Sunday, 8 November 2009

ပညာရေး ဆိုင်ရာ အကြံပေး ဆွေးနွေး သုံးသပ်ချက်များ






-Serious Thinking-

2009/9/27 ရက်စွဲနဲ့ စာဖတ်သူတဦးရဲ့ အကြံပြုချက်ကို အခြေပြုပြီး ဆွေးနွေးတင်ပြလိုက်ပါတယ်။ အမည်နဲ့ email လိပ်စာကိုတော့ လျှို့ဝှက်ထားပါတယ်။




စာဖတ်သူတဦးထံမှ အကြံပြုစာ

"ကျွန်တော်တို့ တိုင်းပြည်မှာ အင်ဂျင်နီယာတွေ၊ Scientists တွေ၊ ရူပဗေဒပညာရှင်တွေ ပိုလိုအပ်နေပါတယ်။ ဒါပေမယ့် ဆရာဝန်တွေသာဖြစ်ချင်တဲ့သူများနေတာတော့ ၀မ်းနည်းစရာပါ။ စာတော်ရင် ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ အယူအဆ မှားကြီး ကလည်းလူတိုင်းမှာရှိနေတာတော့ မကောင်းဘူးဗျာ။ အရည်အချင်းရှိတဲ့ ပညာရှင်တွေ ပေါ်ထွက်လာကြပါစေဗျာ။

ဒီလို မေးတွေပို့မဲ့အစား လူတွေကို ပညာပေးနိုင်တဲ့မေးလ် မျိုးပို့ကြပါလား။"

Serious Thinking မှ ပြန်ကြားချက်

အကြံပေးတာ ကျေးဇူးတင်ပါတယ်။ ပညာပေးနဲ့ ပတ်သက်ပြီး မြန်မာပြည်သူအများစု အကျိုးရှိမယ့် ဘယ်လို အကြောင်းအရာမျိုး ပို့သင့်တယ် ဆိုတာ အကြံပေးစေချင်ပါတယ်။ ကြိုးစားပြီးတင်ပြသွားပါ့မယ်။ အချိန်အခက်အခဲကြောင့် လူနည်းစုဘဲ အကျိုးရှိမယ့် နည်းပညာပိုင်းဆိုင်ရာမျိုးကိုတော့ မတင်ပြနိုင်တာ နားလည်ပေးစေချင်ပါတယ်။

လူကြီးမင်းရဲ့ ယူဆချက်ဖြစ်တဲ့ ပညာရှင်တွေလိုအပ်နေတယ် ဆိုတာကို အားလုံးက သဘောတူကြမှာပါ။ စာတော်သူတိုင်း ဆရာဝန်သာဖြစ်ရမယ်ဆိုတဲ့ အယူအဆကိုလဲ လူကြီးမင်းလိုဘဲ ကျွန်တော်တို့လဲ လက်မခံပါဘူး။ ဒါပေမယ့် ဒီပြဿနာ နှစ်ခုစလုံးရဲ့ အရင်းအမြစ်ကိုတော့ တူးဆွကြည့်ဖို့လိုပါပြီ။ ပြီးရင်လဲ တိုင်းပြည်အတွက် ၀ိုင်းဝန်းအဖြေရှာကြဖို့ တိုက်တွန်းချင်ပါတယ်။ တိုင်းပြည်ကောင်းမှ အားလုံးသာတူညီမျှ ကောင်းစားကြမှာပါ။ လွယ်ကူတဲ့အဖြေမရှိဘူး ဆိုတာတော့ ကြိုပြောထားပါရစေ။

မြန်မာပြည်မှာ ဒီလိုပညာရှင်တွေ မရှိတာမဟုတ်ပါဘူး။ ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမှာ ပြန့်ကျဲနေပါတယ်။ အမေရိကန်ရဲ့နာမည်ကျော် CDC ဓါတ်ခွဲခန်း, ဆွစ်ဇလန် ဂျီနီဗာက WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချူပ်၊ ကုလသမဂ္ဂရုံးချုပ်၊ ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာပညာရှင်တွေ။ .... အာရှ၊ ဥရောပ၊ အမေရိက၊ သြစတြေးလျ တိုက်ကြီးတွေရဲ့ နိုင်ငံပေါင်းစုံမှာ အောင်မြင်နေတဲ့ မြန်မာ ရူပဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ ဓါတုဗေဒပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ တော်တော် များနေပါပြီ။ သူတို့ထဲမှာ အသက် ၇၀ ကျော် အရွယ် ကနေ မနေ့တနေ့က ကျောင်းဆင်းခဲ့တဲ့ ပညာရှင်အထိ တွေ့ရပါတယ်။

ဘာကြောင့်သူတို့ပြည်ပထွက်လာကြတာလဲ။ တိုင်းပြည်ကို မချစ်ဘူးလို့ ပစ်စလက်ခတ် မစွပ်စွဲလိုက်ပါနဲ့။ တိုင်းပြည်ကချစ်တာကို မခံရလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

