လှိုင်သာယာ မီးခွက်ဈေးနားက ထမင်းရည်တစ်ပုလင်း ၂၀၀၊ ၂၅၀ တန်
ထမင်းရည်ကုန်သွား၍ တစ်ဝက်ရှိသော ပုလင်းသာဓာတ်ပုံရိုက်နိုင်ခဲ့သည်။
ထမင်းရည်ကုန်သွား၍ တစ်ဝက်ရှိသော ပုလင်းသာဓာတ်ပုံရိုက်နိုင်ခဲ့သည်။
(ဓာတ်ပုံ- ကျော်သိင်္ခ)
-ကျော်သိင်္ခ-ဧပြီလ ၂၅ ရက်
ကျနော် အိမ်ပြန်ရောက်လာမှ အိမ်က ခါတိုင်းထက် လူပိုပြီး စည်ကားနေသည်ဟု ထင်ရသည်။ တစ်နေ့တစ်နေ့ နိုင်ငံခြားပြန် ကျနော့် အိမ်ကို လာကြသည့် သူတွေချည်းဘဲ အနည်းဆုံး ၁၀ ယောက်လောက်ရှိသည်။ မေးလိုက်ကြသည့်မေးခွန်းတွေ ကလည်း ပြောပါနှင့်တော့။ ကျနော့်မှာ သေရွာက ပြန်လာသလို။ ကျနော် အိမ်မှာနေရတာ အနေအထိုင် ကျဉ်းကြပ်လာသည်။ တစ်ချို့သူတွေကလည်း မလေးရှားရောက် ဗမာအလုပ် သမား ဒုက္ခသည်တွေအကြောင်းကို ကြားရတော့ ကျနော့်ကို အေးအေးချမ်းချမ်း အစိုးရအလုပ်လေးနှင့်ဘဲ ရောင့်ရဲ တင်းတိမ်စေ ချင်သည်။ ကျနော် ကျောင်းပြီးစဉ်ကတည်းက ကိုယ်လျှောက်ရမယ့်လမ်းကို ကိုယ်ရွေးပြီးသား။ အစိုးရအလုပ်လုပ်လျှင် လခလေးတော့ ပုံမှန်ရ မည်။ သို့သော် ကိုယ့်အနေနှင့် ခြိုးခြံခြွေတာ နိုင်ပါမည်လား။ (ထိုအချိန်က) အစိုးရအလုပ်လုပ်သူတစ်ယောက်က ထမင်းတော့ နပ်မှန်အောင် စားနေရ သေးသည်။ သို့သော် တက်လမ်းမရှိ။ အစိုးရအလုပ်က စွန့်စားစရာမလို။ သို့သော် အသက်ကြီးလာလျှင် အာမခံချက်က မရှိ။ ပင်စင်လစာလေး နှင့် ယခုကုန်ဈေးနှုန်းတွေ နှင့် စားလို့မလောက်။ ကျနော်ကတော့ လူ့ဘ၀ သက်တမ်းတိုတိုလေးမှာ ချမ်းချမ်းသာသာ မနေရရင်တောင် လူတန်းစေ့လေးနေချင်သေးသည်။ ရွှေငွေ မ၀တ်နိုင်ရင်တောင်၊ လက်ဘက်ရည်ဆိုင်လေးတော့ ပုံမှန်ထိုင်ချင်သေးသည်။ ထမင်းနပ်မှန်ချင်သည်။ လက်ထဲတွင် ကိုယ့်ကျန်းမာရေးအတွက် ငွေပိုငွေလျံလေးတော့ ကိုင်ထားချင်သေးသည်။ ထို့ကြောင့် လည်း စွန့်စားမှု တွေ၊ စိန်ခေါ်မှုတွေ နှင့် ရင်ဆိုင်ရမည့် ပြင်ပအလုပ်ကိုဘဲ စိတ်ဝင်စားသည်။ ထိုလမ်းကိုဘဲ ရွေးခဲ့သည်။ ထို့ကြောင့် ကိုယ်ရွေးချယ်ခဲ့သည့် လမ်းကြောင်းပေါ်မှာ ကိုယ်လျှောက်နေသည့် အတွက် နောင်တမရပါ။ ရစရာလည်း မလို။ ယောက်ျားဘဲ၊ ကိုယ်ခင်းသည့် လမ်းကို ကိုယ်ရဲရဲ လျှောက်နိုင်ရမှာပေါ့။
ဒီတစ်ခေါက် အိမ်ပြန်ရောက်တော့ နိုင်ငံခြားပြန် ကျနော့်မှာ နောက်ထပ်ပြဿနာ တစ်ခုက ရှိနေသေးသည်။ ညနေ မှောင်စပျိုးလာလျှင် ကျနော် အိမ်ထဲတွင် နေလို့မရတော့။ တစ်နေ့တစ်နေ့ ညနေ ခြောက်နာရီထိုးလျှင်၊ လမ်းထဲက အိမ်ဆိုင်လေးကို ပြေးရသည်။ ခြင်ဆေးခွေ နှစ်ခွေ ၀ယ်ရသည်။ မီးကလည်းပျက်၊ မိုးတွင်းမို့ ခြင်ကလည်း ကိုက်။ မအိပ်ခြင်ဘဲ နှင့် ခြင်ထောင်ထောင်ပြီး အိပ်ယာထဲကိုလည်း မ၀င်ချင်။ အမေကတော့ ခြင်ဆေးခွေဝယ်ရမည်ကို နှမြောသည့်အတွက် ညနေမှောင်စပြုပြီ ဆိုသည်နှင့် သူ့အခန်းထဲမှာ ၀င်ပြီး ခြင်ထောင်ထောင်၊ စောစော အိပ်သည်ဟုပြောသည်။ ကျနော်ကတော့ စာလေးဘာလေးဖတ်ချင်သည့်အတွက် ခြင်ဆေးခွေနှင့်အတူ ဖယောင်းတိုင်ပါ ၀ယ်ရသည်။ အလုပ်ကလည်း မရှိသည့်အတွက် ဖယောင်းတိုင်ဖိုး၊ ခြင်ဆေးဖိုးက နေ့တိုင်းကုန်တော့ ကျနော်လည်း မခံနိုင်။ သို့ နှင့် ကျောင်းတက်စဉ်ကတည်းက အဆောင်မှာ တစ်ခန်းထဲနေခဲ့ကြသည့် အညာက သူငယ်ချင်းက ယခု စမ်းချောင်းမှာ တစ်ယောက်တည်း နေသည် ဟု သိရသဖြင့် သူ့အခန်းတွင် သွားနေမည်ဟု ဆုံးဖြတ်လိုက်သည်။ အိမ်ကိုတော့ တစ်ပတ် တစ်ခါတော့ လာအိပ်မည်ဟု ပြောခဲ့သည်။
