-ရန်ကုန်-
ကျပ် ၅ဝဝဝ တန် ငွေစက္ကူ ကို အောက်တိုဘာ (၁) ရက်နေ့တွင်စတင်၍ ပြည်သူများကြား ဖြန့်ဝေ သုံးစွဲ သွားမည် ဟု၂၀၀၉ခုနှစ် စက်တင်ဘာ (၂၅) ရက်နေ့ ညနေပိုင်း က မြန်မာနိုင်ငံ၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းနှင့် ရေဒီယိုအစီအစဉ်သတင်းများတွင် လည်းကောင်း၊ စက်တင်ဘာ (၂၆) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် လည်းကောင်း ကြေညာခဲ့ သည်။
အဆိုပါငွေစက္ကူအသစ်ထုတ်ဝေခြင်းသည် လက်ရှိပြည်တွင်း၌ လည်ပတ်နေသည့် ငွေစက္ကူ များ ကို ရုပ်သိမ်းပြီး ယင်းငွေများအစား ထုတ်ပါက ငွေအရေအတွက် တိုးလာမည် မဟုတ်ဘဲ ငွေကြေးဖောင်းပွမှု (inflation) လည်းဖြစ်လာမည်မဟုတ်ပေ၊ သို့သော် လက်ရှိသုံးစွဲနေသည့် ငွေများအပြင် နောက်ထပ်အသစ် ထုတ်ဝေခြင်းသည် ငွေအရေအတွက်များ၍ ဈေးနှုန်းတိုးမှုများ ဖြစ်လာနိုင်ပေသည်။ထင်မှတ်ထားခြင်း မရှိသော အဆိုပါ ကြေညာချက်ကြောင့် ရွှေဈေး၊ ဒေါ်လာဈေး၊ အိမ်ခြံမြေဈေးများ ပြောင်းလဲဂယက်ရိုက်မှု ဖြစ်ပေါ်နိုင်ပြီး အောက်ခြေလူတန်းစားများ အတွက်လည်း ငွေရှားကာကုန်ဈေးနှုန်းမြင့် သွားပါက အခက်အခဲများ တွေ့နိုင် ပေသည်။
ငွေစက္ကူသစ်သည် အလျား (၁၅) စင်တီမီတာနှင့် အနံ (၇) စင်တီမီတာရှိကာ ထင်ရှား သော အရောင်မှာ အနီရောင်ဖြစ်ပြီး ကာလာများမှာ ပန်းချီပညာ ဖြင့်ကြည့်ပါက လိုက်ဖက်ခြင်း မရှိဘဲ ဆင်ဖြူတော် ပုံကို အရှေ့ဘက်တွင်လည်းကောင်း၊ နေပြည်တော်ရှိ တက်လမ်း ဆောက်လုပ်ရေး နှင့် ဦးတေဇ ပိုင် ထူး ကုမ္မဏီတို့က တာဝန် ယူ တည်ဆောက်လျှက်ရှိသည့် ရှေးဟောင်း နန်းတော်ပုံစံ လွှတ်တော် အဆောက်အအုံ ပုံ ကို အနောက်ဘက်တွင်လည်းကောင်း ထည့်သွင်း၍ ချောက်မြို့တစ်ဘက်ကမ်းတွင် ရှိသော တပ်မတော်ပိုင် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် ရှိ လုံခြုံရေးနှင့် ဆိုင်သောပုံနှိပ်လုပ်ငန်းများ ထုတ်လုပ်ရေး တပ် (လနစ၊ ၀ါဇီ) စက်ရုံမှ ရိုက်နှိပ်ကာ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် မှ ဖြန့်ဝေမည်ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့ငွေစက္ကူများနှင့် အိမ်နီးချင်းနိုင်ငံများ ၏ ငွေစက္ကူများကို ကြည့်ရှူပါက နိုင်ငံ၏ ငွေကြေးဖောင်းပွမှု (INFLATION) ကိုထိမ်းနိုင်မှသာလျှင် ငွေစက္ကူအသစ်များကိုထုတ်လုပ်ကြသည်။ယခင်နှစ်များက သတင်းစာ ရှင်းလင်းပွဲများတွင် ၄င်းကိစ္စကို မေးတိုင်း အစိုးရက