Thursday 24 September 2009

တက်ခွေး ( မောင်ထင် ) -




(စာရေးဆရာကြီး ဦးထင်ဖတ်( မောင်ထင်) မှ ရေးသားခဲ့သော သရော်စာ တပိုဒ် ဖြစ်ပါသည်။ အိုးဝေ မဂ္ဂဇင်း၊ အတွဲ ၇၊ အမှတ် ၁၊ ၁၉၃၈ ၌ ဖော်ပြ ပုံနှိပ်ခဲ့ပါသည်။ စာရေးဆရာကြီး ဦးညိုမြ အား အကြောင်းပြု၍ ရေးသည် ဟု ဖော်ပြခဲ့ပြီး ဦးညိုမြ မှလည်း ဦးထင်ဖတ် ၏ စာ အဆုံး၌ မှတ်ချက်ပြန်လည်ရေး ၍ သရော်ခဲ့သည် ကိုပါ မှတ်သားဖတ်ရူ ရပါသည်။ နှောင်းလူတို့ ၏ တယောက် နှင့်တယောက်ကျီစယ် သရော် ရူံ့ ချပုံ များ မှာ ပညာတတ် ပီသ ပြီး ပညာသား ပါလှ၍ များစွာလေးစားမိပါသည်။ ကျွန်တော်များ လက်ရှိ အင်တာနက် ကွန်ယက်များတွင်မူ အတိုက်အခံအတွင်း၌ သော်ကျ၎င်း၊ နအဖစစ်အုပ်စု နှင့် အတိုက်အခံကြား တွင်သော်၎င်း အပြန်အလှန် ရူံ့ ချ သရော်မူ့ များ တွင် လွန်စွာအောက်တန်းကျ ၍ အပုတ်အစပ် ဆဲဆိုရေးသား နေမူ့များ မှာ အမေနှမ မကြားဝံ့သည် စကားများ၊ စာသား များ ပါရှိနေသည် ကို အများအပြားတွေ့ရဆဲပင် ဖြစ်ပါသည်။ အင်တာနက် တက်ဂနော်လော်ဂျီ ဂျောက်ဂျက် ဖြင့် မိမိ နံမည်အရင်း ကိုထိန်ဝှက်၍ ငါ့စကား နွားရ ဖရုဿ ၀ါစာ ပြောဆိုရေးသားနေ သူများ၊ သူတဦး ၏ နံမည်ကို ခုတုံးလုပ် အသုံးပြု ကာ ဂျောက်တွန်းနေသော သူများ မှာ ပညာတတ် လူတန်းစား အတွင်း၌ ပင် ဒုဒေး။ ဤ သရော်စာ လေး ဖတ်ရူ့ လေ့လာ ခြင်းဖြင့် နှောင်းလူ တို့၏ ဂုဏ်သိက္ခာ အဆင့်အတန်း မြင့်မားပုံ၊ ပညာတတ် ပီသ၍ ပညာသားပါပါ ဝေဖန်နှိပ်ကွက် ပုံတို့ကို အတုယူ နိုင်ပါစေဟု ရည်သန်မိပါသည်။ ထိုသရော်စာ အား အိုးဝေ ၌ ဖော်ပြချိန်တွင် စာရေးဆရာကြီး ဦးညိုမြ သည် အိုးဝေမဂ္ဂဇင်း ၏ အယ်ဒီတာ တဦး ဖြစ်နေဟန် လည်း ရှိသည်။ ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ် စာစောင်(၁၉၂၀-၁၉၇၀) ၌ ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်၍၄င်း မူရင်း စာသားအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်။

(-မောင်လူအေး)

'' တက်ခွေး " မောင်ထင်

(ညိုမြအား အကြောင်းပြု၍ ရေးသည်)

တက်ခေတ်တွင် တက်လူ၊ တက်ဘုန်းကြီး ဟူ၍ သာ ရှိကြသည် မဟုတ်။ခွေး တို့သည်ပင်လျှင် တက်ခွေးဖြစ်ချေသည် တမုံ့ ။ အကြောင်းမူကား ဃရာဝါသ၊ ကိစ္စများမြောင်၊ ခွေးတို့ဘောင်ဝယ် လူ့စရိုက် လူ့အကျင့်ကို တက်လှမ်း လင့်ကုန်သော ခွေးသူတော်ကောင်း အပေါင်း တို့သည်ပင်လျှင် ၀ါဝင်ကို ရှောင်ကာ တပို့တွဲလတွင် ရက်ရွေးကြလေသည်။