သို့ နှင့် ကျနော် စမ်းချောင်းက သူငယ်ချင်းအခန်းတွင် သွားနေဖြစ်သည်။ သူက အညာသား။ ကျနော်တို့ ကျောင်းပြီးကြတော့ ကျနော့် ကျောင်းသားမိဘတွေ အဆက်အသွယ်ဖြင့် အသူ့ကို ကုမ္ပဏီတစ်ခုတွင် အလုပ်ဆက်ပေးခဲ့သဖြင့် ယခုထက်တိုင်ပင် ထိုကုမ္ပဏီတွင် သူအလုပ် လုပ်နေသည်။ အညာက သူ့မိဘများ ကလည်း သူ့သားအား သင်တန်းတွေဆက်တက်စေချင်သဖြင့်၊ အညာကနေ မကြာခဏ ဆိုသလို အားလူး၊ ကြက်သွန်တွေကို လူကြုံဖြင့် ပို့ပေးသည်။ မကြာခဏ ငွေလွှဲသည့်အတွက် သူရသည့် လခနှင့်ဆိုလျှင် တော့ စားလို့လောက်သည်။ ကျနော်သူ့ ဆီမှာ သွားနေတော့ သူတို့ မြို့က သူနှင့် အထက်တန်း ကျောင်းတက်ခဲ့ ကြသည့် သူ့သူငယ်ချင်းလည်း အတူနေသည်ဟု သိရသည်။ သို့နှင့် ကျနော်တို့ သုံးယောက်သား တစ်ခန်းတည်းတွင် နေဖြစ်ကြသည်။ ထို သူငယ်ချင်းက Physics နှင့် ကျောင်းပြီးသွားပြီ။ သူ့တွင် ရှိသော certificates တွေကို ကျနော့်ကို ထုတ်ပြတော့ ကျနော် အံ့သြရသည်။ LCCI Level 3 လည်းပြီးသွားပြီ။ ကုမ္ပဏီမှာ လုပ်ဖို့ အင်္ဂလိပ်စာ skills လေးမျိုး ကျွမ်းကျင်ရမည် ဆို၍ သင်တန်းတွေတက်တာလည်း ပြီးသွားပြီ။ ကားမောင်းလိုင်စင် လည်း ရထားပြီးသား။ သူကဲ့သို့ ကျောင်းပြီး သူတွေ၊ LCCI ပြီးသူတွေ ကားမောင်းလိုင်စင် ရထားပြီးသူတွေ နှင့် ယှဉ်ပြီး အလုပ်လျှောက်တော့ အလုပ်မရ။ ဘာဖြစ်လို့လဲဟု မေးကြည့်တော့ အချို့အလုပ် တွေက လုပ်သက် သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်နှင့်အထက် ရှိမှ ရမည်ဟုဆိုသည်။ အချို့အလုပ်တွေက အကပ်နှင့် ခေါ်သည်။ အချို့ အလုပ်တွေကျတော့ လခကနည်းသည်။ ကျောင်းပြီးဖို့ အချိန်ရောလူရော တက္ကသိုလ်ကျောင်း မှာ လူရော၊ ငွေရော၊ အချိန်တွေရော သုံးနှစ်တောင် ရင်းထားခဲ့ရသည်။ ကျောင်းပြီးပြန်တော့ LCCI ဖြေဖို့ သင်တန်းတွေလည်း တက်ထားရသေးသည်။ ဖြေပြန်တော့လည်း ဒေါ်လာတွေပေးပြီး ဖြေထားရသည်။ ပြီးတော့ အင်္ဂလိပ်စကားပြော ရှိသေးသည်။ ကားမောင်းလိုင်စင်ရဖို့ ကလည်း အလွယ်တကူ ရခဲ့သည် မဟုတ်။ အကပ်ကောင်းလို့ ရခဲ့သည်သာဖြစ်သည်။ သို့သော် ရသည့် အလုပ်က သုံးသောင်း၊ လေးသောင်းလောက် ဆိုတော့ Certificates ကြီးတွေ ကိုင်ပြီးတော့ ရန်ကုန်မြို့ လှည်းတန်းနားမှာ အလုပ်သွားရှာ လိုက်၊ မြို့ထဲကို ပြေးလိုက် အချိန်တွေ ကုန်လိုက်တာ။ တစ်နေ့တစ်နေ့ အလုပ်အင်တာဗျူးထိုင်ဖို့အတွက် မနက်အစောကြီး ထပြီး၊ ရေမိုးချိုး၊ ဖြီးလိမ်း၊ စာရွက်စာတမ်းတွေ အစုံပါရဲ့လား စစ်ရ။ ညနေအခန်းကို ပြန်လာတော့ လူက တစ်နေ့လုံး မြို့ထဲမှာ ဟိုပြေးဒီပြေး ပြေးလာရ၊ ကားကြပ်ကြပ်တိုးစီးလာခဲ့ရတော့ အခန်းလဲရောက်ရော လူလည်း ပျိုင်းနေပြီ။ အလုပ်ရခဲ့လားလို့ မေးလိုက်တော့၊ နောက်တစ်ပတ်မှာ သိရမယ်လို့ပြောတယ်။ အချိန်ပိုလို့ အခြားအလုပ်တွေကိုလည်း သွားလျှောက်ကြောင်း၊ လခက ကားခနှင့် ဘယ်လိုမှ မလောက်သည့်အတွက် လုပ်လို့မဖြစ်ကြောင်း သိရသည်။
သူငယ်ချင်း ရဲ့ ထိုသူငယ်ချင်းက ကျနော့်ကို အလုပ်ကူပြီး ရှာပေးရန်ပြောပါသည်။ ကျနော်ကျောင်းတက်နေစဉ် က စာလည်းတစ်ဖက်က သင်နေသည့်အတွက်ကြောင့် အလုပ်အကိုင်နှင့် ပက်သက်၍ အဆက်အသွယ် အတော်များများ ရှိခဲ့သည်။ ထို့ကြောင့်လည်း ကျနော့်သူငယ်ချင်း ကို အတွေ့အကြုံမရှိဘဲ အလုပ်ကောင်း ကောင်းသွင်းပေးနိုင်ခဲ့သည်။ သို့သော် ယခု ကျတော့ ကျနော့်မှာ စာလည်း မသင်တော့သည့်အတွက်ကြောင့် ကျောင်းသားမိဘများအိမ်သို့ သွားရောက်ကာ အကူအညီ တောင်းမနေချင်တော့။ ထို့ကြောင့် ကျနော့် သူငယ်ချင်း ၏ သူငယ်ချင်းကို ကျနော့်အနေ နှင့် မကူညီနိုင်ခဲ့ပါ။ သို့သော် ကျနော် ၁၀ တန်းအောင်ကာစက လှိုင်သာယာတွင် အလုပ်လုပ်ခဲ့ဖူး သော အလုပ်တစ်ခုသို့ ကျနော် အလည်သွားရင်း သူ့အတွက် အလုပ်ကိစ္စ လည်း စုံစမ်းဦးမည်ဟုဆိုကာ လှိုင်သာယာဘက်သို့ သွားခဲ့သည်။