အကြိမ်ကြိမ်ငြင်းဆန်ခဲ့သည်ကို လည်းတွေ့ ရှိရပေမည်။ ယခင်ကအစိုးရအနေဖြင့် ငွေစက္ကူအကြီး ထုတ်လိုက်လျှင် မူလကတည်းကမှ အခြေအနေမကောင်း သော ဈေးကွက်ကို မထိန်းနိုင်ဘဲ ကမောက်ကမ ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုအခါတွင် အတိုင်းအတာ တစ်ခုအထိ ငွေတန်ဖိုးကို အစိုးရကထိန်းနိုင်သဖြင့် ထုတ်ခြင်းလဲဖြစ်ပေလိမ့်မည်။
ထို့ပြင်မြန်မာနိုင်ငံ၏ဘဏ်စနစ်သည် ယခင်က ATM ကဒ်ကိုသုံးနိုင်သော်လည်းအစိုးရ၏ပိတ်ပင်မှုကြောင့် ပျက်ခဲ့သည့်အတွက် ဘဏ်ကတ်များ သုံးခြင်း လုံးဝမရှိတော့ဘဲ ငွေပေးငွေယူ ကိစ္စများတွင် ငွေစက္ကူအများကြီး သုံးနေရသည့်အတွက် တကယ်လိုအပ်နေတဲ့ (၂ဝ၊ ၅ဝ၊ ၁ဝဝ၊၂၀၀) တန်များကိုသာ ပိုပြီးထုတ်သင့် ပေသည်။ (၂၀၊၅၀၊ ၁၀၀၊၂၀၀) တန်ငွေစက္ကူများရှားပါးလာခြင်း၊ကုန်ဈေးနှုန်းများလည်း မြင့်တက် လာခြင်းနှင့်သုံးစွဲ၍မရ တော့ခြင်း တို့ကြောင့် အောက်ခြေပြည်သူ သန်းပေါင်းများစွာ အခက်အခဲတွေ ကြုံနေရပေသည်။
ထို့ပြင်ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော်များများတွင် မိမိတို့၏ လွတ်လပ်ရေး ခေါင်းဆောင်များ ပုံဖြင့် အလေးထားဂုဏ်ပြု ထုတ်ဝေထားကြောင်း တွေ့ရှိရပေမည်။ ဗီယက်နမ် သည်ပင် လျှင်ငွေကြေး ဖောင်းပွ သော်လည်း ၄င်းတို့၏ ခေါင်းဆောင်ပုံဖြင့်သာ ထုတ်လုပ်ထား ကြောင်း တွေ့ရှိရပေမည်။ အိန္ဒိယနိုင်ငံ သည်လည်း ခေါင်းဆောင် Mahatma Gandhi ၏ပုံကို အလေးထားကိုယ်စားပြုထုတ်ဝေထားသည် ကိုတွေ့ရပေမည်။ ဤသို့ဆိုလျှင် ကျွန်တော်တို့နိုင်ငံ၏ လွတ်လပ်ရေခေါင်းဆောင် သည် င်္ခြသေ့ကြီးလော၊ဆင်ကြီးလော။
မြန်မာနိုင်ငံ၏ ငွေစက္ကူသမိုင်းကြောင်းကိုပြန်လည်သုံးသပ် ပါက တစ်ကျပ် (၁၉၉၀) တွင် လွတ်လပ် ရေးဖခင်
ဗိုလ်ချုပ်အောင်ဆန်း နှင့် နဂါးသစ်ထွင်းပန်းပု ပြား(၅၀) ကို(၁၉၉၄) ခုနှစ် တွင် စောင်းကောက်ပုံ နှင့် လည်းကောင်း ၁၉၈၈ ခုနှစ် မတိုင်မီ က လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းပုံ အမျိုးမျိုး ကိုလည်းကောင်း ထည့်သွင်း ရိုက်နှိပ်ခဲ့သည်။
ယခုနိုင်ငံတော်ငြိမ်ဝပ်ပိပြား ရေး အမည်ပြောင်း နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ၁၉၉၀ ပြည့်နှစ်က ၁ ကျပ်တန် ငွေစက္ကူ ထုတ်ဝေစဉ် တကြိမ်သာ အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ခြင်္သေ့ပုံများကို အသုံးပြုခဲ့သည်။ ၁ ကျပ် ကို (၁၉၉၆) ခြင်္သေ့ နှင့် ရန်ကုန်မြို့ ကန်တော်ကြီး