Tuesday, 5 May 2009

စိတ်ဒဏ်ရာနှင့် စိုးရိမ်သောကတို့ ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ နလန်ထူရေးတွင် အနာရွတ်တခု ဖြစ်နေ


လာရီဂျေဂင်
တနင်္လာနေ့၊ မေလ 04 2009 23:07 - မြန်မာစံတော်ချိန်
မဇ္ဈိမ


ဘန်ကောက်။ ။ အဖျက်စွမ်းအား ကြီးမားလှသေည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ တနှစ်ပြည့်သည့် အချိန်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အပြည့်အဝ နာလန်ထူရေးတွင် တစ္ဆေများ၊ မရပ်မနား လှုပ်ရှား သွားလာနေကြသော ဝိဥာဉ်များက အနှောင့်အယှက် ပေးလျက်ရှိသည်။ မုန်သုန်ရာသီ နီးကပ်လာသည့် ယခုအချိန်တွင် နာဂစ်ဆိုင် ကလုံး မုန်တိုင်းဒဏ်မှ အသက်မသေ ကျန်ရှိခဲ့သူ အများအပြားမှာ ပို၍ ကြောက်လန့်လာလျက် ရှိသည်။ သူတို့က မိုးကြိုး မုန်တိုင်းများကို နိမိတ်ဆိုးအဖြစ် ယုံကြည်ကြသည်။

အသက်မသေ ကျန်ခဲ့သူ သောင်းပေါင်းများစွာမှာ စိတ်ဒဏ်ရာ ဒဏ်ချက်တို့၏ ဖိစီးမှုများကို တိတ်တဆိတ်ပင် ခံစားနေကြရသည်။ အသက်ရှင် ကျန်ရစ်ခဲ့သည်ကိုပင် အပြစ်ရှိသလို ထင်နေသည်၊ ဝမ်းနည်း ပူဆွေးနေကြရသည်။ ယခုအခါတွင်မူ သူတို့၏ သောကများကို ဆိုးဆိုးဝါးဝါး တုံ့ပြန်ဖော်ပြမှုမှာ အပြောင်းအလဲတရပ် ဖြစ်လာခဲ့ပြီး၊ အထူးသဖြင့် မိုးနှင့်လေကို အလွန် ထိတ်လန့် တုန်လှုပ်ကြသည်။

“လွန်ခဲ့တဲ့ အပတ်တွေက မိုးသဲသဲမဲမဲ ရွာပြီး မုန်တိုင်း တိုက်လိုက်တာ အသက်မသေဘဲ ကျန်နေတဲ့ လူတွေကြားထဲ စိုးရိမ် သောကတွေ ပိုများလာတယ်” ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ၏ စိတ်ပညာရှင် ဒေါက်တာ ဆီလ်ဗီ ယာဝမ်ဆာ (Dr. Sylvia Wamser) က ပြောသည်။ သူသည် မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသော ဘိုကလေးဒေသတွင် လွန်ခဲ့သော နှစ်အတွင်း အချိန်အတော်များများ နေထိုင်၍ နှစ်သိမ့် ဆွေးနွေးခြင်း လုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်သည်။

နာဂစ်မုန်တိုင်း ကျပြီးသည်မှာ တနှစ်ရှိသည့် အချိန်တွင် မြစ်ဝကျွန်းပေါ် ဒေသမှာ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိလာနေသည်။ နာဂစ်မုန်တိုင်း တိုက်ခဲ့သည့် နှစ်ပတ်လည် အချိန်တွင် လွန်ခဲ့သော တနှစ်ကကြုံခဲ့ရသော လွမ်းဆွတ်ကြေ ကွဲဘွယ် အဖြစ်များကို ပြန်ပြောင်း သတိရစရာ ဖြစ်လာသည်။

မြစ်ဝကျွန်းပေါ်ဒေသမှာ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိလာနေသော်လည်း ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် နာလန်ထူရေး လုပ်ငန်းများမှာ ဧရာမ လုပ်ငန်းကြီးများ ဖြစ်နေဆဲရှိသည်။ သန်းပေါင်းများစွာသော အသက်မသေ ကျန်ခဲ့သူများမှာ ထိုညက အဖြစ်အပျက်များ၏ ခြောက်လှန့်မှုကို ခံနေရဆဲ ရှိသည်။ ‘တစ္ဆေများ’ က ထိုညက အဖြစ်အပျက်များကို ယခုထိ သတိပေးနေဆဲ ရှိသည်။

