-မြတ်စိုး-
၁၁.၀၂.၂၀၀၉
သြဂုတ်လ ၂၀ ရက်နေ့က ကျင်းခဲ့တဲ့ အာဖဂန်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဟာမစ်ခါဇိုင်းက မဲရေတွက်မှု ရလာဒ်တွေအရ အနိုင်ရရှိခဲ့ တယ်လို့ ဆိုပေမယ့် မဲကလိန်ကျမှုတွေ ရှိတယ်ဆိုပြီး ဒုတိယအကျော့ ရွေးကောက်ပွဲ ကို နိုဝင်ဘာလ ၇ ရက် နေ့ မှာ ကျင်းပဖို့ ရှိခဲ့တယ်။ ဒါပေမဲ့လည်း လက်ရှိသမ္မတ ဟာမစ်ခါဇိုင်း နဲ့ ယှဉ်ပြိုင်မဲ့ အတိုက်အခံပါတီမှ နိုင်ငံခြားရေး ၀န်ကြီးဟောင်း တဦးဖြစ်သူ ဒေါက်တာ အဗ္ဗဒူလာ အဗ္ဗဒူလာ က ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး၊ ယှဉ်ပြိုင်မှု မှ သူ နုတ်ထွက်သွားပြီလို့ တနင်္ဂနွေနေ့ က ရုပ်မြင်သံကြား ကနေတဆင့် သတင်းထောက်တွေ ကို ထုတ်ဖော်ပြောဆိုသွားခဲ့တယ်။
လက်ရှိသမ္မတ ဟာမစ်ခါဇိုင်း နဲ့ ယှဉ်ပြိုင်မဲ့ ဒေါက်တာ အဗ္ဗဒူလာ က ရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှုရှိရန် နှင့် ပထမအကြိမ်လို မဲလိမ်၊ မဲခိုးမှုတွေ ထပ်မံ မပေါ်ပေါက်အောင် ဟာမစ်ခါဇိုင်း ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ ပါဝင်တဲ့ အကြီးအကဲတွေကို ဖယ်ရှားပေးဖို့ ပြီးခဲ့သီတင်းပတ်အတွင်းက တောင်းဆိုခဲ့တယ်။ အထူးသဖြင့် အာဖဂန်နိုင်ငံရဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အဇီဇူလာ လိုဒင် ကို ဖယ်ရှားပေးဖို့ ဒေါက်တာ အဗ္ဗဒူလာ က အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း ကို စနေနေ့အထိအချိန်ပေးထားခဲ့တာပါ။
ဒီတောင်းဆိုချက်တွေကို သူတို့ နှစ်ယောက်တွေ့ဆုံစဉ် အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း က စိတ်ဝင်စားမှု မပြခဲ့တဲ့အပြင် မလိုက်လျော်ခဲ့လို့ လာမဲ့ ဒုတိယ အကျော့ ပြန်ကျင်းပမဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု ရှိလိမ့်မှာ မဟုတ်ဘူး။ ဒါကြောင့် သူယှဉ်ပြိုင်မှာ မဟုတ်ဘူး လို့ ဒေါက်တာ အဗ္ဗဒူလာ က ထုတ်ဖော် ပြောဆိုသွားတာပါ။
ဒီလိုနုတ်ထွက်သွားခဲ့မှုကြောင့် လက်ရှိသမ္မတ ဟာမစ်ခါဇိုင်းဟာ ရွေးကောက်ပွဲမှာ ပြိုင်သူမဲ့ အနိုင်ရရှိသွားပြီလို့ မိမိကိုယ်မိမိ ကြေညာသွားခဲ့ သလို၊ အာဖဂန်နိုင်ငံရဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင် ကလည်း ဟာမစ်ခါဇိုင်း ကို နောက်ထပ် ၅ နှစ် သက်တမ်း ရဲ့ သမ္မတ အဖြစ် ရုပ်မြင်သံကြား သတင်း ကနေ တနင်္လာနေ့ ညနေမှာ တရားဝင်ကြေညာ သွားခဲ့တယ်။ ဒါကြောင့်မို့ ဟာမစ်ခါဇိုင်းဟာ သူရဲ့ သမ္မတ ဒုတိယသက်တမ်း အတွက် အစိုးရ အဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေပါပြီ။