၁၀ တန်းအောင်ကာစက လှိုင်သာယာမှာ အလုပ်ရှာမည်ဆိုပြီး၊ အိမ်ကနေ ကျနော် ထွက်ခဲ့သည်။ အလုပ်မရမချင်း အိမ်ကိုပြန်မလာဟု ဆိုကာ ကျနော် အလုပ်ရှာရင်း လှိုင်သာယာက အဖွားကြီးတစ်ယောက်၏ အိမ်တွင် နေခဲ့ဖူးသည်။ ယခုလည်း ထိုအဖွားကြီးကို သတိရ၍ ကျနော် သွားလည်ရန် စိတ်ကူးရသွားသည်။ ကျနော် အဖွားကြီး အိမ်ရှေ့ရောက်တော့၊ အိမ်က အရင်လိုဘဲ ဘာမှ မပြောင်းလဲ။ ဓနိဖက်ကလေး ကျိုးတို့ကျဲတဲ၊ ထရံလေးက ဟိုနေရာတစ်ပေါက်၊ ဒီနေရာတစ်ပေါက်။ အိမ်အောက်မှာက ခါတိုင်းလိုဘဲ ရေမြောင်းတွေ ပိတ်နေသဖြင့် ရေက ၀ပ်နေသည်။ ဟိုရောက်တော့ ကျနော်ကအဖွားကြီးကို “ဒေါ်ကြီး၊ ကျနော် ဘယ်သူလဲ၊ မှတ်မိသေးလား” မေးရာ၊ အဖွားကြီးက မျက်စိကလည်း ခပ်မှေးမှေးဖြင့် “ဟေ၊ ဘယ်သူပါလိမ့်” ဟု သာပြောပြီး၊ “ ထိုင်ဦး လေကွယ်” ဟု ဆိုသဖြင့် ကျနော်ဝင်ထိုင်လိုက်သည်။ ကျနော်ကပင် စပြီး “ကျော်သိင်္ခလေ၊ မမှတ်မိတော့ဘူးလား၊ ဒီမှာ သေချာကြည့်ပါဦး” ဟုဆိုမှ “ဟယ်၊ ကျော်သိင်္ခ၊ ကြည့်စမ်း ၀ လာလိုက်တာ မှတ်တောင် မမှတ်မိတော့ဘူး။ ဟိုတစ်နေ့က အေးဇော်တို့တောင် လာသွားကြတယ်။ နင့်အကြောင်းမေးတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေတယ်ဆို။ နင်ထောနေပြီပေါ့” ဟုဆိုသဖြင့် ကျနော်လည်း“ကဲပါ…ဒီအကြောင်းတွေကို နောက်မှ ပြောပြမယ်၊ အခု ဒေါ်ကြီး ဘာတွေလုပ်နေတာလဲ” ဟု ဆိုသဖြင့်၊ “ဒီမှာလေ ညနေရောင်းဖို့အတွက် ထမင်းရည် ခံနေတာ” ဟုပြောရာ ကျနော် အံ့သြသွားသည်။ “ထမင်းရေကို ရောင်းတာလား” ၊ “အင်းလေ၊ တစ်ပုလင်းကို ၂၀၀ တန်ရှိတယ်၊ ၂၅၀ တန်ရှိတယ်၊ အဲဒါ ညနေ ခြောက်နာရီလောက်ဆို ကလေးတွေ လာဝယ်ကြပြီ။”
လှိုင်သာယာ မီးခွက်ဈေးနားက ထမင်းရည်တစ်ပုလင်း ၂၀၀၊ ၂၅၀ တန်ထမင်းရည်ကုန်သွား၍ တစ်ဝက်ရှိသော ပုလင်းသာဓာတ်ပုံရိုက်နိုင်ခဲ့သည်။
(ဓာတ်ပုံ- ကျော်သိင်္ခ)
(ဓာတ်ပုံ- ကျော်သိင်္ခ)
ကျနော် တစ်ကယ်ကို အံ့သြသွားပါသည်။ ထမင်းရည်ကို ၀ယ်ပြီးသောက်နေရတဲ့သူတောင် ရှိနေပြီတဲ့။ ကျနော် ကိုယ့်နားကိုယ်ပင် မယုံချင်ပါ။ သို့နှင့် “ဒေါ်ကြီးကလည်း ဟုတ်ရောဟုတ်ရဲ့လား၊ ကျနော်သာဆို ထမင်းရည်ဝယ်သောက်မယ့်အစား မာမားခေါက်ဆွဲခြောက်ထုပ် ၀ယ်ပြီး ပြုတ်စားမှာပေါ့။” ၊ “အေး..နင်က အဲဒီလိုပြောတယ်။ ဘယ်မှာလဲ ထင်း၊ ဘယ်မှာလဲမီးသွေး၊ နင် အဲဒါတွေမရှိဘဲနဲ့ ဘာနဲ့ ပြုတ်စားမလဲဟဲ့။ အဲဒါတွေသာ လျှောက်ဝယ်ရရင် ဆန်စင်ရာ ကျည်ပွေ့ နဲ့ လိုက်ထောင်းနေသလို ဖြစ်မနေဘူးလား၊ ကိုယ်တော်ရဲ့။” အင်း…ဒါလည်း ဟုတ်ပေသားဘဲ ဟုသော စကားကို ကျနော် စိတ်ထဲကသာ ရွတ်လိုက်နိုင်တော့သည်။ ကျနော့်ပါးစပ်က စွံ့အ သွားသည်။ ကျနော် ရင်ထဲမှာ တော်တော်ကို စိတ်မကောင်းဖြစ်မိသည်။
ကျနော် ၁၀ တန်းအောင်ကာစက ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီးကျောင်းဆက်တက်မည်ဟု ဆုံးဖြတ်ပြီး အိမ်ကနေထွက်လာတုန်းက သည်အဖွားကြီး အိမ်မှာနေခဲ့ဖူးသည်။ ဆယ်တန်းကျသော ကျနော့်သူငယ်ချင်းနှင့် အတူလိုက်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ကျနော့်မှာ မနက်မိုးလင်းလျှင် လှိုင်သာယာ စက်ရုံမှာ ရှိရာ ဘက်ခြမ်းသို့ ကားစီးပြီး အလုပ်သွားရှာရသည်။ ပြန်လာလျှင် အဖွားကြီးချက်သော ငါးဟင်း