လှေပြိုင်ပွဲပုံဖြင့်လည်ကောင်း၊ ၅ ကျပ်ကို (၁၉၉၇) တွင် ခြင်္သေ့ နှင့် ခြင်းဝိုင်းပုံဖြင့်လည်းကောင်း၊၁၀ကျပ်ကို(၁၉၉၇)တွင် ခြသေ့င်္နှင့် ကရ၀ိတ်ဖောင် ဖြင့်လည်းကောင်း၊ ၂၀ကျပ်ကို (၁၉၉၄)တွင် ခြသေ့င်္ နှင့် ရန်ကုန်မြို့ပြည်သူ့ရင်ပြင် ပုံဖြင့်လည်းကောင်း၊ ၅၀ ကျပ်ကို (၁၉၉၇)တွင် ခြင်္သေ့ နှင့်ရိုးရာလက်မှုပညာရှင်ပုံဖြင့်လည်းကောင်း၊ ၁၀၀ ကျပ်တန်ကို (၁၉၉၄) တွင် ခြသေ့င်္နှင့် ရိုးရာလက်မှု ပညာရှင်ပုံဖြင့် လည်းကောင်း၊၂၀၀ ကျပ်တန်ကို (၁၉၉၈) တွင် ခြင်္သေ့နှင့် သစ်ဆွဲဆင်ဖြင့်လည်းကောင်း၊ ၅၀၀ ကျပ်တန် ကို (၁၉၉၄)တွင် ခြင်္သေ့နှင့် ပန်းပုပညာရှင် ဖြင့် လည်းကောင်း၊ ၁၀၀၀ ကျပ် ဆိုဒ်ကြီး ကို (၁၉၉၈)တွင် ခြင်္သေ့ နှင့် ဗဟိုဘဏ်အဆောက်အအုံ ဖြင့်လည်းကောင်း၊ ၁၀၀၀ ကျပ် ဆိုဒ်သေး ကို (၂၀၀၄)တွင် ခြင်္သေ့ နှင့် ဗဟိုဘဏ်အဆောက်အအုံ ဖြင့်လည်းကောင်း အသီးသီးပုံနှိပ်ခဲ့ပေသည်။သို့သော် မြန်မာပြည်၏ တန်ဖိုးအကြီးဆုံး ငွေစက္ကူ (၁) ထောင်တန်သည် (၁) ဒေါ်လာမျှပင် တန်ဖိုးမရှိသည့်အပြင် ထိုင်းဘတ်(၅ဝ)တန်ထက်လည်း နိမ့်နေခဲ့ ပေသည်။
ဓာတ်ပုံ ကို ဤနေရာမှ ရယူသည်။
မြန်မာနိုင်ငံအတွင်း လက်ရှိလှည့်ပတ်သုံးစွဲနေသော ငွေစက္ကူအမျိုးအစားများတွင် (၁) ကျပ်တန်မှ (၁) ထောင်တန်အထိ ငွေစက္ကူအမျိုးအစား (၁၁) မျိုးရှိသော ယင်းငွေများကိုမည်မျှလှည့်ပတ်သုံးစွဲနေသည်ကို နိုင်ငံတော်မှလည်း တရားဝင် ထုတ်ပြန်ခြင်းမပြုသည်မှာ (၁၀) စုနှစ်တခုကျော် ကြာခဲ့ပြီဖြစ်ပေသည်။
အိမ်နီးချင်း နိုင်ငံများအစိုးရများသည်ပင်လျှင် လှည့်ပတ်နေတဲ့ငွေကြေးအား မည်သည့်နှစ်တွင် ဘယ်မျှရှိသည်ကို တရားဝင်ပြောပြည်သူသို့ ရှင်းတန်းထုတ်ပြန်ကြေညာပေးကြသည်။ ထိုကဲ့သို့ထုတ်ပြန်ပြောဆိုခြင်းမရှိသဖြင့် သတင်းအချက်အလက်များ မရရှိကာ စီးပွားရေးပညာရှင်များ၊ ငွေကြေးရင်းနှီးမြှုပ်နှံသူများကြားတွင် သို့လော သို့လောနဲ့ စိုးရိမ်စိတ်ပိုများဖြစ်စေခြင်း နှင့် လူတို့၏ ယေဘုယျ စိတ်ပညာ (Psychology) အရလည်း သို့လော သို့လော တွေးရင်း ပြည်သူများအနေဖြင့် အစိုးရ၏ အကောင်းဘက်မှထုတ်ခြင်းဖြစ်ပါကလည်း အဆိုးဘက်ကိုသာ ပိုများစွာ စိုးရိမ်နိုင် ကြပေသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေကြေးဈေးကွက်နှင့် ငွေကြေးရင်း နှီးမြှုပ်နှံသူများ၊ စီးပွားရေးသမားလူဂုဏ်ထန်များသည် အစိုးရလူကြီးများ၏ သားသမီးများ၊ဆွေမျိုးများ၊ မကင်းရာ မကင်းကြောင်းဂေါက်ရိုက်ဖော်ပါတနာများ၊အစိုးရဗိုလ်ချုပ်များ၏ blackmoney များကို ရှယ်ယာများ အဖြစ် ကစား ပေးနေရသူများသာဖြစ်သဖြင့် ၄င်းတို့အနေဖြင့် စိုးရိမ်ပူပန်ခြင်း မရှိနိုင်ပေ။ အခြေခံလူတန်းစားများ နှင့် အစိုးရ ၀န်ထမ်းများသာလျှင်စိုးရိမ်ဖွယ်ရာဖြစ်ပေမည်။