အာဖဂန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ ကို လူထုက တိုက်ရိုက်ရွေးချယ် ပေးရပြီး၊ အရွေးချယ်ခံ သမ္မတ က အစိုးရ ၀န်ကြီးတွေကို ရွေးချယ်ခန့်အပ်ဖို့ လွှတ်တော်ကို အဆိုပြုတင်သွင်း ရမှာဖြစ်ပါတယ်။ သမ္မတရဲ့ ခန့်အပ်မှု အဆိုပြုချက် ကို ပါလီမာန် လွှတ်တော် က ကြားနာ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အာဖဂန်ပါလီမာန် လွှတ်တော်အတွင်းမှာ အောက်လွှတ်တော် မှာ အမတ် ၂၅၀ ရှိပြီး၊ အထက်လွှတ်တော်မှာ အမတ်ဦးရေ ၁၀၅ ယောက်ရှိပါတယ်။ ပထမအကြိမ် သမ္မတက ခန့်အပ်ဖို့ အဆိုပြုခဲ့တဲ့ အစိုးရ၀န်ကြီးများအနက် ၅ ဦးကို လွှတ်တော်က ပယ်ချခံ ခဲ့ရဘူးပါတယ်။
အာဖဂန်မှာ လက်ရှိ သမ္မတ ခါဇိုင်း အစိုးရအဖွဲ့အတွင်း အကြီးအကျယ် အကျင့်ပျက်ခြစားမှုတွေ ရှိနေမှု၊ မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ထိရောက်စွာ နိုင်နှင်းနိုင်ခြင်းမရှိခဲ့မှု၊ နှင့် တာလီဘန်တွေ ပြန်လည်အင်အားကြီးထွားနေမှု ဟန့်တားမှု မပြုလုပ်နိုင်မှုတွေ အပေါ် ပြည်သူတွေက အတော်လည်း စိတ်ပျက်ပြီး၊ အတိုက်အခံတွေရဲ့ ပြစ်တင် ရှုံ့ ချမှုတွေကို ရင်ဆိုင်နေရတယ်။
အတိုက်အခံပါတီများမှ နိုင်ငံရေးခေါင်းဆောင်တွေ က ခါဇိုင်း အစိုးရ အဖွဲ့ ၀င်တွေရဲ့ အကျင့်ပျက် ခြစားမှု တွေကို စုံစမ်းစစ်ဆေး ဖော်ထုတ် အရေးယူမှုတွေကို ပြုလုပ်နိုင်အောင် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်အမတ်တွေ၊ အစိုးရ အဖွဲ့ မှာ တာဝန်ထမ်းဆောင်ကြမဲ့ ၀န်ကြီး တွေ နှင့် သူတို့ရဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ကို ရှင်းရှင်းလင်းလင်း နှင့် ထင်သာမြင်သာရှိဖို့ တရားဝင်ဖော်ပြပေးရမယ်၊ သက်ဆိုင်ရာသို့ မှတ်တမ်းတင် သတင်းပို့ရမယ်လို့ ဆိုကြတယ်။
တကယ်လို့သာ သမ္မတ ဟာမစ်ခါဇိုင်းဟာ အာဖဂန်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု ပြဿနာတွေ ကို မှန်မှန်ကန်ကန် နဲ့ အမြန်ဆုံး မဖြေရှင်းပေးနိုင်ရင် ပြည်သူတွေက သူ့အစိုးရ အပေါ် ထောက်ခံမှုနှင့် ယုံကြည်စိတ်ချမှုတွေ ရရှိလိမ့်မှာမဟုတ်တဲ့အပြင်၊ နိုင်ငံတကာရဲ့ ထောက်ခံမှုလည်းရရှိနိုင်မှာမဟုတ်ဘူး။ အာဖဂန်ရဲ့ လုံခြုံရေးနှင့် တည်ငြိမ်မှုကို အကြီးအကျယ်ထိခိုက်လာစေနိုင်တယ် လို့ အာဖဂန်နိုင်ငံရေးကို စောင့်ကြည့် လေ့လာနေသူများ က ဝေဖန်ပြောဆိုနေကြကြောင်းသိရှိရပါသည်။
No comments :
Post a Comment