ထိုပျောက်ဆုံးသွားသူများနှင့် ကွယ်လွန်သူများ၏ တစ္ဆေများက လမိုက်သည့်ည လေထန်သည့်ညများတွင် လာလေ့ ရှိသည်ဟု ဒေါက်တာဆီလ်ဗီယာ က မဇ္ဈိမ ကို ပြောသည်။

“တချို့က ငိုကြတယ်။ ဝမ်းနည်းတယ်လို့ ပြောကြတယ်၊ နောက်တခြား လူတွေကတော့ ဒေါသထွက်ကြတယ်” မြစ်ဝကျွန်းပေါ် အတွင်းပိုင်းကျသော နေရာမုန်တိုင်းထဲ ရွာလုံးကျွတ် မျောပါသွားသော ကျေးရွာမှ အသက်အရွယ် ကြီးရင့်ပြီဖြစ်သော လယ်သမားကြီး ဦးမောင်မောင် က ပြောပါသည်။ သူ့ဇနီးနှင့် မြေးယေက်ျားလေး ၂ ဦးမှအပ မိသားစု တခုလုံးကို ဆုံးရှုံးခဲ့ရသူဖြစ်သည်။ “သူတို့ အော်ဟစ်ပြီး ငိုယိုနေရင် ကျနော်တို့လဲ ကြောက်နေကြတာဘဲ”။

သူတို့ ချစ်ခင်သူများနှင့် ပိုင်ဆိုင်သမျှကို ဆုံးရှုံးခဲ့ရသူ သန်းပေါင်းများစွာတို့အတွက် သူတို့ဘဝများ မည်သည့်အခါမှ နဂို အတိုင်း ပြန်မဖြစ်နိုင်တော့ပါ။ “ဖြစ်သွားတာတွေကို ကျနော် မယုံနိုင်ဘူး။ နာဂစ် မတိုင်ခင်ကတော့ ကျနော့်မှာ ဝင်ငွေလဲ လုံလုံလောက်လောက်ဘဲ၊ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ဘဲ။ ကျနော့်မိသားစုနဲ့ ကျနော် ပိုင်ဆိုင်သမျှတွေ တညအတွင်း အကုန် ဖျက်ဆီး ခံလိုက်ရတာဘဲ” ဟု ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အလယ်ပိုင်း ဘိုကလေးမြို့မှ အသက်မသေ ကျန်ခဲ့သူ ၂၇ နှစ်အရွယ် အမျိုးသားတဦးက ပြောသည်။

ကိုလှဌေးမှာ သူ့မိသားစုနှင့်အတူ လှေတစင်းနှင့် လွတ်မြောက်ခဲ့သည်။ သို့သော် သူတို့လှေမှာ လေပြင်းနှင့် လှိုင်းလုံးများ အကြားတွင် တစစီ ကျိုးပဲ့ ပျက်စီးသွားခဲ့သည်။ “ကျနော့် မိသားစုအားလုံး ရေထဲကျပြီး ပါသွားကြတာ။ ကျနော့် ကလေးတွေက အော်ဟစ်ပြီး ကယ်ပါယူပါ တစာစာနဲ့၊ ကျနော် သူတို့အသံတွေ ခုထိကြားနေတုံးဘဲ” ဟု သူက ပြောသည်။ ထိုညက သူ့ဇနီးနှင့် ကလေး ၄ ဦး ဆုံးရှုံးခဲ့ရပြီး သားတဦးသာ အဖြစ်ဆိုးအတွင်းမှ လွတ်မြောက် အသက်ရှင် ကျန်ခဲ့သည်။