ဤမျှ တက် စိတ်ဝင်စား သောခေတ်တွင် အောင်နက်သည် လွတ်လပ်ရေးကို ၄င်း အူသံဖြင့် သုနက္ခ တိုင်းပြည်ကြီးကို တုံလှုပ် ချောက်ခြားစေသည်။အောင်နက် ၏ သက္ကရာဇ် တွက်စစ်ကြည့်သော် မနှစ်က တော်သလင်းတွင် လူပျိုဘော်ဝင်ခဲ့သည်။ သို့သော် အရာ မရောက်သေးသဖြင့် သူတပါးတို့ အိမ်ထောင်သားမွေး သည်ကို ရွယ်တူတမ်းတူ ခွေးပျို ကာလသားတို့အပေါ်တွင် ခွေးကာလသားခေါင်း ပြုလုပ်ခါ လမ်းဆုံ လမ်းမ ၌ အူ၍ ခဲဘိုးတောင်းခဲ့သည်။ ယခုနှစ် အရွယ်ရောက်လာ ငြားလည်း ခွေးသာနု စိတ်ဝင် စားရကား ဓမ္မတာ ဖြစ်သော ရာဂစိတ်တို့ကို ခွေးသာနုစိတ်ဖြင့် ချိုးနှိမ်ဖိစီး ထားလိုက် လေသည်။ အောင်နက်၏ စိတ်၌ သုနက္ခပြည် သည် ခွေးတို့အဖို့ ခွေးတို့၏ လွတ်လပ်ရေးသည် ပဌမ၊ ဒုတိယ၊ တတိယ၊ စတုတ္တ၊ ပဉ္စမ၊ ဧကုနာဝီသတိ။

ထိုအဖိုးတန်သောစိတ်ကို မွေးမြူရင်း သုနက္ခပြည်တွင် ခွေးတို့၏ ချို့ တဲ့ရသော အကြောင်းရင်း ကို စူးစမ်းရှာဖွေသည်။ ခွေးအပေါင်းတို့ ခွေးဆင်းရဲ၍ နေချေပြီ တကား၊ ရှေးအခါက အလှူအိမ် မသာအိမ် တို့တွင် ခွေးတစီစီဖြင့် စီကားခဲ့သည်။ ယခုမူကား ခွေးများ ထိုကဲ့သို့ ရွှင်ပျ စွာ မအူ နိုင်ကြပြီ။ ခွေးဝင်စား နှင့် ခွေးဝဲစား ခွေးဦးရေ တို့သည် ၁၉၃၇- ခု မွန်းတည့်စာရင်းအရ လွန်ခဲ့သော ဆယ်နှစ်ကထက် ဆယ်ဆမျှ တိုး၍ လာသည်။ မြို့ စွန် မြို့ ဖျား သို့ရောက်သော ခွေးများ ပေါချေပြီ။ အကြောင်းအသို့နည်း။


ရှေးက လူတအိမ်ထောင်လျှင် ခွေးနှစ်အိမ်ထောင် ချောင်ချိစွာ နေနိုင်သည်။ ယခု လူတို့အိမ် တွင် ခွေးနေရာ အစား မျောက် သော် ရောက်နေပြီ။ ကြောင်မင်းမူ နေပြီ။ ကြက်တူရွေး ချယ်လှယ် နေပြီ။ ခေတ်ဆန်သော လူတို့သည် ကျား၊ ၀က်ဝံ၊ ခြင်္သေ့၊ မြွေ စသည်တို့ကိုပင် အလှ မွေးမြူ ကြလေပြီ။ဤသည်ကား အဘယ်ကြောင့်နည်း။ ခွေးခြင်း မညီညွတ်မှုကြောင့် မဟုတ်တုံလော။ ခွေးသာနု တရားလျှော့ပါး၍ မဟုတ်လော။ ရှေးက အလှူအိမ် ခွေးစုစားရသော “ဘုံဝါဒ” ပျောက်နေ၍ “ငါတကော” ၀ါဒ ရောက်နေခြင်းကြောင့် မဟုတ်ပါလော။ရှေးက ခွေးများသစ္စာ ရှိသည်။ ယခုကာလ ခွေးများ သစ္စာမဲ့သည်။ ရှေးက ခွေးများသည် မိမိ သခင်သေသည်၏ အခြားမဲ့၌ ပင်လျှင် ၄င်း၏ မြေပုံ ပေါ်တွင် ထိုင်၍ အူခဲ့သည်။ ယခု ကာလ ခွေးတို့သည် သခင်သေ၍ မြေမြုတ်ပြီးသည် နှင့် တပြိုင်နက် အလောင်းကောင်ကိုဖော်၍ စားကြသည်။





