Tuesday 15 September 2009

နိုင်ငံသားတယောက်ရဲ့အမြင် ( သားဆွေ )




ဒေါ်စုနဲ့ ပြည်သူကို မိတ်ဆက်ပေးလို၍ ဤစာကို ရေးသားခြင်းမဟုတ်ပါ။ ပြည်သူသိပြီးဖြစ်တဲ့ ဒေါ်စုအကြောင်းကို မီးမောင်းထိုးပြခြင်းလည်းမဟုတ်ပါ။ နိုင်ငံသားတယောက် ပြည်သူတယောက်က ဒေါ်စုအပေါ် မြင်တဲ့ အမြင်တခုကိုသာ တင်ပြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်ကိုလည်း နိုင်ငံသားတယောက်ရဲ့ အမြင်လို့ပဲ တပ်ပါတယ်။ ကျနော် မြန်မာနိုင်ငံသားတယောက်ပါ။ (သားဆွေ)

ကြွေးဟောင်းဆပ်ခြင်း

၁၉၈၈ ခုနှစ် မတ်လ ၃၁ ရက်နေ့။ ထိုနေ့မှာ လန်ဒန်က ဒေါ်အောင်ဆန်းစုကြည်ထံ တယ်လီဖုန်းသတင်း ၀င်လာသည်။ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် နာမကျန်း ဖြစ်နေ သည်။ အခြေအနေစိုးရိမ်ရသည်။ ဆေးရုံတင်ထားရသည်။ နောက်တနေ့မှာ မှီရာ လေယာဉ်ဖြင့် လန်ဒန်မှ ရန်ကုန်သို့ ပျံသန်းလာခဲ့သည်။ ဆေးရုံမှာ မိခင်ဖြစ်သူကို သွားရောက်တွေ့ဆုံသည်။ ထို့ နောက် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှိရာသို့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် နေအိမ် မှာပင် မိခင်ကိုပြုစုစောင့်ရှောက်သည်။ (စာညွှန်း။ ။ နိုဗယ်ဆုချီးမြင့်ရေးအဖွဲ့မှ ရေးသားသည့် ဒေါ်အောင်ဆန်းစုကြည် အထုပ္ပတ္တိ)


မဆန်းကျယ်သော်လည်း ရိုးရှင်းမြင့်မြတ်သည့် မြန်မာ့ယဉ်ကျေးမှုဖြစ်သည်။ ငယ်စဉ်အခါ မိဘက သားသမီးကို ကျွေးမွေး ပြုစုခဲ့သည်။ နောင်အခါမှာ သားသမီးက မိဘကို ပြန်လည် ပြုစုစောင့်ရှောက်သည်။ ဤသို့ မိဘလုပ်ကျွေးပြုစုခြင်းကို ကြွေးဟောင်းဆပ်သည်ဟု မြန်မာ့ယဉ်ကျေးမှုက ဆိုသည်။

အမွေဆက်ခံခြင်း

ဗိုလ်ချုပ်အောင်ဆန်းသည် ကျဉ်းမြောင်းသည့် အမျိုးသားရေးစိတ်၊ ဒေသစွဲစိတ်၊ လူမျိုးစွဲစိတ်ကို ဖယ်ရှားခဲ့ပြီး လူမျိုးစုံ တန်းတူညီမျှရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေး လောကပါလတရားကို လက်ကိုင်ထားခဲ့ကာ မှန်ကန်သည့် မျိုးချစ်စိတ်ကို အကောင်အထည်ဖော်ဆောင်ခဲ့သည်။ ရှေ့အစဉ်အဆက်က ဦးအောင်ဇေယျအပါအ၀င် နိုင်ငံထူထောင်သူများမှာ ဒါးတရမ်းရမ်း ၀ရင်းတုတ်တပြပြနဲ့ ပထမ- ဒုတိယ- တတိယ မြန်မာနိုင်ငံတော်တွေကို တည်ထောင်ခဲ့ပေမယ့် ဗိုလ်ချုပ်က အမျိုးသားသွေးစည်းညီညွတ်ရေးတရားနဲ့ နိုင်ငံထူထောင်ခဲ့သည်။ ပင်လုံစိတ်ဓါတ်ကို မျိုးစေ့ချပေးခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားများက ဗိုလ်ချုပ်ကို ယုံကြည်ခဲ့ကြသည်။

မိခင်ဖြစ်သူမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သည်။ ထိုသို့ ကြီးမြင့်သည့်ပုဂ္ဂိုလ်တယောက်ရဲ့ ဇနီးဆိုသည်မှာ ယနေ့ အမေရိကန်နိုင်ငံမှာဆို first lady ဖြစ်သည်။ အမေရိကန်က first ladyတွေကံကောင်းကြသည်။ အများစုမှာ ဆီဦးထောပတ်စား အ၀တ် အစားလှလှဝတ် ကြွကြွလေး လှမ်းပြီး ပွဲလယ်တင့်ကြသည်။ ယနေ့ အမေရိကန်နိုင်ငံမှ ဟီလာရီကလင်တန် မှာ တနေ့သမ္မတ ဖြစ်ရမည်ဟု ရည်မှန်းခဲ့ဘူးသူ။ သမ္မတ မဖြစ်လည်း သမ္မတကတော်ဖြစ်ရတာ မနည်း လှဟု ယူဆခဲ့ဘူးသူ။ အခုတော့ နိုင်ငံခြားရေးဝန်ကြီး။ လွပ်လပ်ရေး ခေတ် ဗမာပြည်ရဲ့ first lady ကတော့ သူနာပြုဆရာမ တယောက်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်သွားရတဲ့သူ။ သားသမီး ၃ ယောက်ရဲ့ မိခင်။ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အားတက်သရော ဆောင်ရွက်နေသူ။ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၊ လူမှုဝန်ထမ်း ဌာနတွေမှာ နေ့မအား ညမအား တာဝန်ယူဆောင်ရွက်ရင်း တဘက်မှာ လည်း သားသမီးတွေကို ပြုစုပျိုးထောင် နေသူ။

