-အောင်ခက်-
ထမင်းကောင်း ဟင်းကောင်းစားရတဲ့ အခါ မိတ်ကောင်းဆွေကောင်းတွေကို သတိရသလို စာကောင်းပေကောင်း တွေကို ဖတ်ရတဲ့ အခါ ကျနော်တို့ စာဖတ်မိတ်ဆွေတွေကိုလည်း သတိရမိတာတော့ အမှန်ပါဘဲ။ အဲဒီအတွက် ဘဲ ကျနော်တို့ WFWW( We Fight We Win) က ကျနော်တို့ ဖတ်ရှု့ ခဲ့ တဲ့ စာကောင်းပေကောင်းတွေကို ကျနော်တို့ရဲ့ စာဖတ်ပရိသတ် အဆွေခင်ပွန်းတွေအတွက် မျှဝေ ပေးနေပါတယ်။ ဒီနေ့တော့ မြောက်ကိုရီးယား အာဏာရှင် ခေါင်းဆောင်ကြီး ကင်(မ်)ဂျုံအီးလ် ဘယ်သူလဲ၊ ဘယ်လို လူစားမျိုးလဲဆိုတာကို ကျနော်တို့ရဲ့ စာဖတ်ပရိသတ်တွေကို ဝေမျှသွားပါမယ်။
မူရင်းဆောင်းပါးရှင် က တော့ ကင်(မ်)ဂျုံအီးလ် ကို ငယ်စဉ်က ပညာသင်ကြားပေးခဲ့တဲ့ ကျောင်းဆရာတစ်ဦးဖြစ်ခဲ့တဲ့ ကင်(မ်)ယွန်ဆစ် (Kim Hyun Sik) ဆိုသူဖြစ်ပြီး၊ သူဟာ အမေရိကန်နိုင်ငံ ဂျော့ဂ်ျမေဆင် တက္ကသိုလ် (George Mason University) မှာ သုတေသန ပြုလုပ်နေတဲ့ ပါမောက္ခတစ်ဦး အ ဖြစ် ၃၈ နှစ် ကြာ အမှုထမ်းခဲ့တယ်။ ပြုံယမ်းပညာရေး တက္ကသိုလ်က ရုရှားဘာသာသင် ဆရာတစ်ဦး လည်းဖြစ်ခဲ့တယ်။ အသက် ၇၈ နှစ်ရှိပြီ ဖြစ်တဲ့ ကင်(မ်)ယွန်ဆစ်ဟာ သူ့အနားယူခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ သူကိုယ်တိုင်ကြုံတွေ့ ရင်းနှီးခဲ့ရတဲ့ အာဏာရှင်ကြီး ကင်(မ်)ဂျုံအီးလ် အကြောင်း နှင့်ပက်သက်ပြီး ဒီဆောင်ပါးကို ရေးသားခဲ့တယ်။
သူ့ရဲ့ မူရင်းဆောင်ပါးကို မြန်မာနိုင်ငံမှ ဘာသာပြန် စာရေးဆရာမ ဒေါ် ခင်မေသစ် က “အသိခက်တဲ့ ကင်(မ်)” ဆိုပြီး ခေါင်းစဉ်ပေးထားပြီး ဘာသာပြန်ဆိုပေးထားခဲ့တယ်။ မြန်မာနိုင်ငံမှာ ဘာသာပြန် ဆောင်ပါးများ ကို ရေးသားရာမှာ စာပေစီစစ်ရေးရဲ့ တင်းကျပ်တဲ့စည်းမျဉ်း တွေကြောင့် ဘာသာပြန်ဆိုရာတွင် အခက်အခဲ၊ အဟန့်အတား တွေရှိသော်လည်း၊ ဆရာမ ဒေါ် ခင်မေသစ် က လှပတဲ့စကားလုံးလေးတွေ နှင့်အတူ ဆီလျှော်အောင် ဘာသာပြန်ဆို ပေးထားပါ တယ်။ ကျနော်တို့ရဲ့ စာဖတ်မိတ်ဆွေများလည်း