Tuesday, 31 March 2009

အမေရိကန်မော်တော်ကား ကုမ္ပဏီများ အပေါ် သမ္မတ အိုဗားမား၏ အရေးယူမှု

သမ္မတ အိုဗားမား နှင့် နုတ်ထွက်စေခြင်းခံခဲ့ရတဲ့ GM C.E.O ဟောင်း ရစ်ခ်ဝပ်ဂ်နာ အတူတကွတွေ့ရစဉ်

-မြတ်စိုး-
၀၃-၃၁-၂၀၀၉

အမေရိကန် မော်တော်ကား ကုမ္ပဏီကြီးတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ကတည်းက ၀ယ်လိုအား ကျဆင်း နေမှု၊ ကုန်ထုတ်လုပ်မှု စရိတ်မြင့်မားနေမှု၊ အရည်အသွေး ညံ့ဖျင်းမှု နှင့် မော်တော်ကားပုံစံ လူကြိုက်နည်းမှု၊ ဆီစားမှု စတဲ့ ပြဿနာတွေကြောင့် ၀င်ငွေ ဘီလီယံနဲ့ ချီပြီးဆုံရှုံးနှစ်နာနေခဲ့ကြတယ်။ ယခင်က ခေတ်စား လူကြိုက်များ ခဲ့တဲ့ Buick, Pontiac , Cadillac မော်တော်ကားအမျိုးအစားတွေကို အမေရိကန်လမ်းမကြီးတွေ၊ မြို့ ကြီးတွေ မှာ တွေ့ခဲ့ရသော်လည်း၊ ယခုကာလမှာတော့ ဆီစားသက်သာ ပြီး၊ အရည်အသွေးကောင်းပြီး လှပမှုရှိကြတဲ့ Lexus, Toyota Camry, Toyota Avalon, Honda Accord, Honda Civic အမျိုးအစားတွေကို အမေရိကန် လမ်းမတွေ၊ မြို့ ကြီးတွေမှာ အစားထိုးတွေ့လာခဲ့ရတယ်။ လွန်ခဲ့တဲ့နှစ်တွေက ဓာတ်ဆီဈေးကျဆင်း နေမှုကြောင့် ၀ယ်လိုအားကျဆင်းမှု သိသာမှု သိပ်မရှိသော်လည်း၊ ၂၀၀ရ ခုနှစ် ကစပြီး ဓာတ်ဆီဈေးမြင့်တက် လာခဲ့မှုဟာ အမေရိကန် မော်တော်ကားများကို ၀ယ်လိုမှု သိသိသာသာလျော့ကျလာစေခဲ့တယ်။ အမှန်တော့ ပြဿနာတွေ ဟာ တခုတည်းကြောင့် မဟုတ်ဘဲ၊ နှစ်ပေါင်းများစွာကတည်းက ရင်ဆိုင်နေခဲ့ကြရတဲ့ ထုတ်လုပ်မှု စရိတ် မြင့်မားနေမှု၊ လူကြိုက်နည်းလာမှုပြဿနာ၊ ငွေကြေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေဟာလည်း တဖြေးဖြေး မီးလောင်ရာလေပင့်ဆိုသလို စီးပွားရေးအကျပ်အတည်း ကာလအတွင်း ယမ်းအိုးကြီးသဖွယ် ထပေါက်ကွဲ သွားခဲ့ရတယ်။

အထူးသဖြင့် ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလအတွင်း ဒီကားကုမ္ပဏီတွေ ဟာ ဘီလီယံနဲ့ချီ ဆုံးရှုံးနစ်နာမှုတွေကို ရင်ဆိုင်နေခဲ့ကြရတယ်။ ဈေးကြီးပေးနေရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ( UAW) အလုပ်သမားတွေ ကို သောင်းနဲ့ချီလျော့ချ လာခဲ့ကြ ရတယ်။ နစ်နာကြေးတွေကို ဘီလီယံနဲ့ချီ လျော်ပေး ခဲ့ကြရတယ်။ ဒီလိုငွေကြေး ဆုံးရှုံးမှုတွေ ကြောင့် အမေရိကန် မော်တော်ကားကုမ္ပဏီ တွေဟာ အစိုးရဆီက ငွေကြေးထောက်ပံ့မှုတွေ ကို အလျင်အမြန် တောင်းခံလာခဲ့ကြရတယ်။