ထိုသို့သော မိဖနှစ်ပါးမှာ ပေါက်ဖွားလာသည့် ဒေါ်အောင်ဆန်းစုကြည်မှာ မိဘအမွေအဖြစ် ဖခင်ထံမှ ရိုးသားခြင်း၊ ရဲရင့်ခြင်း အမွေကိုရရှိခဲ့ပြီး၊ မိခင်ထံမှ ပြန်လည်ထူထောင်ရေးစိတ်ဓါတ် နှင့် လောကဓံကိုကြံ့ကြံ့ခံနိုင် သည့် ဇွဲသတ္တိ ရရှိခဲ့ သူဖြစ်သည်။



အကိုဖြစ်သူ ဦးအောင်ဆန်းဦး မ ဘက်လိုက်ပြီး မိုက်ဖက်ပါကာ စစ်အစိုးရမြှောက်ပေးသည့်အတိုင်း အမွေ ဆက်ခံခွင့် တောင်းခံနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည် မိဘအမွေကို အပြည့်အ၀ ရရှိခဲ့ပြီးဖြစ်သည်။ မတောင်းဘဲ ရခဲ့သည့် မိဘ အမွေဖြစ်သည်။ စိတ်ဓာတ်အမွေ။


Exile ဘ၀ နဲ့ မြန်မာ့အလှ

၁၉၆၀ မှာ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ကို ဦးနုအစိုးရက အိန္ဒိယသံအမတ်ခန့်အပ်ပြီး အိန္ဒိယသို့ ပို့လိုက်သည်။ မိခင်နှင့် အတူ လိုက်ပါသွားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် အသက် ၁၅ နှစ်အရွယ်။ ထိုအချိန်မှစပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံပြင်ပရောက်ခဲ့ရသည်။ ဘကြီးနု ပထစ ခေတ် ၂ နှစ်တာကာလ နှင့် နေ၀င်း မဆလ ခေတ် ၂၆ နှစ်တာကာလ တလျောက်လုံး ပြည်ပမှာ နေထိုင်ခဲ့ရသည်။ ၁၉၆၀ မှ ၁၉၈၈ အထိ။ စုစုပေါင်း ၂၈ နှစ် ပြည်ပမှာနေခဲ့ရသည်။

“နယူးဒေလီမြို့ သို့ မိခင်နှင့်အတူ ရောက်လာစဉ်က စု သည် ကျစ်ဆံမြီး တုတ်တုတ် ရှည်ရှည်ကြီးများနှင့် (၁၅) နှစ်အရွယ် ကလေးမလေးဖြစ်သည်။”
(စာညွှန်း။ ။ အဆိုတော် ဘိလပ်ပြန်သန်း ရေးသားသော စုနှင့်မိတ်ဆက်ခြင်း)

ပည်ပမှာနေခဲ့ရသည့်ကာလတွေမှာ ဒေါ်စုဘာတွေလုပ်ခဲ့သလဲ ကျနော်တို့ ခြေရာခံကြည့် တွေးဆကြည့်လို့ရသည်။
အင်္ဂလန်က ဘာမင်ဟန်နန်းတော်ထဲမှာ ဒေါ်စု ကျင်လည် လေ့လာခဲ့ ဖူးမည်။ အီဖဲလ်မျှော်စင်ကြီးပေါ်ကနေ မျှော်ငေး ကြည့်ရင်း အတွေးထဲမှာ အနာဂတ်မြန်မာနိုင်ငံကို တည်ဆောက်ခဲ့ဖူးမည်။ အောက်စဖို့တက္ကသိုလ် စာကြည့်တိုက် ထဲမှာ ထမင်းဗူးလေး ဘေးချပြီး စာအုပ်ပုံကြီးထဲခေါင်းနှစ်မြှုပ်ထားလိမ့်မည်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရဲ့ တခုသော ကုလသမဂ္ဂ ဌာနတခုမှာ တာဝန်ထမ်းဆောင်ရင်း အမေရိကန်နိုင်ငံထဲ လှည့်လည်သွားလာခဲ့မည်။

