Thursday, 16 July 2009

အသိခက်တဲ့ ကင်(မ်) အပိုင်း (၂): The Secret History of Kim Jong Il


ကင်(မ်)အီ ဆွန်း၊ ကင်(မ်)ဂျုံအီ နှင့် မိခင် ကင် ဂျုံဆပ်

-အောင်ခက်-

ဆောင်းပါးရဲ့ ဒုတိယပိုင်း အစမှာ ဆောင်းပါးရှင်က မြောက်ကိုရီးယားနိုင်ငံရဲ့ ပညာရေးစံနစ် နှင့် စာသင်ကြား ပေးနေကြတဲ့ ပညာရေးကျောင်း က ဆရာ၊ဆရာမ တွေရဲ့ ကိုယ်ကျင့်တရားတွေကို လေ့လာနိုင်အောင် ဖော်ပြထားတယ်။ မြောက်ကိုရီးယား မှာ ကျောင်းသားတယောက်ဟာ စာမကျိုးစားဘူး၊ စာမေးပွဲမဖြေဆိုနိုင်ရင် ခေါင်းဆောင်ကြီးရဲ့ သားသမီးတွေပဲ ဖြစ်နေပါစေ၊ ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေဖြစ်နေပါစေ၊ အအောင် မပေးဘူးဆိုတာ တွေ့ရတယ်။ မြောက်ကိုရီးယား ပညာရေးကျောင်း က ဆရာ၊ဆရာမ တွေရဲ့ သတ္တိ၊ ကိုယ်ကျင့်တရား ဟာ အင်မတန်မှ ဂုဏ်ယူဖို့ကောင်းလောက်အောင် တွေ့ရတယ်။ ဒီမှာဘဲ ကင်(မ်)ဂျုံအီးလ် ဟာ သူ့မိသားစုဝင်တွေ နှင့် သူကိုယ်တိုင် အရှက်ရစေခဲ့တဲ့ နမ်(မ်)ဆန်(န်) ကျောင်း ကို ဘယ်လို ပြန်လည် တုန့်ပြန် လက်စားချေ ခဲ့သလဲဆိုတာ ဖော်ပြထားပြီး၊ ဆောင်းပါးရဲ့ ဒုတိယပိုင်း အဆုံးမှာတော့ “မြောက်ကိုရီးယား မရှိရင် ကမ္ဘာကြီး အသက်မရှင်နိုင်ဘူး” “ကမ္ဘာကြီးကို ဖျက်ဆီးပစ်မယ်ဆိုတဲ့” မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား အိမ်မက်ကမ္ဘာ ဘယ်အချိန်က စတင်ခဲ့သလဲဆိုတာ စာဖတ်သူတွေကို စိတ်ဝင်စားဖွယ် ဝေမျှပေးထားပါတယ်။


**********************************************************************************

အသိခက်တဲ့ ကင်(မ်) အပိုင်း (၂)

ဘာသာပြန်ဆောင်းပါး
-ခင်မေသစ်-

၁၉၇၃ ခုနှစ်က ကင်(မ်)ဂျုံအီ ရဲ့ သမီးဖြစ်သူ ကင်ဆူဆောင် အကြောင်း ပြောဖို့လိုလိမ့်မယ်။ “ဆူ” ဟာ နမ်(မ်)ဆန်(န်) မူလတန်းကျောင်းသူတဦးပါ။ ကျောင်းကလေးရဲ့ တည်နေပုံက ချစ်စရာလေး၊ တောတောင် စိမ့်စမ်းရေမြေ သဘာဝက လှပနေတယ်။ စိမ်းစိုရှည်သွယ်နေတဲ့ ပေါ်ပလာပင်တွေလည်း ၀န်းရံနေတယ်။ ပေါ်ပလာ ကိုင်းဖျား ကိုင်းနားတွေမှာ ငှက်ကလေးတွေ တွဲလောင်းနားခိုလို့ တေးချင်းတွေ ဆိုနေကြလေရဲ့ ။ ကြည်နှုးစရာပါပဲ။ အားကစားရုံကြီးလည်း ဟိန်းလို့၊ ဟီဘန်တောင်ကုန်း တောင်တန်းတွေမှာတော့ အစိုးရ အဆောက်အဦး ရုံးခန်းစတာ တွေ နေရာယူထားတယ်။ ဒု ၀န်ကြီးအဆင့် ပါတီအဖွဲ့အစည်းအသီးသီးက ၀န်ထမ်းတွေရုံးထိုင် ကြတယ်။ အဲဒီနောက်ကမှ သိုးကလေးတွေ၊ သိုးထိန်းတွေ သွားလာလှုပ်ရှားနေတဲ့ ပုံရိပ်တွေက ရှုမငြီးဖွယ် စုံလို့စုံလို့။