အမေရိကန်သမ္မတ အိုဗားမား က အမေရိကန်အစိုးရဆီက ဘီလီယံများစွာ ငွေကြေးထောက်ပံ့မှု ရယူထား ခဲ့ကြတဲ့ အမေရိကန်မော်တော်ကားကုမ္ပဏီကြီး ၂ ခု ဖြစ်ကြတဲ့ ဂျီမန် (General Motors Corp ) and ခရိုက်စလာ Chrysler LLC တို့ရဲ့ ကုမ္ပဏီ အကြီးအကဲတွေ နှင့် တာဝန်ရှိ သူတွေဟာ ရင်ဆိုင် နေရတဲ့ ငွေကြေးဆိုင်ရာ ပြဿနာအခက်အခဲတွေ၊ ကုမ္ပဏီကို ပြန်လည်နလံထူထောင်လာအောင် ဖြေရှင်းနိုင်ဖို့ တိကျပြီး သိသာထင်ရှားတဲ့ အစီအစဉ်တွေကိုမလုပ်ဆောင်နိုင်ခဲ့တဲ့အပြင်၊ ဘာမှ ထူးခြားတဲ့ ကုမ္ပဏီအတွင်း ပြုပြင်ပြောင်းလဲမှု (Organizational Restructuring) တွေကို မလုပ်နိုင်ခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားပြီး၊ လက်ရှိခေါင်းဆောင်မှု ပြောင်းလဲမှု မရှိလျှင် အစိုးရက ဆက်လက်ပြီးငွေကြေးထောက်ပံ့မှုနှင့် ချေးဌားမှုတွေ ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ တနင်္လာနေ့က ထုတ်ဖော် ပြောဆို သွားပါတယ်။

ဒီလို ထုတ်ဖော်ပြောဆိုသွားပြီးနောက် ဂျီမန် (General Motors Corp ) ရဲ့ အကြီးအကဲ(C.E.O and Chairman) Rick Wagoner ရစ်ခ်ဝပ်ဂ်နာ ဟာ ရာထူးကနေ ချက်ခြင်းဆိုသလို နုတ်ထွက်သွားခဲ့ရပါတယ်။ သူရဲ့ နုတ်ထွက်ခဲ့ရခြင်းဟာ အစိုးရ ငွေကြေးထောက်ပံ့မှုနှင့် ချေးဌားမှု ရယူလိုလျှင် ကုမ္ပဏီ အတွင်းပြုပြင်ပြောင်းလဲမှု (Organizational Restructuring) လုပ်ပေးရမယ် ဆိုတဲ့ ဂျီမန် (General Motors Corp ) နှင့် အစိုးရ အကြားသဘောတူညီ ခဲ့ကြတဲ့ အတိုင်း ကုမ္ပဏီက လုပ်ဆောင်ပေးရမည့် အဓိကအချက်တခုဖြစ်တယ်။ ဂျီမန် (General Motors Corp ) ရဲ့ အကြီးအကဲဟောင်း (C.E.O and Chairman) Rick Wagoner နုတ်ထွက် သွားပြီးနောက် သူဟာ ဒေါ်လာ ၂၃ သန်း လျော်ကြေးငွေရရှိမှာ ဖြစ်ပြီး၊ နောက် အသစ်ခန့်အပ်မည့် General Motors Corp ရဲ့ အကြီးအကဲ C.E.O သစ် Fritz Henderson က တနှစ်ကို ဒေါ်လာ ၅ သိန်းသာ ရရှိတော့ မှာသာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် ကုမ္ပဏီရဲ့ နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်းအရ Fritz Henderson ဟာ တနှစ်ကို ၁၄ ဒသမ ၅ သန်း ၀င်ငွေ ရရှိခဲ့ကြောင်း သိရှိရပါတယ်။
















