Friday, 5 June 2009

ကိုရီးယား ကျွန်းဆွယ် တင်းမာမှု အခြေအနေ

မြောက်ကိုရီးယား မြေအောက်အဏု မြူဗုံးဖောက်ခွဲ ခဲ့သောနေရာပြ မြေပုံ


-ဇင်မင်းထက် (WFWW)-
၀၆-၀၅-၂၀၀၉

ကျန်းမာရေးချို့ တဲ့လာနေတဲ့ မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရ အာဏာရှင်ကြီး ကင်(မ်)ဂျုံအီဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံမည့် သူကိုရွေးချယ်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ သူရဲ့ အရိုက်အရာကို ဆက်ခံမည့် သူကတော့ သူ့ရဲ့ အချစ်ဆုံးတတိယမြောက်ဇနီး ကိုယောင်ဟွန်း (Ko Yong Hui) က မွေးဖွားခဲ့တဲ့ အသက် ၂၆ နှစ်အရွယ်သာရှိသေးတဲ့ တတိယမြောက် သား ကင်ဂျုံ အမ်း ( Kim Jone Un) ဖြစ်ပါတယ်။ ကင်ဂျုံ အမ်း ကို ၁၉၈၄ ခုနှစ် ဇန်န၀ါရီ ၈ ရက်နေ့မှာ မွေးဖွားခဲ့တယ်။

အမှန်တော့ ကင်(မ်)ဂျုံအီ မှာ သားသုံးယောက်ရှိပါတယ်။ အကြီးဆုံးသား ကင်(မ်)ဂျုံနမ်း(Kim Jone-nam), သားလတ် ကင်(မ်)ဂျုံချုလ် ( Kim Jone-chul)၊ နှင့် သားငယ် ကင်ဂျုံ အမ်း ( Kim Jone Un) တို့ဖြစ်ကြတယ်။ သားကြီး ကင်(မ်)ဂျုံနမ်း ဟာ ဂျပန်နိုင်ငံကို ဒိုမေနီယံ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီးဝင်ရောက်ခဲ့မှုကြောင့် တိုကျိုလေဆိပ်သစ်မှာပဲ ဂျပန်အစိုးရက တရုတ်နိုင်ငံကို ပြန်လည်နှင်ထုတ်ခြင်းခံခဲ့ရလို့ ကင်(မ်)ဂျုံအီ အတွက် အတော်လေး အရှက်ရစေခဲ့တယ်။ သားလတ် ကင်(မ်)ဂျုံချုလ် က တော့ သူဟာ မိန်းမလျှာ (သို့) မိန်းမဆန်တယ် လို့ တချိန်က သူ့ရဲ့ စာဖိုမှူး ဖြစ်ခဲ့ တဲ့ ဂျပန်လူမျိုး ကန်ဂျီဖူဂျီမိုတိုရဲ့ ရေးသားဖော်ပြချက်အရ သိရှိခဲ့ရတယ်။ ကင်(မ်)ဂျုံအီးဟာ အားနည်းချက်တွေရှိနေတဲ့ သူ့ရဲ့ သားကြီး၊ သားလတ်တို့ကို မစဉ်းစားဘဲ၊ နိုင်ငံရေးကို စိတ်ဝင်စားမှုရှိပြီး၊ နိုင်ငံခြားမှာ ပညာသင်ယူခဲ့တဲ့ သားငယ် ကင်(မ်)ဂျုံအမ်း ကို သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့ စဉ်းစား ရွေးချယ်တာဖြစ်နိုင်ကြောင်းခန့်မှန်းရတယ်လို့ အာရှရေးရာ, နိုင်ငံတကာ ဆက်ဆံရေးရာ နှင့် အမျိုးသားလုံခြုံရေးရာမှာ အကြီးအကဲရာထူး တာဝန်တွေ ထမ်းဆောင် နေတဲ့ ကိုရီယား နိုင်ငံရေးသိပ္ပံပညာရှင် ဗစ်တာချာ ( Victor Cha ) က ပီဘီစက် ( PBS) ရုပ်မြင်သံကြားနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားခဲ့တယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ကွန်မြူနစ်နိုင်ငံတွေထဲမှာ တိုင်းပြည်ရဲ့ အာဏာကို မိသားစုဝင်တွေ အရိုက်အရာဆက်ခံမှု ရှားပါးပေမဲ့ ကျူးဘား နှင့် မြောက်ကိုရီယားနိုင်ငံ တွေကတော့ ၂၁ ရာစု ခေတ်ကြီးမှာ မိသားစု မျိုးဆက် အလိုက် တိုင်းပြည်အာဏာကို ထိမ်းချုပ်ရယူပြီး အာဏာရှင်စံနစ်ကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်။ မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရ အာဏာရှင် ကင်(မ်)ဂျုံအီဟာ သူ့ရဲ့ အရိုက်အရာကိုဆက်ခံမည့် သူကိုရွေးချယ်လိုက်တာကို ကြည့်ခြင်းအားဖြင့် အာဏာရှင်တွေဟာ မိမိတို့ အာဏာရှင်အဖြစ်ကနေ ဆင်းပေးရတော့မည့် အချိန်မှာ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို အထူးစိုးရိမ်နေကြောင်း ပေါ်လွှင် နေတယ်လို့ နိုင်ငံရေး လေ့လာနေသူ ပညာရှင်များက ထောက်ပြကြတယ်။

