Thursday, 23 April 2009

လူ့အခွင့်အရေးနှင့် ယနေ့ကမ္ဘာ (အပိုင်း ၃)


အီ
ရတ်နှင့် နိုင်ငံကြီးများ

အီရတ်ဆိုတဲ့ နိုင်ငံဟာ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်အပြီး နှစ်အနည်းငယ်အကြာ ကမ္ဘာ့မြေပုံပေါ်မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ မူလကတော့ အာရပ်နယ်ခံ စော်ဘွားတွေ သူ့နေရာနဲ့သူ ပိုင်းခြားပြီး အုပ်ချုပ်ခဲ့တဲ့ ဒေသကြီးတခု ဆိုရင်လည်း မမှားပါဘူး။ ပြောရ ရင်တော့ Nation State ဆိုတဲ့ အဆင့်အတန်း သဘောမျိုး ဖြစ်လာခဲ့တာ နှစ်ပေါင်း (၈ဝ) ကျော် ဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။

အဲသည့်အချိန်ကတည်းက ရေနံဟာ နောင်အနာဂါတ်မှာ အရေးပါလာမှာကို ကြိုတွက်မိလို့ အီရတ်ဖြစ်လာမဲ့ ဒေသကို ဗြိတိသျှ တွေက ဝင်ပြီးပတ်သက် လာခဲ့တာလည်း ဖြစ်ပါတယ်။ အီရတ်နယ်မြေကို ဝင်တိုက်ပြီး ဗြိတိသျှနဲ့ အလွမ်းသင့်မဲ့ အစိုးရမျိုး ထူထောင်ဖို့ ဖန်တီးခဲ့သူကတော့ ဝင်စတန်ချာချီ (ထိုစဉ်က ဝန်ကြီးချုပ်မဖြစ်သေး) ဖြစ်ပါတယ်။ အီရတ်နယ်မြေ ကြီးဟာ အဲသည့် အချိန်က တူရကီအင်ပိုင်ယာရဲ့ လက်အောက်ခံ နယ်မြေတခု ဖြစ်ပါတယ်။

စစ်ကြီးပြီး နောက်ပိုင်းတက်လာတဲ့ အစိုးရဆိုတာကလည်း ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးပါ။ ဒါကိုလည်း ဗြိတိသျှတွေပဲ ဖန်တီးခဲ့ တာ ဖြစ်ပါတယ်။

ဒီဖက်ခေတ် ရောက်လာတော့ အားလုံးသိတဲ့အတိုင်း ဆက်ဒမ်ဟူစိန်က အီရတ်နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ် ခဲ့ပါတယ်။ ဆက်ဒမ်ဟာ ဘယ်လိုလူစားမျိုးလဲ ဆိုတာ ဒီနေရာမှာ ထောက်ပြလိုပါတယ်။ အတော်စောစောပိုင်း နှစ်များက ဆက်ဒမ်ဟာ သမ္မတ မဖြစ်သေးပါဘူး။ အဲသည့်တုံးက ဆက်ဒမ်အပါအဝင် သူရဲ့ လုပ်ဖော်ကိုင်ဖက် ဘာ့သ်ပါတီဝင် (၂ဝ) ခန့်လောက်ဟာ ထိုအချိန်က အာဏာရ အီရတ်အစိုးရကို အံတုလို့ ထောင်သွင်းအကျဉ်းချ ခံခဲ့ရပါတယ်။

ဆက်ဒမ်ရဲ့ အကျဉ်းကျဖက် (၂ဝ) ခန့်မှာ အသက်ရှင်ကျန်ရစ်သူဟာ ဆက်ဒမ်နဲ့ နောက်တဦးသာပဲ ဖြစ်ပါတယ်။ အဲသည်တုံးက အာဏာရ အီရတ်အစိုးရက သတ်လို့မဟုတ်ပါ။ နောက်ပိုင်း ဆက်ဒမ် အာဏာရတဲ့ အချိန်မှာ အဲသည့် ထောင်ကျဖက် လုပ်ဖော် ကိုင်ဖက်များကို သူရဲ့အာဏာ လုယူမယ့်သူများလို့ သံသယရှိရာက ထောင်သွင်း အကျဉ်းချပြီး ဖြုတ်ထုတ်သတ် လုပ်ခဲ့လို့ပါဘဲ။ ရဲဘော်ရဲဖက်ခြင်းတောင် ရက်စက်ဝံ့သူ ဖြစ်ပါတယ်။