နှင့် ထမင်းစားကြသည်။ တစ်ရက် ကျနော် အလုပ်ရှာမရ၍ စိတ်ပျက်ပြီး စောစောပြန်လာတော့ အဖွားကြီးက အိမ်ကြမ်းပေါက်ကနေပြီး ငါးမျှားနေသည်ကို တွေ့ရသည်။ ဒေါ်ကြီး၊ ဘာလုပ်မလို့ ငါးမျှားနေတာလဲဟုမေးတော့၊ ကျနော်တို့အတွက် ညနေစာချက်ရန် မျှားနေသည်ဟု ပြောပါသည်။ အရင်နေ့များက ကျနော်တို့ စားခဲ့သော ငါးတွေကလည်း သူအိမ်အောက်က ကြမ်းပေါက်ကနေ မျှား၍ ရသည့်ဟာကို ချက်သည် ဟု ပြောရာ ကျနော် အော့ဂလီဆန်သွားသည်။ လှိုင်သာယာ မီးခွက်ဈေးနားက အိမ်တွေက ပြွတ်သိပ်၊ ကြပ်ခဲလို့။ ရေမြောင်းတွေကလည်း ပိတ်ပြီး ရေတွေက ကောင်းကောင်းမစီး တော့ ချေးရေ၊ သေးရေတွေက အိမ်အောက်အထိ မျောနေသည်။ အိမ်တွေက ထမင်းကျန်၊ ဟင်းကျန် တွေကို ၀ါးကြမ်းခင်း အပေါက်ထဲကနေ အောက်ကို ပစ်ချတော့ ငါးတွေက ၀ိုင်းတွတ်ကြသည်။ ငါးပြေမ ကြီးတွေက အကြီးကြီးတွေ။ သို့သော် စဉ်စားသာကြည့်ကြပေတော့။ နောက်နေ့များတွင် ကျနော် အပြင်ကပြန်လာလျှင် မီးခွက်ဈေး၊ ညနေဈေးခင်းက အမဲဆီဖတ် နှစ်ဆယ်ဖိုး ၀ယ်ပြီး၊ အဖွားကြီး ချက်ထားသော ထမင်းနှင့်စားသည်။ ငါးဟင်းကိုတော့ မစားတော့။
အခုလည်း အဖွားကြီးက ထမင်းရည်ရောင်းနေသည်ဟု ကြားတော့ အဖွားကြီးများ သက်သက်လုပ်ပြိး ပြောလားပေါ့။ သို့နှင့် ကျနော် ထိုအဖွားကြီးပြောတာ ဟုတ်၊ မဟုတ်ကို စောင့်ကြည့်ရန် ညနေအထိ စကားတပြောပြောနှင့် ကလေးတွေ ထမင်းရည် လာအ၀ယ်ကို စောင့်နေခဲ့သည်။ ညနေခြောက်နာရီ ထိုးခါနီးတော့ ကလေး နှစ်ယောက် ကြွပ်ကြွပ်အိပ် ကလေးတွေကိုင်ကာ အဖွားကြီးဆီမှာ ထမင်းရည်လာဝယ် ကြသည်။ အဖွားကြီးက ထမင်းရည်ကို ပုလင်း နှင့် ချင်ကာ ကြွပ်ကြွပ်အိပ်ထဲကို ဇောက်ထိုးလောင်းထည့် ပေးလိုက်သည်။ ပုလင်းက နှစ်မျိုး တွေ့ရသည်။ ငှက်ပျောဖူးပုလင်း အဖြူရောင် နှင့် ထမင်းရည်ထဲမှာ ပုလင်းတစ်ဝက်လောက် ထမင်းစေ့များ ထည့်ထားသည့်ဟာကို ၂၅၀ တန်၊ ပိတ်စ ပါးပါးနှင့် စစ်ပြီး ထမင်းတလုံးမှ မပါသည့် ထမင်းရည်တစ်ပုလင်းကို ၂၀၀ တန်ဟူ၍ နှစ်မျိုးခွဲထားသည်။ သြော်…ဖြစ်မှ ဖြစ်ရလေ။ ကျနော် မျက်ရည်ဝဲလာမိသည်။ ကျနော်သာ ထိုရပ်ကွက်ထဲမှာ နေသူဆိုလျှင် ထမင်းရည်ကို ရောင်းစားမနေတော့ဘူး။ အလကား ပေးလိုက်မည် သာဖြစ်သည်။
ကျနော် စမ်းချောင်းက သူငယ်ချင်းအခန်းကို ပြန်ရောက်တော့ ည ၈ နာရီပင် ထိုးနေပြီ။ အခန်းထဲမှာ သူငယ်ချင်းက ထမင်းစားပြီး၍ စာအုပ် ဖတ်နေသည်။ သူ့သူငယ်ချင်းကတော့ အလုပ်မရသေး၍ စိတ်ညစ်ကြောင်း၊ တစ်နေ့တစ်နေ့ မြို့ထဲကို သွားရသည့်လမ်းစရိတ် စားစရိတ်တွေ ကလည်း ထောင်းကြောင်း၊ အိမ်ကလည်း ပိုက်ဆံ မပို့နိုင်သေးကြောင်း ပြောပြသဖြင့် ကျနော့်မှာ ညနေတုန်းက အဖြစ်ကို မျက်စိထဲကနေ မပျောက်သေးခင်မှာ နောက်ထပ်စိတ်ညစ်စရာတွေ ကြားရသဖြင့် နှစ်ထပ်ကွမ်း စိတ်ညစ်ရသည်။ ကျနော့်ကို တော့ မလေးရှားက သူငယ်ချင်းတစ်ယောက်က မလေးရင်းဂစ် ၂၈၀ ပို့ပေးလိုက်သည့်အတွက် ဗမာငွေ တစ်သိန်း ရလိုက်တော့ အသုံးစရိတ် နဲ့ သွားရေး၊ လာရေး အတွက်တော့ ပူစရာမလို။ သို့သော် ကိုယ်က အလုပ်ရှိသူမဟုတ်တော့ ခြွေတာပြီး သုံးနေရသည်။
