Friday 5 June 2009

ကော့သောင်မြို့တွင် မြေပြိုသဖြင့် လူလေးဦးသေဆုံး


ကျော်သိင်္ခ
ဇွန်လ ၄ ရက်

ယမန်နေ့ ညကလေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ကော့သောင်မြို့ ရွှေမင်းဝံ ရပ်ကွက်တွင် မြေများပြို ကျကာ လူလေးဦးသေဆုံးသွား ကြောင်းသတင်းရရှိသည်။

ထိုကိစ္စနှင့် ပက်သက်၍ ကော့သောင်မြို့ ရွှေမင်းဝံ ရပ်ကွက်တွင်နေထိုင်သူ တစ်ဦးအား ဆက်သွယ် မေးမြန်းခဲ့ရာ “ရွှေမင်းဝံရပ်ကွက် (၈)လမ်းမှာ ဖြစ်တာ။ ည (၁၁)ခွဲလောက်က ဖြစ်သွား တာ။ ကလေး (၃)ယောက်ရယ် အမျိုးသမီးတယောက်ရယ် သေသွားတယ်။ ကျနော်တို့က (၄)လမ်းမှာ နေတာ။ ကျနော်တို့ ဘက် တော့ ဘာမှမဖြစ်ဘူး” ဟု ပြောသည်။

ကော့သောင်မြို့တွင် ပြီးခဲ့သည့် (၂) ကတည်းက ရက်ဆက်တိုက် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း မြန်မာ့ရုပ်မြင်သံကြား သတင်းဌာနများတွင် ကြိုတင်သတိပေးထုတ်ပြန်မှုများ မတွေ့ရကြောင်းနှင့် ယခုလို မိုးများ ရက်ဆက်ရွာသွန်းမှုကြောင့် တချို့ နေရာများတွင် မြေများပြိုကျပြီး လမ်းများပိတ်ကုန်ကြောင်းလည်း ရွှေဟင်္သာ ရပ်ကွက်တွင်နေထိုင်သည့် မြို့ခံတဦးက ပြောပြ သည်။

ကော့သောင်မြို့သည် မြန်မာနိုင်ငံတောင်ဖက်အစွန်းတွင် တည်ရှိပြီး ရေလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ထိုင်းနိုင်ငံ ရနောင်းမြို့နှင့် အဓိကထားလုပ်ကိုင်နေပြီး လူကုန်ကူးသူများမှလည်း ထိုင်းနိုင်ငံသို့ အလုပ်သမားများ ပို့ရာတွင် အဓိကကျသော နယ်စပ်ထွက်ပေါက်မြို့ ဖြစ်သည်။

ထိုင်းနိုင်ငံ မိုးလေ၀သ သတင်းဌာနမှ ကော့သောင်မြို့ တဖက်ကမ်း ထိုင်းနယ်စပ်မြို့ဖြစ်သည့် ရနောင်းနှင့် ချွန်ဖွန်မြို့များတွင် ရေကြီး မိုးကြီးနိုင်ကြောင်းနှင့် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်အော်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း ကြေငြာချက်ကို ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာတွင် ယနေ့ဖော်ပြထားသည်။

No comments :