ဆက်ဒမ်ဟူစိန် သမ္မတဖြစ်ခဲ့တဲ့ ကာလများ တလျှောက်မှာ အမေရိကန် အစိုးရ အဆက်ဆက်ဟာ အီရတ်ကို (၁၉၈၈ ကာလ အထိ) အကူအညီ အမြောက်အများ ပေးခဲ့ပါတယ်။ ဥပမာအားဖြင့် စိုက်ပျိုးရေးကဏ္ဍ တခုတည်းမှာပဲ နည်းပညာများ၊ စက် ကိရိယာများနဲ့ အခြားလိုအပ်သည်များ အတွက် တနှစ်မှာ အမေရိကန်ဒေါ်လာ တစ်ဘီလျှံဖိုး ရောင်းချပေး ခဲ့ပါတယ်။ အီရတ်တွေ ဆီက ရေနံကို အမေရိကန်က လိုတာမို့ အပြန်အလှန်သဘောကို ဒီနေရာမှာ မြင်နိုင်ပါတယ်။ မြန်မာစစ်အစိုးရကိုလည်း တရုတ် အစိုးရ သဘာဝဓာတ်ငွေ့ရလိုမှုနဲ့ ဒီလိုသဘောမျိုး ဆက်ဆံနေတယ် ဆိုတာကို သတိချပ်ဖို့ လိုပါတယ်။

ဆက်ဒမ်ဟူစိန် ရက်စက်ပုံကို ပြောမယ်ဆိုရင် အများကြီးပါ။ အိမ်နီးချင်း အီရန်နိုင်ငံနဲ့ စစ်ဖြစ်နေစဉ်အတွင်းမှာ ၁၉၈၃ ခုနှစ်က အီရတ်ကနေ အဆိပ်ဓာတ်ငွေ့များသုံးပြီးတိုက်လို့ အီရန်စစ်သား အများအပြားသေခဲ့ပါတယ်။ အဲသည့် စစ်ဖြစ်နေစဉ် ကာလများ တုံးက အမေရိကန်နိုင်ငံကနေ အီရတ်ကို နိုင်ငံရေးအရကော ငွေကြေးအရပါ အမြောက်အများ အကူအညီပေးခဲ့ပါတယ်။ အကြောင်း အရင်းက နှစ်ချက်ရှိပါတယ်။ တချက်ကတော့ အများသိထား သလို ရေနံအရင်းအမြစ် လိုချင်တဲ့ ကိစ္စပါ။ ဒုတိယ အချက်ကတော့ အမေရိကန်နဲ့ အီရန်ဟာ ကျောင်းတော်ကရန်စ ရှိထားလို့ပါ။ အီရန်နိုင်ငံရဲ့ ရှားဘုရင်ကို အစ္စလမ်ဘာသာရေး ခေါင်းဆောင်ဖြစ်တဲ့ အယာတိုလာခိုမေနီက ၁၉၇၉ မှာ ဖြုတ်ချလိုက်ပါတယ်။ တဆက်တည်းမှာလည်း တီဟီရန်မှာ ရှိတဲ့ အမေရိကန် သံရုံးကို အမရိကန်ဆန့်ကျင်ရေး အီရန်ဆန္ဒပြသူတွေက ဝင်သိမ်းလိုက်ပါတယ်။ အမေရိကန်သံတမန်တွေနဲ့ ဝန်ထမ်းတွေကို ဓားစာခံလုပ်ထားလိုက်တာ ရက်ပေါင်း (၄၄၄) ရက်အထိ ကြာခဲ့ပါတယ်။ အဲသည့်အနာက အမေရိကန် တွေအတွက် မကျက်သေးပါဘူး။