မြစ်ဝကျွန်းပေါ်ဒေသ တဝှမ်းလုံးတွင် ဤဇာတ်လမ်းများမှာ အတူတူပင် ဖြစ်သည်။ အသက်ရှင် ကျန်ခဲ့သူများမှာ သူတို့ ချစ်နှစ်သက်သောသူ အများအပြားကို ဆုံးရှုံးခဲ့ရသူချည်းသာ ဖြစ်သည်။ အသက် ၄ဝ အရွယ်ရှိ မနွယ်နွယ်ဆိုလျှင် သူမ၏ မိသားစုဝင် ၃၆ ဦးကို မုန်တိုင်းအတွင်း ဆုံးရှုံးခဲ့ရသည်။ “မုန်တိုင်းပြီးတော့ ကျမ ရွာက ထွက်လာတယ်။ ကျမ ဘာကိုမှ ပြန်သတိမရချင်တော့လို့ ထွက်လာခဲ့တာဘဲ။ ကျမ အိပ်လို့လဲ မရဘူး၊ စားလို့လဲ မရဘူး၊ အိမ်ထဲက အိမ်ပြင်လဲ မထွက်ရဲဘူး။ ကျမ ညတိုင်းညတိုင်း ထူးထူးဆန်းဆန်း ခြောက်အိပ်မက်တွေချည်း မက်နေတာ၊ အခုတော့ ညရောက်မှာကို ကျမ ကြောက်တယ်” ဟု သူမက ပြောသည်။

ဒေါက်တာ ဝါစမာလို နှစ်သိမ့်ဆွေးနွေးရေး လုပ်ငန်း လုပ်ကိုင်နေသူများအတွက် သူတို့ ဤသို့ ခိုင်ခိုင်မာမာ စွဲလမ်းနေကြသော သူရဲတစ္ဆေများမှာ စိန်ခေါ်မှုကြီးတရပ် ဖြစ်နေသည်။ “ခုလို ထိတ်လန့်တုန်လှုပ်ဘွယ် အဖြစ်ဆိုးတွေနဲ့ ကြုံပြီးတဲ့အခါ အိပ်မက်ဆိုးတွေ မက်တယ်ဆိုတာ ပုံမှန် အခြေအနေဘဲဆိုတာ သူတို့ နားလည်အောင် အကူအညီပေးဘို့က အရေးကြီးတယ်။ သူတို့နားမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတဲ့ ဂနာမငြိမ် ဖြစ်နေတဲ့ ဝိညာဉ်တွေဟာ သူတို့ ချစ်နှစ်သက်သူတွေ မဟုတ်ကြပါဘူး” ဟု သူမက ပြောသည်။

“ဆိုင်ကလုံး မုန်တိုင်းပြီးတော့ ကျမကလေးတွေနဲ့ ပတ်သက်ပြီး သိပ်ထူးဆန်းတဲ့ အိပ်မက်တွေ မက်တယ်” ဟု မုန်တိုင်း အတွင်းကလေး ၅ ဦးအနက် ၃ ဦးဆုံးရှုံးခဲ့ရသူ အသက် ၃၅ နှစ်အရွယ်ရှိ မကြည်ကြည်ဝင်းက ပြောသည်။ “ကလေးတွေက သူတို့နောက်ကို လိုက်ခဲ့ပါတော့လို့ ကျမကို ခေါ်တဲ့အိပ်မက်တွေ တောက်လျှောက် အမြဲမက်နေတာ။ ကျမအရမ်း ကြောက်တယ်၊ ကျမမှာ ငရဲကျနေသလိုဘဲ။ ဒါနဲ့ ကျမလဲ ဗေဒင်ဆရာဆီ သွားမေးရတယ်။ ကျမကလေးတွေက အပြစ် ကင်းသူတွေ ဖြစ်ကြလို့ ကောင်းတဲ့ဘုံကို ရောက်မှာပါလို့ သူကပြောတယ်။ ဒါပေမဲ့ ကျမကတော့ ဒီလို ထူးထူးဆန်းဆန်း အိပ်မက်တွေကို ခုထိ မက်နေတုံးပါဘဲ”။

“လေတွေ ထန်လာတဲ့ အချိန်ရောက်ရင် ကျမ စားလို့လဲ မရဘူး၊ အိပ်လို့လဲ မရဘူး။ ဆိုင်ကလုံး မုန်တိုင်းနဲ့ သေသွားတဲ့ ကျမ ကလေးတွေအကြောင်းဘဲ တွေးနေမိတော့တာ။ ငိုလို့ဘဲ မဆုံးနိုင်ဘူး”။