အပါချီ တောင်ကုန်းတွေဘက် အလည်ရောက်ခဲ့ဖူးမည်။ ရှေးဟောင်း အင်းကာ၊ မာယာ နှင့် အက်ဇ်တက် လူမျိုးတွေရဲ့ ဘာသာစကားတွေ ယဉ် ကျေးမှုတွေကို စိတ်ဝင်တစား လေ့လာခဲ့ဖူးမည်။ ထိုသို့လေ့လာရင်း လူမျိုး တူချင်မှတူမည်။ သို့သော် စိတ်တူကိုယ်တူ ၀ါသနာတူ သူတွေနဲ့ တွေ့မည်။ စိတ်တူကိုယ်တူ ၀ါသနာတူ သူတွေထဲက တယောက်နှင့် အိမ်ထောင်ပြုမည်။ သားသမီးတွေမွေးဖွားမည်။ မိခင်တယောက် ဖြစ်လာ မည်။


ဘူတန်နိုင်ငံကိုရောက်သည်။ ဟိမ၀န္တာတောင်တန်းကြီးပေါ်အထိ ရောက်ခဲ့ မည်။ မီးလင်းဖို နဘေး က သူရဲကောင်း ပုံပြင်တွေ လေ့လာဖြစ်ခဲ့မည်။ ရေကြည်ရာမျက်နုရာ ရှာကြသည့်ခေတ်က ရိုးရာဓလေ့နှင့် ကိုးကွယ် ယုံကြည်မှုတွေကို စာတမ်းတွေပြုစုခဲ့ဖူးမည်။ မွန်ဂိုလွိုက်မျိုးနွယ်စုတွေ အုပ်လိုက်အုပ်လိုက် ရွေးလျားသွားလာခဲ့တာတွေ စိတ်မှန်းနဲ့ မှန်းဆ မြင် ယောင်ကြည့်မိခဲ့မည်။ အရှေ့နှင့်အနောက် ဆက်သွယ်ထားသည့် လမ်းမ ကြီးပေါ်က မွန်ဂိုမြင်းစီးတပ်သားတွေရဲ့ မြင်းခွာသံတွေ နားထဲကြားယောင် ခဲ့ဖူးမည်။ ဂျင်နရယ် မိုဟားလီ ရဲ့ ဓါးကောက် ဘယ်လောက်ထက်ကြောင်း ရေးထားသည့် ကဗျာတွေကို(မဖတ်ချင်ပေမယ့်လည်း လေ့လာသုတေ သနပြုတဲ့အနေနဲ့) ဖတ်ဖြစ်ခဲ့မည်။


ထိုခေတ်က ပြည်ပရောက် မြန်မာ့အသိုင်းအ၀ိုင်းဆိုသည်မှာ ပညာတော်သင်လာခဲ့သူ၊ အလုပ်လုပ်ကိုင်သူ နှင့် သံတမန် မိသားစုများသာ ရှိသည်။ အခုခေတ်လို မြန်မာတွေ သိန်းနဲ့သန်းနဲ့ချီပြီး Exile ရောက်နေသည့်ခေတ်မဟုတ်။ ခုခေတ် မြန်မာအညာလို့ တင်စားခေါ်နေကြတဲ့ အမေရိကားက ဖို့ဝိန်းတို့၊ ဒိန်းမတ်က ဗမာတွေအများကြီးနေထိုင်တဲ့ ဘားမင်း မြို့ တို့လို အိမ်ရှေ့ကားလမ်း ကူးတာနဲ့ ဗမာတယောက်မဟုတ် တယောက်နှင့် တိုက်မိ နိုင်သည့် ခေတ်မဟုတ်။ ဒေါ်စု ထိတွေ့ ဆက်ဆံခဲ့ရသည့် မြန်မာ့အသိုင်းအ၀ိုင်း ဆိုသည်မှာ အနည်းငယ်သာဖြစ်ပေလိမ့်မည်။

မြန်မာအသိုင်းအ၀ိုင်းတွေ (Burmese communities) နည်းပေမယ့် ဒေါ်စုထံမှာ တွေ့ရတဲ့ မြန်မာဆန်မှုက ဒီနေ့ခေတ် ဘယ် မြန်မာအမျိုးသမီးမှ လိုက်လို့ မမှီ။ ခေါင်းမှာ ပန်းတွေဝေနေအောင် ပန်ထားလိုက်ရင် တုနိုင်းမမှီသည့် မြန်မာဆန်သည့် အလှကျက်သရေ ဒေါ်စုဆီမှာ တွေ့ရသည်။ မျိုးချစ်စိတ် အင်မတန်ပြင်းထန်သူတွေ လို့ သူတို့ကိုယ် သူတို့ ထင်နေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်လည်း လိုက်မမှီ။ ပည်ပမှာနေထိုင်ကြီးပြင်းခဲ့ပေမယ့် မြန်မာဆန်တဲ့ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု၊ ကိုယ်ကျင့်သိက္ခာကိုတန်ဖိုးထားမှု၊ သီလ စောက်တည်မှု၊ ဗုဒ္ဓဘာသာတရားကို ယုံကြည်ကိုင်းရှိုင်းမှုတွေက ဒေါ်စု ရဲ့ မြန်မာဆန်တဲ့အလှကို ဖော်ကျူးနေသည်။ ထိုအကြောင်းကို ဘိလပ်ပြန်သန်း က ဤသို့ ရေးသား မှတ်တမ်းတင်ခဲ့သည်။


