲ့ သည်။ ကိုအောင်နိုင်ဦး ပြောပြခဲ့သလို ကလေး များကိုလည်း ကျောင်းသားဘ၀မှစ၍ တပ်စု၊ တပ်စိတ်၊ ကင်းစောင့်နှင့် စစ်ပုံ သွင်းထားခဲ့သည်။ သူတို့ကြီးလာလျှင်လည်း ဤစစ်ပွဲအင်ဂျင်ကြီးကို လောင်စာဖြည့်ကြ မည် သာ ဖြစ်သည်။ သူတို့ မွေးဖွား ချိန်မှစ၍ စစ်ကို မြင်လာပြီး ကြီးပြင်းရသည်။ အရွယ်မတိုင်ခင် တိုက်ပွဲကျ၍လည်း စစ်အတွင်း ဘ၀ဇာတ်သိမ်းသွား နိုင်သည်။ အစုအဝေး၊ လူ့ယဉ်ကျေးမှုမှာလည်း စစ်ပွဲနှင့်သာ အသားကျ၊ စစ်ယဉ်ကျေးမှု ဖြစ်နေခဲ့သည်။ လက်နက်ကိုင်ထား သူက သြဇာရှိသည်။ လက်နက်ကိုင်ထားသူသာ ယောက်ျားပီသသည်။ လက်နက်ကိုင်စစ်သားသည်သာ အကောင်းဆုံး သက်မွေး ၀မ်းကျောင်း ဖြစ်နေသည်။ အုပ်စု အစုအဖွဲ့အဖြစ်၊ လူမှု အသိုင်းအ၀ိုင်းတခုအဖြစ် နွေးထွေးလုံခြုံမှု ပေးနိုင်သည် မှာလည်း ဤလက်နက်ကိုင် တိုက်ပွဲအတွင်းရှိ တပ်စု၊ တပ်ဖွဲ့များတွင်သာ ရှိသည်။ ဆက်သွယ်ရေးပညာ၊ ကျောင်းပညာ၊ တခုခု ဘ၀ အဆင့်မြင့်လိုလျှင်ဖြင့်လည်း ဤစစ်တပ်ထဲတွင်သာ ဘ၀အတွက် အခွင့်အလမ်း၊ တက်လမ်းက ပွင့်နေသည်။

နှစ်သစ်ကူး မီးပုံပွဲတခုကိုလည်း သူတို့ကြုံလိုက်ရသေးသည်။ ၀ပျိုဖြူများက သီချင်းဆို၍ မီးပုံကို လှည့်ပတ် ကသည်။ ၀ရဲဘော် များကလည်း လိုက်ကကြသည်။ သီချင်းဆိုကြသည်။ သူတို့လည်း လိုက်၍၀ိုင်းပတ်ကသည်။ ဆိုနေကြသည့် သီချင်းကတော့ ရိုးရာသီချင်းတပုဒ်ပုဒ် ဖြစ်လိမ့်မည် ထင်သည်။ သူက ဗမာစကားတတ်သူ တယောက်ကို သူတို့ ဘယ်လို သီချင်းမျိုး သီဆိုနေကြသနည်းဟု မေးကြည့်မိသည်။

“ခွန်ဆာ သေနတ် ချောက်....ချောက်...ချောက်...”
“ငါတို့သေနတ် ဒိုင်း.... ဒိုင်း.... ဒိုင်း” ဟု ပြန်ပြောပြသည်။

ဤကဲ့သို့ အနုပညာဖျော်ဖြေမှုမျိုးနှင့် သူတို့ အပန်းဖြေကြသည်။ သူတို့ ဘ၀တခုလုံးက စစ်ပွဲနှင့် ပြေး၍ မလွတ်နိုင်အောင် ရှိလှသည်။ ယဉ်ကျေးမှုကအစ ဤစစ်ပွဲအင်ဂျင်ကြီးကို မီးရှိန်မြှင့် အောင် ပံ့ပိုး သွေးထိုးပေးနေသည်။ ဤစစ်ပွဲအင်ဂျင်ကြီးထဲ လူငယ်များ၊ လူကြီးများ၊ ကလေးများ၊ မိန်းမများ၊ ဘ၀များ မည်မျှ ၀ါးမြိုလောင်ကျွမ်းခဲ့ပြီ မသိ။ ယခုတိုင်လည်း ဆက်လက် အစာကျွေးနေဆဲ ဖြစ်သည်။

ယောဟန်အောင်
ဆက်လက်ဖော်ပြပါမည်။ မျှော်...


Rest of your post

1 comment :

The Wild Rose said...

စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံလေးတွေ ဖြစ်လို့ ဆက်လက်ဖေါ်ပြပေးပါဦး ....
အခုလိုဖေါ်ပြပေးတဲ့အတွက် ကျေးဇူးပါ ....