အင်္ဂလိပ်မူရင်း ဆောင်းပါးကိုဖတ်ရှု့ နိုင်အောင် မြန်မာလိုဘာသာပြန်ဆောင်းပါး နှင့်အတူ ပူးတွဲဖော်ပြဝေမျှသွားပါမယ်။ “အသိခက် တဲ့ ကင်(မ်)” ဆောင်းပါးကို အပိုင်း သုံးပိုင်းခွဲပြီး စုစည်း တင်ပြသွားမယ်ဆိုတာ ကြိုတင်အသိ ပေးပါရစေ။
ဆောင်းပါးရဲ့ ပထမပိုင်း အစမှာ ဆောင်းပါးရှင်က တပည့်ကျောင်းသားတစ်ဦးဖြစ်ခဲ့တဲ့ ကင်(မ်)ဂျုံအီ ကို သူ ဘယ်လိုစတင် တွေ့ဆုံခဲ့ရသလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းအောင် ဖော်ပြထားခဲ့တယ်။ ဆောင်းပါးရဲ့ ပထမပိုင်း အဆုံးမှာတော့ သူတချိန်က စာသင်ပေးခဲ့ရတဲ့ သူ့တပည့်ကျောင်းသား တစ်ဦးဖြစ်ခဲ့တဲ့ ကင်(မ်)ဂျုံအီးလ် ဟာ ဘယ်လိုလူစား လည်းဆိုတာ ၀မ်းနည်းစွာဖြင့် အဆုံးသတ်ဖော်ပြသွားခဲ့တယ်။
-အောင်ခက်-
*********************************************
အသိခက်တဲ့ ကင်(မ်) အပိုင်း (၁)
ဘာသာပြန်ဆောင်းပါး
-ခင်မေသစ်-
ကျွန်တော်နဲ့ ကင်(မ်)ဂျုံအီဟာ ၁၉၅၉ ခုနှစ် အောက်တိုဘာလထဲမှာ ပထမအကြိမ် ဆုံတွေ့ခဲ့ကြတာဖြစ်တယ်။ ကင်(မ်)ဟာ နမ်(မ်)ဆန်(န်) အထက်တန်းကျောင်းရဲ့ အကျော်အမော် တဦးပါ။ အဲဒီ အချိန်တုန်းက ကျွန်တော်ဟာ ပြုံယမ်းပညာရေး တက္ကသိုလ်က အသက် (၂၇) နှစ်ရှိပြီဖြစ်တဲ့ ရုရှားဘာသာသင် ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယား သမ္မတကြီး ကင်(မ်) အီဆွန်ရဲ့ မိသားစုအားလုံး ကို ပညာသင်ကြားပေးဖို့ သီးသန့်ရွေးချယ်ဌားရမ်းခြင်းခံရသူ ကျောင်းဆရာ တစ်ယောက်လည်းဖြစ်တယ်။ တစ်နေ့ ခေါင်းဆောင်ကြီးက သားအကြီး ကင်(မ်)ဂျုံအီကို သူအားမရဘူး။ သူ့ကျောင်းက ရုရှား စာသင် ကျောင်းဆရာများ အလွန်ညံ့ဖျင်းကြတယ်လို့ ကျွန်တော့်ကိုခေါ်ပြီးပြောတယ်။ သားကြီးကမ်(မ်) ကို ရုရှားဘာသာ စကား ကျွမ်းကျင်တက်မြောက်စေချင်တယ်။ သူ့ အရည်အချင်းကိုစစ်ဆေးပြီး ဘာသာစကားစွမ်းရည်ကို မြင့်တင်ပေးပါလို့ ကျွန်တော့်ကို လွှဲအပ်တောင်းဆိုပါတယ်။
