The photo taken on Oct. 12, 2009 shows the images of the 2009 Nobel Economics Prize winners Oliver Williamson (R) and Elinor Ostrom displayed by the Royal Swedish Academy of Sciences in Stockholm, Sweden. U.S. economists Oliver Williamson and Elinor Ostrom won the 2009 Nobel prize for economics for their work in economic governance. (Xinhua/Wu Ping)
-မြတ်စိုး-
၁၀.၁၂.၂၀၀၉
၂၀၀၉ ခုနှစ် စီးပွားရေးဆိုင်ရာ နိုဘယ်ဆု ကို အမေရိကန်နိုင်ငံသားများဖြစ်ကြတဲ့ အဲလ်လင်နာ အောစတောင်းမ် ( Elinor Ostorm) နှင့် အိုလီဗာ ၀ီလီယံဆန်မ်( Oliver E. Williamson) တို့ နှစ်ယောက် ပူးတွဲရရှိသွားခဲ့တယ်။ ရရှိသူတွေဟာ ထူးခြားမှုရှိတယ်။ အဲလ်လင်နာ အောစတောင်းမ် ( Elinor Ostorm) ဟာ အသက် ၇၆ နှစ်အရွယ် ပထမဦးဆုံးသော အမျိုးသမီး စီးပွားရေး နိုဘယ်ဆုရှင် ဖြစ်လာခဲ့ပြီး၊ သူမ ရဲ့ လုပ်ဖော်ကိုင်ဖက် စီးပွားရေး နိုဘယ်ဆု တွဲဖက်ရရှိသွားသူ အိုလီဗာ ၀ီလီယံဆန်မ်( Oliver E. Williamson) ကလည်း အသက် ၇၇ နှစ်အရွယ် ကိုရောက်ရှိနေပြီ ဖြစ်လို့ အသက်အရွယ် အားဖြင့် ကြီးရင့်သူတွေ ဖြစ်ကြတယ်။ သူတို့ စီးပွားရေး နိုဘယ်ဆုကို အဓိက ရရှိခဲ့ရတာကတော့ သာမရိုးကျ စီးပွားရေး ပညာရပ်ကို ကျော်လွန်ပြီး၊ သုတေသန ပြုလုပ်ခဲ့တာ တွေကြောင့် ဖြစ်ပါတယ်။ တနည်းအားဖြင့် လူမှုအဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံး နှင့် ပက်သက်ဆက်နွယ် နေသော အခြား စီးပွားရေး ပညာရပ်ဆိုင်ရာ နယ်ပယ်သစ်၊ အတွေးအခေါ်၊ အယူအဆသစ် (New Institutional Economics -NIE) ကို သုတေသန ပြုလုပ်ကာ ရှာဖွေ သုံးသပ်တင်ပြခဲ့မှုတွေကြောင့်ဖြစ်ပါတယ်။ နိုင်ငံတကာ စီးပွားရေးပညာရှင် တွေကတော့ သူတို့နှစ်ဦးဟာ စီးပွားရေးနဲ့ပက်သက်တဲ့ နယ်ပယ်သစ်ကို သုတေသနပြု ဆန်းစစ်လေ့လာ သုံးသပ်မှု ပြုလုပ် ခဲ့တာကြောင့် နိုဘယ်ဆုဟာ သူတို့နှစ်ဦး ဆယ်စုနှစ်များစွာ အားတက်သရော လုပ်ကိုင်ခဲ့မှု အပေါ် ထိုက်ထိုက် တန်တန် ဂုဏ်ပြုခဲ့ကြတာပါလို့ ချီးမွမ်းခဲ့ကြတယ်။
အိုလီဗာ ဟာ ကယ်လီဖိုးနီးယားပြည်နယ် - ကယ်လီဖိုးနီးယားတက္ကသိုလ် (ဘာခ်ကလေ) ( University of California) မှ စီးပွားရေး သိပ္ပံပညာရှင် ပါမောက္ခတစ်ဦးဖြစ်သော်လည်း၊ အဲလ်လင်နာ ဟာ အင်ဒီယားနား ပြည်နယ် ရှိ အင်ဒီယားနားတက္ကသိုလ် (ဘလူမင်တန်) မှ နိုင်ငံရေး သိပ္ပံပညာရှင် ပါမောက္ခ တစ်ဦး ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံး ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်တွေဟာ စီးပွားရေး ပညာကို လေ့လာ သင်ယူ နေကြတဲ့ တက္ကသိုလ်ကျောင်းသားများ၊ စီးပွားရေးနယ်ပယ် မှ ပညာရှင်များ၊ ကုမ္ပဏီကြီးများမှ စီးပွားရေးခေါင်းဆောင်များ၊ အစိုးရဌာနများရှိ အုပ်ချုပ်ရေးပိုင်း၌တာဝန်ရှိသူများ စိတ်ဝင်တစား ဖတ်ယူပြီး၊ လေ့လာ ကိုးကားမှု ပြုလုပ် ခဲ့ကြရတဲ့ စာအုပ်ကောင်းတွေဖြစ်ကြတယ်။ တကယ်တော့ ပါမောက္ခ အိုလီဗာ ၀ီလီယံဆန်မ်ဟာ သူ့ရဲ့ လူမှုအဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံးနှင့် ပက်သက်သော စီးပွားရေး ပညာရပ်သစ် (New Institutional Economics -NIE) ဆိုတဲ့ စီးပွားရေးဆိုင်ရာ ဝေါ်ဟာရသစ်၊ အတွေးအခေါ် အယူအဆသစ်၊ ကို ၁၉၇၅ ခုနှစ် ကတည်း က စတင်သုံးစွဲ မိတ်ဆက်တင်ပြ ခဲ့တာပါ။