ရှေးက ခွေးများသည် သခင့်ဥစ္စာကို စောင့်ရှောက်သော အားဖြင့် တစိမ်းတရံစာ လာလျှင် အူဘော် ဟောင်ဘော် ရကြသည်။ ယခုခေတ် ခွေးများသည် သခင်လစ်လျှင် မီးဖိုချောင်ထဲ ၀င်၍ ထမင်းချမ်းအိုးထည်းသို့ နှူပ်သီး စွပ်သည်။ရှေးက ခွေးများ အကြောင်းရှိ၍ တကောင်က အူလိုက်လျှင် တရွာလုံး အူကြသည်။ ယခုခေတ် တကောင် ကအူလျှင် အခြားတကောင် က ခေတ်မဆန် ဟု ဆိုသည်။ ခေတ်ဆန်သူ က အူပြန်လျှင် လည်း “၀ူး.........” ဟု မအူဘဲ အင်္ဂလိပ်လို “ ဘောင်း.........ဝေါင်း..........” ဟု အူကြသည်။

ခွေးလောကကြီးသည် မတရားလွန်း မတရားဖြစ်၍ နေချေပြီ။အသို့နည်း အချင်းခွေးတို့ ညီညွတ်ကြကုန်လော့။ ခေတ် နှင့် ရင်ဘောင်တန်းကြ ကုန်လော့။ ခွေးသာနု တရား ပွားများကြကုန်လော့၊ ယခုခေတ်ဆိုး ထဲတွင် ခွေးတို့၏ လွတ်လပ်မူ သည် တားဆီး ပိတ်ပင်ခြင်း ခံနေရသည်။ အူချင်တိုင်း မအူနိုင်၊ သွားချင်တိုင်း မသွားရ၊ စားချင်တိုင်း မစားဝံ့၊ မင်္ဂလာဆောင်ချင် တိုင်း မဆောင်ရ၊ စည်းလုံးကြကုန်၊ ညီညွတ်မူဖြင့် လွတ်လပ်ရေး ကို ဆောင်ရွက်ကြကုန်အံ့၊ယင်းသို့လျှင် အောင်နက် သည် နားရွက်ကို စွင့်၍၊ သွားကိုဖြီး၍၊ လျှာကိုထုပ်၍၊ သားရေယို၍၊ အမြီးကို ကောက်၍၊ ဒေါမာန်ပါပါနှင့် ဂျွန်နီဝါကား ထည့်သော ထင်းရူးဘုံး စင်မြင့်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ တက်ခွေးပျို ပရိသတ်ပေါင်း ၅၀-ကျော် (သတင်းစာ အလိုအားဖြင့် တစောင်က ၅-ကောင်ကျော်၊ တစောင်က ၅-ထောင်ကျော်) ခန့်ရှေ့ တွင် ခွေးနြေ္ဒ သမ္မတ္တိဖြင့် ခွေးဝံသာနု တရားကို တခုသော နံနက်ခင်းတွင် ဖြန့်ချီ၍ နေလေ၏။