ဆိုဗီယက်ပြည်ထောင်စုမှာ ဂျိုးဇတ်စတာလင် အုပ်စိုးနေစဉ်ကာလမှာ၊ ကွန်မြူနစ်နိုင်ငံ တစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားဟာ ရုရှားဘာသာစကားကို အလွန်အရေးထားခဲ့တယ်။
အရှိန်အဟုန်ပြင်းပြင်းနဲ့ကျလာတဲ့ရေတံခွန်လိုဘဲ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး စတာတို့မှာ မရှိမဖြစ်ယူထားတဲ့ ဘာသာစကားမို့ ဆိုဗီယက် ပြည်ထောင်စုနဲ့ သံခင်းတမန်ခင်း ကူးလူးဆက်ဆံရာမှာလည်း သိပ်အရာရောက်တယ်လို့ ခေါင်းဆောင်ကြီးက ယူဆထားတယ်။
ကျွန်တော်နမ်(မ်)ဆန်(န်) ကျောင်းကိုရောက်တော့ ကျောင်းအုပ်ချုပ်ရေးမှူးနဲ့ ကျွန်တော်တို့ ကင်(မ်) ကို ဆင့်ခေါ်လိုက်တယ်။ ကျောင်းအုပ်ချုပ်ရေးရုံးခန်းအတွင်း ၀င်ရောက်လာတဲ့ ၁ရ နှစ်အရွယ်ကျောင်းသားလေးကို မြင်တာနဲ့ “ကင်(မ်)ဂျုံအီ” မှန်း သိလိုက်ပါပြီ။
စာသင်သားတွေရဲ့ အမူအကျင့်အတိုင်း စစ်ဆေးမေးမြန်သူများရဲ့ ရှေ့မှောက်မှာ ရှက်ရွံ့ထိတ်လန့်နေတဲ့ ပုံစံနဲ့ ပါးကလေးများတောင် ဖောင်းကားနီရဲလာတယ်။ ကျွန်တော်တို့မေးသမျှကိုတော့ သိမ်သိမ်မွေ့မွေ့ဖြေကြားမယ့် ဟန်ပါပဲ။
ကျေးဇူးပြုပြီး စာအုပ်ဖွင့်ပါ။ “ Ri Su Bok, the north Korean Matrosov” ဒါကို ကိုရီးယားလို ဘာသာပြန်ဆို ပေးပါ။ လို့ ကျွန်တော်က ပြောလိုက်တော့ ကမ်(မ်)က ရှေ့ကိုတိုးပြီး ကုန်းဖတ်တယ်။ ဖြည်းဖြည်းလေးပါပဲ။ ပြီးမှ ကိုရီးယား ဘာသာနဲ့ပြန်ဆိုပေးတယ်။ ကင်(မ်) ရဲ့ ပြန်ဆိုချက်က အမှားတစ်ခုမှ မပါပေမယ့် ပြီပြင်ပြတ်သားခြင်းမရှိဘူး။
ခဏအကြာ ကျွန်တော်ထပ်ပြီး သူ့ကိုပြောတယ်။
ကျေးဇူးပြုပြီ စာပါအကြောင်းအရာအားလုံး ကိုယ့်စကားနဲ့ ကိုယ် အကျဉ်းချုံးပြောပြပါ။
ကိုရီးယားဘာသာနဲ့လို့ဆိုလိုပါသလား။ ကင်(မ်) က မေးတယ်။
မဟုတ်ပါဘူး။ရုရှားဘာသာစကားနဲ့ပါလို့ ကျွန်တော်က ပြန်ဖြေလိုက်တယ်။ ကင်(မ်)ဟာ စိတ်ရှုပ်ထွေးသွားဟန်နဲ့ ဖြည်းဖြည်းချင်း နားနားပြီးပြောတယ်။ သိပ်ကိုစဉ်းစားနေရတဲ့အတွက် နှေးကွေးလွန်းနေတယ်။