မကြည်ကြည်ဝင်းသည် ယခုအခါ ခေါင်းကိုက် ဝေဒနာနှင့် နောက်ကျောတက် ဝေဒနာတို့ကို အစဉ်အမြဲ ခံစားနေရသည်။ သူမသည် အာရုံစုစည်း၍ မရသည့် ဒုက္ခနှင့်ကြုံနေရပြီး၊ အလုပ်လုပ်ရန်လဲ စိတ်မဝင်စားတော့ပါ။ “သေသွားတဲ့ ကျမ ကလေးတွေ အကြောင်း စဉ်းစားမိရင် ကျမ သေသာသေချင်တော့တာဘဲ” ဟု သူမက ပြောသည်။

ဆိုင်ကလုံး မုန်တိုင်းက ချန်ထားရစ်ခဲ့သည့် မမြင်ရသော အသံမထွက်သော စိတ်ဒဏ်ရာ အနာရွတ်များကို ပျောက်ကင်းအောင် လုပ်ရန်မှာ သူတို့ကို အစားအစာ၊ နေစရာ အိုးအိမ်ပေးရသည်ထက် ပိုမိုခက်ခဲသည်ဟု အကူအညီပေးရေး လုပ်သား အများအပြားက ပြောသည်။ “ရွာသားတွေကို လက်နက် ကိရိယာတွေ ဝယ်ပေးတာ၊ မြေသြဇာတွေပေးတာ၊ မွေးမြူရေးအတွက် ကူညီတာ၊ ငါးဖမ်းပိုက်တွေ ပေးတာ၊ လှေတွေပေးတာ စတဲ့ သူတို့ စားဝတ်နေရေးကို ပြန်ထူထောင်ပေးရတာ၊ ကူညီရတာ လွယ်တယ်။ သူတို့ ဘဝတွေကို တကယ် ထိထိရောက်ရောက် ပြန်လည် တည်ဆောက်နိုင်ဘို့ သူတို့ရဲ့ ဒဏ်ရာရနေတဲ့ စိတ်ကို ပြန်ပြီးပြုပြင်ပေးရတာက အများကြီး ပိုခက်တယ်” ဟု MSF မှ စိတ်ပညာရှင် ကျွမ်းကျင်သူ Kaz de Jong က ပြောသည်။ သူသည် မုန်တိုင်းတိုက်အပြီး ပထမ ရက်သတ္တပတ် အနည်းငယ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသသို့ ရောက်ရှိသွားခဲ့သူ ဖြစ်သည်။

မုန်တိုင်းအပြီး စိတ်ဒဏ်ရာဖိစီးမှု လက္ခဏာများမှာ အလွန် ထင်ရှားသည်ဟု မြစ်ဝကျွန်းပေါ်ဒေသတွင် လုပ်ကိုင်နေကြသော အကူအညီပေးရေး လုပ်သားများ၏ အပြောအရ သိရသည်။ ထိုဒေသရှိ လူများသည် ယခုထိ အိမ်မက်ဆိုးများ မက်နေကြဆဲ၊ အကန့်အသတ်ဖြင့်သာ အာရုံစိုက်၍ရသော ပြေဿနာ၊ ငူငူငိုင်ငိုင်ဖြစ်နေမှု၊ အာရုံဝင်စားလို့ မရဘဲ အစားအသောက်ပျက်ခြင်း စသော ဝေဒနာများကို ခံစားနေကြရသည်။ အခြားသော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများဖြစ်သည့် နောက်ကျောအောင့်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အခြားသော နာကျင်မှု ဝေဒနာများမှာ စိတ်ဒဏ်ရာ၏ စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်သည်။

“အဓိက က ဒီအကြောင်းကို ပြောပြဘို့ဘဲ၊ သူတို့ အိမ်နီးချင်းတွေကို ပြောရမယ်၊ ဘုန်းတော်ကြီးတွေကို ပြောရမယ်ဟု ဒေါက်တာဝါစမာ က ပြောသည်။ “မိုးလေဝသလို၊ သိပ္ပံပညာလို ဟာတွေနဲ့ သူတို့ကို တခြားတဘက်က လှည့်ပြီးရှင်းပြ ရမယ်။ ဖြစ်ခဲ့တာတွေကို ခပ်လွယ်လွယ် ကံကြောင့်ပါဘဲကွာလို့ ပြောတာထက်စာရင် ဒါကို လုပ်ပေးရမယ်။ သူတို့ လုပ်နိုင်တာ၊ တတ်နိုင်တာ တချို့တလေ ရှိသေးတယ်ဆိုတာ သူတို့ နားလည်ဘို့ လိုတယ်။ သူတို့ဟာ အားကိုးရာမဲ့ ဖြစ်နေတာ မဟုတ်ဘူး၊ သူတို့ ကံကြမ္မာကို ကိုယ့်ဘာသာ စေစားနိုင်သေးတယ်ဆိုတာ သိဘို့လိုတယ်” ဟု သူမက ပြောသည်။