“စု” သည် မြန်မာ့ယဉ်ကျေးမှုအရ စံတင်လောက်ပါသည်။ ဥပမာတခု ပေးရလျှင် မိမိထက် တနှစ်၊ တရက်၊ တမနက် ကြီးသူမှန်သမျှကို ကိုယ်အမူအရာ၊ နှုတ်အမူ အရာအရ ရိုသေလေးစားသမှု ပြသခြင်း ဖြစ်သော လူကြီးများရှေ့မှ ဖြတ်သန်း သွားသောအခါ ခါးညွတ်ခြင်း၊ လူကြီးများထံပါးတွင်ကျုံ့ ကျုံယုံ့ ယုံ့  နေထိုင်ခြင်း၊ ယဉ်ကျေးလေးစားသော အသံနေအသံထားနှင့် စကားလုံးများကို ရွေးချယ် သုံးခြင်း၊ စသည် တို့မှာ “စု” အတွက် အရိုးစွဲနေသည့် အမူအကျင့်များဖြစ်သည်။

(စာညွှန်း။ ။ အဆိုတော် ဘိလပ်ပြန်သန်း ရေးသားသော စုနှင့်မိတ်ဆက်ခြင်း)




သာမညဆရာတော်ဘုရား နှင့် ဒေါ်စု


မြန်မာ့နိုင်ငံရေးနှင့် ဒေါ်စု

ဒေါ်စု ၏ Exile ဘ၀ကို လက်ညှိုးထိုးပြပြီး နိုင်ငံရပ်ခြားမှာ အနှစ် ၂၀ ကျော်နေထိုင်ခဲ့သူ၊ နောက်ခံနိုင်ငံရေးသမိုင်းမရှိသူ၊ နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သူ အဖြစ် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ချက်အောက်ထိုးတဲ့နည်းဖြင့် ထိုးနှက် တိုက်ခိုက်သည်။
နိုင်ငံရေးမှာ ချက်အောက်ထိုးသည့်နည်းက အရည်အချင်းမပြည့်မှီသူတွေ သုံးကြ သည်။ နိုင်ငံရေး ကျပ်မပြည့်သူတွေ လုပ်သည့်နည်း ဖြစ်သည်။ ဟိုယခင် သမ္မတ လောင်း ကလင်တန် ကို ဆေးခြောက်ရှုမှု၊ စစ်မှုထမ်း ရှောင်ရှားမှုတွေကို တိုက် ကွက် လုပ်ပြီး ရီပတ်ဗလစ်ကန်တွေ ချခဲ့သည်။ ပြီးခဲ့သည့် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ အိုဘားမားကို ချီးကျူး စရာတခုရှိသည်။ မဲဆွယ်ပွဲတွေ စတင်က တည်းက ပြိုင်ဘက်အပေါ် ချက်အောက်ထိုးသည့် လုပ်ရပ်မျိုး လုံးဝ မလုပ်ကြဖို့ သူ့အဖွဲ့တွေကို အိုဘားမားက တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့သည်။ အမေရိကန် ပြည်သူတွေက ရွေးကောက်ပွဲကို ဆုံးဖြတ်ပေးလိုက်သည်။ ဆုံးဖြတ်ချက် မှန်- မမှန်ကို အချိန်က အဆုံးအဖြတ် ပေးလိမ့်မည်။ အမေရိကန်တွေ လိုအပ်နေတာ စွမ်းအင် ပြဿနာ နှင့်တခြားပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အိုင်းစတိုင်းလိုလူ နှင့် နိုင်ငံကာကွယ်ရေးအတွက် အာနိုးလို လူ။ အိုးဘားမား ဘယ်လို လူစားဆိုတာ မကြာမှီတွေ့ရတော့ မည်။ အာနိုးဦးနှောက်နှင့်အိုင်းစတိုင်းခန္ဓာကိုယ် ဖြစ်နေရင်တော့ လူတွေ ရယ်ကြလိမ့်မည်။

မြန်မာနိုင်ငံမှာတော့ ရွေးကောက်ပွဲလုပ်ခဲ့ပြီးပြီ။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုနေအမ်အကျယ်ချုပ်နဲ့ quarantine လုပ်ထားပြီး ရွေးကောက်ပွဲကနေ ဖယ်ထုတ်ထားခဲ့သည်။ ခရီးသွားဟန်လွှဲရောက်လာရင်း ကြုံကြိုက်လို့ နိုင်ငံရေး ၀င်လုပ်သူအဖြစ် ပုံဖော်ထိုးနှက်ကြသည်။ နိုင်ငံခြားသားနှင့်လက်ထပ်ထားသူ မျိုးချစ်စိတ်မရှိသူအဖြစ် ၀ါဒဖြန့် ကြသည်။ သို့သော် ပြည်သူက ဆုံးဖြတ်ပေးလိုက်သည်။ ဒေါ်စုခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်သွားသည်။

ရွေးကောက်ပွဲနိုင်သွားတော့လည်း ချက်အောက်ထိုးတာက မပြီး။ ဆက်ပြီး ထိုးကြပြန်သည်။ အဖေ့မျက်နှာကြောင့် ဆိုပြီး ထိုးနှက်ကြပြန်သည်။ ဒေါ်စုကြည် ဟု ရင့်သီးစွာ ရေးကြ ပြောကြသည်။ ဒေါ်အောင်ဆန်းစုကြည် နာမည်မှာ အောင်ဆန်း ကို ဖြုတ်ထားကြသည်။ အဖေနဲ့သမီးကို ခွဲကြပြန်သည်။

ကျနော်တို့စဉ်းစားမိတာက ….. ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်နေတာ တခု တည်းကြောင့် ဒေါ်စုကို ပြည်သူက ချစ်ခင်လေးစားခဲ့တာ မဖြစ်နိုင်။ ဒါဆိုရင် ပြည်သူက ဦးအောင်ဆန်းဦးကိုလည်း ချစ်ခင်ကြမှာ ဖြစ်သည်။ ဦးအောင်ဆန်းဦး ကို သောင်းသောင်း ဖျဖျ အားပေးကြိုဆိုကြမှာဖြစ်သည်။ ဒါဆိုရင် ….