အိုကေ ကောင်းပြီ၊ နောက်မေးခွန်းတစ်ခုမေးပါရစေ။ နာမ်နဲ့ နာမ၀ိသေသန ကို အဓိပ္ပာယ်ခွဲခြားရှင်းပြပေးပါ။
ကြိယာဘယ်နှစ်မျိုး ရှိပါသလဲ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးကို ဘယ်လိုနားလည်သလဲဖြေပါ။
ခေါင်းဆောင်ကြီးပြောတာမှန်ပါတယ်။ သဒ္ဒါဘက်မှာ ကျွမ်းကျင်နှံ့စပ်တယ်လို့ အမြဲချီးမွမ်းခံခဲ့ရတဲ့ ကင်(မ်)ဟာ ကျွန်တော်ရဲ့ တိုက်ကွက်လိုမေးခွန်းမျိုးကို တစ်ခုပြီးတစ်ခု မြန်မြန်ဆန်ဆန် တုံ့ဆိုင်းဖင့်နွဲ့မှုမရှိဘဲ ဖြေဆိုနိုင်ခဲ့တယ်။
နောက်ဆုံးမေးခွန်းအနေနဲ့ ရုရှားဘာသာစကား ဘယ်လောက်သွက်လက်ပိုင်နိုင် မှန်ကန်စွာ ပြောနိုင်ပြီလဲဆိုတာမေးရတော့မယ်။
ကျေးဇူးပြုပြီး မေးခွန်းတွေကို သေချာနားထောင်ပါ။ တိတိကျကျဖြေပါလို့ ကျွန်တော်က အစချီပြီး ထုံးစံအတိုင် နာမည်၊ အသက်၊ မွေးနေ့၊ သီတင်းပတ်၊ လ၊ နှစ် နဲ့ ရာသီဥတုတွေ စမေးတယ်။
ကင်(မ်) နည်းနည်းအခက်တွေ့ပြီ။ နဂိုမျက်နှာက နီရဲရတဲ့အထဲ ရဲတက်လာတယ်။ ဆွယ်တာအင်္ကျီလေးကို ဆုပ်ကိုင်ဆွဲယူပြီး နဖူးဆီကွယ်လိုက်တယ်။ ခုအချိန်မှာတော့ ခေါင်းဆောင်ကြီးသားပါလို့ ကင်(မ်) မကြွားနိုင်တော့ဘူး။ ဒါပေမယ့် ကင်(မ်)ဟာ ခေါင်းဆောင်ကြီးသားပီပီ ကြံ့ခိုင်မှုရှိတယ်။ သည်းခံနိုင်စွမ်း ရှိတယ်လို့ ပြောရမှာ ဖြစ်တယ်။
ကင်(မ်) ကို ကျွန်တော် စစ်မေးပြီး အခြေအနေမှန်နဲ့ ကင်(မ်)ရဲ့ အရည်အချင်းကို ခေါင်းဆောင်ကြီးထံ ပြန်လည်တင်ပြ ရပါတယ်။ ခေါင်ဆောင်ကြီးက ကျေနပ်မှုမရှိပါဘူး။ အမျက်ဒေါသ ပြင်းပြင်းထန်ထန်ကို ထွက်ခဲ့တယ်။ နမ်(မ်)ဆန်(န်) က ရုရှားဘာသာသင်ကျောင်းဆရာတွေအားလုံး အလုပ်ကရပ်စဲထုတ်ပစ် လိုက်တယ်။ ကျွန်တော် အံ့သြခဲ့ရတယ်။