အောင်နက် ၏ တရားအဆုံး၌ ခွေးတို့သည် ကောင်းကြီးမင်္ဂလာ “အူ” ဘာပေးကြလေသည်။ဤသို့ အူကြစဉ် နူတ်သီးမဲမဲ ခွေးဝဲစား တကောင်သည် တက်ခွေး အစည်းအဝေးပွဲအနား သို့ သိုးကာ သီကာ ဖြတ်သွားရာ တက်ခွေးတခုက “ခွေးသား စုံထောက်တွေ၊ တဆိတ်ရှိ ခွေးဇသတ် ပုဒ်မ ၁၂၄ ကို အားကိုးပြီး အစိုးရနှင့် ရန်တိုက်ပေးနေတာဘဲ၊ မောင်းလိုက်ကြဟေ့၊ ငါတို့ အလိုမရှိဘူး” ဟု ဟောင်ကြလေသည်။ တချို့ကလည်း ထက်သော အစွယ် ကို ဖြဲ၍ ပြကြသည်။ ဤသည်ကို မြင်သော ခွေးစုံထောက် ၏ နောက်လိုက် ခွေးပုလိပ် တကောင်က လက်နက်ဥပဒေ နှင့် အရေးယူမည်ဟု ဟိန်းလိုက်သေးသည်။ သို့သော် ထိထိရောက်ရောက် အရေးမယူသဖြင့် အစည်းအဝေးပွဲသည် ထမြောက်အောင်မြင်လေသည်။ တက်ခွေး အစည်းအဝေးပွဲကို ခွေးကော်မတီ ဖွဲ့၍ ခွေးလုပ်ငန်း နှင့် ခွေးဝါဒ တို့ကို ဆွေးနွေးကြခြင်း ဖြင့် အဆုံးသတ်သည်။


ထိုလုပ်ငန်း အစီအစဉ်တွင် တက်ခွေးတို့သည် သုံးဌာန ကို လူတို့ထံမှ တောင်းဆိုရန် ဆုံးဖြတ်ကြသည်။ ထိုသုံးဌာန တို့သည်ကား အလှူအိမ်၊ မီးဖိုချောင်၊ ယိုအိမ်သာ တို့ ဖြစ်လေ သည်။ တက်ခွေးတို့ အလိုအားဖြင့် အလှူအတန်းတွင် လူတို့သည် ဖိတ်ထားသော လူဦးရေ အလိုက် ကျွေးမွေးသော စနစ်ဖြင့် ခွေးစားမကျန်အောင် ပိတ်ပင်တားဆီးမူ၊ ရှေးက မီးဖိုချောင် သည် ခွေးတို့၏ နေရာဖြစ်သော်လည်း ယခုအခါ အိမ်ရှင်မ က အုပ်စီးမူ ၊ အိမ်သာ သည် ခွေးတို့၏ ဘိုးဘပိုင် ပစ္စည်းဖြစ်လျက် နှင့် ယခုအခါ မြူနီစပယ် က အုပ်ချုပ်မူ၊ ထိုသုံးမူ သုံးဌာန ကို လူတို့၏လက်မှ ပြန်လည် ရအောင် တောင်းဆိုရန်ဖြစ်သည်။ များစွာသော တက်ခွေးတို့၏ စိတ်၌ နောက်ဆုံးအချက် ဖြစ်သော အိမ်သာကို မြူနီစပယ် က အုပ်ချုပ်မူသည် ဒိုင်အာကီ စနစ် ထက် ဆိုးဝါးသည် ဟု အယူရှိကြကုန်သည်။


အဆိုပါ တောင်းဆိုချက်တို့ မရမခြင်း လူတို့၏ အိမ်ကို စောင့်ရသော အရေး၌ သပိတ်မှောက် ခြင်း၊ အလုပ်ရပ်စဲခြင်း၊ဆူပူထကြွသောင်းကျန်းရန်ကိုလည်း တက်ခွေးအစည်းအဝေး က လေးနက်စွာ ဆုံးဖြတ်လေသည်။