တချို့က ပညာကို အာဏာလောက်၊ ဥစ္စာလောက် တန်ဖိုးထားမခံရဘူး။ ဆရာဝန်တယောက်၊ အင်ဂျင်နီယာတယောက်၊ စီးပွားရေးပညာရှင်တယောက်၊ သိပ္ပံပညာရှင်တယောက်ဟာ မြန်မာပြည်မှာ ထိုက်တန်တဲ့ ချီးမြှင့်မှု၊ လေးစားမှု၊ တန်ဖိုးထားမှု ရဖို့ခဲယဉ်းနေပါပြီ။ အာဏာပိုင်အဖွဲ့အစည်းကအစ အရပ်ထဲကသာမန်လူအဆုံး ပညာရှင်တွေကို အကျင့်ပျက်လာဘ်စား (corrupt) တဲ့ စစ်ဗိုလ် တယောက်လောက်၊ အကောက်ခွန် ၀န်ထမ်းလောက်၊ ဓါတ်ဆီဆိုင် ၀န်ထမ်းလောက် အထင်မကြီးကြတော့ဘူး။ လူအများက ငွေနဲ့ အာဏာကိုပဲ ကြည့်ပြီးချီးမွမ်းအားကျနေကြတာ ၀မ်းနည်းစရာအဖြစ်မှန်ပါ။

ပညာမတတ်တဲ့ လူလည်ဖျံကျ ၀ိသမသမားတွေက တိုက်ဆောက်ကားစီး ဘီယာသောက်နေတဲ့ အချိန်မှာ တသက်လုံးကြိုးစားလာရတဲ့ ပညာရှင်တွေက ဘတ်စ်ကားတိုးစီးနေရတယ်။ တချို့ဆရာဝန်လေးတွေဆို အစိုးရပေးတဲ့ တလ ၈၀၀၀၀ နဲ့ မလောက်လို့ ညနေဘက်မှာ ဆေးခန်းကို ပြေးပြီးငွေရှာနေရတယ်။ လုပ်သက်နှစ် ၂၀ လောက်ရှိတဲ့ ကျောင်းအုပ်ကြီးတဦးရဲ့လခဟာ မနေ့ကကျောင်းဆင်းတဲ့ စစ်တိုက်စရာမလိုတဲ့ ဗိုလ်တယောက်ရဲ့ လခထက် နည်းပါတယ်။ တခြားအခွင့်အရေးတွေကလည်း အပြတ်အသတ်ကွာပါတယ်။ ဒါတင်ပဲလား။ မပြီးသေးပါဘူး။

လုပ်ငန်းခွင်ထဲမှာ ကြည့်ပါ။ အတွေ့အကြုံရင့် ပညာရှင်တွေက အောက်ပိုင်းရာထူး၊ ဒီပညာတွေကို လုံးစေ့ပတ်စေ့ နားမလည်တဲ့ စစ်ဗိုလ်တွေက ထိပ်ပိုင်းနေရာတွေမှာ ။ ဒီပညာရှင်တွေရဲ့ အတတ်ပညာကိုလည်း အသုံးချဖို့ စီမံကိန်းတွေက မရှိ။ စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တိုင်းပြည်စီးပွားရေးကလဲ အရှိန်အဟုန်နဲ့ တရစပ်ထိုးကျနေပါတယ်။ ဒီတော့ ပညာရှင်တွေအတွက် ထိုက်တန်တဲ့ အလုပ်အကိုင်တွေကမရှိ။

ဒီလောက်ဆိုရင် ပညာရှင်တွေလိုအပ်နေတယ်ဆိုတဲ့ ပထမပြဿနာရဲ့အရင်းအမြစ်ကို မြင်နိုင်လောက်ပြီထင်ပါတယ်။

လူကြီးမင်းရဲ့ ဒုတိယအချက်ကို ဆက်ဆွေးနွေးပါမယ်။

စာတော်တဲ့သူတွေကို မိဘတွေက ဆရာဝန်အင်ဂျင်နီယာပဲ ဖြစ်စေချင်နေကြတယ်။ ဘာကြောင့်လဲ။ အဖြေက ရိုးရိုးလေးပါ။ လူတွေဟာ မိမိဘ၀တိုးတက်ဖြစ်ထွန်းချင်လို့ အပင်ပန်းခံ၊ ငွေကုန်အချိန်ကုန်ခံပြီး ပညာသင်ကြတာပါ။ ကြိုးစားမှုအတွက် ဆုလာဘ် (Incentives) ကို လူတိုင်းလိုချင်ကြပါတယ်။ ဆရာဝန်အင်ဂျင်နီယာပညာရပ်တွေနဲ့ ပြည်တွင်းမှာ အခြေအနေ မကောင်းရင်ပြည်ပမှာ အလုပ်ရှာရလွယ်တယ်၊ ၀င်ငွေကောင်းတယ်။