ကျွန်တော့်အနေနဲ့ အကြံပေးနိုင်တာက နိုင်ငံအ၀န်းပျံ့နှံ့နေတဲ့ ရုရှားကျောင်းဆရာများကို နှစ်စဉ်ဖိတ်ကြားစုရုံးစေပြီး အတွေ့အကြုံဖလှယ်ခြင်း၊ သင်ရိုးညွှန်တမ်းများ အသစ်စုစည်းပေါင်းထည့်ခြင်း ပြုပြင်ခြင်းများပြုလုပ်သွားဖို့ပါပဲ။ ကင်(မ်) ကတော့ အဲဒီကွန်ဖရင့်တွေက ဆရာတွေ ရှေ့မှောက် သူဘယ်လောက်ကျွမ်းကျင်လာပြီလဲ၊ အရည်အချင်းဘယ်လောက်ပြည့်မီသလဲ အစွမ်းပြချင်နေတယ်။ ပြိုင်ဖို့လည်း ကင်(မ်)က ယုံကြည်မျှော်လင့်ကြိုးစားထားပုံပါ။ ကျွန်တော့်အနေနဲ့လည်း ကင်(မ်)ရဲ့ တိုးတက်ဖြစ်ထွန်းမှုကို ချီးကျူးရမှာပါ။
နှစ်ငါးဆယ်နီးပါး ဖြတ်သန်းလာပြီးတဲ့နောက်မှာလည်း ကင်(မ်) ကို ကျွန်တော်မေးခဲ့တဲ့မေးခွန်းတွေ၊ ပြီးတော့သူရဲ့ပြောဆိုပုံ ကျွမ်းကျွမ်းကျင်ကျင် မရှိတဲ့ဟန်ပန်တွေ ကျွန်တော်မြင်ယောင်နေဆဲပါ။
ကင်(မ်) ကပြောတယ်။ ကျွန်တော့်အဖေကို ကျွန်တော်ချစ်တယ်၊ လေးစားတယ်၊ ဘယ်သူမှ ကျွန်တော့်ထက် မသာနိုင်ဘူး။ အဖေဖြစ်စေချင်တာ ကျွန်တော်ဖြစ်အောင်ကြိုးစားမှာပါ၊ နမ်(မ်)ဆန်(န်) အထက်တန်းကျောင်းကနေ ကင်(မ်)အီဆွန် တက္ကသိုလ်ဘွဲ့ရ တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားပါတယ်တဲ့။ ဒါပေမယ့်လည်း အားကစားမလုပ်ချင်ဘူး၊ ရုပ်ရှင်ကြည့်ရတာ ပျော်တယ်ဗျ လို့ ထပ်ဆင့်ပြောသေးတာပါ။ ဒါကဟုတ်ပါတယ်။ ဒီလိုပဲဖြစ်ရမှာပေါ့။ ကျောင်းသားတစ်ယောက်နဲ့ ကျောင်းဆရာ တစ်ယောက်ဟာ ပြုမှုကျင့်ကြံပုံချင်း ဘယ်မှာ တူညီနိုင်ပါ့မလဲ။ ပြီးတော့လည်း ဒီအချိန် ဒီအရွယ်မှာ ဒီလိုပဲရိုးရှင်းတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ထားမြဲ မဟုတ်လား။
လူ့ဘ၀ဆိုတာ လျှို့ဝှက်ဆန်းကျယ်မှုတွေ ခြုံလွှမ်းသိပ်သည်းနေတဲ့ဌာနဆိုရင်မမှားပါဘူး။ ပြီးတော့ ကိုရီးယား စစ်ပွဲမှာ ကျွန်တော်ကျဆုံးခဲ့ရင် ဒီလိုအဖြစ်မျိုးတွေ မကြုံနိုင်ဘူး။ ခု ကျွန်တော် အသက်ရှင် ကျန်ရစ်ခဲ့တယ်။ ကျွန်တော် ကျောင်းဆက်တက်တယ်။ ကောလိပ် တက္ကသိုလ် အနှံ့ရောက်တယ်။ ရုရှားစာသင်တယ်။ ကံကောင်းချင်တော့ နိုင်ငံခြားဘာသာသင်ဌာနရဲ့ အကြီးအမှူးဖြစ်လာတယ်။ ကျွန်တော် ကျောင်းစာကိုချစ်တယ်။ ကျောင်းသားတွေကို ချစ်တယ်။ နောင်တချိန်မှာ ဒီကျောင်းသားတွေကပဲ နိုင်ငံအကြီးအကဲတွေဖြစ်မယ်။ နိုင်ငံ့တာဝန်တွေထမ်းဆောင်ကြမယ်မဟုတ်လား။ နိုင်ငံ့အရေးအရာတွေမှာ နေရာယူလာကြလိမ့်မယ်။