ဒေါ်စု ကျနော်တို့ကို စကားတွေအများကြီးလက်ဆောင်ပါးခဲ့သည်။ ပြည်သူလူထု ကို တရားတွေအများကြီးဟောခဲ့သည်။ ခြံရှေ့တရားပွဲတွေကနေ ကျနော်တို့ကို ဘားကလက်ဟာဗယ် ဆီ ခေါ်သွားခဲ့ဖူးသည်။ ချက်နိုင်ငံက အနုပညာသမားကြီး ဘားကလက်ဟာဗယ် ချုပ်နှောင်ခံထား ရတဲ့ ဟာဗယ်ရဲတိုက်ဆီ ချက်ပြည်သူတွေ ဘယ်လိုချီတက်ခဲ့ကြောင်း ဒေါ်စု ပြောခဲ့သည်။ အိန္ဒိယက ဆူဘတ်ချန်ဒရာဗို့စ် ရဲ့ ချာလိုးဒေလီ - ဒေလီကိုချီတက်ကြ မိန့်ခွန်း ပြည်သူလူထုကို ပြန်လည်ဖတ်ပြခဲ့သည်။ ပြည်နယ်နဲ့တိုင်းတွေကို လှည့်လည်ပြီး မကြောက်တရားတွေဟောခဲ့သည်။ မြန်မာပြည်မှလာတဲ့စာ၊ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးတို့လို စာအုပ် စာတမ်းတွေရေးပြီး မြန်မာ့သဘာဝ မြန်မာ့အလှ မြန်မာ့ဘ၀တွေကို ကမ္ဘာ သိအောင် လုပ်ခဲ့သည်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကိုယ့်နိုင်ငံထဲမှာပြန်ပြီး အချုပ်နှောင်ခံနေရတယ် ဆိုတာ ကမ္ဘာ သိအောင် ပြောခဲ့သည်။ ဒါ့အပြင် မြန်မာ ပြည်သူတွေအတွက် ဘာသာပြန်ပြီး ဗဟုသုတတွေ ဖြန့်ဖြူးပေးခဲ့သည်။

အတိုချုံးပြောရရင် မြန်မာအကြောင်း ကမ္ဘာသိအောင် လုပ်ပေးခဲ့သည်။ ကမ္ဘာအကြောင်း မြန်မာတွေသိအောင် လုပ်ပေး ခဲ့သည်။ ဒီလုပ်ဆောင်ချက်တွေ ဟောပြောရေးသားချက်တွေကို ကြည့်ခြင်းဖြင့် ဒေါ်စု သည် အင်္ဂလိပ်စာကို ကျွမ်းကျင် ပိုင်နိုင်စွာတတ်မြောက်သလို မြန်မာစာပေနဲ့ မြန်မာ့ယဉ်ကျေးမှုကိုလည်း ကျွမ်းကျင်စွာတတ်မြောက် စောင့်ထိမ်း ကျင့်သုံး သူဖြစ်ကြောင်း တွေ့ရသည်။ ကျနော်တို့ ကောက်ချက်ချနိုင်သည်မှာ

၁) ဒေါ်စု သည် ၁၅ နှစ် သမီးကတည်းက ပြည်ပမှာ နေထိုင်ခဲ့ရပေမယ့် မြန်မာ့ယဉ်ကျေးမှုကို မေ့မသွားခဲ့သူ။ မြန်မာ စာပေ မြန်မာစကားနှင့် အဆက်မပြတ်ခဲ့သူဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။

၂) ဒ့ါအပြင် မြန်မာနိုင်ငံအကြောင်း မျက်ခြေအပြတ် မခံခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ စိတ်ကူးစိတ်သန်း တွေ ရှိသူ စိတ်အားထက်သန်မှုတွေ ရှိသူ၊ သည့်အတွက်ကြောင့် စာပေ ယဉ်ကျေးမှု နှင့် နိုင်ငံရေးသိပ္ပံပညာရပ်ကို စနစ် တကျ လေ့လာသင်ကြားခဲ့သူဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။

ဤအချက်တွေကြောင့် ပြည်သူတွေ ဒေါ်စုကို လေးစားချစ်ခင်ကြတာဖြစ်သည်။ ဤသို့ ကျနော် ကောက်ချက်ချသည်။