၁၉၈၇ ခုနှစ်မှာ အမေရိကန် သတင်းထောက်တဦးဖြစ်သူ ပီတာဂဲလ်ဘရိတ်ဟာ အီရတ်နိုင်ငံ မြောက်ပိုင်းကို ရောက်သွားခဲ့ ပါတယ်။ ရောက်သွားတဲ့ အကြောင်းကလည်း အီရတ်နိုင်ငံမြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ကာ့ဒ်လူမျိုးတွေကို ဆက်ဒမ် အစိုးရက အစုလိုက်အပြုံလိုက်သတ်နေတယ်ဆိုတဲ့ သတင်းများရယူဖို့ ဖြစ်ပါတယ်။ ကာ့ဒ်တွေကို အီရတ်တွေက သတ်ရတဲ့အကြောင်းကတော့ ကာ့ဒ်လူမျိုးတွေဟာ အီရန်အီရတ် စစ်ပွဲအတွင်း အီရန်တွေနဲ့ ပူးပေါင်းခဲ့တဲ့အတွက် ရန်ညှိုးထားခံရတာလည်း ဖြစ်ပါတယ်။ အဲသည့် ကာ့ဒ်လူမျိုးအရပ်သားတွေ ကို တာဝန်ခံပြီးသတ်တဲ့ သူကတော့ ဆက်ဒမ် ဟူစိန်ရဲ့ ညီအကိုဝမ်းကွဲတော်သူ ဗိုလ်ချုပ်အာလီ ဆိုသူ ဖြစ်ပါတယ်။ သူ့ကို ကမ်မီကယ်အာလီ (ဝါ) ဓာတုအာလီလို့ လူသိများပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတုအဆိပ်များကို သုံးပြီး ကာ့ဒ်လူမျိုး ကလေး၊ အမျိုးသမီး၊ သက်ကြီးရွယ်အို တွေပါမကျန် သတ်ဖြတ်ခဲ့လို့ ဖြစ်ပါတယ်။

ဟာလာဂျာ Halaja လို့ခေါ်တဲ့ အရပ်မှာ ဓာတုအဆိပ်လက်နက် များကြောင့် ကာ့ဒ်လူမျိုးများ ထောင်နှင့်ချီပြီး အစုလိုက် အပြုံ လိုက် အသတ်ခံခဲ့ရပါတယ်။ အဲသလို အသတ်ခံရတဲ့ အထောက်အထားများကိုလည်း သတင်းထောက်ဖြစ်သူ ပီတာ က ရရှိခဲ့ပါ တယ်။ ဒါ့ကြောင့် အမေရိကန်အစိုးရကို ဒီအဖြစ်အပျက်တွေ အကြောင်း ပြန်လည်အစီရင်ခံခဲ့ပါတယ်။ သို့သော် အဲသည့်အချိန်က နိုငံခြားရေးဝန်ကြီးဖြစ်တဲ့ ဂျော့ရှုလ်က အီရတ်ကို ပေးနေတဲ့ ချေးငွေများကို ဖြတ်တောက်ခဲ့ခြင်း မရှိခဲ့ ပါဘူး။ အီရန်အီရတ် စစ်ပွဲကလည်း ရှစ်နှစ်ကြာ ဖြစ်ပွားခဲ့ပါတယ်။ ပီတာတင်ပြခဲ့တာတွေကို အိမ်ဖြူတော်က သိပေမဲ့ သူတို့မှာသီးခြား အစီအစဉ်တွေ ရှိနေလို့ဆိုပြီး ပီတာ တင်ပြခဲ့တာတွေကို လစ်လျှူရှု့ခဲ့ပါတယ်။ ဒါ့အပြင် ကာ့ဒ်တွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာကို ဂျီနိုစိုက် (သို့) မျိုးတုန်းသတ်ဖြတ်မှုလို့ သတ်မှတ်ဖို့ ကိစ္စမှာ ၅% အသတ်ခံ ရမှလား၊ ဒါမှမဟုတ် ၁ဝ% အသတ်ခံရမှလား၊ သို့တည်းမဟုတ် ၁၅% အသတ်ခံရမှလား ဆိုတာကိုလည်း အမေရိကန် နိုင်ငံရေးသမားတွေ အဲသည့်အချိန်မှာ ငြင်းခုံလို့ ကောင်းနေတုံးပါ။