မြောက်ကိုရီယားရဲ့ လူနေမှု ပုံစံဖြစ်မလား၊ ပါတီအမိန့်အရဖြစ်မလား၊ နွေရာသီတိုင်းမှာ ပျှမ်မျှရက်ပေါင်း ၆၀ မှ ၉၀ ထိ လယ်ယာလုပ်ငန်းတွေမှာ ကျောင်းဆရာတွေက လုပ်အားပေး ကြတယ်။ နမ်(မ်)ဆန်(န်)နဲ့ ကင်(မ်) အီဆွန် တက္ကသိုလ်ထွက် ကျောင်းသားတွေအဖို့ အလုပ်အကိုင်က အဆင်သင့်ပါ။ ဌာနအသီးသီးက အမြဲတံခါးဖွင့်ထားပါတယ်။ ကင်(မ်) အပါအ၀င် ကင်(မ်)ရဲ့ ဆွေနီးမျိုးစပ်ကလေးများဟာ နမ်(မ်)ဆန်(န်) အထက်တန်းကျောင်း ကနေ ကင်(မ်) အီဆွန် တက္ကသိုလ် ကိုဝင်ရောက်ပြီး ဘွဲ့ရရှိသူများဖြစ်ပါတယ်။ ဒါပေမယ့် ကလေးအများအပြားလို ကင်(မ်)ဟာလည်း သာမန်မျှပါပဲ။ ပညာရေး နဲ့ အခြားအားကစား၊ အနုပညာ စသည့် ပြောပလောက်အောင် ထူးချွန်သူမဟုတ်ပါဘူး။ ကင်(မ်)မှာ သူငယ်ချင်း တောင် များများစားစားရှိတာမဟုတ်ဘူး။ “ကင်ဆူဆောင်” ဟာလည်း ဒီနည်းအတိုင်း ပါပဲ။

စက်တင်ဘာလရဲ့ အနှောင်းပိုင်းမှာ နမ်(မ်)ဆန်(န်) ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်များဟာ ကျောင်းတံခါးဂိတ်ဝ ကနေ ပန်းစည်းတွေ ကိုင်ပြီး အသင့်အနေအထားရပ်နေကြတယ်။ ခေါင်းဆောင်ကြီးရဲ့ မိသာစုဝင်တွေ ရောက်လာမှာမို့ပါ။ မိနစ်အနည်းငယ်အကြာမှာ ကျောင်းခေါင်းလောင်းသံက ညံစီတုန်ခါလာပါလေရော။ အလို- “ဆူ” စာမေးပွဲ ကျတဲ့သတင်း သူတို့ရရှိထားပြီးလား။ ဘာဖြစ်လာမလဲ။ စိုးရိမ်ပူပန်မှုတွေနဲ့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့က တထိတ်ထိတ်နဲ့ပေါ့။

