Monday, 7 September 2009
ကိုယ့်ကွင်းကိုယ်ပိုင်ပါ့မလား
-ဇော်မင်း-
လတ်တလော ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော စစ်အစိုးရနှင့် ကိုးကန့်တပ်တို့၏ တိုက်ပွဲများကြောင့် လူပေါင်း သောင်း ဂဏန်း တရုတ်ပြည်ဖက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ ထိုဖြစ်စဉ်အပေါ်တွင် မတူကွဲပြားသော သုံးသပ်ချက်များ ကောက်ချက်များလည်း ပေါ်ထွက်လာခဲ့သည်။
၁။ ကိုးကန့်အဖွဲ့သည်လည်း တရုတ်နွယ်ဖွားများဖြစ် သောကြောင့် တရုတ်အစိုးရမှ မြန်မာစစ်အစိုးရအား ထိုကိစ္စ များနှင့် ပတ်သက်၍ ရှေ့၌ဖိအား ပေးမည်လော။
၂။ ထိုတိုက်ပွဲများကြောင့် တရုတ်အစိုးရနှင့် နယ်စပ်ဒေသတွင် တစုံတရာ နိုင်ငံရေးတင်းမာမှု ဖြစ်နိုင်သည်ကို သိသော် လည်း (နအဖ) စစ်အစိုးရဖက်မှ တမင်လုပ်ခြင်း ဖြစ်သလော။
၃။ ကိုးကန့်တပ်များသည် နယ်ခြားစောင့် တပ်အဖြစ်အသွင် ပြောင်းမည်ကို လက်မခံသော်လည်း အင်အား နည်းမှန်းသိ၍ ဂရုစိုက်စရာမလိုဟု သဘောထားသောကြောင့် နအဖက ပြောင်ပြောင်တင်းတင်း ဝင်တိုက်ခြင်း လော။
၎။ ကိုးကန့်အဖွဲ့သည် ကချင်၊ ဝစသော တပ်များနှင့် စစ်ရေးမဟာမိတ်ဖွဲ့ထားသည်။ ထို့ကြောင့် တဖွဲ့ဖွဲ့ကို စစ်အစိုးရက တိုက်လာသည်ရှိသော် အချင်းချင်း အပြန်အလှန်ကူညီရန် သဘောတူထားကြသည်။ အမှန် တကယ် တိုက်ပွဲ ဖြစ်ပါက တဦးနှင့်တဦး တကယ်ကူညီ မကူညီကို စမ်းသပ်လို၍ ကိုးကန့်ကို အရင်တိုက်၍ သွေးတိုးစမ်းခြင်း ဖြစ်သလော။ လက်တွေ့ တွင်လည်း ကိုးကန့်တပ်များ အတိုက်ခံရသောအခါ ကချင်တပ်များ ဝတပ်များဖက်မှ အလုံးအရင်းဖြင့် ကူညီခြင်း မရှိသည် ကို၊ သေနတ်ပေါက်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။
၅။ ကိုးကန့်အဖွဲ့ကို တိုက်ခြင်းသည် လာမည့်နှစ် ရွေးကောက်ပွဲကို အချိန်ဆွဲလို၍ ကြိုတင်မီးမွှေး ထားခြင်းလော။ မကြာသေးမှီ ကာလကလည်း ဘင်္ဂလားဒက်ရှ်ကို ပင်လယ်ပြင် နယ်နမိတ်နှင့် စပ်လျှဉ်း၍ (နအဖ) မှ ရန်စထား တာလည်း ရှိခဲ့သည်။ ပြည်တွင်းရန် ပြည်ပရန်များကြောင့် ရွေးကောက်ပွဲကို အချိန်ဆွဲလိုသည့် သဘောဟု တဖက်တွင်လည်း ဆိုမည်ဆိုက ဆိုနိုင်သေးသည်။
နောက်ထပ် တမျိုးလှည့်၍ စဉ်းစားမည်ဆိုပါက နအဖ စစ်အစိုးရသည် ကိုးကန့်ကို အခုလို ပြောင်ပြောင် တင်း တင်း ဝင်ရောက်တိုက်ခိုက်ခြင်းမှာ ပီကင်း၏ တိတ်တဆိတ် မီးစိမ်းပြမှု မပါဘဲ ဝင်တိုက်ရဲပါ့မည်လား ဟူသည့် အချက်ဖြစ်သည်။