၁၉၈၈ ခုနှစ်မှာ ဓာတုအဆိပ်လက်နက် အပါအဝင် ပစ်သတ်ခံရလို့ သေဆုံးခဲ့ရတဲ့ ကာ့ဒ်လူမျိုးအရပ်သား အရေအတွက်ဟာ ထောင်နဲ့ချီပြီး ရှိပါတယ်။ အဲသည့်အကျိုးဆက်အဖြစ် ကာ့ဒ်လူမျိုး (၆၅,ဝဝဝ) ကျော် တူရကီနိုင်ငံ ထဲကို ထက်ပြေး ဝင်ရောက် ခဲ့ရပါတယ်။ အဆိပ်ဓာတ်ငွေ့များကြောင့် ကာ့ဒ်လူမျိုးတွေ အများအပြားသေခဲ့တာကို အထောက်အထားများနဲ့ တွေ့ရှိခဲ့ပေမဲ့ အမေရိကန်နိုင်ငံရေးသမားတွေက သိပ်မယုံသေးပါဘူး။ တကယ်ကော ဟုတ်မှ ဟုတ်ရဲ့လား ဆိုပြီး ဆက်စောင့်ကြည့် နေခဲ့ကြ ပါတယ်။ တချိန်တည်းမှာလည်း အီရတ်ကို ရောင်းနေကျ ပစ္စည်းတွေကိုလည်း ဆက်လက် ရောင်းချပေးနေဆဲပါ။ အဲသည့် အချိန်မှာ အီရတ်ကို စီးပွါးရေး ပိတ်ဆို့မှု ဘာပိတ်ဆို့မှုမှ မလုပ်ခဲ့ပါဘူး။

သတင်းထောက် ပီတာဂဲလ်ဘရိတ် အနေနဲ့ ကာ့ဒ်လူမျိုးတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာကို အကြိမ်ကြိမ် တင်ပြခဲ့ပေမဲ့ ဘာမှအရာ မရောက်ခဲ့ပါ။ ဒါ့ကြောင့် "နိုင်ငံရေးက လိုက်နာသင့်တဲ့ ကိုယ်ကျင့်တရား အပေါ် အောင်ပွဲခံ သွားတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။

၁၉၉ဝ ကျတော့ အီရတ်က ကူဝိတ်ကို ဝင်သိမ်းပါတယ်။ ဒီတခါမှာတော့ အမေရိကန်တို့ အနေနဲ့ အီရတ်ကို ကျူးကျော်ဖို့ အမှန် တကယ် အခွင့်အခါရောက်ပြီလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေရာမှာ မြင်ရတာက အီရတ်မြောက်ပိုင်းက ကာ့ဒ်လူမျိုး အရပ်သားတွေ ထောင်နဲ့ချီပြီး အဆိပ်ဓာတ်ငွေ့တွေနဲ့ အသတ်ခံနေရတာ အမေရိကန်အစိုးရအတွက် ဘာအကျိုးစီးပွါးမှ မထိခိုက်တဲ့အတွက် လက်ပိုက် ကြည့်နေ ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်ရဲ့ သယံဇာတများကို လိုချင်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေလဲ ဒီသဘော အတိုင်း ရှိနေမယ်ဆိုတာ အားလုံးမြင်လိမ့်မယ်လို့ ထင်ပါတယ်။

(စာကြွင်း။ ပထမကမ္ဘာစစ်အတွင်း အီရတ်နိုင်ငံလို့ ကနေ့ခေါ်တဲ့ အရပ်မှာ ဖြစ်ပျက်ခဲ့တာလေးတွေ အချို့ကို သိလိုပါက Laurence of Arabia ဆိုတဲ့ ရုပ်ရှင်ကိုကြည့်ဖို့ အကြံပေးလိုပါတယ်။ မင်းသားကတော့ ရှေးတုန်းက နာမည်ကြီးမင်းသား ဖြစ်တဲ့ ပီတာအိုတူးလ် ဆိုသူပါ။ အဲသည့် နေရာကို ထိုအချိန်က အီရတ်လို့ မခေါ်သေးပါဘူး။