နေမင်းသည် ပြူ၍ လာလေပြီ။ အောင်နက်သည်လည်း တက်ခွေး အဖော်များနှင့်အတူ သုနက္ခ အလံကို လွှင့်ကာ ခွေးပါးစပ် ဘင်ဆိုင်းတီး၍ ခွေးတပ်ကြီးချီ၍ လာလေသည်။ ခေါင်းဆောင် အောင်နက် ၏ ရှေ့တွင် တက်ခွေးပျိုမ သူနာပြုတပ် သည် “ခွေး တို့လွတ်လပ်ရေး” “သုံးဌာန တောင်းဆိုချက်” “လူတွေကို အလိုမရှိ၊ နေရင်း အ၀ီစိ ကိုပြန်သွား” “အမဲရိုးထက် အမဲသား က အရသာ ရှိသည်” ဟူသော စာတမ်းများကို ကိုင်ဆောင်ကာ စီတန်း လှည့်လည်လေသည်။

ဗိုလ်ခွေး၊ သင်္ဘောခွေး၊ အိမ်ခွေး၊ ခွေးပျိုနာ မိနေ၍ မလိုက်နိုင်သော ခွေးတို့သည် မိမိတို့၏ တည်နေရာမှ နေ၍ ရှူံ့ ချကဲ့ရဲ့ သော အားဖြင့် ဟောင်ကြ ဟိန်းကြလေသည်။ဤသို့ ခွေးအပေါင်းတို့ တပ်ချီလာလတ်သော် များမကြာမီ အငြိမ်းစား ရိက္ခာတော်ရ အရာရှိတဦး ဖြစ်သူ ဦးသာဝ ၏ အိမ်ရှေ့ သို့ရောက်လေ၏။ရောက်လျှင် ရောက်ချင်း အောင်နက်သည် တက်ခွေးအပေါင်းတို့အား ဟောင်စေသည်။ မိမိ ကိုယ်တိုင်ကလည်း ဓနရှင် ၀ါဒကို အလိုမရှိဟု ဆို၍ အူလေသည်။အိမ်ရှင် ဦးသာဝ သည် ၀ါးရင်းတုတ် ကိုကိုင်၍ ထွက်လာ၏။အောင်နက်ရှေ့ က သူနာပြုတပ်သည် ၀ါးရင်းတုတ်ကို မြင်သော် တုန်လှူပ်ခြောက်ခြားသွားသဖြင့် အဝေးသို့ ရှားကြလေ၏။

အောင်နက်သည် ခွေးတို့၏ အလယ်တွင် ခွေးထိုင်ထိုင်၍ သုံးဌာန ကို တောင်းဆို၏။ ဦးသာဝ မှာ ခွေးအူသံကို နားမလည်။ ခွေးရူး ထသည် ထင်၍ “ဟဲ့..ခွေးတွေ” ဟုမောင်း၏။ အောင်နက် သည် ရှေ့ တလှမ်း တိုး၍ ဦးသာဝ ၏ ပုဆိုးစကို မထိတထိဟတ်၏။ ဦးသာဝ သည် ၀ါးရင်း တုတ်ကို ခပ်သာသာ အသုံးပြုလိုက်ရာ အောင်နက် ၏ နှုတ်သီးကို ထိ၏။ထိုအခါတွင် မှ ခွေးအာဇာနည် အောင်နက်သည် ခွေးသာနု မာန်ဖီကာ နောက်လိုက်နောက်ပါ တက်ခွေးတို့ကို ညာသံပေး၍ ဟောင်လေ၏။

“ခွေးပြည်သည် ခွေးအဖို့”
“အမဲရိုးသည် ဒို့အစာ”
“ ဟောင်ခြင်းသည် ဒို့စကား”