ကနဦးအကျိုးသက်ရောက်မှုကိုကြည့်လျှင် မြန်မာနိုင်ငံ၏အိမ်နီးချင်းလဲဖြစ် နိုင်ငံအပေါ်ပါးပါးလှီးနေသော ပေါက်ဖော်၏ နယ်စပ်တွင်ပင်လျှင် ကျပ် (၅,၀၀၀) တန် ထုတ်သည့်အတွက် တရုတ်ငွေ တယွမ်ကို (၁၅၇.၂၃) ကျပ်ဖြင့် စတင်ဈေးဖွင့်ခဲ့ရာမှ နာရီပိုင်းအတွင်း တယွမ်ကို (၁၆၇.၂၂) ကျပ်အထိ ဈေးဖြစ်သွားကာ မြန်မာငွေတန်ဖိုး ကျဆင်းသွားခြင်းကိုတွေ့ရပေမည်။
မြန်မာအစိုးရစစ်ဗိုလ်ချုပ်များသည် ဗေဒင်၊ယတရာကိုလွန်ကဲစွာယုံကြည်ကြသောကြောင့်ယခု ထုတ်ဝေ ခြင်းသည် အတိတ်နိမိတ်များဖြင့် ထုတ်ခြင်းလား။ ဗိုလ်ချုပ်မှူးကြီး၏မြေးဖြစ်သူ ဖိုးလပြည့်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ၀န်ကြီးဦးစိုးသာ၏ သားနှင့် ဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး၏သား တို့ ပေါင်းဖွင့် သောကော်ဖီဆိုင်ကို မဖျက်ဆီးခိုင်းခင် ၄င်းကော်ဖီဆိုင်သို့ ဖိုးလပြည့်ရောက်စဉ်ကငွေကျပ် ၅၀၀၀ထောင် တန် ကော်ဖီ သောက်ခြင်တယ်ဟု ပြောခဲ့ခြင်းသည်လည်း နိမိတ်ပေပဲလား။ နိုင်ငံရေးအရထင်မြင်ရလျှင်လဲ ၂၀၁၀ရွေးကောက်ပွဲကို အာရုံစိုက်မှုနဲစေရန် နှင့် ၁၉၈၈ကဲ့သို့ ပြည်တွင်း ဆူပူမှုမျိုးပြန်လည်ဖြစ်လာပါက၄င်းကိုအကြောင်းပြပြီး တပ်မတော်က အာဏာပြန်သိမ်းနိုင်ရန် ရန်ကုန်မြို့တွင် ယောင်ပြ ဗုံးဖောက်ခြင်း၊ စီးပွားရေးဈေးကွက်ကို ငွေစက္ကူအသစ်ထုတ်၍ အုံကြွမှုများဖြစ်အောင်လုပ်ခြင်းများလား စသည်ဖြင့် ဘယ်လိုလဲ။ ဘာဆက်ဖြစ်မလဲ ဟူ၍ ပြည်သူများအကြား တွေးတော ခြင်ကြသော်လည်း မြန်မာနိုင်ငံတွင် လူသတ်မှု၊ မုဒိမ်းမှုများထက် နိုင်ငံရေးအမှုကို အစိုးရက ပြင်းထန်စွာ စီရင်ချက်ခြခြင်း သာဓကများရှိခြင်း၊ မြင့်တက်လာသောကုန်ဈေးနှုန်း၊ ပြောင်းလဲလာသော ခေတ်တွင်မိမိတို့ ထမင်းနပ် မှန်ရေး၊သားသမီးများကျောင်းစရိတ်ဖူလုံရေး၊လူတန်းစေ့နေနိုင် စားနိုင်ရေးတို့ကိုသာ အလေးထား နိုင်ပြီး ပြည်သူများအနေဖြင့် အသက်လုကာ ကြိုးစားရုန်းကန်ရှာဖွေနေကြရခြင်း တို့ကြောင့် မြန်မာနိုင်ငံအတွက် ဘယ် လိုလဲ၊ဘာဆက်ဖြစ်မလဲဟူ၍ပင်မတွေးတောရဲလောက်အောင်ဖြစ်နေပါတော့သည်။
No comments :
Post a Comment