ကိုးကန့်အဖွဲ့အတွင်း ခေါင်းဆောင်အချင်းချင်း စီးပွားရေးပြိုင်ဆိုင်မှုကြောင့် ခေါင်းဆောင်များအတွင်း သပ်ရှို၍ ဖြိုခွဲမည်။ နအဖလိုလားသူ ခေါင်ဆောင်များ တက်လာပါက နယ်ခြားစောင့် တပ်အသွင်ပြောင်းရေးမှာ ပို၍ လွယ်ကူသွားမည်လည်း ဖြစ်သည်။ သပ်ရှိုဖြိုခွဲ၍ မရပါက နအဖဖက်နှင့် ပူးပေါင်းသူကို ပြောင်အကူအညီပေး၍ တဖက်ကို တိုက်ချလိုက်ရန်သာ ဖြစ်သည်။ ဤသို့ စီစဉ်စဉ်းစားမှုကိုလည်း နအဖက တရုတ်အစိုးရကို ကြိုတင် အသိပေး ထားနိုင်သည်။ နှစ်နိုင်ငံအစိုးရ လက်ဝါးခြင်း ရိုက်သည်ကို မည်သူ သိနိုင်မည်နည်း။ ကချင်နှင့် ဝတပ် များ သည်လည်း တရုတ်ဖက်မှ ခေါင်းခါပြနေသော ကြောင့် ကိုးကန့်ဖက်မှ ဝင်မတိုက်ဘဲ ရပ်ကြည့်နေခြင်းလည်း ဖြစ်နိုင်သည်။ သေချာတာ တခုကတော့ တရုတ်နယ်စပ်တွင် ကပ်၍ ဖောင်းဖောင်းမည်အောင် ပြည်တွင်းစစ် ဖြစ်မှာကို တရုတ်က ယခုကာလတွင် လိုလားလိမ့်မည်မဟုတ်။
ဤကိစ္စများ၌ မေးစရာ ဖြစ်လာသည်က တရုတ်အစိုးရက မြန်မာဗိုလ်ချုပ်များနှင့် ဘာကြောင့် လက်ဝါးရိုက်ဖို့ လိုသနည်း ဆိုသည့် မေးခွန်းပင်ဖြစ်သည်။ အတိုဆုံး အဖြေကတော့ နှစ်နိုင်ငံ၏ အကျိုးစီးပွါးဟု ဖြေနိုင်သည်။
၁။ ရခိုင်ပြည်နယ်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့နှင့် တရုတ်သို့ ပိုက်လိုင်းသွယ်၍ ရောင်းချခြင်း။
၂။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တရုတ်ဝယ်ယူနေသည့် ရေနံစိမ်းများကို အချိန်အကုန်ခံ ငွေအကုန်ခံ၍ မလက္ကာ ရေလက်ကြားကို ဖြတ်ခါ တရုတ်ပြည်အထိ တင်ပို့နေရသည်။ ထိုရေနံစိမ်းများကို ရခိုင်ပြည်နယ်မှ တဆင့် ပိုက်သွယ်၍ တရုတ်ပြည်ကို တိုက်ရိုက်ပို့မည့် အစီအစဉ်လည်း ရှိနေသည်။
၃။ ဧရာဝတိမြစ်ဆုံကို ဆည်ပိတ်၍ လျှပ်စစ်ဓာတ်အားထုတ်ခါ တရုတ်ပြည်သို့ ရောင်းချရန်လည်း ရှိနေသေး သည်။
၎။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဖက်က ရသောအကျိုးအမြတ်သည် ကြီးမားသည်။ မြန်မာဖက်က တင်ပို့ နေသည်မှာ ကုန်ချောမဟုတ်။ သဘာဝရင်းမြစ် ကုန်ကြမ်းများသာ ဖြစ်သည်။ တရုတ်ဖက်က အရည် အသွေး နိမ့်သော ကုန်ချောများကို မြန်မာတို့ဖက်မှ ပြန်လည်ဝယ်ယူနေရသည်။