ဟူ၍ အောင်နက် သည် သုံးကြိမ်တိတိ အူပြီးသော် ဦးသာဝ ၏ လည်မြိုကို ဟတ်လေ၏။

နောက်လိုက်နောက်ပါ တက်ခွေးတို့သည် အောင်နက်ကို ဦးသာဝ နှင့်ရှူးတိုက်ခဲ့ပြီးလျှင် အိမ်အပေါ်ထပ်၊ အောက်ထပ်၊ မီးဖိုချောင်၊ အိမ်သာ တို့ကို အနှံ့အပြား ၀င်ပြီးသော် အမဲခြောက်၊ ဘဲကင်၊ နံပြား၊ ငပိ၊ ထောပတ်၊ ဒိန်ခဲ၊ကြက်ဥ၊ ပလိန်းကိတ်၊ ငါးပုတ်ပြား၊ ၀က်ပေါင်ခြောက်၊ မစင်၊ ဆိတ်သားနှပ် စသော ခွေးသုဒ္ဓါ တို့ကိုပြေး၍ ဟတ်ကြလေကုန်၏။အောင်နက်မှာ မူကား သုနက္ခပြည်အတွက် အသက်ကိုပမာ မထားဘဲ အရိုးကြေကြေ အရေခမ်းခမ်း ဟူသော သဘောဖြင့် လည်မြိုကို ဟတ်သော်လည်း လက်ကောက်ဝတ် ကိုသာ မိသောကြောင့်မလွှတ်တမ်း ခဲထားသည်တွင် ဦးသာဝသည် ၀ါးရင်းတုတ်ဖြင့် အုပ်ဆက် ကိုနှက်လိုက်လေသည်။အောင်နက်၏ နားရွက် စုတ်ထွက်သွားပြီးလျှင် သွေးများ ယိုစီး၍ လာလေသည်။

အောင်နက်၏ စိတ်၌ ထိုသွေးတို့သည် သုနက္ခပြည် အတွက် ထွက်ရသော သွေးများ ဖြစ်ချေသည် ဟု အယူရှိကာ သဲမဲသော ဇာတိမာန် ဖြင့် ဦးသာဝ အား နောက်ထပ် တင်ပါးဆုံကို ခဲပြန်လေ၏။ ဦးသာဝ လည်း လက်နှစ်ဘက်နှင့် တအားလွှဲ၍ ခါးဆစ်ကို ၀ါးရင်းတုတ် ဖြင့် ရိုက်လေ၏။ အောင်နက်လည်း သုနက္ခ တိုင်းပြည်လွတ်လပ်ရေး အတွက် ကိန် ဟု မြည်ကာ မထနိုင်ရှိလေ၏။ ဤသည်တွင်မှ ဦးသာဝ သည် အိမ်ပေါ်သို့လွှားခနဲ ပြန်တက်သွား၏။ သို့ရာတွင် တော်တော်နှင့် ဆင်းမလာနိုင်။ အိမ်ပေါ်ရှိတက်ခွေးတို့၏ ရန်ကို တော်လှန်နေရသည့် လက္ခဏာ ရှိသည်။ ဤအတောအတွင်း အောင်နက်လည်း ခြံစည်းရိုး လုပ်ထားသော ပုဏ္ဏရိပ် ပန်းပင်များ အောက်တွင် ပုံး၍ နေလေသည်။ ဦးသာဝ အိမ်ပေါ်တက်သွား၍ များမကြာမီ တက်ခွေးတစုတို့လည်း တကောင်ပြီးတကောင် ဖရို ဖရဲနှင့် ဆင်းပြေးကြသည်။ ပဌမ ခွေးသည် အောင်နက်ကို ခလုပ်တိုက်မိသည်။ အောင်နက် ၏ ပယောဂ ကြောင့် ထွက်ပြေးရာတွင် နှောင့်နှေး ရသဖြင့် အောင်နက် ၏ ဂုတ်ကို နှစ်ခါလောက် ဟတ်၍ ရမ်းလိုက်သည်။ အောင်နက် မှာ ခါးကြောမြက်၍ ဘာမျှ မတတ်နိုင်။ ဒုတိယ ခွေးသည် ပြေးရင်းလွှားရင်း အမဲရိုး ပါးစပ်မှ လွတ်ကျသည်။ အောင်နက် က သူ့ဘို့ယူဆောင်လာသည် ထင်၍ အသာဟတ်လိုက်ရာ အမဲရိုးရှင် တက်ခွေးသည် အောင်နက်၏ နားရွက်ကောင်းကို ဇက်ဇက် မြည်အောင် ကိုက်၍ ခါလိုက်သည်။ အမဲရိုးလွတ်ကျကာမှ ကောက်ယူထွက်ပြေး သည်။ တတိယ တက်ခွေးသည် ဒိန်ခဲကို ချီ၍ အောင်နက် ကိုနင်းပြီးလျှင် သုတ်ချေတင်သည်။ စတုတ္ထု ခွေးသည် အောင်နက် ကြောင့် ၀ါးရင်းတုတ်ဖြင့် အရိုက်ခံရသည် ဟုဆို၍ အောင်နက် ၏ ခါးကို ကိုက်၍ ချာချာလည်အောင် ခါသည်။ ပဉ္စမ၊ ဆဌမ အစရှိသော တက်ခွေးတစု တို့ကား အောင်နက်အား စိတ်နာသော အားဖြင့် ဟောင်ကြ ဟိန်းကြသည်။ အောင်နက် သည် ၄င်း တို့ရန်ကို မတွန်းလှန်နိုင်သဖြင့် ခါးကို ဒရွတ်ဆွဲကာ လွတ်ရာကျွတ်ရာ မန်ကျည်းပင် တပင် အောက်တွင် ၀တ်နေရသည်။


