Tuesday, 3 November 2009

စစ်သားနိုင်ငံရေး နှင့် ချောင်ဗာလစ် ၏ မြန်မာပြည်ခရီးစဉ်

ဒေသအတွင်း ခလောက်ဆန်နေတဲ့ ထိုင်း စစ်ဗိုလ်ချုပ်ကြီးဟောင်း ချောင်ဗာလစ် နှင့်
သူ့ သြ၀ါဒ ခံယူကြမည့် ကြပ်ပြေးနေပြည်တော်ရှိ စစ်သားနိုင်ငံရေးသမားများ

-အောင်မောင်း-
(ဘန်ကောက်)

စစ်သား နိုင်ငံရေး လုပ်နေတဲ့ ထိုင်း စစ်ဗိုလ်ချုပ်ကြီးဟောင်း ချောင်ဗာလစ် ယောင်ချိုင်ယုဒ် တစ်ယောက် မြန်မာနိုင်ငံ ကို ဒီလအတွင်း မှာ သွားရောက်လည်ပတ်ပြီး ၊ အာရှမှာ နံမည်ဆိုးနဲ့ လူသိများနေတဲ့ သူ့ရဲ့ အကိုကြီး သန်းရွှေ ကို မသေခင် သွားရောက် အားပေးကူညီမယ်လို့ ဘန်ကောက်ပို့စ် သတင်းစာထဲမှာ ရေးသား ဖော်ပြထားတယ်။ အကိုကြီးနဲ့ သွားတွေ့မယ်ဆိုတဲ့ ချောင်ဗာလစ် ဟာ ထိုင်း စစ်သားနိုင်ငံရေး လောက မှာ ၀င်စို့ထွက်စို့ အမြဲလုပ်လေ့ရှိပြီး၊ ဂျင်ပေါ်က ထုံးလို့ အမည်ရနေတဲ့ နိုင်ငံရေးစားဖါးကြီး တစ်ယောက်အဖြစ် ထိုင်းနိုင်ငံမှာ လူသိများသူ တစ်ဦးဖြစ်ပါတယ်။ ချောင်ဗာလစ်တစ်ယောက် မြန်မာလူမျိုးတွေ အခက်တွေ့နေချိန်မှာ သူ့ ကိုယ်ပိုင် အကျိုးစီးပွားအတွက် ဘာတွေ ကို လာပြီး အချောင်နိုက်သွားမလဲ ဆိုတာကတော့ စောင့်ကြည့်ကြပါ။ ဒီ အချက်ကလည်း အမှန်ပါပဲ။ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံမှာ နိုင်ငံတကာ ထောက်ခံမှုမရရှိခဲ့တဲ့ အာဏာသိမ်း န၀တ စစ်အစိုးရ ကို သူက ပထမဆုံး စတင် အသိအမှတ်ပြု ထောက်ခံခဲ့ပြီး၊ မြန်မာနိုင်ငံထဲက သံယာဇာတတွေကို အချောင်အမြတ်ထုတ် ခဲ့တဲ့ သာဓက က လည်း သမိုင်းတွင် မမေ့ပျောက်နိုင်အောင် ကျန်ရစ်နေတဲ့ အချက်တစ်ခုပါပဲ။ မြန်မာနိုင်ငံ မှာ ငါးဖမ်းခွင့် နဲ့ သစ်ထုတ်လုပ်ခွင့် ရရှိသွားပြီး ကိုယ်ကျိုးစီးပွားရှာသွားခဲ့သူ တစ်ဦး လည်းဖြစ်တယ်။

ချောင်ဗာလစ် လာရောက်လည်ပတ်မှုရဲ့ နောက်ကွယ်မှာ အများကြီးလှို့ဝှက်ချက်များစွာ ရှိနေတယ်။ ထိုင်းအစိုးရက သံတမန်နည်းလမ်းအရ တရားဝင်စေလွှတ်ခြင်း မရှိခဲ့ပေမဲ့၊ သူ့ကို နေပြည်တော်မှာ နိုင်ငံတော်ဧည့်သည်တစ်ယောက်အဖြစ် ကော်ဇော်နီခင်း ကြိုဆိုဧည့်ခံဖို့ နအဖ စစ်ကျွန်ပြုကောင်စီက ပြင်ဆင်မှုတွေကို ပြုလုပ်နေကြတယ်။ ဒီလုပ်ရပ်ဟာ တင်းမာမှုရှိနေတဲ့ လက်ရှိထိုင်းအစိုးရနဲ့ နအဖ စစ်အုပ်စု အကြား ရှိနေတဲ့ နှစ်နိုင်ငံဆက်ဆံရေး ကို ဖော်ပြနေတာကြောင့်၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကို အားပေးထောက်ခံနေတဲ့ လက်ရှိထိုင်းအစိုးရ ကို နအဖ စစ်အုပ်စုခေါင်းဆောင်တွေက တုန့်ပြန်မှုပြုလုပ်လိုက်တာ လို့ နိုင်ငံရေး အကဲခတ် သမားများက ပြောဆိုနေကြတယ်။

ထိုင်းနိုင်ငံမှာ ဒီမိုကရက်တစ်ပါတီ က အနိုင်ရပြီး အစိုးရဖွဲ့တိုင်း ဒီမိုကရက်တစ် ၀န်ကြီးချုပ်တွေဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှုမရှိခဲ့သလို၊ ထိုင်း တော်ဝင် မိသားစုတွေ ကလည်း ၁၉၈၈ ခုနှစ် ကတည်းက မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်အုပ်စုခေါင်းဆောင်တွေနဲ့ ခပ်ခွာခွာဆက်ဆံခဲ့ကြတယ်။ ၀န်ကြီးချုပ်ဟောင်း ချွန်လင်ပိုင်း ဟာ သူ့ရဲ့ သက်တမ်းမှာ မြန်မာနိုင်ငံ ကို သွားရောက်လည်ပတ်ခြင်းမပြုခဲ့သလို၊ လက်ရှိ အာဘီဆစ် ဟာလည်း သွားရောက်လည်ပတ်ခြင်းမပြုသေးပါဘူး။