တစ်နေ့မှာ ပန်းဆိုးတန်းကိုရောက်တော့ ကျောင်းသားမိဘ တစ်ယောက် နှင့် တွေ့ခဲ့သည်။ သူက အိမ်ကို အလည်လိုက်ခဲ့ပါဦးဟု ဆိုသဖြင့် လိုက်သွားသည်။ ဟိုရောက်တော့ နာဂစ်ဖြစ် ခဲ့သည့်အကြောင်းများကို ပြန်ပြောင်းပြောပြသည်။ ကျနော်က အကုန်လုံးသိပြီးခဲ့ပြီဖြစ် ကြောင်း၊ ပြောပြပါသည်။ ကျောင်းသား အမေလုပ်သူက အခန်းထဲမှ အထုပ်တစ်ထုပ်ကို ဆွဲယူလာကာ “ဆရာ..ဒီမှာကြည့်လေ၊ နာဂစ် အမှတ်တရ ဆိုပြီး မင်္ဂလာဈေးထဲက ကျမ ၀ယ်ထားတာ” ဟုဆိုပြီး ခြင်ထောင်တွေကို ထုတ်ပြပါသည်။ နာဂစ်ဖြစ်တုန်းက ပြည်ပနိုင်ငံတွေက လှူသော ခြင်ထောင်များကို မင်္ဂလာဈေးတွင် ရောင်းချနေကြသည်ကို တွေ့၍ တစ်ထည်ကို သုံးထောင့်ငါးရာ နှင့် သုံးထည် ၀ယ်ခဲ့သည်ဟု ပြောပါသည်။ ခြင်ထောင်တွေမှာ တံဆိပ်တွေတောင် မခွာရသေးဘူး။ ကျနော်လည်း ကျနော့်ကို တစ်လုံးပြန်ရောင်းပါလား ဟုဆိုရာ၊ ၄င်းက အမှတ်တရ ၀ယ်ထားသည့်အတွက် မရောင်းနိုင်ကြောင်း ပြောပါသည်။ ကျနော် ထို နာဂစ်ခြင်ထောင်တွေကို ဓာတ်ပုံရိုက်ခွင့်ပြုရန် တောင်းဆိုသော်လည်း သူတို့က ကြောက်သည့်အတွက် မရိုက်စေချင်ဟု ပြောသဖြင့် ကျနော် လက်လျှော့လိုက်ရတော့သည်။
ဒီတစ်ခေါက် ဗမာပြည်ကို ပြန်လာတာ စိတ်မချမ်းသာစရာတွေချည်းဘဲ တွေ့နေရကြောင်း၊ သူငယ်ချင်းကို ပြောပြပါသည်။ သို့သော် ကျနော် အကြောင်းစုံကိုလည် သိချင်နေမိသည်။ သူငယ်ချင်းက ကျနော် သွားသင့်သည့် နေရာ တစ်နေရာလည်း ကျန်သေးကြောင်း ပြောပါသည်။ သူက “မင်းကသာ လှိုင်သာယာကို သွား၊ ဟိုသွား ဒီသွားပြီး၊ လူတွေ ဒုက္ခရောက်နေတာကို ပြောပြနေတာ၊ မင်း…ဘီယာဆိုင်တွေကိုရော သွားကြည့်ပါလား” ဟုဆိုသဖြင့် ကျနော် ဘီယာဆိုင်တစ်ခုခု သို့သွားရန် အာရုံရောက်သွားသည်။ သို့နှင့် သူငယ်ချင်း နှင့် ကျနော် တစ်ရက်တွင် အင်းစိန်ရှိ ဘီယာဆိုင်တစ်ဆိုင်သို့ ရောက်သွားသည်။ ထိုဘီယာဆိုင်မှာ လာသောက်သူများ နှင့် စည်းကားနေသည်။ သူငယ်ချင်းက ကျနော့်ကို စကားပြောလျှင် သတိထားပြောရန် မှာပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆိုင်မှာ ထောက်လှမ်းရေး အတော်များများ နှင့် ၄င်းတို့၏ နောက်လိုက် သတင်းပေးများ၊ကြံ့ဖွတ်များ ထိုင်သည့် ဆိုင်ဖြစ်သည့်အတွက်ကြောင့်ဟု ပြောပါသည်။ ထိုနေ့က အဆိုပါ ဘီယာဆိုင်တွင် နာမည်ကြီးအဆိုတော် နှစ်ယောက် လာဖျော်ဖြေကြသည်။ အောက်တွင် ဘီယာသောက် နေသော ပရိသတ် လေးငါးယောက်က ပန်းကုံးတွေ တက်စွပ်ကြသည်။ ကျနော် စားပွဲပေါ်မှ Menu ကဒ်ကို ယူကြည့်လိုက်သည်။ အားပါးပါး။ ပန်းကုံးတစ်ကုံး ဈေးနှုန်းကတင် တစ်သောင်းရှိသည်။ စင်ပေါ်မှာ ဆိုင်ဝန်ထမ်း အဆိုတော် မလေးများနှင့် တွဲဆိုသည့်သူများလည်း ရှိသည်။
ဧည့်ဆိုစုံတွဲ တစ်သောင်းဟု Menu ကဒ်တွင် ရေးထားသည်။ ကျနော် ထမင်းရည်လာဝယ်သော လှိုင်သာယာက ကလေးတွေ မျက်နှာကို ပြေးမြင်မိပြီး စိတ်မကောင်း ဖြစ်မိသည်။ ကျနော်လည်း ထို Menu ကဒ်ကလေးကို မှတ်တမ်းအနေဖြင့် သိမ်းထားချင်သည့်အတွက် စားပွဲထိုးအလစ်တွင် အဒိန္နာဒါနာကံ ကျူးလွန်လိုက်မိသည်။ ည ၁၁ နာရီထိုးကာနီးကျတော့ ကျနော်က သူငယ်ချင်းအား အိမ်ပြန်ရန် အချက်ပြတော့သည်။ အကြောင်းမှာ ရန်ကုန်မြို့ရှိ ဘီယာဆိုင်များအားလုံး ည ၁၁ နာရီထက် ပိုပြီး မဖွင့်ရဟု အမိန့်ထုတ်ထားသည်ကို ကျနော်သိ သောကြောင့် ဖြစ်သည်။ သို့သော် သူငယ်ချင်းက ယခုညတွင် ဆိုင်က အချိန်ပိုဖွင့်ခွင့် ရနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဆိုင်ထဲတွင် ဘီယာလာသောက် သည့်အထဲတွင် SB လေးကောင်ပါကြောင်း၊ ပန်းကုံးများ တစ်လှည့်စီ တက်စွပ်နေကြသူများမှာ အဆိုပါ လေးကောင်ပင်ဖြစ်ကြောင်း ပြောပြ၍ သိရသည်။ ကျနော်လည်း ဆက်ပြီး ထိုင်ချင်စိတ်မရှိတော့၍ သူငယ်ချင်းကို ပြောကာ နှစ်ယောက်သား တက္ကစီငှားပြီး စမ်းချောင်းသို့ ပြန်ခဲ့ကြ သည်။ အခန်းကိုရောက်တော့ ည ၁၂ နာရီ ထိုးကာနီးနေပြီ။