ကင်(မ်)ဂျုံအီ ၏ ဒေသတွင်း ခြိမ်းချောက်မှုများ



ကင်(မ်)ဂျုံအီ ဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့ သူ့သားကို ရွေးချယ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာစဉ်မှာပဲ မေလ ၂၅ ရက်နေ့ က မြောက်ကိုရီးယားနိုင်ငံက မြေအောက်အဏု မြူဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလို မြေအောက်အဏု မြူဗုံးဖောက်ခွဲမှုမှုကြောင့် ကိုရီးယား ကျွန်းဆွယ်အရေးတင်းမာမှု များဖြစ်ပေါ်နေပြီး၊ ဒီဖောက်ခွဲမှုကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယနှင့် အခြား နိုင်ငံ များက ဝေဖန်ပြစ်တင်မှုများပြုလုပ်ခဲ့ သည်။ မြေအောက်အဏု မြူဗုံးဖောက်ခွဲမှု ကို ရုရှားကာကွယ် ရေးဝန်ကြီးဌာနက အတည်ပြုထုတ် ပြန်ခဲ့ပြီးနောက်၊ တောင်ကိုရီးယား နိုင်ငံမှ ထိပ်တန်းစစ်ဘက်အရာရှိများ ကလည်း အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး အင်အား ၆၈၀၀၀၀ ခန့်ရှိသော စစ်တပ်အားအသင့်ရှိကြရန် တပ်လှန့် နှိုးဆော်ထားသည်။