အဲဒါနဲ့ ပတ်သက်ပြီး ဘိလပ်ပြန်သန်းက ဘယ်လိုရေးခဲ့သေးလဲ ဆိုတော့ …


“စု” အထူးနှစ်သက်မက်မောသော ၀ါသနာမှာ စာဖတ်ခြင်း ပင်။ သူမ ၏ စာအုပ်စာပေမြတ်နိုးမှုကို အားပေး ခဲ့သော (သတင်းစာဆရာကြီး) ဦးအုန်းကို “စု” အစဉ် ချစ်ခင် ကျေးဇူး တင်စွာသတိရလေ့ရှိသည်။ သူသည် “စု” အား ဖတ်သင့် ဖတ်ထိုက်သည့် မြန်မာနှင့်အင်္ဂလိပ် စာအုပ် စာရင်းရှည်ကြီး များ ပေးသူများအနက် တဦး အပါအ၀င်ဖြစ် သည်။ “စု” ၏ အသိပညာ အတွေးအခေါ်ပိုင်းဖွံ့ ဖြိုးတိုးတက်မှုကို ပို၍ သတိပြု မိပြီး စိတ်ဝင်စားခဲ့သူမှာ အလွန် နာမည်ကြိးခဲ့သော အိုးဝေ မဂ္ဂဇင်း၏ တချိန်က အယ်ဒီတာဖြစ်ခဲ့ပြီး “စု” ၏ ဖခင်နှင့်အတူ တက္ကသိုလ်တွင်ရှိခဲ့သော ဦးညိုမြပင် ဖြစ်ပါသည်။ သူက တခြားသူများထက်ပင်ပိုပြီး “စု” ဖတ်ရန် အင်္ဂလိပ်နှင့်မြန်မာ စာအုပ်ပေါင်းများစွာကို လမ်းညွှန်ပေးခဲ့ပါသည်။

(စာညွှန်း။ ။ အဆိုတော် ဘိလပ်ပြန်သန်း ရေးသားသော စုနှင့်မိတ်ဆက်ခြင်း)

နိုင်ငံချစ်စိတ်၊ နိုင်ငံပြန်လည် ထူထောင်ချင်စိတ်ကြောင့် ပြည်ပမှာနေရပေမယ့် ဒေါ်စုဟာ အမေရိကန်နိုင်ငံသား ဖြစ် မသွားဘူး၊ အင်္ဂလန် နိုင်ငံသားလျောက်မထားခဲ့ဘူး။ ဒီအချက်ကလည်း ဒေါ်စုရဲ့ ဂုဏ်သရေတခုဖြစ်သည်။

အစပိုင်းကာလမှာ စစ်ခေါင်းဆောင်တွေကိုယ်တိုင် သံသယတွေရှိခဲ့သည်။ အဖေ့အရှိန်ကြောင့်ပါလို့ ထင်ခဲ့ကြသည်။ ဒါ ပေမယ့် အချိန်အနည်းငယ်ရလာတာနဲ့အမျှ ဒေါ်စု၏ အရည်အချင်းတွေ ပေါ်သထက်ပေါ်လာခဲ့သည်။ အချိန်ကာလ တရား သူကြီးက ဆုံးဖြတ်ပေးလိုက်သဖြင့် တပ်မတော်ရဲ့ သဘောထားအမှန်ကို ပြည်သူတွေ သိသွားခဲ့သလို ဒေါ်စု၏ အရည် အချင်းတွေကို စစ်ခေါင်းဆောင်တွေ သိသွားကြပြီး ကြောက်ရွံ့ တုန်လှုပ်ကြသည်။ မနာလို မုန်းထား စိတ်တွေ ပြင်းထန် ခဲ့ကြသည်။ ဤအချက်တွေက ဒီပဲယင်းလုပ်ကြံမှုကြီးကို အကောင်အထည်ဖော်ဖို့ စေ့ဆော်ခဲ့တာဖြစ်သည်။


ဝေးဝေးကြည့်နိုင်သူ

ဒေါ်စုနဲ့ မြန်မာ့နိုင်ငံရေး ဆက်နွယ်မှုအကြောင်းကိုပြောမယ်ဆိုရင် စစ်အစိုးရနဲ့စစ်ခေါင်းဆောင်တွေအကြောင်းကို ချန် ထားခဲ့မယ်ဆိုရင် မပြည့်စုံပါ။ မပြည့်စုံတဲ့အပြင် ထိမ်ချန်မှုဖြစ်တဲ့အတွက် နိုင်ငံရေးအာပတ်သင့်တတ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ စစ်အစိုးရအကြောင်းကို ပြောမှာ ဖြစ်ပါတယ်။

စစ်အစိုးရက မြန်မာ့နိုင်ငံရေးထဲကနေ ဒေါ်စုကို ဖယ်ထုတ်ဖို့လုပ်ခဲ့တဲ့အပြင် လုံးဝ ၀င်ရောက်ဆောင်ရွက်လို့မရအောင် လုပ်ထားပါသေးတယ်။ “မြန်မာနိုင်ငံမှာ နှစ် ၂၀ (ဆက်တိုက်) နေထိုင်သူဖြစ်ရမယ်” ဆိုတဲ့အချက်က ၁၉၉၀ ရွေးကောက် ပွဲ ကနေ ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်ဖြစ်ပြီးတော့ “နိုင်ငံခြားသားနဲ့လက်ထပ်ထားသူမဖြစ်စေရ” ဆိုတဲ့အချက်က လုံးဝ ပါဝင်ဆောင်ရွက်ခွင့် မရအောင်ကို လုပ်ထားတဲ့အချက်ဖြစ်နေတယ်။ ဒီအချက်က အရေးကြီးပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံရပ်ခြားအဖွဲ့အစည်းတွေ အစိုးရတွေက “ အားလုံးပါဝင်ရေး” (all inclusive) ကို တွင်ကျယ်စွာ ပြောကြ ပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ အထက်ပါ အချက်တွေနဲ့ အားလုံးပါဝင်ရေးကို ပျက်ရယ်ပြုထားပါတယ်။