ကျနော် စနေနေ့တစ်ရက်တွင် အိမ်ကိုပြန်တော့ အစ်မ အကြီးဆုံးကမွေးသည့် တူတွေရောက်နေသည်ကို တွေ့ရသည်။ သူတို့ နှင့် ထမင်းစားပြီး လက်ဘက်ရည်ဆိုင်သွားသည်။ ကျနော်လည်း သူတို့နှင့်စကား အေးအေးဆေးဆေး ပြောချင်သည့်အတွက် လူရှင်းသည့် ဆိုင်ကို ရွေး၍ ထိုင်ကြသည်။ ကျနော်တို့ ထိုင်ပြီး ဆယ်မိနစ်လောက်ရောက်တော့ အနားတွင် ဆိုင်ကယ်ဖြင့်ရောက်လာသော လူခြောက်ယောက်က ဘေးက ၀ိုင်းသုံးခုမှာ လူခွဲပြီး ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။ တူဖြစ်သူက “ဦးကျော်၊ တစ်ခုခုတော့၊ တစ်ခုခုဘဲ” ဟု တီးတိုးဆိုပါသည်။ ကျနော်က “ဘာဖြစ်လို့လဲ” ဟုမေးရာ၊ ၄င်းက “ဘေးမှာ ထိုင်နေတဲ့ ခြောက်ယောက်က ဒီနယ်မြေက ထောက်လှမ်းရေးတွေလေ” ဟု ဆိုသဖြင့် ကျနော် ဘေးနားက ၀ိုင်းများဆီသို့ မျက်စိဝေ့ပြီး ကြည့်လိုက်သည်။ ကျနော့်ကို စိုက်ပြီးကြည့် နေကြသည့် လူခြောက်ယောက်ကို တွေ့လိုက်သည်။ ကျနော် သူတို့မျက်နှာတွေကို အလွတ်ကျက်ပစ်လိုက်သည်။ ပြီးတော့ ကျနော့်တူ တွေ ကြောက်နေမည်စိုး၍ ဘာမှ မဟုတ်ကြောင်း၊ ကိုယ်က ဘာမှ လုပ်ထားတာမဟုတ်၍ စိုးရိမ်စရာမလိုကြာင်း ပြောလိုက်သည်။ ပြီးတော့ နောက်တစ်ခေါက် မှတ်မိနေစေရန် ထိုလူခြောက်ယောက် မျက်နှာကို နောက်တစ်ကြိမ်ဝေ့ကြည့်လိုက်သည်။ ဟုတ်ပြီ၊ ကောင်းကောင်း မှတ်မိသွားပြီ။ သို့နှင့် တူနှစ်ယောက်ကို အချက်ပြကာ စက်ဘီးဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။ ကျနော် ထိုကိစ္စကို စုံစမ်းရန် ထိုအခေါက်က အိမ်တွင် တစ်ပတ်လောက် နေလိုက်သည်။
ထိုရက်အတွင်း ကျနော် အိမ်အပေါ်ထပ်တွင် အနေများပါသည်။ အိမ်အပေါ်ထပ်မှ ဘေးအိမ်တွေကိုသော်လည်း ကောင်း၊ ကျနော့် အိမ်အရှေ့ လမ်းမကို သော်လည်းကောင်း၊ ကောင်းစွာမြင်ရသည်။ နောက်တစ်နေ့ နေ့လည် တွင် ကျနော့်အိမ်အရှေ့မှ ဆိုင်ကယ်တစ်စီး အရှိန်လျော့ မောင်းသွားသည်ကိုတွေ့ရသည်။ ကျနော့်အိမ်ဘက်သို့ လှည့်ကြည့်သွားသည်။ ဒေါ်တုတ်က ထိုသူကို လှမ်းခေါ်ရာ ထိုသူက ဒေါ်တုတ်အိမ်ထဲ သို့ ၀င်သွားသည်။ ဆယ့်ငါးမိနစ်ခန့်ကြာသော် ပြန်ထွက်သွားသည်။ ညနေစောင်းတော့ ကျနော့်အိမ်ဘက်သို့ ဒေါ်တုတ် ကူးလာ သည်။ အိမ်အောက်တွင် ဒေါ်တုတ်က အစ်မအား ကျနော့်ကို မေးရာ အစ်မက ကျနော့်ကို အောက်သို့ဆင်းခဲ့ရန် လှမ်းခေါ်သည်ကို ကျနော်ကြား သည်။ ကျနော် အောက်ထပ်ကိုရောက်တော့ ဒေါ်တုတ်က “အမယ်လေး၊ ဖိုးကျော်ရယ် နင်ကလည်း နိုင်ငံခြားက ပြန်လာမှ ငါတို့ကို စိမ်းနေ လိုက်တာ၊ သူငယ်ချင်းအိမ်မှာ နေနေတယ် ဆို၊ ဘယ်တုန်းကရောက်လဲ” ဟု စပ်စုပါတော့သည်။ သူငယ်ချင်းအိမ်က ဘယ်မှာလဲ ဟုလည်းမေး သည်။ ကျနော် ဒေါ်တုတ်ကို မသင်္ကာပါ။ သို့သော် လောလောဆယ် ကောက်ချက်ချလို့လည်း မဖြစ်။ သေချာအောင် စုံစမ်းရဦးမည်။ ညနေ ထမင်းစားပြီးသော် ကျနော် အိမ်အပေါ်ထပ် ၀ရန်တာ မှာ ပုဏ္ဏားကွယ်ကို မှီပြီး ထိုင်နေသည်။ မီးကလည်း ပျက်နေသဖြင့် အပြင်က လူသွားလူ လာကိုတော့ သဲသဲကွဲကွဲ မမြင်ရ။ ထိုအချိန် ခေါင်းရင်းက ဖွတ်အိမ်သို့ ဆိုင်ကယ်တစ်စီးထိုးရပ်သွားသည်။ ဖွတ်မိန်းမ နှင့် စကားပြောကြသည်။ ပြီးတော့ ထိုသူက ကျနော့်အိမ်ရှေ့တွင် ဆိုင်ကယ်ကို အရှိန်ရှော့မောင်းပြီး၊ ဒေါ်တုတ်အိမ်ထဲသို့ ၀င်သွားသည်။ ကျနော်လည်း ထိုင်ရာမှ ထကာ ဒေါ်တုတ်အိမ်ထဲသို့ လိုက်ဝင်သွားသည်။