၅။ တရုတ်နှင့် အိန္ဒိယ၏ စီးပွါးရေး တိုးတက်လာနှုန်းကို အနောက်ကမ္ဘာကပါ သတိနှင့် စောင့်ကြည့်နေရသည့် ကာလ ဖြစ်သည်။ နောင်လာမည့် ဆယ်စုနှစ်များအတွင်း အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံသည် အချက်အခြာ ပို၍ ကျလာမည်။ ထို့ကြောင့် အခုကတည်းက တရုတ်ကုမ္ပဏီ မျိုးစုံ မြန်မာ ပြည်တွင် ခြေကုတ် ယူထားနေ သည်။ အနောက်တိုင်း စီးပွါးရေးသမားများက ထိုအချက်ကို မရှု့စိမ့်မနာလို ဖြစ်နေကြသည်။ သူတို့လည်း မြန်မာပြည်ကို ဝင်လိုနေသည်။ သို့သော် အနောက်ကမ္ဘာ၏ စီးပွါးရေးပိတ်ဆို့မှု ဆိုသော အချက်ကြောင့် ဂွကျနေရသည်။
ပြန်ကောက်ရသော ကိုးကန့်ကိစ္စကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ရှင်း။ တရုတ်ဖက်က လူကြားကောင်းအောင် အနည်းအကျဉ်း လောက် ဝေဖန်တာမျိုး တိုက်တွန်းတာမျိုး လောက်တော့ရှိမည်။ ကိုးကန့်ကိစ္စသည် စစ်အစိုးရ အတွက် တရုတ်က ကျိတ်၍ သဘောတူထားသော ပထမခြေလှမ်း ဖြစ်နိုင်သည်။ ကျန်သည့် အပစ်ရပ်တွေ လည်း တဖြေးဖြေးနှင့် တရုတ်ဖိအားကို သဘောပေါက်လာ ရတော့မည်။
ဗကပပြိုကွဲစဉ်အခါက တရုတ်အစိုးရသည် ဗကပဖက်ကို ဘာမှ အကူအညီမပေးတော့ပါ။ ဗကပဖက်မှ ဗကပ ယူနီဖောင်း ဝတ်၍ ဝင်တိုက်ပေးတာမျိုးလည်း အရင်ကလို မလုပ်တော့ပါ။ အကျိုးစီးပွါးဖြစ်စဉ်က ခေတ်နှင့်အတူ ရွေ့လျား သွားခဲ့ခြင်း ကြောင့်ပင်။ ဗကပ ခေါင်းဆောင်များကိုတော့ ယခင်နိုင်ငံရေး ဆက်ဆံမှုအရ တရုတ်နိုင်ငံ ထဲတွင် နေထိုင်ခွင့်ပေး လိုက် သည်။ ထို့ထက်ပိုသော အကူအညီ တရုတ်ဆီက မရတော့ပါ။ ထို့ကြောင့် ကိုးကန့် တို့သည်လည်း အလားတူ ဖြစ်စဉ်ကို ရင်ဆိုင်ရတော့မည်လောဟု စဉ်းစားမိခြင်း ဖြစ်သည်။
ကချင်ခေါင်းဆောင်များနှင့် ဝခေါင်းဆောင်များကို တချိန်က တရုတ်မှပြောခဲ့သည်က ကိုယ့်တိုင်းပြည်အတွင်းမှာ ဖြစ်နေတဲ့ ပြဿနာအထုတ်စုပ်ကို နိုင်ငံတကာမှာ လယ်ပြီးဖွင့်ပြမနေကြပါတော့နှင့်။ ကိုယ့်အချင်းချင်း ကြိတ်၍ ဖြေရှင်းခြင်းကသာ ပို၍အကျိုးရှိသည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ သဘောကတော့ အထုတ်စုပ်ကို လယ်၍ဖွင့်ပြ နေပါက တရုတ်ဖက်မှ ဘာမှ အကူ အညီမပေးနိုင်တော့ဟု ဖိအားပေးခြင်းသာဖြစ်သည်။ ထိုအချိန်မှစ၍ လက်နက်ကိုင် တော်လှန်ရေးများ ထိုဒေသများတွင် နိဋ္ဌိတံခဲ့ရသည်။
