Tuesday 15 September 2009

အနာဂတ်ကြယ်ပွင့်လေးများ - အပိုင်း (၂ )



"Support children who have fled Burma over the border into Thailand"
ဓာတ်ပုံ- SAW အထက်တန်းကျောင်း နှင့် မိဘမဲ့ထိမ်းသိမ်းစောင့်ရှောက်ရေးဂေဟာ(မဲဆောက်-ထိုင်းနိုင်ငံ)
saw@csloxinfo.com


-မြတ်စိုး-
၀၉.၁၅.၂၀၀၉

ကျနော်တို့ We Fight We Win ရဲ့ "Campaign For Burma Solidarity" ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ရွေှ့ပြောင်း အလုပ်သမားများ ရဲ့ ကလေးငယ်တွေ ကို စာသင်ကြားပေးနေတဲ့ နောက်ထပ် စာသင်ကျောင်းတခုကို သွားရောက်လေ့လာ၊ အားပေးခဲ့ကြတယ်။

ကျောင်းနာမည်လေးက SAW ကျောင်းလို့ ခေါ်တယ်။ SAW (Social Action For Women) အဖွဲ့က ဦးစီးပြီး ဖွင့်ထားတဲ့ ကျောင်းတွေမှာ ပညာရေးအဆင့်အားဖြင့် မူလတန်းကနေ အထက်တန်းကျောင်းအထိ ပညာသင်ပေးနေပါတယ်။ စုစုပေါင်း ကျောင်း ၃ ကျောင်းကို မဲဆောက်မှာ ဖွင့်ထားပါတယ်။ SAW က ကြီးမှူးဖွင့်လှစ်ထားတဲ့ နေရာ ၃ နေရာမှာရှိတဲ့ အဲဒီ ကျောင်း ၃ ကျောင်းမှာ ကျောင်းသား ၃၅၂ ယောက်ကို ဆရာ၊ ဆရာမ ၂၈ ယောက်က သင်ပေးနေတာပါ။

SAW အဖွဲ့ကနေ ရွေှ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် ကျောင်းပညာရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ အပြင်၊ မိဘမဲ့ကလေးတွေ စောင့်ရှောက်မှု၊ အခမဲ့ ကျန်မာရေးထောက်ပံ့ကူညီမှု၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကနေ အာကာအကွယ်ပေးမှု၊ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသူတွေကို အကူအညီပေးမှုတွေ အပါအဝင် တခြား လူမှုရေးလုပ်ငန်းတွေကိုပါ ကူညီဆောင်ရွက်နေတာကို အင်မတန်မှ ဂုဏ်ယူဖွယ်ရာ တွေ့ခဲ့ရတယ်။

SAW မှာ အခြေအနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ပစ်ခံထားရတဲ့ မိဘမဲ့ကလေး ၈ဝဝ ကျော်လောက်ကို တွေ့ခဲ့ရတယ်။ ကျောင်းသူကျောင်းသားတွေထဲမှာလည်း ကလေးစစ်သားအဖြစ် အသုံးချခံခဲ့ရတဲ့၊ မတော်တရား အကျင့်ခံခဲ့ရတဲ့ ကလေးငယ်တွေ အပါအဝင် မြန်မာပြည်ရဲ့ ဆင်းရဲမွဲတေမှုအောက်မှာ ရုန်းကန်နေကြတဲ့ ရွေှ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေ အရွယ်မျိုးစုံကိုလည်း တွေ့ခဲ့ရတယ်။

Saw ကျောင်းပညာရေးတာဝန်ခံ ကိုမင်းမင်းက ကျောင်းတွေ ဖွင့်ခဲ့ရတဲ့ အဓိက အကြောင်းရင်းကို အခုလို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပါတယ်။

“လွန်ခဲ့တဲ့ နှစ်တွေက မဲဆောက်မြို့မှာ ကျောင်းပညာ သင်ကြားရမယ့် ကလေးတွေ၊ ကျောင်းစာသင်ခန်းတွေမှာ ရှိကြရမယ့် ကလေးတွေဟာ မူးယစ်ဆေးရောင်းဝယ်သူတွေရဲ့ သားကောင်တွေ ဖြစ်လာခဲ့သလို၊ လမ်းဘေးဈေးဆိုင်နဲ့ လမ်းကြိုလမ်းကြားတွေမှာ အမှိုက်ကောက်နေရတဲ့ ဘဝတွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်။ တချို့ ကလေးတွေဟာ မိဘ ဘယ်သူလဲဆိုတာတောင် မသိရှိကြတော့ဘူး၊ နအဖ စစ်အုပ်စုရဲ့ အုပ်ချုပ်မှု ခေတ်အောက်မှာ၊ ဆင်းရဲမွဲတေမှုအောက်မှာ နေနေကြရတဲ့ ဒီကလေးတွေဟာ အကျင့်စာရိတ္တတွေ ပျက်ပြားလာခဲ့ကြတယ်''

''ဒီစွန့်ပစ်ခံခဲ့ရတဲ့ ကလေးတွေ၊ အကူအညီမဲ့နေတဲ့ ကလေးငယ်တွေ၊ ကျောင်းပညာရေး မတက်နိုင်တဲ့ ဒီကလေးတွေ၊ ကလေးစစ်သားအဖြစ် အသုံးချခံခဲ့ရတဲ့၊ မတော်တရား ကျင့်ခံခဲ့ရတဲ့ ကလေးငယ်တွေ၊ လူကုန်ကူးခံခဲ့ရတဲ့ ကလေးငယ်တွေကို အကာအကွယ်ပေးနိုင်ဖို့၊ စောင့်ရှောက်ဖို့နဲ့ အခြေခံပညာရေးတွေ သင်ကြားတတ်မြောက်လာအောင် အကူအညီပေးဖို့၊ အဆင့်မြင့် ပညာရေးတွေ ဆက်လက်သင်ကြားနိုင်မယ့် အခွင့်အလမ်းတွေကို ရရှိဖို့ ဒီလိုကျောင်းတွေကို ဖွင့်လှစ်ခဲ့ရတာပါ”