ဤမုန်တိုင်းဒဏ် ခံခဲ့ရသော နယ်မြေထဲရှိ အိမ်ထောင်စုလေး ပုံတပုံလောက်မှာ အလွန်ဆိုးဝါးသော စိတ်ရောဂါနှင့် လူမှုရေး ဘေးဒုက္ခများကို ကြုံနေရသည် ဟု ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ အဖွဲ့နှင့် မြန်မာအစိုးရတို့ ပူးတွဲပြုလုပ်ခဲ့သော ပြန်လည် နာလန်ထူရေး စီမံကိန်းတရပ်အရ သိရသည်။ သို့သော် ထိုမိသားစုများထဲမှ ၁၁% သာ အကူအညီ ရရှိခဲ့သည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (IFRC) နှင့် လခြမ်းနီအဖွဲ့တို့က စေတနာ့ဝန်ထမ်း ၆ဝဝ ကို သင်တန်းပေးခဲ့ပြီး၊ ထိုစေတနာ့ဝန်ထမ်းများက ကျေးရွာပေါင်း ၆ဝဝ ရှိ အသက်မသေ ကျန်ခဲ့သူတို့ထံ အရောက်သွားကာ သူတို့ ဆုံးရှုံးခဲ့သမျှကို ရင်ဆိုင် ကျော်လွှားနိုင်ရန် ကူညီခဲ့ကြသည်။

စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ပြဿနာများသည် နာဂစ်က ဖန်တီးခဲ့သည့် အရေးပါသော ပြဿနာတရပ် ဖြစ်သည်ကို ပထမဆုံး အသိအမှတ် ပြုခဲ့သည့် အကူအညီပေးရေး အေဂျင်စီသည် MSF ဖြစ်သည်။ အလုံးအရင်းနှင့် ပြုလုပ်ခဲ့သည့် မြစ်ဝ ကျွန်းပေါ် ဒေသကယ်ဆယ်ရေး လုပ်ငန်း ကြိုးပန်းမှုကြီးတွင် နှစ်သိမ့်ဆွေးနွေးမှုပေါင်း များစွာကို လူပေါင်း ၆ သောင်း ကျော်အတွက် ပြုလုပ်ခဲ့သည်။ ထိုအထဲတွင် လူပေါင်း ၃ဝဝဝ ကို အနီးကပ် စောင့်ရှောက်ကုသမှု ပေးခဲ့သည်။

“ကျမတို့ လုပ်ငန်းအောင်မြင်တာရဲ့ အဓိကအချက်က လူနာတွေကို နားနားနေနေ နေတတ်ဘို့ နည်းလေးတွေ သင်ပေးခဲ့နိုင်တာ၊ သူတို့ စိတ်ထဲရှိသမျှကို ပွင့်ပွင့်လင်းလင်း ထုတ်သာပြောဘို့ အားပေးကူညီနိုင်ခဲ့တာ” ဟု ဒေါက်တာဝါစမာ က ပြောသည်။

“လူတိုင်းကတော့ ပြောကြတာဘဲ၊ ဗမာလူမျိုးတွေက အတော် ဒူပေနာပေ ခံနိုင်တာလို့။ ဒါမှန်တယ် ဆိုပေမဲ့ တချို့လူတွေ ကတော့ ဝမ်းနည်းပူဆွေးနေတာကနေ အပြည့်အဝ ပြန်မကောင်းလာနိုင်ကြသေးဘူး၊ ဘာတွေဖြစ်ခဲ့တယ် ဆိုတာလဲ နားမလည်ကြသေးဘူး” ဟု မြန်မာနိုင်ငံရှိ အကူအညီပေးရေး အေဂျင်စီတခုဖြစ်သော CARE မှ မြန်မာပြည်ဆိုင်ရာ ဒါရိုက်တာ ဘရိုင်ယန်အဂ်လင်း (Brian Agland) က ပြောသည်။

