ရန်ကုန်မြို့တွင်းက သောင်းကျန်းသူများ
ကျော်သိင်္ခ
မတ်လ ၁၉ ရက်၊ ၂၀၀၉
ရန်ကုန်မြို့ရှိ အနှိပ်ခန်း နှင့် ကာရာအိုကေ ဆိုင်များတွင် ကြံ့ဖွတ်၊ စွမ်းအားရှင်များအပါအ၀င် အာဏာပိုင်များ သောင်းကျန်းနေကြောင်း ရန်ကုန်ရှိ ကာရာအိုကေဆိုင်ရှင်တစ်ဦးက We Fight We Win သို့ ယခုလိုပြောကြားသည်။
“ညဘက် ၉ နာရီ လောက်ဆိုရင် သူတို့ရောက်လာပြီ။ စရဖ ရော၊ ကြံ့ဖွတ်တွေပါရောက်လာတာ။ ကျနော်တို့ကတော့ နားလည်မှုနဲ့ ကြိုက်တဲ့သီချင်းကိုဆို။ Section ကြေးမပေးနဲ့။ ဒါပေမယ့် ကိုယ်စားသောက်သွားတာတွေတော့ ရှင်းသွားပေါ့ဗျာ။ သူတို့က တစ်ခါလာရင် လူငါးယောက်၊ ခြောက်ယောက်လောက်လာတယ်။ ကျနော်တို့ကတော့ ဘာမှ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာက ဘီယာဆိုင်၊ ကာရာအိုကေဆိုင်တွေဆိုရင် ည ၁၁ နာရီပိတ်ရမယ်လို့ အမိန့်ထုတ်ထားတာ။ သူတို့လာပြီး ဆိုရင် ည ၁၁ နာရီအထိ မကဘူး။ သူတို့ပြန်တဲ့အထိ ဆိုင်ဖွင့်ခွင့်ရှိတော့ ကျနော်တို့ကလည်း နားလည်မှုနဲ့ သီချင်းဆိုမယ်ဆိုရင် ကြိုက်သလောက်ဆိုပေါ့။ ဒါပေမယ့် သီချင်းဆိုရင်း မှာစားသွားတာတွေတော့ ရှင်းသွားပေါ့ဗျာ။ ကျနော်တို့လည်း ဒါတွေက ပြန်ပြီးဝယ်ရတာ။ ကြာတော့ ဘယ်ခံနိုင်မလဲ။” ဒါကတော့ အင်းစိန်က ကာရာအိုကေ ဆိုင်ပိုင်ရှင်တစ်ဦးကို We Fight We Win ကအခုလို ဆက်သွယ်ပြီး ပြောပြခဲ့တာဖြစ်ပါတယ်။
ထို့ပြင် မြောက်ဥက္ကလာရှိ ဘီယာဆိုင်ပိုင်ရှင်တစ်ဦးကလည်း “ကျနော်တို့ ဆိုင်မှာ promotion ပွဲတစ်ပွဲလုပ်ရင် နာမည်ကြီး အဆိုတော်တွေနဲ့ စင်တင် စတိတ်ရှိုးလုပ်တယ်။ အဲဒီလို လုပ်ရင် ကျနော့်အနေနဲ့ စစ်ဒေသရော၊ စရဖ ရော၊ SB ပါ ဖိတ်ပါတယ်။ သူတို့အတွက် တစ်ဝိုင်းစာစီစဉ်ထားရတာပေါ့။ အဲဒါ သူတို့ဘက်က ဘယ်နှစ်ယောက်လာမယ်ဆိုတာ ကြိုတင်ပြောပေါ့ဗျာ။ အဲဒီလိုလဲ ပြောမထားဘူး။ Promotion ပွဲနေ့မှာ ကိုယ်က ၁၅ ယောက်စာတစ်ဝိုင်း စီစဉ်ထားလိုက်တယ်။ သူတို့က ခေါ်လာတော့ လူစုံတက်စုံခေါ်လာတယ်။ ၀ိုင်းမဆန့်တော့ သူတို့က စိတ်ဆိုးတယ်။ ပြီးတော့ စင်ပေါ်မှာက အဆိုတော်တွေက ဖျော်ဖြေလို့ ကောင်းတုန်းရှိသေးတယ်။ ၁၁ နာရီ ထိုးတာနဲ့ ဆိုင်ကို တန်းပြီး ပိတ်ခိုင်းလိုက်တော့ အဆိုတော်တွေကိုရော၊ customer တွေကိုပါ မျက်နှာပျက်ရတာပေါ့” လို့ အဆိုပါ ဘီယာဆိုင်ပိုင်ရှင်က သူ့အတွေ့အကြုံကို ပြောပြသွားတာဖြစ်ပါတယ်။