အင်ဒီယားနား တက္ကသိုလ် ( Indiana University) နှင့် အင်ဒီယားနားပြည်နယ်ရှိ တက္ကသိုလ်တွေ မှာ မဟာဝိဇ္ဖာ စီးပွားရေးသိပ္ပံ ပညာရပ်ကို သင်ကြားခဲ့သူ ကျောင်းသူ ကျောင်းသား တိုင်းဟာ ပါမောက္ခ အိုလီဗာ ၀ီလီယံဆန်မ် နှင့် ပါမောက္ခ အဲလ်လင်နာ အောစတောင်းမ် တို့ရဲ့ သုတေသန စာတမ်းတွေ၊ စာအုပ်တွေနဲ့ ထိတွေ့မှု ရှိခဲ့ကြသလို၊ သုတေသနပြု စာတမ်းတွေအတွက်လည်း ကိုးကားမှုတွေကို ပြုလုပ်ခဲ့ကြ ရတယ်။
ပါမောက္ခ အဲလ်လင်နာ အောစတောင်းမ် ရေးသားခဲ့တဲ့ “Understanding Institutional Diversity”; “Understanding knowledge as a commons: From Theory to Practice”; နှင့် “Linking the Formal and Informal Economy: Concepts and Policies” စာအုပ်တွေဟာ တက္ကသိုလ်ကျောင်းများမှ ဆရာဆရာမတွေ ၊ စီးပွားရေးဘာသာရပ်ဆိုင်ရာ ကျောင်းသူကျောင်းသားများ အတွက် အင်မတန်မှ စိတ်ဝင်စား၊ လူကြိုက်မှုများခဲ့တဲ့ သင်ရိုးညွှန်းတမ်းစာအုပ်များဖြစ်ခဲ့သလို၊ ပါမောက္ခ အိုလီဗာ ၀ီလီယံဆန်မ် ရေးသားခဲ့တဲ့ “Why law, Economics, and Organization”; “The Economics of Governance”; “Public and Private Bureaucracies: A Transaction Cost Economics Perspective”; “Strategy Research: Governance and Competence Perspectives” တွေဟာ လည်း နာမည်ကြီး သုတေသန စာတမ်းတွေ၊ သင်ရိုးညွှန်းတမ်း စာအုပ် တွေဖြစ်ခဲ့တယ်။ တက္ကသိုလ် ကျောင်းများမှ ဆရာဆရာမတွေ ၊ စီးပွားရေးကျောင်းသူကျောင်းသားများ အတွက် ကိုကားမှု တွေ ပြုလုပ်လာခဲ့ရတဲ့ စာအုပ်ကောင်းတွေလည်းဖြစ်ခဲ့ကြတယ်။
သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလတုန်းက စီးပွားရေးနယ်ပယ်လောက နှင့် ပညာရေးလောက မှာ ထင်ရှား ကျော်ကြားခဲ့တဲ့သူတွေ ဖြစ်ခဲ့ ကြတယ်။ သူတို့နှစ်ဦး အဓိက လေ့လာ သုတေသနပြု တင်ပြခဲ့ ကြတဲ့ အကြောင်းအရာတွေကတော့ စီးပွားရေးနယ်ပယ်ကို ကျော်လွန်ပြီး၊ စီးပွားရေး နယ်ပယ် နောက်ကွယ်မှာ ပါဝင်ပက်သက် ရောထွေးဆက်နွယ် နေမှုရှိတဲ့ လူမှုရေးဆိုင်ရာ နှင့် ဥပဒေ ရေးရာဆိုင်ရာတွေနဲ့ပက်သက်သော စီမံခန့်ခွဲအုပ်ချုပ်မှုပညာ နှင့် စီမံခန့်ခွဲ အုပ်ချုပ်မှု အောက်မှ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ဖြစ်မြဲတရား နိယာမ တွေကို အသေးစိတ် သုတေသန ပြုလုပ်ခဲ့ ကြတာဖြစ်ပါတယ်။
တကယ်တော့ သူတို့ နှစ်ဦးဟာ အသက်အကြီးဆုံး စီးပွားရေးသိပ္ပံ ပညာရပ်ဆိုင်ရာ နိုဘယ် ဆုရှင်တွေတော့ မဟုတ်သေးပါဘူး။ သူတို့နှစ်ဦးထက် အသက်ကြီးရင့်တဲ့ စီးပွားရေးသိပ္ပံ နိုဘယ်ဆုရှင်တစ်ဦးကတော့ ၂၀၀၇ ခုနှစ်မှာ စီးပွားရေးဆိုင်ရာ နိုဘယ်ဆု တွဲဘက်ပြီး လက်ခံ ရရှိခဲ့သူ အမေရိကန်နိုင်ငံသား မိနီဆိုးတားပြည်နယ်၊ မိနီဆိုးတားတက္ကသိုလ်( University of Minnesota) မှ ပါမောက္ခ လီယူနက်ဒ် ဟာဝစ်စ် Leonid Hurwicz ဆိုသူဖြစ်ပါတယ်။ လီယူနက်ဒ် ဟာ ၁၉၁၇ ခုနှစ် မှာ ရုရှားနိုင်ငံ၊မော်စကိုမြို့မှာ မွေးဖွားခဲ့သူ တစ်ဦးဖြစ်ပြီး၊ ၂၀၀၈ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ပါမောက္ခ လီယူနက်ဒ် ဟာဝစ်စ် ဟာ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို သူ အသက် ၉၀ ပြည့်နှစ် မှာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
No comments :
Post a Comment