သို့သော် မြန်မာပြည်အတွက်မူ အလွန်ခက်ခဲသော ကိစ္စတရပ် ဖြစ်သည်။ တိုင်းပြည်၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်မှာ ခေတ်နောက်ကျလှသည်။ စိတ်ရောဂါနှင့် စိတ်ဒဏ်ရာ ဖိစီးမှုဆိုသည့် ပြဿနာများသည် တိုင်းပြည်၏ ကျန်းမာရေး လောကနှင့် အစိုးရ အုပ်ချုပ်ရေး ယန္တရားတွင် အယူအဆ အသစ်အဆန်းများ ဖြစ်နေသည်။ လွန်ခဲ့သော တနှစ်က မွှေနှောက်တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ အသက်မသေ ကျန်ရစ်သူများ အပြည့်အဝ ပြန်လည်နာလန် ထူလာနိုင်ရေးအတွက် ဤပြဿနာကို ထိပ်တိုက် ရင်ဆိုင်တွေ့မှရမည်။

“ဒီစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသပေးဘို့ အချိန်ကြာကြာ စောင့်နေလေလေ၊ ရေရှည်မှာ စိတ်ကျန်းမာရေး ပြဿနာတွေ ပိုရှုပ်ထွေးလာလေ ဖြစ်မယ်။ လူနာတွေကို နားနားနေနေ နေခိုင်းပြီး ကုသပေးတာ၊ တရားထိုင်ခိုင်းတာ၊ ဆုတောင်း ဝတ်ပြုခိုင်းတာတွေက သူတို့ ခံနိုင်ရည်ရှိအောင် လုပ်ပေးရာ ရောက်တယ်။ သူတို့ ကိုယ့်ခြေထောက် ၂ ချောင်းပေါ် ပြန်ရပ်နိုင်အောင် နဂို အခြေအနေ ပြန်ရောက်အောင် ကူညီပေးရာ ရောက်တယ်” ဟု ဒေါက်တာဝါစမာ က ပြောသည်။

သဘာဝ ဘေးအန္တရာယ်ကြီးများကို ရင်ဆိုင် ကျော်လွှားရာတွင်၊ အထူးသဖြင့် ရေရှည်တွင် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးမှုသည် အလွန် အရေးပါသည်ဟု ဥရောပ အခြေစိုက် အန်ဂျီအိုတခုဖြစ်သော MSF ကပြောသည်။ “စိတ်ကျန်းမာရေးက ကယ်ဆယ်ရေး လုပ်ငန်းမှ ကနဦးလုပ်ငန်း ဖြစ်သင့်တာ။ အစားအသောက် အထုပ်တွေ၊ ရှေးဦးသူနာပြု သေတ္တာတွေ ပေးတာနဲ့အတူ တွဲလုပ်ရမှာ” ဟု MSF ၏ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် မန်နေဂျာ Sebestien Matte က မဇ္ဈိမ ကို ပြောသည်။

“ကျနော်တို့ရဲ့ စိတ်ပညာ လူမှုရေးလုပ်ငန်း မြစ်ဝကျွန်းပေါ်ဒေသက လူတွေအကြား ပေးနိုင်ခဲ့တာကြောင့် လူတွေစကား ပြောနိုင်လာတယ်၊ သူတို့ ခံစားချက်တွေကို အခြားသူတွေနဲ့ မျှဝေခံစား ပြောပြတတ်လာကြတယ်။ အခုတော့ သူတို့ အရင်ကထက် ပိုပြီး နားလည်လာပြီ၊ သူတို့ရဲ့ တုံ့ပြန်ပုံတွေကို ထိတွေ့ ဆက်ဆံလာနိုင်ပြီ၊ သူတို့ရဲ့ အရင်းအမြစ်တွေကို ဖော်ထုတ် အသုံးချနိုင်လာပြီ၊ ရှေ့မှာကြုံရမဲ့ သဘာဝ ဘေးဒုက္ခတွေ အတွက်လဲ အရင်ကထက် ပိုပြီး ပြင်ပြင်ဆင်ဆင်ရင် ဆိုင်လာနိုင်ပြီလို့ မျှော်လင့်ပါတယ်”။



Rest of your post

No comments :