ပြီးခဲ့တဲ့လပိုင်းတုန်းက မြောက်ကိုရီးယားအစိုးရဟာ ရှေးရိုးစွဲ ကွန်မြူနစ်ဝါဒ ယုံကြည်တဲ့ အသက် ၇၈ နှစ်ရှိ ဗိုလ်ချုပ်ကြီး O Kuk Ryol ကို အဆင့် ၂ ရာထူး တိုးပေးခဲ့ပြီး၊ ကာကွယ်ရေးဝန်ကြီး အပါအ၀င် ထိပ်တန်း ဗိုလ်ချုပ်ကြီး ရာထူးတွေကို ထုတ်ပယ်ကာ သဘောထားပိုမို တင်းမာတဲ့ စစ်ဗိုလ်ချုပ်များနဲ့ အစားထိုး ခန့်အပ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဆန်ဟီး (Lee Sang-hee) က မြောက်ကိုရီးယား အခြေအနေနဲ့ ပက်သက်ပြီး လွှတ်တော်၌ စစ်ဆေး ကြားနာမှု မှာ ဖြေဆိုသွားခဲ့ပါတယ်။ တောင်ကိုရီယားအနေနဲ့ ရုတ်တရက် တိုက်ခိုက်မှုကို အချိန်တိုအတွင်း ပြင်းပြင်းထန်ထန် ပြန်လည် တုန့်ပြန်ဖို့ အသင့်အနေအထား ရှိနေပါကြောင်း တောင်ကိုရီးယားလွှတ်တော် အမတ်တဦး၏မေးမြန်းချက် ကို ပြန်လည် ဖြေဆိုသွားပါတယ်။ တောင်ကိုရီးယားမှာ အမေရိကန်တပ်သား ၂၈,၅၀၀ နှင့် တောင်ကိုရီယား စစ်သား ၆၈၀,၀၀၀ ရှိပါတယ်။ မြောက်ကိုရီးယားဟာ အီရတ် နှင့် အာဖဂန် မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို လေ့လာ အခွင့်ကောင်းယူပြီး၊ ဒီလိုခြိမ်းချောက်မှုတွေ၊ စစ်အင်အားတိုးချဲ့မှုတွေ ကို တိုးမြှင့်ပြုလုပ်နေတာလို့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက အဆင့်မြင့်အရာရှိ ကြီးတဦးက တောင်ကိုရီးယားသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်မှုမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားကွန်မြူနစ် အစိုးရ၏ မြေအောက်အဏု မြူဗုံးဖောက်ခွဲမှု အပေါ် သူ၏ အဓိကမဟာမိတ်နိုင်ငံ များဖြစ်သော တရုတ်နှင့် ရုရှားနိုင်ငံ ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက် ကြောင်းကြေညာခဲ့သည်။ နိုင်ငံတကာ အစိုးရတွေကတော့ ကွန်မြူနစ်မြောက်ကိုရီးယားအစိုးရဟာ အဏု မြူဗုံး ဆိုင်ရာနည်းပညာနှင့် လူအမြောက်အများသေစေနိုင်တဲ့ လက်နက်တွေကို အကြမ်းဖက်အဖွဲ့တွေ၊ အာဏာရှင်နိုင်ငံတွေကို ရောင်းချမှာ ကို အထူးစိုးရိမ်နေကြောင်းထုတ်ဖော်ပြောဆိုနေကြတယ်။

ဂျပန်အစိုးရ ကလည်း အဏုမြူဗုံးဖောက်ခွဲမှုနှင့်ပတ် သက်၍လုံးဝလက်ခံနိုင်စရာမရှိကြောင်း၊ မြောက်ကိုရီးယား အား ပြင်းပြင်းထန် ထန်တုံ့ပြန်သွားမည်ဟု ဂျပန်အစိုးရ အဖွဲ့ဝင်အကြီးအကဲတစ်ဦးဖြစ်သူတာ ကေအိုကာဝါမူရာ က ပြောကြားခဲ့ သလို၊ အမေရိကန်အစိုးရကလည်း စီးပွားရေးဒဏ်ခတ်မှုတွေကို တင်းတင်းကျပ်ကျပ် တိုးလုပ်သွားမှာ ဖြစ်ပြီး၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ၏ လုံခြုံရေးကို အကာအကွယ် ပေးသွားမယ်လို့ ဂတိပြုပြောဆိုသွားခဲ့တယ်။ ဂျပန်အစိုးရကလည်း မြောက်ကိုရီးယားက တိုက်ခိုက်လာလျှင် ပြန်လည် လက်တုန့်ပြန်သွားဖို့ အသင့်အနေအထားမှာရှိနေပြီလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက တောင်ကိုရီးယား-ဂျပန်-အမေရိကန် ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးပွဲမှာအတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရ၏ ရန်လိုမှု၊ စစ်အင်အားတိုးချဲ့ ငြိမ်းချောက်မှု တွေဟာ ကိုရီးယားကျွန်းဆွယ် မှာ တနေ့ထက်တနေ့ တိုးတိုးလာပြီး အခြေအနေတင်းမာနေကြောင်း နိုင်ငံခြားသတင်းမီဒီယာတွေမှာ နေ့စဉ်ဆိုသလိုဖော်ပြနေပါတယ်။