အကျိုးစီးပွါးအရ တရုတ်အစိုးရသည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် တိုက်ရိုက်ဆက်ဆံမှာပဲ ဖြစ်သည်။ မြန်မာ စစ် အစိုးရနှင့် ပလဲနံပ မသင့်သည့် အုပ်စုများအတွက် ရှေ့ရှောက် ကာကွယ်ပေးလိမ့်မည် မဟုတ်ပေ။ လူကြား ကောင်းအောင် ဝတ္တရား အရ ပြောတာလောက်ပဲ ရှိတော့မည်။ တဖြည်းဖြည်းခြင်း နွမ်းလျသွားသည့် ပန်းပင်ကို ခုတ်မပစ်သော်လည်း ရေလောင်း ခြင်း ပေါင်းသင်ခြင်း မြေသြဇာ ကျွေးခြင်း မရှိတော့ဘဲ ထိုင်ကြည့်နေသည့် သဘောသို့ ရောက်ရှိလာတော့မည်။
တဖက်တွင်လည်း မြန်မာစစ်အစိုးရသည် အမေရိကန်တို့နှင့် အဆင်ပြေခြင်သည်ဟု တွက်ဆချက်များ ပေါ်ပေါက်လာ သည်။ တရုတ်တွေဖက်မှလည်း သူတို့ကို မထိခိုက်ပါက အမေရိကန်အစိုးရနှင့် မြန်မာ စစ် အစိုးရ တို့ အဆင်ပြေသည်ကို ဘာမှထူး၍ ဝေဖန်ပြောဆိုမည် မဟုတ်။
ထူးလာနိုင်သည် တခုကတော့ မြန်မာနိုင်ငံသည် အင်အားကြီး တရုတ်နှင့် အမေရိကန်တို့ ကစားမည့် ဘော်လုံး ကွင်း ဖြစ်သွားမှာကတော့ မြန်မာနိုင်ငံသားတို့အဖို့ စိုးရိမ်ဖွယ် ဖြစ်သည်။
စစ်အေးတိုက်ပွဲ ကာလများအတွင်းက အမေရိကန်အုပ်စုနှင့် ဆိုဗီယက်အုပ်စုတို့ အကြား မြေဇာပင်ဖြစ်ခဲ့ရသော နိုင်ငံငယ် များ မနည်းလှ။ ထိုနိုင်ငံငယ်များတွင် ဘယ်သူ အစိုးရဖြစ်ဖြစ် သူတို့စိတ်မဝင်စား။ စိတ်ဝင်စားသည်က ထိုအစိုးရများသည် ကိုယ့်လူဖြစ်ရင် ပြီးစတမ်း။ အာဏာရှင်မကလို့ မည်သူပဲ အုပ်ချုပ်အုပ်ချုပ် ဒါကို နိုင်ငံကြီး များက ဂရုမစိုက်ပါ။ ထိုစစ်အေး တိုက်ပွဲကြီးကာလအတွင်း အမေရိကန်လူ ဆိုဗီယက်လူ ဆိုသည့် အုပ်စုများ လည်း ထိုနိုင်ငံငယ်များတွင် ပေါ်လာခဲ့ဘူး သည်။ လူထုအတွက် နားနှင့်မျက်စေ့ဟု ဆိုနိုင်သည့် စာပေနှင့် မီဒီယာ လောကတွင်လည်း အုပ်စုကွဲခဲ့ကြသည်ကို မမေ့ သင့်။
ယနေ့ကာလကတော့ အရင်းရှင်နှင့် ကွန်မြူနစ်အားပြိုင်သော စစ်အေး တိုက်ပွဲခေတ် မဟုတ်တော့။ သို့သော် ဓနအတွက် တော့ နိုင်ငံကြီးတိုင်း ပြိုင်နေကြသည်မှာ လက်တွေ့ဖြစ်သည်။ မြန်မာဆိုသောကွင်းအသစ်တွင် အမေရိကန်နှင့် တရုတ်တို့ ချစ်ကြည်ရေးပွဲ ကန်လိုက်၊ မိတ်ဆွေဖြစ် ကန်လိုက်၊ ကြေးပါသော်လည်း ကြေးမပါဟန် ကန်ကြမည့် ဘောပွဲတွေလည်း နောင်မှာ တွေ့ကောင်းတွေ့လာ နိုင်သည်။ ကွင်းပိုင်ရှင် ပြည်သူတွေကတော့ ဘယ်လောက် အကျိုးရှိမည်ဆိုတာ မပြော တတ်သေး။ ကွင်းကို ပွဲစားလုပ်နေသည့် စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ စီးပွါးဖက်များကတော့ အသေအချာ အကျိုးရှိမှာ အမှန်ဖြစ်သည်။