GM C.E.O အသစ်ဖရိုက်တပ်စ် ဟန်ဒါဆင် နှင့် C.E.O ဟောင်း ရစ်ခ်ဝပ်ဂ်နာ

သမ္မတ အိုဗားမားက ရက်ပေါင်း ၆၀ အတွင်း ပိုမိုတိကျ ရှင်းလင်းပြတ်သားတဲ့ ကုမ္ပဏီအတွင်း ပြုပြင်ပြောင်းလဲမှု တွေ ကို အစိုးရထံပြန်လည်တင်ပြ ဖို့တောင်းဆိုခဲ့တယ်။ မော်တော်ကား လုပ်ငန်း ကို ကျွမ်းကျင်တဲ့ စီးပွားရေး ပညာရှင်တွေ နှင့် လေ့လာ သုတေသန ပြုနေသူတွေ ကတော့ ဒီကုမ္ပဏီအတွင်း ပြုပြင်ပြောင်းလဲမှုတွေထဲ မှာ ကုမ္ပဏီဘုတ် အဖွဲ့ဝင်
အများစု ( Board of Directors)များ၊ အလယ်အလတ် စီမံခန့်ခွဲအုပ်ချုပ်သူများ ကို နုတ်ထွက်စေခြင်းများ ပါရှိကြ လိမ့်မယ်လို့ ပြောဆိုနေကြတယ်။ ဒါ့အပြင် ပင်စင်ယူသွား ခဲ့ကြတဲ့ UAW အလုပ်သမားသမဂ္ဂ၀င် အလုပ်သမားတွေရဲ့ ကျန်းမာရေး အတွက် တင်ရှိနေတဲ့ အကြွေး ၂၀ ဘီလီယံ နှင့် ဘွန်းလက်မှတ်ဝယ်ယူထားသူတွေ (Bond Holders ) ပေါ်မှာ ရှိတဲ့ အကြွေး ၂၈ ဘီလီယံ ကို ဘယ်လိုဖြေရှင်း မလဲ ဆိုတာတွေ ၊ အလုပ်သမား သမဂ္ဂတွေနဲ့ ဘယ်လိုသဘောတူညီချက် အသစ်တွေ ပြန်လုပ်မလဲ ဆိုတဲ့ အသေးစိတ်အချက် အလက်တွေ၊ အကြွေးများကို လျော်ပစ်မဲ့ ဒေ၀ါလီခံမှုများ ပါဝင်လာလိမ့်မယ်လို့ ဂျီမန် (General Motors Corp ) အကြီးအကဲသစ် C.E.O Fritz Henderson က ABC ရုပ်မြင်သံကြားသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အတည်ပြု ပြောကြားခဲ့တယ်။

ဂျီမန် (General Motors Corp ) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အစိုးရက ၁၃ ဒသမ ၄ ဘီလီယံ ငွေထုတ်ချေး ပေးခဲ့ရပြီး၊ ၁၆ ဘီလီယံ ထပ်မံငွေကြေးအကူအညီပေးဖို့တောင်းခံခဲ့သလို၊ ခရိုက်စလာ Chrysler LLC ကလည်း ၄ ဘီလီယံ ငွေချေးခဲ့ပြီး၊ ၅ ဘီလီယံ ငွေချေးအကူအညီ ထပ်မံပေးဖို့တောင်းခံခဲ့ကြတယ်။ ခရိုက်စလာ Chrysler LLC ကုမ္ပဏီကတော့ ဥရောပ မော်တော်ကားထုတ်လုပ်တဲ့ ဖီးယက် ( Fiat) ကုမ္ပဏီ နဲ့ ဖက်စပ်လုပ်ကိုင်ဖို့ (Merger) ဆိုင်ပြင်းနေပါပြီ။ ခရိုက်စလာ Chrysler LLC ဟာ အမေရိကန်မှာ တတိယ အကြီးဆုံး မော်တော်ကား ကုမ္ပဏီဖြစ်ပါတယ်။ ခရိုက်စလာ Chrysler LLC ဟာ ဂျာမန် မော်တော်ကား ကုမ္ပဏီဖြစ်တဲ့ ဒိုင်မလာ ( Daimler) နဲ့ လည်း ၁၉၉၈ ခုနှစ်က ဖက်စက် ( Merger) လုပ်ကိုင်ခဲ့ဘူး ပါသေးတယ်။ ခရိုက်စလာ Chrysler LLC ဟာ Dodge, Jeep, Chrysler, Valiant, Plymouth, DeSoto, နှင့် Imperial မော်တော်ကား အမျိုးအစားတွေ ကို နိုင်ငံတကာမှာ ရောင်းချနေတယ်။

အမေရိကန်အစိုးရ က ဒီမော်တော်ကားကုမ္ပဏီကြီးတွေဟာ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာ နှင့် နည်းဗျူဟာ များ အပါအ၀င် ကုမ္ပဏီအတွင်း ပြုပြင်ပြောင်းလဲမှု (Organizational Restructuring) တွေကို သိသာ တိုးတက်လာအောင် ပြုလုပ်မယ်ဆိုရင် ငွေကြေးကူညီထောက်ပံ့မှုတွေကို ပြုလုပ်ပေးမဲ့အပြင်၊ မော်တော်ကားသစ် ၀ယ်ယူသူများအတွက် အကောက်ခွန် မက်လုံတွေ၊ အာမခံချက်တွေ ကို ကုမ္ပဏီကိုယ်စား ကူညီကမ်းလှမ်းပေးမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။