ရန်ကုန်မြို့တွင် အရက်ဆိုင်၊ ဘီယာဆိုင်၊ အနှိပ်ခန်း နှင့် ကာရာအိုကေဆိုင်များကို ည ၁၁ နာရီထက် ကျော်၍မဖွင့်ရ အမိန့်ထုတ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း၊ အာဏာပိုင်များလာရောက် သီချင်းဆိုလျှင် ၄င်းတို့ပြန်သွားသည့်အထိ ဆိုင်ဖွင့်ခွင့်ရကြောင်း၊ သို့သော် ၄င်းတို့ပြန်သွားသည့်အခါ စားသောက်ထားသည်များကို ရှင်းမသွာသည့်အပြင်၊ အရက်၊ ဘီယာပုလင်းများကိုပင် ဆတ်ကြေးကောက်သလို တောင်းကြကြောင်း၊ တစ်ခါတစ်ရံ အာဏာပိုင်အဖွဲ့အစည်းတစ်ခုမှ တစ်ယောက်ကိုဖိတ်ပြီး ကျန်တစ်ယောက်ယောက်ကို မဖိတ်မိပါက အဆိုပါလူမှ ပြဿနာရှာကြောင်းလည်း သိရသည်။
ယခုကဲ့သို့ စီးပွားရေးပျက်ကပ် ဆိုက်နေချိန်တွင် ပြည်သူလူထုမှာ ဘီယာမပြောနှင့် ထမင်းတောင် နပ်မှန်အောင်စားရဖို့မလွယ်ကူပါ။ သို့သော်လည်း ရန်ကုန်မြို့ရှိ ဘီယာဆိုင်၊ ကာရာအိုကေခန်းများ နှင့် အနှိပ်ခန်းများတွင် ည ၉ နာရီကျော်လျှင် SB များ၊ စရဖ များ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်များဖြင့် စည်ကားနေသည်။ လူထုထံမှတစ်နေ့ကုန် လှည့်ပတ်ပြီး အတင်း အဓမ္မ တောင်းရမ်းထားသော ပိုက်ဆံများကို ညအချိန်ကျလျှင် အနှိပ်ခန်းတွင် ဖြုန်းကြသည်။ ဘီယာနှင့် မျှောပစ်ကြသည်။ အချိုက နေ့ခင်းတွင် တောင်းရမ်းတာ အားမရလျှင် ညအချိန်တွင် ကိုယ်နှင့် နီးစပ်ရာ ဆိုင်များတွင် လှည့်လည် သောင်းကျန်းသည်။ ပိုက်ဆံတောင်းလို့ရလျှင်ရ၊ မရလျှင် အရက်ပုလင်းရလျှင် အရက်ပုလင်း မ သည်။ ထို့ကြောင့် ရန်ကုန်မြို့တွင်းရှိ ဘီယာဆိုင် နှင့် ကာရာအိုကေဆိုင် များမှာ အရင်းပြုတ်ကာ ဆက်မဖွင့်နိုင်တော့ကြောင်း၊ အာဏာပိုင်များ ယခုကဲ့သို့ လှည့်ပတ်သောင်းကျန်းနေသည့်အတွက် အရင်းပြုတ်ကာ ပိတ်ပစ်လိုက်ရသည် ဆိုင်အရေအတွက်မှာ ရန်ကုန်မြို့တွင် တစ်လလျှင် အနည်းဆုံး လေးငါးဆိုင်အထိ ရှိကြောင်း ရန်ကုန်ရှိ ဘီယာဆိုင်၊ ကာရာအိုကေဆိုင် ပိုင်ရှင်များ အသိုင်းအ၀ိုင်းမှ တစ်ဆင့် သိရသည်။
No comments :
Post a Comment