ကျွန်တော့်မှာ အထူးအခွင့်အရေးတွေရှိတယ်ဆိုပေမယ့် ခေါင်းဆောင်ကြီးရဲ့ မိသားစုမျိုးဆက်တစ်ခုလုံး အတွက် လျှို့ဝှက်တာဝန် တစ်ခု ကျွန်တော်လက်ခံရချိန်မှာတော့ ကျွန်တော့်မြို့သူမြို့သားများအတွက် ဘာမှလုပ်ပေးခွင့် မရှိတော့ဘူး။ အဲဒီတာဝန်ကတော့ ခေါင်းဆောင်ကြီး ကင်(မ်)အီဆွန်မျိုးဆက်များကို ပညာသင်ကြားပေးရမယ့် တာဝန်ကြီးပဲ။ ခေါင်းဆောင်ကြီးက ကျွန်တော့်ကို သီးသန့်ဌားရမ်းခဲ့တာပါ။ နှစ် ၂၀ ကြာ သိုသိုသိပ်သိပ်နေထိုင် ခဲ့ရတယ်။ အဲဒီ တံခါးပေါက်တစ်ခုကနေ ဖြတ်ကျော်ဝင်ရောက်မိတာနဲ့ ကျွန်တော်ပိတ်မိ နေခဲ့ပြီ။ ဟိုးလွန်ခဲ့တဲ့ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ အမှတ်မထင်ဆုံတွေ့ခဲ့ကြတဲ့ လူငယ်ကလေး၊ အလွန်ရှက်ရွံ့သိမ်ငယ်ပြီး မရဲတရဲနဲ့ သူငယ်လေး၊ ဒီကနေ့ ကင်(မ်)ဂျုံအီလို ဖြစ်လာမယ်လို့ ကျွန်တော်ဘယ်မှာ ထင်ခဲ့မလဲ။
ဒီနောက်ပိုင်း အဖြစ်တွေက အလွမ်းဇတ်တစ်ခု ကပြခဲ့ရသလို ကိုယ်တိုင်ခံစားရတော့တယ်။ ၁၉၉၁ ခုနှစ် အတွင်းမှာ ဆိုပါတော့။
ဧည့်ပါမောက္ခတစ်ဦးအနေနဲ့ ကျွန်တော် မော်စကိုမှာ ရှိနေစဉ်အတွင်း တောင်ကိုရီးယား အေဂျင့်တစ်ခုက ကျွန်တော့်ကိုဆက်သွယ် လာပြီး ယုံကြည်နိုင်စရာမရှိတဲ့ သတင်းတစ်ခုယူဆောင်လာတယ်။ ကိုရီးယား စစ်ပွဲအတွင်းက ဆိုးလ်ကနေ ချီကာဂို ထိ ထွက်ပြေးလွန်မြောက်ခဲ့တဲ့ အစ်မဖြစ်သူနဲ့ ကျွန်တော်တို့ ပြန်လည်တွေ့ဆုံကြဖို့ပါ။ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေး အေဂျင်စီက အစီအစဉ်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ နှစ် ၄၀ ကွဲကွာနေတဲ့ မောင်နှမတစ်တွေ၊ ကံဆုံလို့ကြုံရခြင်းပါပဲ။ ကျွန်တော်တို့ တစ်ဦးကိုတစ်ဦး သေပြီလို့ အထင်ရှိခဲ့ကြတာပေါ့။ ကျွန်တော့်အမ ကို ကျွန်တော် မြင်တွေ့ရတော့ သိပ်ကိုစိတ်လှုပ်ရှားခဲ့ရပါတယ်။ ကျွန်တော့်ကို ချီကာဂို လိုက်ဖို့ခေါ်တယ်။ အမေ မသေမီက ဆန္ဒတစ်ခုပါတဲ့။ ပေါင်းစည်းနေထိုင်ကြဖို့ အစ်မက မျှော်လင့်နေတာပါ။ အမေ့ဆန္ဒလေး ဖြည့်ဆည်းပေးပါတဲ့။ ကျွန်တော် မငြင်းရက်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော့်မိသားစုကို ဘယ်မှာ ထားရစ်နိုင်မှာလဲ။
ကျွန်တော်တို့ မောင်နှမ တွေ့ဆုံချိန် မကြာလှပေမယ့် အပျော်ရွင်ဆုံးနေ့ရက် ကလေးများ ဖြစ်လာခဲ့တယ်။ နှစ် ၄၀ ကွဲကွာချိန် တွေ ရှည်ကြာခဲ့ပေမယ့် တွေ့ဆုံရတဲ့ အချိန်က တိုတောင်းပြီး အချိန်နာရီက မြန်လွန်းနေတယ်။ ကျွန်တော်တို့ မောင်နှမ တွေ့ဆုံကြရတဲ့ အိမ်မှာပဲ မြောက်ကိုရီးယားဘက်က အခြားလျှို့ဝှက်အေဂျင်စီတစ်ခု အလုပ်လုပ်နေတယ်ဆိုတာ သိရပြီးတဲ့နောက် ကျွန်တော်တို့ အမြန်ဆုံးထွက်ခွာကြဖို့အကြောင်းဖန်လာပြီပေါ့။ တောင်ကိုရီးယားအစိုးရကလည်း အချိန်မဆိုင်းဘဲ ချက်ချင်းဆုတ်ခွာ ကြဖို့ ညွှန်ကြားပါတယ်။ ဒါပေမယ့် ကျွန်တော့်အကြောင်း၊ ကျွန်တော် ဒီကို ဘာကြောင့်လာတယ်ဆိုတဲ့ အကြောင်း သူတို့သိသွား ခဲ့ပြီ။ ကျွန်တော့်ကို သစ္စာဖောက်အဆင့် သတ်မှတ်လိုက်ပြီ။ ကျွန်တော် ဘာလုပ်ရမလဲ။ အစ်မဖြစ်သူက ချီကာဂို ကို အေးအေးဆေးဆေးပြန်လို့ရပေမယ့် ကျွန်တော် ပြုံယမ်းပြန်ရင် သေရဖို့က ကျိန်းသေ။ ကျွန်တော် ပြုံယမ်းကို မပြန်ဘူး။ ကျွန်တော့်မိသားစုကိုလည်း ကျွန်တော် ဘယ်တော့မှ မြင်တွေ့ခွင့်မရခဲ့တော့ဘူး။
နှစ်အနည်းငယ်အကြာမှာမှ တောင်ကိုရီးယား သတင်းဌာနက ပေးပို့ချက်အရ ကျွန်တော့်မိသားစုဝင်အားလုံး ဂူလက်ဂ်ကို ခေါ်သွားပြီး သုတ်သင်ရှင်းလင်းခံခဲ့ရတယ်ဆိုတာ ကျွန်တော်သိခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ မဆင်မခြင် မိုက်မှားမှုကြောင့် မိသားစု အားလုံး ဓားစားခံဖြစ်ခဲ့ရတာ ရင်နာဖို့ကောင်းပါတယ်။ ကျွန်တော့်မိသားစု ဘယ်လိုဘယ်ပုံ အသတ်ခံရတယ်ဆိုတာ အသေးစိတ် ဘာမှ မသိရပါဘူး။