အမေရိကန်နှင့် တရုတ်က သူတို့အကျိုးစီးပွါးအတွက်လည်း ဤဒေသကြီးအတွင်း ဝေစုခွဲနိုင်သေးသည်။ မြန်မာနိုင်ငံကို တရုတ်လှုပ်ရှားရာ နယ်ဟု သတ်မှတ်၍ မြောက်ကိုရီးယား ကိုတော့ အမေရိကန် အရေးအရာ ပိုင်သော နယ်အဖြစ် ခွဲဝေ၍ လုပ်ကောင်း လုပ်နိုင်သည်။ သူတို့အချင်းချင်း လက်ကျိတ်ထိုးတာ မည်သူအတိ အကျ စွပ်စွဲနိုင်မည်နည်း။
ညူကလီးယားသံများဖြင့် လှိုင်နေသော မြောက်ကိုရီးယားကို အမေရိကန်တို့ ပိုမိုစွက်ဖက်ခြင်းအားဖြင့် တဖက်တွင် တရုတ် အစိုးရအား မြန်မာနှင့် တိဗက်ကိစ္စများအတွင် စေလိုရာလို စေနိုင်သည်ဟု နားလည်မှုများ ယူကောင်းယူထား လာနိုင်သေး သည်။
ထို့အပြင် နောက်တခုကတော့ မြန်မာ့နိုင်ငံရေး လောကတွင်လည်း တရုတ်ထောက်ခံသူ အမေရိကန် ထောက်ခံ သူ အုပ်စု များ ဟိုမှသည်မှ အရှိုအရှို ပေါ်လာဦးမည်ကို တွေ့နေရသည်။
သူတကာ လာကစားသော ကွင်းအဖြစ်မခံလိုပါက နည်းရှိပါသည်။ ကိုယ့်အချင်းချင်း ကျေကျေလည်လည် စကားပြော၍ တိုင်းပြည်ကို ပြန်လည်ထူထောင်ခြင်းသာ ဖြစ်သည်။ ကိုယ့်တဦးတည်း ကိုယ့်အုပ်စု တခုတည်း ကောင်းစားဖို့သာ ရည်မှန်း ထားပါက တဖက်ဖက်ကို အသေကပ်ရတာ ဓမ္မတာဖြစ်သည်။ တဖက်ဖက်ကို ခြေစုံချ၍ အားကိုးပြီ ဆိုကတည်းက ခိုင်းဖတ် ဘဝသာ ရောက်ရမှာမလွဲပါ။
ကိုယ့်ကွင်းကို ကိုယ်ပိုင်ဖို့ ကြိုးစားတာသာ မှန်ကန်သော အမျိုးသားနိုင်ငံရေးဖြစ်သည်။ ကိုယ်မကန်ရဘဲ အသင်းတကာ အသင်း ဝင်ချင်တိုင်းဝင်၍ ကန်သော ကွင်းမဖြစ်ဖို့ နားလည်ရန် အချိန်တန်ပေပြီ။
ဇော်မင်း (လူ့ဘောင်သစ်)
၂ ရက် စက်တင်ဘာလ ၂ဝဝ၉ ခုနှစ်
at 19:46
Subscribe to:
Post Comments
(
Atom
)
3 comments :
Myanmar people will never prevail until they find out they out they need to change their mind-sets. Failed Monarchies and Failed Military were just the outcomes of Myanmar Mind-sets. Whoever rules Myanmar, Corruption will follow and Bad Guys will prevail ultimately as long as they don't change their mind-sets.