နောက်တစ်နာရီအကြာမှာမှ “ ကင်ဆူဆောင်” ကို နမ်(မ်)ဆန်(န်) ကျောင်း မှ နုတ်ထွက်စေပြီး ဖြစ်တယ်လို့ အကြောင်းကြားစာ ရောက်လာတယ်။ နမ်(မ်)ဆန်(န်) ကျောင်း က အရည်အချင်း မပြည့်မီတဲ့ဆရာများကို စိတ်ပျက်မိကြောင်းနဲ့ ပင်လယ်ရပ်ခြားစာသင်ကျောင်းကို ပို့လွှတ်တော့ မှာ ဖြစ်ကြောင်း ဖော်ပြထားတယ်။ သူတို့တတွေ အချိန်မဆွဲ ခပ်မြန်မြန်ပဲ ခေါင်းဆောင်ကြီး ကင်(မ်)အီဆွန်ရဲ့ ဒုတိယဇနီးရဲ့ တူ ကင်မင်ချူကိုပါ ကျောင်းနုတ်ခဲ့ကြတယ်။ ကျွန်တော် အဲဒီနေ့ ကို ကောင်းကောင်းကြီးမှတ်မိတာပေါ့။ ၆ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အမူ အကျင့် အထုံဝါသနာ ဘာရှိတယ်ဆိုတာ လေ့လာပြီး သင့်တင့်လျော်ကန်မယ့် ပညာရည်ပံ့ပိုး ကူညီဖို့၊ ဒါမှ ကလေးဖွံ့ဖြိုးတိုးတက်မယ်ဆိုတာ သူတို့ကိုနားလည် သဘောပေါက် စေချင်တယ်။ ကင်(မ်)အီဆွန်းရဲ့ မိထွေးဖြစ်သူလည်း ကျောင်းကိုရောက်လာပြီး သူမရဲ့ ချစ်မြေးကြီး ကျောင်းတွင်း အခြေအနေ ကို လာရောက်သုံးသပ်ခဲ့တယ်။ ဒါ့အပြင် မကျေနပ်မှုတွေနဲ့ ပေါက်ကွဲဆူညံဝေစီသွားခဲ့ပါတယ်။ ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတရားတစ်ခုပဲ ထင်ပါတယ်။

ကင်(မ်)ဟာ သမီးဖြစ်သူရဲ့ ဂုဏ်သတင်းကို အခြားဆွေမျိုးသားချင်းများကြား မွှေးပျံ့နေစေချင် တာပါ။

အဓိက ဆွေကြီးမျိုးကြီထဲက ဆင်းသက်လာတဲ့ အသိုင်းအ၀န်းကြား သမီးကို ထင်ပေါ်စေချင် တာ ဖခင်ဖြစ်သူရဲ့ စေတနာပါ။ နမ်(မ်)ဆန်(န်) ကျောင်း ကိုမပို့ဘဲ ပရိုက်ဗိတ် အလွတ် ကျောင်းဆရာတစ်ယောက် သီးသန့်ခေါ် ယူကြပ်မတ်ဖို့ စီစဉ်တယ်။ ဆွေမျိုးတွေကို ငြိုးပြီး သူ့သမီများရဲ့ ပြိုင်ဘက်တွေကိုတော့ ကျောင်းကမထုတ်ပယ် ချင်ပါဘူး။ ကင်ဂျုံအီရဲ့ မွေးစားအမေဟာ သူ့ကို ငယ်စဉ်ကလေးဘ၀က နှစ်အတန်ကြာ စောင့်ရှောက်ကျွေးမွေး ခဲ့သူ မဟုတ်လား။

၁၉၈၂ ခုနှစ်မှာ ကင်(မ်)ဟာ သူ့ရဲဘော်များနဲ့ စည်းဝေးတိုင်ပင်ခဲ့တယ်။

“ရဲဘော်တို့ နမ်(မ်)ဆန်(န်) ကို ဖြိုဖျက်ပြီး ဗဟိုပါတီရုံးခွဲ အဆောက်အဦးတွေ ဆောက်လုပ်ဖို့ စီမံကိန်းရှိတယ်။ ရဲဘော်တို့ ဘယ်လိုသဘောရသလဲ”
တဲ့ ။ ကင်(မ်)ဟာ မသွယ်မ၀ိုက် ဒဲ့ဒိုး မေးလိုက်တာပါ။

သူ့အနီးမှာဝိုင်းနေတဲ့ ရဲဘော်တွေက ခေါင်းတွင်တွင် ညိတ်ခဲ့တယ်။

“ချစ်လှစွာသောရဲဘော်ခေါင်းဆောင်ကြီးခင်ဗျား၊ ဗဟိုပါတီရုံခန်းအနီးမှာ စာသင်ကျောင်း ရှိတာ မသင့်တော် ပါဘူး။ တခြားနေရာရွှေ့သင့်ပါတယ်” လို့ ကင်(မ်) ကို ၀ိုင်းထောက်ခံကြ တယ်။ ကျွန်တော်က ကန့်ကွက်ချင်တယ်။ ဒီလို မညှာမတာ လုပ်ရပ်မျိုး ကို ကင်(မ်) က မကြာခဏလုပ်တက်ပါတယ်။