ဤ ကမ္ဘာမြေပေါ်မှာ သူတို့မရှိတော့ဘူး ပျောက်ကွယ်သွားခဲ့ပြီဆိုတာက အသေအချာပါပဲ။ အပြစ်ဆိုစရာရှိရင် ကျွန်တော့်ကိုပဲ ဆိုရမှာဖြစ်တယ်။ ကျွန်တော် အရှုးတစ်ပိုင်း ဖြစ်နေတာကို ကင်(မ်) မြင်စေ့ချင်တယ်။ သူ ဘာကြောင့် ကျွန်တော့်ကို ဒီလိုလုပ်ရသလဲ။
ကျွန်တော့်ရင်မှာ စူးထိုးသလိုနာနေတယ်။ နေ့တွေ နေ့တွေ မနည်းလှဘူး။ ညတွေညတွေ မရေနိုင်ဘူး။ နေ့စဉ် ညစဉ် ကျွန်တော် ကိုယ့်ကိုယ် ကိုယ်ပဲ ထုရိုက်နေမိတယ်။ ကျွန်တော့် ကိုယ် ကျွန်တော် ခွင့်မလွှတ်နိုင်ခဲ့ဘူး။ ကျွန်တော် ကင်(မ်) ကို လျှော့တွက်မိတယ်လေ။ ဒီလိုဖြစ်တယ်ဆိုတာ ဘယ်လို ယုံရမလဲ။ ကျွန်တော့်ဘ၀ဟာ သူသေနဲ့ဘာခြားသလဲ။ ကျွန်တော်နဲ့ ဘ၀တစ်လျှောက်လုံး လက်တွဲခဲ့တဲ့ဇနီး၊ သမီး၊ သားတွေ သူတို့ရဲ့ ခင်ပွန်းတွေ၊ ရည်းစားတွေ၊ မြေးတွေ ကျွန်တော့်မှာ တစ်ယောက်မှ မရှိတော့ဘူး။ ကျွန်တော့်ရဲ့ နစ်နာမှုတွေကို ကင်(မ်)ထံ တင်ပြမယ်ဆိုရင် သူဘယ်လို တုန့်ပြန်မလဲ။ ကင်(မ်) ဘယ်လို လူစားလဲ။ ကင်(မ်)ဟာ လူမဆန်တဲ့သူလား။ စာနာစိတ်ရှိတဲ့သူလား၊ ဆိုးသွမ်းတဲ့သူလား၊ ယဉ်ကျေးသူလား၊ အသိခက်တဲ့ ကင်(မ်)။
ကျွန်တော့်ဆန္ဒကို ပြောပြရရင် မြောက်ကိုရီးယားက ဆာလောင်မွတ်သိပ်တဲ့သူတွေ၊ ပင်ပန်းဆင်းရဲနေသူတွေ၊ ကျမ်းမာမှုကင်း ဒုက္ခခံပြည်သူတွေ၊ သူတို့အားလုံးလွတ်လပ်ပျော်ရွင်စေဖို့ ၀၀လင်လင်စားသောက်နိုင်ဖို့ မြောက်ကိုရီးယားမှာရှိတဲ့ တံခါးပေါက်တွေ အားလုံဖွင့်ဖို့၊ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာရဲ့ အကူအညီယူဖို့ပါပဲ။ ကျွန်တော်မြင်သလို ကမ္ဘာကလည်းမြင်မှာပါ။
ရှက်ရွံ့သိမ်ငယ်တက်တဲ့ လူငယ်လေး မသိနားမလည် အပြစ်ကင်းစင်တဲ့ မျက်နှာနဲ့ (၁၇) နှစ် အရွယ် ကျွန်တော့် ကျောင်းသားလေး ကင်(မ်)။
ဆက်လက်ဖော်ပြပါမည်။ မျှော်....
1 comment :
ဆက်ပြီး ရေးပြပါအုံးဗျာ။ ဖတ်ချင်ပါသေးတယ် ။
ကျနော်က ဘိုလိုဂျောင်းဂျောင်းမပြေးလို့ပါ ။
ကျေးဇူးတင်ပါတယ် ။
မင်ဒင်
Post a Comment