ကျနော်တို့ကြည့်နေတာ တိုင်းပြည်ရဲ့ အနာဂတ်ပါ။ ကျနော်တို့ထက် ပိုမြင်သူက ဒေါ်စုပါ။ အနာဂတ် မြန်မာနိုင်ငံကို ထူ ထောင် ဖို့ဆိုရင် ပစ္စုပ္ပန်ကာလနိုင်ငံရေးမှာ ဒေါ်စုကို ဖယ်ထားလို့မရပါ။ မြန်မာပြည်မှာ ဖြေရှင်းရမည့် ပြဿနာကြီး ၃ ခုရှိပါတယ်။

၁) ပြည်တွင်းငြိမ်းချမ်းရေး
၂) ဒီမိုကရေစီရေး
၃) အမျိုးသားပြန်လည်ရင်ကြားစေ့ရေး

အမျိုးသားနိုင်ငံရေးကို စစ်တပ်ကဘဲ ဦးဆောင်မယ်လုပ်နေလို့ မရပါ။ နေမျိုးဝေ၊ ဦးအောင်ဘွား၊ ဒေါ်နန်းရွှေကြာ တို့ လူနှစ်ဆယ် အစိတ်လောက်နဲ့ လုပ်လို့မရပါ။ မောင်စူးစမ်း သခင်တင်မြတို့ ရဲ့ “မရှိတာထက်ရှိတာပိုကောင်းတယ်” ဆိုတဲ့ အတွေးတိမ်တိမ် လောက်နဲ့ လုပ်လို့မရပါ။ “မရှိတာထက်မသိတာခက်” သွား နိုင်ပါတယ်။

သူကိုယ်တိုင်က တပ်မတော်ဖခင်ကြီးရဲ့ သမီးတယောက်ဖြစ်တာကိုက တပ်မတော်သားတွေက ဒေါ်စုကို အလိုလို ချစ်ခင် ကြတယ်။ သူတို့ချစ်တဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးက သူတို့လိုချင်တာတွေ ဖြစ်ချင်တာတွေကို လုပ်ဆောင်ပေး တော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ယုံကြည်ချက်က တပ်က မိသားစုဝင်တွေအားလုံး ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးထောက်ခံခဲ့ကြတာဖြစ်တယ်မဟုတ်လား။
လူတိုင်းလူတိုင်းရဲ့ မျှော်လင့်ချက်တွေ ဒေါ်စုဆီမှာ ရှိနေတယ်။
ကျောင်းသားတွေက လွပ်လပ်ပွင့်လင်းတဲ့ ခေတ်မှီ ပညာရေးစနစ်နဲ့ ကျောင်းသားထု အခွင့်အရေးတွေကို လိုလားကြတယ်။ တပ်မတော်သားတွေက ထက်အောက်ညီမျှတဲ့ ဒီမိုကရေစီ နိုင်ငံ တွေက တပ်မတော်သားတွေရဲ့ ဘ၀မျိုးကို လိုလားကြတယ်။ ပြည်သူတွေက ပိုမိုကောင်းမွန်ပြီး လုံခြုံနွေးထွေးတဲ့ လူနေမှုဘ၀ မျိုး လိုလားကြတယ်။ ရဟန်း သံဃာတွေက သူတို့ဒကာ ဒကာမ တွေ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ တရားဓမ္မ ဆောက်တည်နေကြ တာကို လိုလားကြတယ်။ အစိုးရမင်းတွေ မင်းကျင့်တရားဆယ်ပါးနဲ့ အညီ အုပ်ချုပ်တာကို လိုလားကြတယ်။ တိုင်းရင်းသားလူမျိုးစုတွေက တန်းတူညီမျှမှုနှင့် ချစ်ခင်ရင်းနှီးမှုကိုလိုလားတယ်။

ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဒေါ်စုက နည်းလမ်းတွေ တင်ပြခဲ့တယ်။ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ဖို့ တောင်းဆိုခဲ့တယ်။ မျက်နှာခြင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေးစကားပြောဆိုခြင်း ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု ၀န်းကျင်သစ် တခုကို ထူထောင်ကြဖို့ ဒေါ်စုတင်ပြခဲ့တယ်။ ပြည်သူလူထုကို တင်ပြခဲ့တယ်။ စစ်ခေါင်းဆောင်တွေကို တောင်းဆိုခဲ့တယ်။ ယနေ့အချိန်အထိကို တောင်းဆိုနေဆဲဖြစ်တယ်။ ဒေါ်စု အနာဂတ်ကို ကြည့်ခဲ့တယ်။ ဝေးဝေးမြင်ခဲ့ပါတယ်။

နိဂုံးချုပ်ပြောရရင် …. ဝေးဝေးမြင်တတ်သူ၊ တိုင်းရင်းသားလူမျိုးစုတွေ ယုံကြည်သူ၊ ပြည်သူလူထု ချစ်ခင်လေးစားသူ။ နိုင်ငံတကာ လေးစားတန်ဖိုးထားသူတယောက် ကျနော်တို့နိုင်ငံမှာ ရှိနေပါလျက်နဲ့ ဖယ်ထုတ်ထားတာ တိုင်းပြည် နစ်နာ ပါတယ်။ ပြည်သူတွေ တက်ညီလက်ညီ ကြွေးကြော်ကြပါ။ဒေါ်စုကို လွှတ်ပေးပါ။ နိုင်ငံ့အရေးမှာ ပါဝင်ခွင့်ပေးပါ။




5 comments :

Unknown said...