သာမန် မြောက်ကိုရီးယားကလေးတွေ တစ်နပ်စာထမင်းကို ဂျုံအနည်းငယ်၊ ပဲပိစပ်၊ ပဲငံပြာရည် ပေါင်းစပ်ကျိုချက်ထားတဲ့စွပ်ပြုတ်ရည်နဲ့ ရာသီမရွေးရနိုင်တဲ့ ကင်ချီ အနယ်အနှစ်အဖတ်တွေ စားနေရချိန်မှာ နမ်(မ်)ဆန်(န်) က ကျောင်းသားတွေက ဆန်ဖြူထမင်း၊ သား၊ ငါး၊ ကြက်ဥစားပြီး ကျောင်းတက်ကြတယ်။ လူနေမှုစံနစ် အကွာဟကြီး ကွာဟနေတာ ညွှန်ပြ နေတယ်။ ဆိုရှယ်လစ်စံနစ်ဆိုတာ ဘယ်လိုပုံရိပ်မျိုးကို ဖော်ညွှန်းမလဲ။

နမ်(မ်)ဆန်(န်) ကျောင်း ကတော့ ပြိုလဲပျောက်ကွယ်သွားပြီပေါ့။ ကျောင်းမြေနေရာဟောင်းမှာ ဗဟိုပါတီ ရုံးခန်းအဆေက်အဦးတွေ နေရာယူ အောင်လံလွှင့်ခဲ့ပါပြီ။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ ကျောင်းသားကျောင်းသူ မိဘလူကြီးများ မျှော်လင့်ချက် ပျက်သုန်းသွားတယ်။

နမ်(မ်)ဆန်(န်) ကျောင်းကိစ္စမှာ ကင်(မ်)ပြလိုက်တဲ့ပါဝါဟာ တရားဥပဒေနဲ့အညီ ဖခင် အရိုက်အရာကို ဆက်ခံမယ့် အရည်အသွေးအပြည့် ရှိကြောင်း ပြသလိုက်ခြင်းပါပဲ။ ၀မ်းနည်းဖို့ ကောင်းတာက အဲဒီနေ့ကစပြီး နမ်(မ်)ဆန်(န်) ကျောင်းထွက်များကို ကင်(မ်)က သူ့နယ်ပယ်ပိုင်နက်အတွင်း အလုပ်အကိုင်ခန့်အပ်ဖို့ ငြင်းဆိုထားခြင်းကိုပါပဲ။

ပြုံယမ်းမြို့ အနောက်မြောက်မှာ တော်လှန်ရေးပြခန်း (၃) ရှိတယ်။ အဲဒီမှာချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်တစ်ခုက ကင်(မ်)ရဲ့ ရဲရဲတောက် နှုတ်မြွတ်စကားကိုရေးထိုးထားတာ။ ကင်(မ်)ဟာ ၁၉၆၃ ခုနှစ် အနှောင်းပိုင်းမှာ ရှေ့ကိုတိုးလို့ဂီယာထိုး မောင်းနှင်းလိုက်တဲ့သဘောနဲ့ သူက နျူကလီးယား မပြန့်ပွားရေး သဘောတူညီချက် စာချုပ်ကနေ အဖွဲ့ဝင်နိုင်ငံ အဖြစ်မှ နုတ်ထွက်ခဲ့တယ်။ ကိုရီးယားကျွန်းဆွယ်ကိုသာမက ကမ္ဘာကိုခြိမ်းခြောက် နေတဲ့ အနေအထား လို့ အနောက်နိုင်ငံတွေက မြင်ပါတယ်။ နျူကလီးယား အကျပ်အတည်းက ကမ္ဘာကြီးကို ခေါင်းခဲစေတာအမှန်ပါပဲ။

ခေါင်းဆောင်ကြီး ကင်(မ်) အီဆွန်က တစ်နေ့မှာ သူ့စစ်ဦးစီးချုပ်တွေ အားလုံး ဆင့်ခေါ်စုဝေး စေပြီး မေးခွန်းတစ်ခုမေးပါတယ်။

