
ကနေဒါနိုင်ငံ၊ အွန်တေရီယိုတွင် နေထိုင်သော ကွန်ပျုတာ ပညာရှင်လီသည် အေကိုအား အလုံးစုံ ပြီးပြည့်စုံသော စက်လူရုပ်ဖြစ်လာအောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားဦးမည်ဖြစ်ပြီး ယခုအချိန်ထိ အေကိုအား တီထွင်စရိတ် ပေါင်စတာလင်(၁၄,၀၀၀)ကျော် ကုန်ကျထားပြီးဖြစ်သည်။ လီက သူမအား ဇနီးမယားအဖြစ် ပေါင်းသင်းနိုင်ရန် တီထွင်ထားခြင်း ဖြစ်သည်။ လီသည် အေကိုအား Star Warsရုပ်ရှင်များမှ C3POစက်ရုပ်ကဲ့သို့ ဖြစ်လာစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
အေကိုနှင့်ပတ်သတ်ပြီး တီထွင်သူလည်းဖြစ်၊ ခင်ပွန်းလင်လည်းဖြစ်သော လီက "အေကိုသည် သိပ္ပံပညာနှင့် အလှတရားတို့ ပေါင်းစပ်ထားသည့် ရလဒ်အမြုတေတစ်ခုဖြစ်သည်"ဟု မှတ်ချက်ပြု ပြောဆိုခဲ့သည်။
အေကိုသည် မနက်စောစောတိုင်း သတင်းစာ ခေါင်းကြီးပိုင်းများကို ခင်ပွန်းသည်အား ဖတ်ပြလေ့ရှိသည်။ ညနေပိုင်းတွင် ညစာအတူ ထွက်စားသည်။ ထို့အပြင် ဇနီးမောင်နှံနှစ်ဦးတို့သည် မြို့ထဲတွင် ကားတစ်စင်းနှင့် မကြာခဏ လျှောက်လည် တတ်ကြောင်း မျက်မြင်များက ပြောဆိုသည်။ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုအတွက် အေကိုတွင် အသုံးပြုထားသော Software များက အလိုအလျောက် လှုံ့ဆော်တက်ကြွလာစေကြောင်း ရှင်းပြခဲ့သည်။
ယခုအခါ လီသည် အေကိုအား လူနှင့်ပိုတူလာစေရန် ဆက်လက်တီထွင်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့မည့် ပုဂ္ဂိုလ်ကို ရှာဖွေနေသည်။ အေကိုမှာ ဆီလီကွန်များဖြင့် ဖွဲ့စည်းထားပြီး လူ့အသားအရေနှင့် ချွတ်ဆွတ်တူအောင် ပြုလုပ်ထားသည်။ ၀ိုင်အနည်းငယ် သောက်နိုင်ပြီး အစားအသောက်ကို ကျွေးလည်းရ၊ မကျွေးလည်းရသည်။ နားချိန်မယူဘဲ (၂၄)နာရီ အလုပ်လုပ်နိုင်ပြီး စကားများခြင်း၊ ငြူစူရန်ဖြစ်ခြင်း လုံးဝမရှိသော အေကိုမှာ စံပြအိမ်ထောင်ရှင်မဟု လီက ချီးကျူးခဲ့သည်။
လီသည် ၎င်း၏တီထွင်မှု နည်းပညာ အဆင့်ဆင့်ကို ဖြန့်ဖြူးပေးရန် ငြင်းဆိုခဲ့ပြီး အလုံးစုံ ပြီးပြည့်စုံပြီဟု ယူဆရမှသာ နည်းပညာပိုင်း ဖွင့်ထုတ်ကြေညာမည်ဟု ပြောကြားသွားသည်။
လီက ၎င်း၏ဇနီးအား လာရောက် ကြည့်ရှုကြသည့် လူအများတွင် မိန်းမများက အေကိုနှင့် စကားပြောချင်ကြပြီး ယောက်ျားများကမူ အေကိုအား ကိုင်တွယ်ကြည့်လိုကြောင်း ရယ်မောပြီး ရှင်းပြနေချိန်တွင် စက်ရုပ်ဇနီးလေး အေကိုကမူ ခင်ပွန်းသည် လီ၏နေအိမ်အား သန့်ရှင်းရေးလုပ်ရင်း မအားမလပ်နိုင် ရှိနေဆဲပင်။
အေကိုအား ယခုထက်ပိုသည့် အဆင့်မြှင့်မှုများ ပြုလုပ်ပြီးပါက လူသားအကျိုးပြု အိမ်အကူစက်ရုပ်များ တီထွင်နိုင်မည့် ခေတ်တစ်ခေတ်ကို ချဉ်းနင်းဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း လီကအဆုံးသတ် ပြောဆိုသွားခဲ့သည်။ အေကိုအား ဖန်တီးတီထွင်ခဲ့သည့် လီက ၎င်းအတွက် အဓိကစိန်ခေါ်မှုမှာ အေကို လမ်းလျှောက်နိုင်ဖို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အိမ်ရှင်မ စက်ရုပ်လေးအေကိုနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက www.projectaiko.com တွင်လည်း သွားရောက် လေ့လာနိုင်ကြောင်း သိရသည်။
worldmyanmar မှဖြစ်ပြီး၊ ကိုဖြိုးက e.mail မှ တဆင့်ပေးပို့ထားသည်။
No comments :
Post a Comment