SAW အထက်တန်းတန်းကျောင်းမှာတော့ ကျောင်းသူကျောင်းသား ကလေးငယ်တွေရဲ့ မျက်လုံးမှာ ယုံကြည်ချက်တွေနဲ့အတူ အလင်းရောင်တန်းတွေ တောက်ပလင်းလက်နေတာဟာ အင်မတန်မှ အားရကြည်နူးဖွယ်ရာ ကောင်းခဲ့တယ်။ ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းတော့မယ်လို့ လာရောက်ပြောပြနေတဲ့ ကလေးစစ်သားအဖြစ် အသုံးချခံခဲ့ရတဲ့ အထက်တန်းကျောင်းသားတဦးကို ကြည့်ခြင်းအားဖြင့် ကျောင်းသူကျောင်းသားတွေဟာ မျှော်လင့်ချက်တွေနဲ့အတူ အနာဂတ်မှာ ကြယ်ပွင့်တွေလို လင်းလက်တောက်ပဖို့အတွက် အားမာန်အပြည့်ရှိနေကြတာကို တွေ့ရှိခဲ့ရတယ်။ ကျောင်းသား၊ ကျောင်းသူတွေဆိုတဲ့အတိုင်း ဖြူစင်တယ်၊ ရိုးသားတယ်၊ ပွင့်လင်းတယ်၊ အားမာန်သစ် ခွန်အားသစ် အပြည့်အဝ ရှိနေကြတယ်။

အနာဂတ် မြန်မာကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ကမ္ဘာ့ကျောင်းသား၊ ထိုင်းကျောင်းသားတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ကျောင်းစာသင်ခန်းပညာမှတဆင့် တခြား စိတ်ဝင်စားတဲ့ အတတ်ပညာတွေ၊ နည်းပညာတွေ၊ ဘာသာရပ်ဆိုင်ရာတွေကို လေ့လာဆည်းပူးကြဖို့ အားပေးစကားတွေ ပြောကြားခဲ့သလို၊ အထက်တန်း ကျောင်းသူကျောင်းသားတွေရဲ့ မေးခွန်းတွေကို အပြန်အလှန် ရင်းရင်းနှီးနှီး ပြောဆိုနိုင်ခွင့် ရခဲ့လို့ အရမ်း ဝမ်းသာကြည်နူးခဲ့ရတယ်။

ကိုဇော်ငြိမ်းလတ်၊ ကိုမင်းမင်း အပါအဝင် ကျောင်းဆရာ၊ ဆရာမတွေဟာလည်း မိမိတို့ရဲ့ ရင်သွေးငယ်တွေလို စေတနာအပြည့်အဝနဲ့ စာသင်ပေးနေတာကို တွေ့ရတယ်။ မိမိတို့ တတ်မြောက်ထားကြတဲ့ ပညာတွေကို ကလေးငယ်တွေကို လက်ဆင့်ကမ်းပြီး ပညာကို သဒ္ဓါကြည်ဖြူစွာ ပေးလှူတဲ့ စေတနာ (သဒ္ဓါဒါန) နဲ့အတူ သင်ကြားပို့ချပေးနေကြတယ်။ သူတို့ဟာ သူတို့ ဖြတ်သန်းနေတဲ့ သမိုင်းမှာ တတ်နိုင်တဲ့ တာဝန်တွေကို ထမ်းဆောင် ပေးဆပ်နေကြတာတွေ့ရလို့ အင်မတန်မှ ဂုဏ်ယူဖို့ ကောင်းလှတယ်။

အမှန်ပါပဲ။ ပညာရေးဟာ နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်ဖြစ်တဲ့အလျောက် အဘက်ဘက်ကနေ ယိုင်လဲချို့တဲ့နေတဲ့ မြန်မာနိုင်ငံကို ဘုံးဘုံးကျမသွားအောင် ထိန်းနိုင်ဖို့ နိုင်ငံသားတိုင်း ပညာတတ်ရေး၊ ပညာသင်နိုင်ရေးဟာ နိုင်ငံတခုအတွက် အရေးကြီးလှတဲ့ လိုအပ်ချက်တခု ဖြစ်ပါတယ်။ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တာမို့ ပြည်ပရောက် မြန်မာနိုင်ငံသားအားလုံး မိမိတို့ တတ်နိုင်သလောက် ဝိုင်းဝန်းပံ့ပိုးပေးကြပါစို့။




SAW အထက်တန်း စာသင်ကျောင်းအတွက် ဂျပန်နိုင်ငံအခြေစိုက် ဒီမိုကရေစီမဟာမိတ်များ အဖွဲ့ချုပ် ( D.F.B)မှ လက်တော့ပ် ကွန်ပြူတာ အပါအ၀င် စုစုပေါင်း တန်ဘိုး အမေရိကန်ဒေါ်လာ ၈၀၀ ကို ပေးအပ် လှူဒန်းခဲ့သဖြင့် အထူးကျေးဇူးတင်ရှိပါတယ်။

1 comment :

rosary said...

Ko Myat Soe ..
I appreciate for your kindness...I also contrivute to you...soe san