ဗိုလ်ချုပ်ကြီးဟောင်း ချောင်ဗာလစ် ဟာ ကာကွယ်ရေးစစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ်မှာ ဒုတိယ ၀န်ကြီးချုပ်အဖြစ်ထမ်းဆောင်းရင်း စစ်သား နိုင်ငံရေး လောက ကို ၀င်ရောက်လာခဲ့တယ်။ နောက်ပိုင်းမှာ သူဟာ ၀န်ကြီးချုပ်အဖြစ်၊ ဒုတိယ ၀န်ကြီးချုပ်အဖြစ်၊ ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန်တွေ ကိုလည်းထမ်းဆောင်ခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံရှိ စစ်သား နိုင်ငံရေး လောက မှာ သူဟာ နံမည်းဆိုးတွေနဲ့ အတူ လူသိများလာခဲ့တယ်။ သူဟာ စစ်သားနိုင်ငံရေး ကို ၀င်ရောက်ခဲ့စဉ် ၁၉၉၀ ခုနှစ် ပတ်ဝန်းကျင် ကာလ မှာ စစ်တပ်က ထုတ်လွှင်တဲ့ ရေဒီယို ၁၂၆ လိုင်း နဲ့ ရုပ်မြင်သံကြားထုတ်လွှင့်မှု အစီအစဉ် ၅ ခု ကို ထိန်းချုပ်ကွပ်ကဲခဲ့ဘူးတယ်။ တကယ်တော့ ထိုင်းနိုင်ငံ စစ်သားနိုင်ငံရေးလောက မှာ သူဟာ အတွေ့အကြုံရှိရှိ ကျွမ်းကျွမ်းကျင်ကျင် ခလောက်ဆန် နိုင်သူ တစ်ဦးဖြစ်တယ်။

မစ္စတာ ချာဗာလစ် သွားရောက်မဲ့ ဒေသတွင်း ခရီးစဉ်များကြောင့် လက်ရှိ ထိုင်းအစိုးရက စိတ်အနှောက်အယှက် ဖြစ်နေတယ်။ မကြာသေးခင် က သူဟာ ကမ္ဘောဒီးယား ကိုလည်း သွားရောက် လည်ပတ်ခဲ့တယ်။ ကမ္ဘောဒီးယား ရှိ ၀န်ကြီးချုပ် ဟွန်ဆန်ကို သွားရောက်တွေ့ဆုံ ပြီးနောက်၊ ကမ္ဘောဒီးယား က ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်ဆင်ကို နိုင်ငံရေးခိုလှုံခွင်ပေးမည်လို့ ကြေညာခဲ့တယ်။ မလေးရှား ကို လည်း သွားရောက် လည်ပတ်မယ် လို့ ဆိုတယ်။

စစ်သားနိုင်ငံရေး လောက ကို ၀င်ရောက် ကတည်းက သူဟာ ထိုင်းနိုင်ငံရေး တွင်သာမက ဒေသတွင်း နိုင်ငံများ ဒီမိုကရေစီ ဖြစ်ထွန်းရေး ကို ပါ ခလောက်ဆန်နေသူ တစ်ဦးဖြစ်တယ်။ အခုလည်း ကြပ်ပြေး နေပြည်တော် မှာ စစ်သားနိုင်ငံရေး လုပ်ကြမဲ့ သူများ ကို သြ၀ါဒ လာပေးရင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော်ပေါ်ထွန်းလာရေး နှောင့်နှေး သွားအောင် အတွက် ဘယ်လို ခလောက်ဆန်မလဲ ဆိုတာက တော့ စောင့်ကြည့်ကြ ရပါလိမ့်မယ်။

ဝါရင့် စစ်သား နိုင်ငံရေး လုပ်နေတဲ့ ထိုင်းစစ်ဗိုလ်ချုပ်ကြီးဟောင်း ချောင်ဗာလစ် ယောင်ချိုင်ယုဒ် ၏ သြ၀ါဒ ကို နေပြည်တော် မှာ ဘယ်သူတွေ ခံယူ ကြမလဲ၊ ဘယ်သူက လက်ခံကြိုဆိုမလဲ ဆိုတာ ရှေ့အပတ်ထဲမှာ နအဖ စစ်အုပ်စု ခေါင်းဆောင်များ အစည်းအဝေးပြုလုပ် ဖို့ရှိကြကြောင်း နေပြည်တော် က လာတဲ့ သတင်းအရ သိရှိရပါသည်။ ဗိုလ်ချုပ်ကြီးဟောင်း ချောင်ဗာလစ် ကတော့ ယူနီဖောင်းဝတ် နိုင်ငံရေးသမား ဘ၀မှ ယူနီဖောင်းချွတ်နိုင်ငံရေးသမားဘ၀သို့ ပြောင်းလဲခဲ့တဲ့ ပြောင်းလဲမှုဖြစ်စဉ် သူ့ရဲ့ နိုင်ငံရေးအတွေ့အကြုံ ကို သြ၀ါဒ ပေး၊ အကြံပေးမှုများ ပြုလုပ်လိမ့်မယ်လို့ သိရပါတယ်။

No comments :