မြန်မာတွေဖက်ကနေ အီရတ်ကို ဆက်စပ်ကြည့်ရင် ရှေးကတည်းက ပတ်သက်နေတာတွေ ရှိပါတယ်။ အဲဒါကတော့ မြန်မာ စစ်သားချည်းဘဲ ရှစ်ထောင်ကျော်ဟာ (ကရင်တပ်များမပါသေး) ပထမကမ္ဘာစစ်တုံးက အဲသည့်ဒေသမှာ ဗြိတိသျှ အင်ပိုင်ယာရဲ့ တပ်များအနေနဲ့ ဝင်ရောက်တိုက်ခိုက် ခဲ့ဘူးတယ်လို့သိရပါတယ်။ မက်ဆိုပိုတေးမီးယား စစ်မြေပြင်လို့ မြန်မာတွေက ရေးကြ ပြောကြ ပါတယ်။ ၁၃ဝဝပြည့် အရေးတော်ပုံမှာ ရေနံမြေသပိတ်တိုက်ပွဲ ခေါင်းဆောင်တဦးဖြစ်တဲ့ အာဠာဝက သခင်ဖိုးလှကြီးဟာ မက်ဆိုပိုတေးမီးယား စစ်ပြန်လို့ ဆိုပါတယ်။ ပထမကမ္ဘာစစ် ပြီးတော့ စစ်အောင်နိုင်တဲ့ အထိမ်းအမှတ် အနေနဲ့ အင်္ဂလိပ်အစိုးရက ရန်ကုန်မှာ ကျောက်တိုင် စိုက်ပါတယ်။ အဲသည့် ကျောက်တိုင်က ယခင်စစ်ရုံးနဲ့ တိရိစ္ဆာန်ဥယျဉ် အကြားမှာ ရှိပါတယ်။ စစ်ရုံး အုတ်စည်းရိုးနဲ့ ကပ်လျက် တည်ရှိခဲ့ပါတယ်။ သို့သော် ၁၉၉ဝ နောက်ပိုင်းလို့ ထင်ပါတယ်။ မြန်မာစစ်အစိုးရက အဲသည့် ကျောက်တိုင်ကို ကိုလိုနီခေတ် အမွေဆိုးဖြစ်တယ်ဆိုပြီး ဘူဒိုဇာနဲ့ ဖြိုချခဲ့ပါ တယ်။ ကိုလိုနီခေတ်က ဆိုပေမဲ့ ကမ္ဘာ့အလှည့် အပြောင်းကြီး တခုမှာ ကိုယ့်နိုင်ငံသားတွေ ပါဝင်ပတ်သက်ခဲ့တဲ့ သမိုင်း ကြောင်းကို နှောင်းလူတွေ သိအောင် သင်ခန်းစာယူ နိုင်အောင် အသိအမှတ်ပြုဖို့ ထိမ်းသိန်းဖို့ လိုပါတယ်။ နောက်တခု ကတော့ မြန်မာတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်တွေ အားလုံးကို ပထမကမ္ဘာစစ်ပြီးလို့ နှစ်နှစ်ကြာ ၁၉၂ဝ ဝန်းကျင်ခန့်မှာ အင်္ဂလိပ်အစိုးရက ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာတပ်တွေဟ အမိန့် မနာခံ ကြလို့ ဆိုပြီးအကြောင်းပြပါတယ်။ အင်္ဂလိပ်က သွေးခွဲတဲ့နေရာမှာ သူမတူအောင် ကျွမ်းကျင်တော့ ကရင်တပ်များနဲ့ အခြားတိုင်းရင်းသား တပ်များကိုတော့ ဖျက်သိမ်းခြင်း မရှိခဲ့ပါ။)

ဇော်မင်း (လူ့ဘောင်သစ်)
၂ ရက် ဧပြီလ ၂ဝဝ၉ ခုနှစ်



Rest of your post

No comments :