ကိုရီးယားကျွန်ဆွယ်နှင့် ဒေသတွင်းနိုင်ငံများကို ရန်လိုမှု၊ စစ်ရေးငြိမ်းချောက်မှု ပြုလုပ်နေတဲ့ မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရ ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွေကြောင့် စီးပွားရေး နှင့် သံတမန်ရေးအရ ဆက်ဆံလိုသော နိုင်ငံတွေနည်းပါးလာသော်လည်း မြန်မာ၊အီရန်၊ကျူးဘားနိုင်ငံတွေကတော့ မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရကို ထောက်ခံမှုပြုလုပ်နေကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးတွေကို ဆက်လက် တိုးမြင့် လုပ်ဆောင် နေကြောင်း ကာကွယ်ရေး၊စစ်ရေးဆိုင်ရာ သတင်းတွေကိုရေးသားတဲ့ ( Jane's Journal ) ဂျာနယ်တစ်ခု မှာ ဖော်ပြပါရှိပါတယ်။

ဖေဖေါ်ဝါရီလက ရေးသားခဲ့သော "ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုတွေတိုးပွားနေ" ဆောင်းပါးကို ဤနေရာ မှာ ဖတ်ရှု့ နိုင်ပါသည်။

(ဇင်မင်းထက်)

2 comments :

Anonymous said...

မြန်မာ့အရေး ကမ္ဘာ့ရှေ့ ရောက်နေချိန်မှာ အမြဲ အဲဒီလိုကန့် လန့် က၀င်လာတတ်တယ်။
ဒီတခါလဲ အဲဒီလို မြောက်ကိုရီးယားက ထကြွသောင်းကျန်းပြန်ေ၇ာ။

WFWW ကိုအကြံပေးလိုပါတယ်။
အောက်က Mizzima ကသတင်းကြည့်ရင် ဧပြီလကတည်းက မြောက်ကိုရီးယားနဲ့ ဒုဗိုလ်ချုပ်ကြီးအဆင့် ဆက်ဆံရေးရှိနေတယ်ဆိုတာ ထင်ရှားနေတာမို့  ဒီနှူကလီယားကုန်ကြမ်းကို မြန်မာပြည်ကရနေတာဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယားက စစ်လက်နက်တွေဝယ်နေတယ်ဆိုတာလည်း ထင်ရှားပါတယ်။
(အဲဒီလူရာထူးကိုကြည့်ပါ)
အဲဒီ အကွက်ကို ထောက်ပြီး အချက်ရအောင်ရှာသင့်ပါတယ်။
==

ကွယ်လွန်လေပြီးသော မြောက်ကိုရီးယား ဖခင်ကြီး ကင်အီဆွန်း၏ ၉၇ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အင်းလျားလိတ် ဟိုတယ်တွင် ဧပြီလ အတွင်းက ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးနှင့် ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ထိပ်တန်းခေါင်းဆောင် အချို့ တက်ရောက် ဂါရဝပြုခဲ့ကြသည့်ပွဲမှ အမှတ်တရ ဓာတ်ပုံကို မဇ္ဈိမက လက်ခံ ရရှိခဲ့သည်။ မြေအောက် နူကလီးယား စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုတ်ချခဲ့သည်အပြင် အမေရိကန်က သတိပေးထားသော်လည်း တာတိုပစ် ဒုံးကျည်တခုကိုပါ ထပ်မံ ပစ်လွှတ်ခဲ့သည်။
Image 11 of 118
http://www.mizzimaburmese.com/multi-media/photo-news/2883-2009-05-04-12-53-00.html

Guestworker said...

ကင်ဂျုံအမ် ဟုမဖတ်ရပါ ။ ကင်ဂျောင်အွန်ဟု ဖတ်ရပါသည် ။