ခွေးသံများတိတ်လတ်သော် အောင်နက်သည် ဒါဏ်ရာ၏ ဝေဒနာကို ခံစားရင်း ခွေးလောကကို ကမ္မဌာန်း စီးဖြန်း၍ နေလေသည်။ ဟာ၍ နေသော ၀မ်းသည် တကြုပ်ကြုပ် မြည်၍ နေသည်။ဤနည်းဖြင့် တနေ့ကုန်လွန်ရလေသည်။နောက်တနေ့ နံနက်လင်းသော် ဦးသာဝ သည် ပန်းပင်ရေလောင်း ပုဏ္ဏရိပ် ခြံစည်းရိုး အနား မန်ကျည်းပင် အောက်တွင် လဲနေသော အောင်နက် ကို တွေ့ရလေသည်။ အောင်နက် သည် စစ်ပြေငြိမ်းသော အထိမ်းအမှတ်ကို ပြကာ နှာခေါင်း ရှူံ့ ချီပွချီ နှင့် အမြီးနှံ့ ရင်း မျက်နှာချို သွေးလိုက်သည်။ ဦးသာဝလည်း သနားလာသည်နှင့် ချမ်းသာပေးလိုက်သည်။ ထိုနေ့မှ စ၍ အောင်နက်သည် ဦးသာဝ၏ ခွေးယုံ တကောင်ဖြစ်လာလေသည်။ အောင်နက် ၏ သတ္တိကို လေးစားသော ဦးသာဝ သည် ၄င်း၏ လက်ရှိ အပျိုဘော်ဝင်စ “လူစီ” ခေါ် အင်္ဂလိပ် သင်္ဘောခွေး ကပြားမလေး နှင့် အတူ ထမင်းခွက်ဆုံစားစေသည်။

လူစီသည် ကလက်တက်တက် ပျက်တက်တက်နှင့် အောင်နက် ရှေ့ တွင် နန့်ကြောဆွဲ၍ ပြလေသည်။ ဤသို့ နှစ်ခါလောက် ပြလိုက်သည် ရှိသော် အောင်နက်သည် ခွေးစိတ်တွေဝင်၍ လာလေသည်။ တနံနက်ခင်းတွင် ဦးသာဝ သည် အိမ်အပေါ်ထပ် ပြူတင်းဝမှ မျက်နှာသစ်ရင်း အောင်နက်နှင့် လူစီ တို့အကြောင်းဆက်၍ နေကြသည်ကို တွေ့မြင်ရလေသော် “ရိုင်းလိုက်လေကွာ..တပို့တွဲလကြီးမှာ” ဟုဆိုမြည်မိသော်လည်း စကားကို အဆုံးမသတ် နိုင်ဘဲ သားရင်းသမီးရင်း ဖြစ်လာပြန်သောကြောင့် မျက်နှာလွှဲလိုက်ရလေသည်။


မောင်ထင်

မှတ်ချက်။ ။ မောင်ထင်တည်း ဟူသော မြို့ အုပ်သည် ကျွန်ုပ်တို့ ၀ံသာနုများ အား ဤသို့
ပုတ်ခတ်ဆဲရေးခြင်းတည်း ဟူသော မကောင်းမူကြောင့် ရာထူးတိုးတက်လျက်
ဆုကြီးလပ်ကြီး တံဆိပ်ကြီး ဘွဲ့ကြီးများ ရကြပါစေသတည်း။
ညိုမြ

No comments :