အိမ်တစပ်မိတ်နားလောက်ရောက်တော့ ကျနော်က “ဒေါ်တုတ်၊ ဘာတွေလုပ်နေလဲ၊ စားပြီးပြီလား၊ တော်ကြာ လာမလည်ဘူးဆိုပြီး စိတ်ဆိုးနေမှာစိုးလို့ လာလည်တာ၊ ဘာကြွေးမှာလဲ” ဟု ပါးစပ်သေနတ်ပစ်ရင်း အိမ်ထဲသို့ဝင် သွားသည်။ ဆိုင်ကယ်စီးလာသော လူမှာ ဒေါ်တုတ်နှင့်စကားပြောရာမှ ကျနော့်ကို တစ်ချက်ကြည့်လိုက်သည်။ ကျနော်လည်း မျက်လုံးချင်းကို တမင်ပင် စုံလိုက်ကာ မျက်နှာကို အလွတ်ကျက်လိုက်သည်။ သေချာသည် ဟိုတစ်နေ့က ကျနော် နှစ်ခါကျက်ခဲ့သော မျက်နှာ။ ထိုသူမှာ သူခိုးလူမိသလို မျက်နှာမျိုးနှင့် ဒေါ်တုတ်အား နှုတ်ပင်မဆက်ဘဲ၊ အိမ်ထဲက ထွက်သွားတော့သည်။ ဒေါ်တုတ်မျက်နှာပျက်သွားသည်ကိုလည်း ကျနော် တစ်ပြိုင်နက် ရိပ်မိလိုက်သည်။
ထိုနေ့ကစပြီး ကျနော်ရောက်နေသည့် ကိုယ့်အခြေအနေကို ကျနော်သိလိုက်ပါသည်။ အစစ အရာရာ သတိထားကာမှ တော်ရာကျမည်။ အစားမတော်တစ်လုတ်၊ အသွားမတော်တစ်လှမ်း၊ အပြောမတော် တစ်ခွန်းတည်း နှင့် ကွိသွားမည်။ တရားသဘောဖြင့်ဘဲပြောပြော၊ ကိုယ့်လုံခြုံရေးအရဘဲ ဆိုဆို စားသတိ၊ သွားသတိ၊ ပြောသတိ သတိလက်မလွတ်အောင် ဆင်ခြင်ရတော့မည်။ သြော်…တစ်ချိန်တုန်းက စည်းစည်းလုံးလုံးရှိခဲ့ကြသည့် ကျနော့်အိမ်နီးနားချင်းတွေတောင် ခေတ်ပျက်ကြီးထဲမှာ အာဏာရှင်ထောက်တိုင် သတင်းပေးတွေ ဖြစ်ကုန်ပါ ရောလား။ ကျနော် အိမ်နီးနားချင်းတွေကိုလည်း မယုံတော့ပါ။
ဗူးအပေါက်တစ်ရာအား ပိတ်လို့ရချင်ရမည်။ လူ့ပါးစပ်တစ်ပေါက်ဆိုသည်မှာ ပိတ်လို့မလွယ်။ တစ်နေ့ ကျနော့်အစ်ကို အပြင်မှ ပြန်လာတော့ အမေရော၊ အစ်မတွေရော၊ အစ်ကိုတွေရော ကျနော့်အခြေအနေကို ဘယ်ကနေ ဘယ်လိုကြားခဲ့သည်မသိ၊ ကျနော့်ကို ပြောပြကြသည်။ ကျနော့်အတွက် သူတို့ စိတ်မချမ်း သာကြတော့။ ကျနော်ကလည်း ဘာမှ မလုပ်ထားလို့၊ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး။ စိတ်မပူကြပါနဲ့ ဟုသာ ပြောရသည်၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ရမည်။ တစ်ကယ်တမ်းခံရမည် ဆိုလျှင်တောင်၊ လုပ်ပြီးမှသာ ခံမည်။ လုပ်ရင်တောင် တန်အောင် လုပ်မည်။ ပြီးမှ ခံမည်။ ကိုယ်ဘာမှ မလုပ်ရသေးဘဲနှင့်တော့ အသားလွတ်မခံနိုင်ပါ။ ကျနော့်အဖြစ်အပျက် အားလုံးကို ပြည်ပမှ သူငယ်ချင်းများအား မေးလ် ပို့ပြီး ပြောပြရသည်။ သူတို့ကလည်း ကျနော့်အတွက် ပူကြပြီ။ ကျနော့်အပူက သူတို့အားလုံးကို ကူးစက် သွားသည်။ ကျနော့်ကို ထောင်အကျမခံနိုင်။ သူငယ်ချင်းအချို့က ငွေအချို့ပို့ပေးသည်။ ပြည်ပ ပြန်ထွက်လာနိုင်ရန်လည်း ကူညီကြသည်။ ကျနော့်အိပ်ထဲတွင် ပိုက်ဆံကို အမြဲတမ်း လုံလုံလောက်လောက်ထည့်ထားရန်လည်း မှာကြသည်။
သို့နှင့် ငွေလမ်းခင်းကာ ခရီးသွားစာရွက်စာတမ်းကိစ္စကို သူငယ်ချင်းတစ်ဦးနှင့်လွှဲပြီး အကုန်လုပ်ခိုင်း ရတော့သည်။ တစ်လကြာမည်ဟုပြော သည်။ သို့သော် ကိစ္စမရှိ။ တစ်လအတွင်း သည်လိုဘဲ နေလိုက်မည်။ တစ်ရက်ကျတော့ ကျနော်မြေနီကုန်းမှ မြို့ထဲသို့အသွား၊ မြေနီကုန်းမှတ်တိုင်တွင် ကျနော့်ဘေးနားမှ မတ်တပ်ရပ်ကာ ကျနော့်ကို ကျက်နေသည်ဟု ထင်ရသော မျက်နှာတစ်ခုကို ကားစောင့်ရင်း သတိထားမိသည်။ မြေနီကုန်းမှ မြို့ထဲသို့ သွားလျှင် ၄၅၊ ၄၈၊ ၅၁ နှင့် အခြားလိုင်းကား ပေါင်းစုံရှိသည်။ ကျနော်မှတ်တိုင်တွင် မိနစ် ၂၀ လောက်ပေပြီးရပ်နေလိုက်သည်။ ထိုအတောအတွင်း မြို့ထဲသို့ သွားသည့်ကားများ တစ်စီးပြီးတစ်စီး လာရပ်သွားသည်။ သို့သော် ကျနော့်ကို ကျက်နေသော သူက လိုက်မသွား။ မှတ်တိုင်မှာလည်း လူကရှင်းသွားသည်။ ဒိုင်နာဂေါင်းတိုတစ်စီးလာရပ်သည်။ ကားပေါ်မှာ ခရီးသည်အနည်းငယ်သာပါသည်။ ကျနော်ကားပေါ်ကို လိုက်တက်တော့ ထိုသူကလည်း လိုက်တက်သည်။ ကားထွက်သွားသည် နောက်မှတ်တိုင်က ဟယ်လ်ပင်န် မှတ်တိုင်၊ စပယ်ယာက မှတ်တိုင်ကို မေးသည်။ ဘယ်သူမှ မဖြေ။ နောက်ထပ်တစ်မှတ်တိုင်က ပဲခူးကလပ်၊ စပယ်ယာက မှတ်တိုင်မေးသည်။ ဘယ်သူမှ မဖြေ၊ သို့နှင့် ကျနော်က မှတ်တိုင်ပါသည်ဟုပြောသည်။ ထိုလူကလည်း ပါသည်ဟု လိုက်ပြောသည်။ ပဲခူးကလပ်ရောက်တော့ အတက်လူ ရှိသည့်အတွက်လည်း ကားက ရပ်သည်။ ကျနော်မဆင်းပါ။ ထိုလူလည်း မဆင်းပါ။ နောက်ထပ်တစ်မှတ်တိုင်က စိန်ဂျွန်းမှတ်တိုင်၊ စပယ်ယာက မှတ်တိုင်မေးသည်။ ခရီးသည်တစ်ဦးက ပါသည်ဟုဖြေသည်။ စိန်ဂျွန်းရောက်တော့ အဆိုပါ ခရီးသည်တစ်ဦးဆင်းသည်။ နောက်မှတ်တိုင်က စံပြ။ စပယ်ယာက မေးသည်။ မည်သူမှ မဖြေ၊ သို့နှင့် ကျနော် က စံပြ ပါသည်ဟုပြေရာ၊ ထိုလူကလည်း ပါသည်ဟုပြောသည်။ စံပြမှတ်တိုင်ရောက်သော်၊ ကျနော် မဆင်းပါ။ ထိုသူလည်း မဆင်းပါ။ အတက်ခရီးသည် ရှိနေ၍သာ စပယ်ယာနှင့် စကားမများရခြင်းဖြစ်သည်။ သို့မဟုတ်ပါက ခဏခဏ ဆင်းမည်ပြောပြီး မဆင်းပါက စပယ်ယာ စိတ်တိုမည်။ သို့နှင့် စံပြမှတ်တိုင်ကနေကား စထွက်ပြီး မီးပွိုင့်တွင် မီးနီသွားသည်။ ထိုအခါ ကျနော် ဖျက်ကနဲ ကားပေါ်မှ ဆင်းလိုက်သည်။ မီးပွိုင့်စိမ်းသွားသည်၊ ကားလည်း ထွက်သွားသည်။ ထိုသူ အငိုက်မိ သွားသည်။ ထိုလူက ကျနော့်ကိုလှမ်းကြည့်နေသည်ကို မြင်ရသည်။ ကျနော့် အသေးစားအောင်မြင်မှုတစ်ခု အတွက် ထိုသူကို တက်တာ လှမ်းပြလိုက်သည်။ ကျနော့်ကိုယ် ကျနော် ငယ်ငယ်တုန်းကလို လိုက်တမ်းပြေးတမ်း စကားနေသည်ဟုသာ တွက်ထားသည်။ အခုလို လှည့်စားလိုက်ရတာကိုက ကျနော့်အတွက် ပျော်စရာတစ်ခုလို့ထင်ထား သည်။
ကျနော် ထိုအတောအတွင်း အလားတူ ဖြစ်ရပ်တော်တော်များများ ကြုံခဲ့ရသည်။ နောက်ပိုင်းတွင် လမ်းသွားလမ်းလာများ၊ ကားပေါ်မှ ခရီးသည်များ၏ အ၀တ်အစား ၀တ်ဆင်ပုံများကို သုတေသန လုပ်ရသည်။ ဘယ်ကိုသွားသွား အမျိုးသား အများစုမှာ အင်္ကျီဆိုလျှင် အကွက်၊ လုံချည်ဆိုလျှင် အကွက်တွေ ၀တ်တာများသည်။ ထို့ကြောင့် ကျနော်လည်း နောက်ကို အပြင်သွားလျှင် အင်္ကျီအကွက်၊ လုံချည်အကွက်သာ ၀တ်သွားသည်။ ကိုယ့်ကို အခြားတစ်ယောက်ယောက် အလွယ်တစ်ကူ ကျက်နိုင်၊ မှတ်နိုင်မည့် တီရှပ်ဗြောင်တို့၊ အင်္ကျီအကျား၊ လုံချည် အစင်းတို့ဝတ်ပါက ကိုယ့်အတွက် မလုံခြုံပါ။ ပြီးတော့ ဟိုဘက်သည်ဘက် လှန်လို့ရသည့် အရောင် နှစ်ခု နှင့် ကျောပိုးအိပ်ထဲတွင် အ၀တ် အစားကို အမြဲတမ်း တစ်စုံပိုထည့်ထားသည်။ လိုအပ်လျှင် ပြောင်းဝတ်လိုက်မည်။ အပိုယူလာသော အ၀တ်အစားသည် ကိုယ်ဝတ်ထားသော အ၀တ်အစား နှင့် အရောင်အသွေး၊ အဆင် မတူစေရန် သေချာရွေးချယ်ပြီး ယူလာရသည်။
သည်လိုနှင့် တစ်လလောက်ကြာတော့ ပတ်စ်ပို့လည်း ရပြီ။ အိမ်ကလည်း ကျနော့်ကို မြန်မြန်သွားစေချင်သည်။ အပြင်ကသူငယ်ချင်းများရော၊ အထဲက သူငယ်ချင်းများရော၊ အားလုံးကပါ ဖြစ်နိုင်လျှင် မြန်မြန်ထွက်လာ စေချင်သည်။ သူငယ်ချင်းတွေလွှဲလိုက်သည့် ငွေရောက်တော့ ကျနော် ဒုတိယအကြိမ် ပြည်ပခရီးအတွက် ဆိုင်းပြင်းရတော့သည်။ နောက်ဆုံးတွင်တော့ ကျနော်တို့လူမျိုး အလုပ်သမား ဒုက္ခသည်တို့ ဒုက္ခရောက်နေရာ မလေးရှားသို့ပင် ပြန်လာပြီး၊ ကိုယ်ကဲ့သို့ မတွေ့ကြုံဖူးသူများကိုလည်း စာရေးကာ ကိုယ်တွေ့တွေ မျှဝေရင်း၊ ကိုယ့်လူမျိုး ဒုက္ခသည်တွေအနားမှာနေရင်း လူမှုရေးအလုပ်တွေကိုသာ ဇောက်ချ လုပ်ဖြစ်တော့သည်။
Return Home - 3
Rest of your post
No comments :
Post a Comment