၂၀၀၈ခုနှစ် ကထဲက ပြည်သူကို အချိန်ကာလ ကြာမြင့်စွာ ချပြပြီး ၉၂ ရာခိုင်နှုံး ကျော် နဲ့  အတည်ပြုထားတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အသစ်ထဲက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏အရည်အချင်း နှင့် နဲ့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိခြင်း အခန်းများကို မူရင်းအတိုင်းဖေါ်ပြလိုက်ပါတယ် ။ အပြည်အစုံဖတ်ချင်ရင်တော့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

http://padauk07.googlepages.com/ConRepubMyanmEng.pdf

၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်၊
(ခ) မိမိနှင့်မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသား မှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊
(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်၊
(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်၊ ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလ အဖြစ် ထည့်သွင်းရေတွက်ရမည်။
(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများ သည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊
(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။

Unknown said...

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏အရည်အချင်း

၁၂၀။ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူသည် ပြည်သူ့လွှတ်တော်သို့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည် –
(က) အသက် ၂၅ နှစ်ပြည့်ပြီးသူ၊
(ခ) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊
( ဂ ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး
၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊
ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက် သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့ သည့်ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
(ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ။

Unknown said...

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိခြင်း။

၁၂၁။ အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရ -
(က) ပြစ်မှုတစ်ခုခုကို ကျူးလွန်သဖြင့် သက်ဆိုင်ရာတရားရုံး၏ ပြစ်မှုထင်ရှား စီရင်ခြင်းခံရ၍ ထောင်ဒဏ်ကျခံနေရသူ၊
( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ မတည်မီကဖြစ်စေ၊ အာဏာတည်ပြီးမှ ဖြစ်စေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းစေသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သည့် ကာလ ကုန်ဆုံးခြင်း မရှိသေးသူ၊
( ဂ ) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူ၊
(ဃ) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူ၊
(င) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူ၊ ( စ ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊
(ဆ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းများမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ အထောက်အပံ့ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ အထောက်အပံ့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊
(ဇ) နိုင်ငံရေးကိစ္စအတွက် ဘာသာရေးကို အကြောင်းပြု၍ ဆန္ဒမဲပေးရန် သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ယင်းသို့ပြုလုပ်ရန် အားပေး လှုံ့ဆော်ခြင်းပြုသူ သို့မဟုတ် ယင်းသို့ပြုလုပ်သည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊
(ဈ) သာသနာ့ဝန်ထမ်း၊
(ည) နိုင်ငံ့ဝန်ထမ်း၊
ခြွင်းချက်။ ယင်းစကားရပ်သည် –
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော လွှတ်တော်များနှင့် အဖွဲ့အစည်းများတွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် တပ်မတော်သားများ အပါအ၀င် နိုင်ငံ့ဝန်ထမ်းများနှင့် မသက်ဆိုင်စေရ။
(ဋ) နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည် တို့ကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊ ခြွင်းချက်။ (၁) နိုင်ငံတော်ပိုင်ငွေကြေးဟူသော စကားရပ်တွင် အငြိမ်းစား လစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း၊ နိုင်ငံတော် အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင် ထောက်ပံ့ချီးမြှင့်ထားသော လစာ၊ စရိတ်၊ ငွေကြေးသော် လည်းကောင်း မပါဝင်၊
(၂) နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသောစကားရပ်တွင် ဥပဒေတစ်ရပ်ရပ်အရသော် လည်းကောင်း၊ တာဝန်အရသော်လည်းကောင်း နိုင်ငံတော် က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ၊ အခြားအဆောက် အအုံနှင့် အခန်းများ၊ နိုင်ငံတော်ပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်းစသည်များ မပါဝင်။
( ဌ ) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးမှဖြစ်စေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းစေသည့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု ကျူးလွန်ခြင်းကြောင့် သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးခြင်း မရှိ သေးသူ။

Unknown said...

အောက်ပါအချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ထဲ့သွင်းခဲ့ပြီး ၁၉၄၇ ခုနှစ် ဖွဲ့  စည်းပုံ အခြေခံဥပဒေ ကစတင် ပါဝင်ခဲ့ပြီး ၁၉၇၄ခုနှစ် နဲ့ ၂၀၀၈ ဖွဲ့  စည်းပုံ အခြေခံ ဥပဒေ များမှာလည်း ဆက်လက်ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။

Anonymous said...

ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့အတိုင်းသာ လုပ်မယ်ဆိုရင် မင်းတို့ စစ်တပ်က နွားတွေ နေစရာတောင် ရှိမှာမဟုတ်ဘူး။