“ ဆိုးသွမ်း အမေရိကန်ကောင်တွေ ငါတို့ကို တိုက်ခိုက်လာနိုင်သလား၊ တိုက်ခိုက်လာရင် ငါတို့ခုခံနိုင်မလား” တဲ့ ။ ဗိုလ်ချုပ်ကြီးများက - “ ဟုတ်ကဲ့၊ ခေါင်းဆောင်ကြီး ကျွန်တော်တို့ အနိုင်တိုက်နိုင်ပါတယ်။” လို့ မဆိုင်းမတွဖြေဆိုလိုက်တယ်။ “ ကျွန်တော်တို့ တောင်ပိုင်းကို တဟုန်ထိုးချီတက်ပြီး သံမဏိစိတ်ဓာတ်နဲ့ စစ်ပွဲတိုင်းနိုင်အောင် တိုက်ပါမယ်။ ခေါင်းဆောင်ကြီး ခင်ဗျား၊ ကျွန်တော်တို့ကို ဦးဆောင်လမ်းပြပေးပါ။ အမိန့်ချမှတ်ပါ၊ အမေရိကန် လူပေါ့ လူသွမ်းတွေကို နှင်ထုတ်ပါမယ်။ အဖနိုင်ငံကြီး စည်းရုံးကြံ့ခိုင်စေပါမယ်။” လို့တစ်သံတည်း ထွက်ကြလေရဲ့ ။

ဒါပေမဲ့ ကင်(မ်)အီဆွန်က ကျေနပ်ပုံမရဘူး။ “ ပြောတာ သိပ်ကောင်းတယ်။ ဒါပေမယ့် ငါတို့စစ်ရှုံးခဲ့ရင် ဘာလုပ်ကြမလဲ”

ဖခင်ရဲ့ သောကနဲ့မေးတဲ့ မေးခွန်းက ကင်(မ်)ရဲ့ ရင်ကို စူးနဲ့ထိုးတာထက် အထိနာစေတယ်။ သူ မမျှော်လင့်ဘူး။ ဗိုလ်ချုပ်ကြီးများကတော့ ခေါင်းဆောင်ကြီးရဲ့ “ ရှုံးရင်” ဆိုတဲ့ အသံနောက်မှာ နှုတ်ပိတ်သွားကြတယ်။ ကင်(မ်) ကတော့ ထိုင်ရာမှ မတ်တတ်ရပ်လိုက်ပြီး လက်သီးကျစ်ကျစ် ပါအောင်ဆုပ်လို့ စူးစူးဝါးဝါးကြုံးအော်တော့တယ်။

“ခေါင်းဆောင်ကြီးခင်ဗျား၊ ကျွန်တော် ကမ္ဘာကြီးကို ဖျက်ဆီးပစ်မှာ သေချာပါတယ်။ မြောက်ကိုရီးယား မရှိမှတော့ ကမ္ဘာကြီး ဘာကောင်းတော့မှာလဲ”

ခေါင်းဆောင်ကြီးက အားကိုးတကြီး ပြုံးကြည့်တယ်။

“ဒီအဖြေ တိကျတယ်၊ ရဲဘော်တို့ ဒီကနေ့ ငါတို့အဖနိုင်ငံတော်မှာ သစ္စာရှိခေါင်းဆောင် ကောင်းတစ်ယောက် မွေးဖွားသန့်စင်ခဲ့ပြီ ဖြစ်တယ်။”

“မြောက်ကိုရီးယား မရှိရင် ကမ္ဘာကြီး အသက်မရှင်နိုင်ဘူး” ဆိုတဲ့ သူ့စကားကို ငါတို့နေရာတိုင်းမှာ ကမ္ဗည်းရေးထိုးထားကြရမယ်။” လို့ကြေညာပါတယ်။

“ ကမ္ဘာကြီး ရှင်သန်နေဖို့ မြောက်ကိုရီးယားကို လိုအပ်တယ်” လို့ ကင်(မ်) ပြောလိုက်တဲ့ စကားဟာ နိုင်ငံတော်အလံ နဲ့ ပြခန်းများ၊ ကန့်ထုတ်လုပ်ဌာနများ၊ နည်းပညာဌာနများ၊ အင်ဂျင်နီယာဌာနများ၊ စက်မှုလယ်ယာဌာနများ၊ စသည်များမှာ ကမ္ဗည်းရေးထိုး စိုက်ထူထားသည်။

ဆက်လက်ဖော်ပြပါမည်။ မျှော်....

အင်္ဂလိပ် ဘာသာမူရင်း- The Secret History of Kim Jong Il By Kim Hyun Sik

No comments :