The following is some factors why Army Gangsters can stand still.. Just a matter of Cause & Effect..
we have to think one important fact.
Will china allow Burma to own the nuclear?
i belive china will not allow .so if burma keep on doing to get nuclear,china will do something.
ကျွန်တော်ကတော့စစ်အစိုးရကိုးကန့်ကိုတိုက်တာမှန်
တယ်၊သူတို့စခဲ့တဲ့မီးတွေသူတို့မဆင်းခင်ငြိမ်ပေးခဲ့ဖို့
လိုတယ်၊တိုင်းရင်သားတွေကိုလက်နက်တွေကိုင်ခိုင်ပြီး
ဒီလိုအခြေအနေတွေဖြစ်အောင်သူတို့လုပ်ခဲ့ကြတာ၊
နောင်အစိုးရတက်လာချိန်မှာကိုယ်ပိုင်စစ်တပ်တွေနဲ့ရှိ
တဲ့တိုင်းရင်းသားတွေနဲ့ဒီမိုကရေစီအစိုးရနဲ့ထိပ်တိုက်
ဖြစ်အောင်သူတို့စီစဉ်ခဲ့တာ၊ဒီဟာတွေအားလုံးကို
သူတို့ပြန်ကောင်အောင်လုပ်ပေးခဲ့ကြရလိမ့်မယ်၊
ဝအရေးကိုလည်းဖြေရှင်းပေးသွားရမယ်၊ကချင်အရေးနဲ့
မွန်အရေးကိုလည်းစစ်တပ်ကြီးတွေဖြစ်ပြီး၊ပြည်တွင်း
စစ်မီးတွေထပ်မတောက်အောင်လုပ်ပေးသွားရမယ်၊
ဒီမိုကရေစီလက်ထက်ရောက်မှဒါတွေကိုဖြေရှင်းရမယ်
ဆိုရင်ပြည်ထောင်စုကြီးပြိုကွဲဖို့ဘဲဖြစ်လာမှာ၊ရုရှားကြီး
ပြိုကွဲသွားသလိုပေါ့၊ဗမာပြည်ကသေးသေးလေး
ဆိုတောကတစ်မြို့တစ်တိုင်ပြည်တွေဖြစ်ကုန်မှာဘဲ၊
ပြည်နယ်အစိုးရတွေကနယ်ခြားစောင့်တပ်ဘဲရှိသင့်တယ်၊တိုင်းပြည်ကာကွယ်ဖို့အတွက်တိုင်းရင်းအားလုံးပါဝင်
တဲ့တပ်မတော်ရှိဖို့လိုတယ်၊ဒါတွေလုပ်တာစစ်အစိုးရ
မမှားဘူး၊နောင်တက်လာမဲ့အစိုးရလက်ထဲကိုဘာမှ
မလုပ်ဘဲလည်းလွဲပေးခဲ့လို့ရတာဘဲ၊မီးကပိုကြီးသွားမယ်၊ကိုယ်ပိုင်ပြည်နယ်၊ကိုယ်ပိုင်စစ်တပ်၊ရှိလာရင်တိုင်းရင်းသားတွေဘာလုပ်လာကြမလဲ၊ကျွန်တော်ကတော့တိုင်း
ရင်းသားအားလုံးလက်တွဲနေနိုင်တဲ့ပြည်ထောင်စုကြီး
ဘဲဖြစ်စေချင်ပါတယ်၊
Post a Comment