Thursday 16 July 2009

ဟေလာရီ၏ အာရှခရီးစဉ်

"We want to see a time when citizens of Burma and the Nobel Prize winner Aung San Suu Kyi can live freely in their own country."
(Secretary of State Clinton)


-ကိုရဲ-

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်ဟာ အာရှနိုင်ငံများနှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် အာရှ ခရီးစဉ်အဖြစ် အိန္ဒိယ နှင့် ထိုင်းနိုင်ငံ များ သို့ သွားရောက် လည်ပတ်မှာ ဖြစ်ကြောင်း သိရှိရပြီး၊ ခရီးစဉ် အပြီးမှာ ထိုင်းနိုင်ငံ ဖူးကတ်မြို့မှာ ကျင်းပမဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ၏ အစည်းအဝေးကို တက်ရောက်မယ်လို့ အရှေ့တောင်အာရှနိုင်ငံများ ဆိုင်ရာ အမေရိကန် သံအမတ် လည်းဖြစ်၊ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ စကော့ မာစီရယ် Scot Marciel က သတင်းထောက်တွေ နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားပါသည်။ သူရဲ့ အဆိုအရ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်အစိုးရ ရဲ့ သဘောထား နှင့် မူဝါဒတွေကို ပြန်လည်သုံးသပ်နေတုန်းပဲလို့ သိရှိရတယ်။ အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆိုင်ရာ သိသာထင်ရှား၍ တိုးတက်သည့် ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်မဲ့ နည်းလမ်းသစ်များကို ရှာဖွေ နေဆဲပဲလို့ ဖော်ပြပါရှိသည်။ သူမဟာ ဒေသတွင်း ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေးအတွက် ဆက်လက် တွန်းအားပေးသွားမယ်လို့ဆိုတယ်။

မြန်မာ နအဖစစ်အုပ်စု ဟာ တိုင်းပြည်အတွင်းမှာ အနှစ် ၂၀ ကျော်ကြာသည်ထိတောင် ရွေးကောက်ပွဲ မပြုလုပ် ပေးနိုင်ပဲ၊ အာဏာရှင်စံနစ် ဖြင့်သာ အုပ်ချုပ်နေခဲ့တယ်။ နအဖစစ်အုပ်စု ဟာ မြန်မာနိုင်ငံ မှာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင်တားမြစ်နေမှုကြောင့် ဒေသတွင်း နိုင်ငံများ၊ အနောက်နိုင်ငံ အစိုးရ တွေရဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) နှစ်ပတ်လည်အစည်းအဝေးတိုင်းမှာ မြန်မာနိုင်ငံအရေးဟာ အမြဲတိုင်းနေရာယူခဲ့တယ်။

နအဖ စစ်အုပ်စုဟာ အရှေ့တောင်အာရှနိုင်ငံများ အသင်း ( ASEAN) နှစ်ပတ်လည်အစည်းအဝေး တိုင်းမှာ ဖိအားပေးမှုခံရတိုင်း၊ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးခြင်းပြုလုပ်ပြီး၊ ဖိအားတွေ လျှော့ကျ အောင် ကျိုးစားလေ့ရှိတယ်။ ပြန်လည်လွှတ်ပေးတဲ့ အကျဉ်းသားတွေ ဟာ ရာဇ၀တ်မှု ဖြင့် ထောင်ချခံထား ရတဲ့ သူများဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပြန်လည်လွှတ်ပေးခြင်း ပြုလုပ်တက်ကြကြောင်း သိရှိရ ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေသာ အနှစ် ၂၀ အတွင်း တယောက်ပြီးတယောက် ပြောင်းလဲခဲ့ပေမဲ့၊ မြန်မာနိုင်ငံမှာ သိသာတိုးတက်တဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု တွေမရှိခဲ့ကြောင်း၊ နအဖ စစ်အုပ်စုခေါင်းဆောင်တွေဖြစ်ကြတဲ့ သန်းရွှေ နှင့် မောင်အေး ဟာ အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) နှစ်ပတ်လည်ထိပ်သီး အစည်းအဝေး၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံများ၌ နိုင်ငံတကာ ခေါင်းဆောင်တွေနှင့် အတူ တွေ့ဆုံဆွေးနွေးမှု၊ တက်ရောက်မှုတွေ မပြုလုပ်တဲ့အပြင်၊ နောက်ကွယ်ကနေ ကြိုးကိုင်ပြီး ဆုံဖြတ်ချက်တွေသာ ပေးနေတာကြောင့် အခြား အရှေ့တောင်အာရှ နိုင်ငံများ၏ ခေါင်းဆောင်များ အနေဖြင့် အတော်လေး စိတ်ပျက်နေကြကြောင်း၊ သံတမန်အသိုင်း အ၀ိုင်းကလာတဲ့ သတင်းအရ သိရှိရပါတယ်။

No comments :