ဂျီမန် (General Motors Corp ) ကုမ္ပဏီဟာ ကမ္ဘာမှာ တိုယိုတာ မော်တော်ကား ကုမ္ပဏီ ပြီးလျှင် ဒုတိယ အရောင်းရဆုံးသော မော်တော်ကားကုမ္ပဏီဖြစ်ပါတယ်။ ဂျီမန်(General Motors Corp ) ကုမ္ပဏီ ကို ၁၉၀၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး၊ စုစုပေါင်း အလုပ်သမား ၂၅၂,၀၀၀ ကျော် နိုင်ငံပေါင်း ၃၄ နိုင်ငံ မှာ လုပ်ကိုင်ခဲ့ကြပြီး၊ နိုင်ငံပေါင်း ၁၄၀ ကျော်ကို တင်ပို့ရောင်းချနေပါတယ်။ ဂျီမန် (General Motors Corp ) ကုမ္ပဏီ မှ Buick, Cadillac, Chevrolet, GMC, GM Daewoo, Holden, Hummer, Opel, Pontiac, Saab, Saturn, Vauxhall နှင့် Wuling နံမည်အမျိုးအစားတို့ဖြင့် တကမ္ဘာလုံးကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ၃၀ ဘီလီယံ ကျော်အရှုံးပေါ်ခဲ့တယ်။ ယခုအခါ ဂျီမန် (General Motors Corp ) ကုမ္ပဏီဟာ သိန်းနဲ့ချီ အလုပ်အကိုင်တွေကို လျော့ချနေပါပြီ။

မနေ့ က မော်တော်ကားကုမ္ပဏီတွေကို မှီခိုနေကြတဲ့ အခြား Suppliers ကုမ္ပဏီတွေကလည်း ကုန်ထုတ်လုပ်မှု သက်သာအောင် နှင့် ပစ္စည်းမှာလိုအား လျော့နည်းလာမှုတွေအတွက် သိသာထင်ရှားတဲ့ ကြိုတင်အရေးယူမှု တွေ ကိုပြုလုပ်လာနေတာကိုတွေ့လာရတယ်။ ဥပမာ- လစာ ၂၅ ရာခိုင်နှုန်း လျှော့ချမှု ကို လက်ခံမလား၊ ကိုယ့်ဘာသာကိုယ် အလုပ်ကရပ်နားတာ ယူမလား ( Voluntary Laid-off) စတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်လာနေရပါပြီ။ တကယ်လို့ ကိုယ့်ဘာသာကိုယ် အလုပ်ကရပ်နားတာ ( Voluntary Laid-off) ယူခဲ့ရင်၊ Severance Pay လို့ခေါ်တဲ့ ကုမ္ပဏီက နှစ်နာကြေး၊ ထောက်ပံ့ကြေးတွေကို ခံစားရမှာ မဟုတ်ကြောင်း အလုပ်သမားတွေကို အသိပေးမှုတွေရှိခဲ့တယ်။ တချို့ကုမ္ပဏီတွေမှာ တပတ် ၄ ရက်ထိ အလုပ်ချိန်လျှော့ချ ခဲ့ကြတယ်။ ဒီလို လစာလျှော့ချမှုတွေ၊ အလုပ်အကိုင်လျှော့ချမှုတွေကို နိုင်ငံတကာ မှာ မကြာခင်တွေ့လာ ရတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ထုတ်ကုန်/ တင်ပို့ကုန် ( Exports) ဟာလည်း သိသိသာသာ ကျဆင်းလာတော့မှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်မှာ ထုတ်ကုန်/တင်ပို့ကုန် ( Exports) ၄၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ဒီအထဲက အမေရိကန်နိုင်ငံသို့ တင်ပို့မှု ၅၈ ဒသမ ၄ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ဥရောပသို့ တင်ပို့မှု ၅၄ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဂျပန်အစိုးရက တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အမေရိကန်သမ္မတ အိုဗားမားကတော့ ဒီနေ့ လန်ဒန်မှာ G-20 အစည်းအဝေးကို တက်ရောက် ပါလိမ့်မယ်။ ကမ္ဘာ့စီးပွားရေး နလံထူလာအောင် ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သင့်တယ်ဆိုတာနဲ့ ပက်သက်ပြီး၊ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံခေါင်းဆောင်များ ဆွေးနွေးကြပါလိမ့်မယ်။ ရွေးကောက်ပွဲ မတိုင်ခင်က ဥရောပပြည်သူတွေဟာ သမ္မတ အိုဗားမား ကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသော်လည်း၊ လန်ဒန်မှာ သူ့ကို ဘယ်လိုကြိုဆိုမလည်း ဆိုတာကတော့ အားလုံးက စိတ်ဝင်တစား ရှိနေကြပါတယ်။

(စာရေးသူ ကိုမြတ်စိုး သည် ၂၀၀၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ စီးပွားရေး မဟာဝိဇာဘွဲ့ရရှိထားသူ ဖြစ်ပြီး၊ အမေရိကန် မော်တော်ကားထုတ်လုပ်သော လုပ်ငန်းတွင် ၁၄ နှစ် ကြာ အလုပ်လုပ်ကိုင်ခဲ့သူ တဦးဖြစ်ပါသည်။)



Rest of your post

No comments :