သင်ကြားရေးစနစ်ကို လည်းကြည့်ပါဦး။ လူကြီးမင်းပြောတဲ့ ရူပဗေဒ၊ ဓါတုဗေဒ၊ သိပ္ပံပညာရပ်တွေကို စာရွက်ပေါ်မှာတောင် ကောင်းကောင်းသင်ဖို့ အခြေအနေမရှိတော့ပါဘူး။ ဓါတ်ခွဲခန်းခေါ်တဲ့ Laboratory ဆိုတာအဝေးကြီးမှာကျန်နေခဲ့ပါပြီ။ ပို့ချမယ့်ဆရာအများစုလည်း ဘ၀ရှေ့ရေးအတွက် နိုင်ငံခြားထွက်ကုန်ကြပါပြီ။ ရှေ့ကပညာရှင်တွေ ရုန်းကန်နေရတာကို မြင်နေတဲ့ လူငယ်တွေက ပညာတတ်ချင်စိတ်ပေါ်လာမလား၊ အကျင့်ပျက် လာဘ်စားချင်စိတ်ပေါ်လာမလား ...... စဉ်းစားလို့ရပါတယ်။

အရည်အချင်းရှိတဲ့ ပညာရှင်တွေပေါ်လာစေချင်ရင် သူတို့အတွက် ကောင်းမွန်သင့်တော်တဲ့ အသိုင်းအ၀ိုင်း (rewarding environment) ဖန်တီးဖို့လိုပါတယ်။ ပန်းမရှိတဲ့ ကန္တာရမှာ လိပ်ပြာလာနားမှာမဟုတ်ပါဘူး။

တိုင်းပြည်မှာ စနစ်က အကြီးအကျယ်မှားနေပြီး၊ အများစုက အမှားကို နားမလည်တာဟာ အဓိကပြဿနာပါ။ ဖြစ်သင့်တာကို သိကြပြီး ကိုယ့်အနီးအနားဝန်းကျင်ကို ပြုပြင်ချင်စိတ်လေးပေါ်လာအောင် ကျွန်တော်တို့ ဒီ mail တွေ အပင်ပန်းခံပြီး အန္တရာယ်ကြားက ဖြန့်ဝေနေတာပါ။ ဒါဟာလဲ ပညာပေးတာပါပဲ။ ဒီအတွက် ဘယ်သူ့ဆီကမှ ဘာအခွင့်အရေးမှ မရပါဘူး။ ကိုယ့်ပြည်သူတွေကို အမြင်ကျယ်စေချင်လို့၊ တိုးတက်စေချင်လို့ပါ။ မြန်မာတွေ မျက်စိပွင့်ကြဖို့ကောင်းပါပြီ။ ကိုရီးယားကားလေးကြည့်၊ ဘီယာလေးမူး၊ ဘောပွဲလေးလောင်း၊ နှစ်လုံးထီလေးထိုး၊ ကိုယ့်ဝမ်းစာလေးပဲရှာပြီး ချောင်သလိုနေမယ် ဆိုရင်တော့ နောင်လာနောက်သားတွေအတွက် တိုင်းပြည်အပျက်ကြီးကိုပဲ အမွေချန်ခဲ့ရမှာပါ။

တိုင်းပြည်အတွက်အရေးပါတဲ့ ဒီကိစ္စတွေကို လူတိုင်းသိထားသင့်ပါတယ်။ နိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်ပြီးဆန္ဒပြမှ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက် ကိုယ့်အနားမှာ တတ်စွမ်းသမျှတာဝန်ယူပြီး ကောင်းအောင် ပြုပြင်တာ နိုင်ငံရေးပါပဲ။ ဒါဗိုလ်ချုပ်ပြောခဲ့တဲ့ စကားပါ။ အလွန်အဓိပ္ပါယ်ရှိပါတယ်။

နိုင်ငံတကာမှာ management, public administration, psychology စတဲ့ အဆင့်မြင့်ပညာရပ်တွေမှာ ဒီအတွေးအခေါ်တွေကို အလေးထားသင်ကြားပါတယ်။

ကျွန်တော်တို့လူမျိုးတွေရော မသိသင့်ဘူးလား။

******************************************************************************



ကိုတေ က အီးမေးကနေတဆင့် ပေးပို့ခဲ့သည်။



4 comments :

Anonymous said...

I like the discussion. Absolutely reflects the situation happening in Myanmar. Professionals have been struggling to cope the monthly demands without doing another unrelated business. Cannot get promotion without having something offering to the superiors however you exel your work.

Kane said...

Primary source of all these problems is Mindset. All are victims of this mindset. This matter is just a consequence. This mindset is helping Juntas to survive for the last 47 years in the country which was once most prosperous nation during British Rule. That's why opposition is sidelined in local & International political arena. It's not likely opposition can gain power or Myanmar will have Genuine Democracy in the near future. They will remain intact as long as this mindset is standing still.
Now an ASEAN nation started to follow Myanmar Path and already left behind the race with HK,ROK,ROC & S'pore. Though having vast amount of natural resources like Myanmar,its GDP was once similar to that of HK,ROK,ROC & SG but now its rank is the lowest, local crime rate is the highest, International reputation is steadily dropping, out of the race with HK,ROK,ROC & SG and suffers brain drain as its intellectuals are going abroad to work, parents are encouraging their kids to leave the nation,even for emigration. This nation is Malaysia which practices Racial & Religious Discrimination systematically against Minorities in Multi-Racial Society since Mahathir era and now Malaysia becomes Divided Society and already started paying the price and will be paying for perhaps a century.
As long as losing ground on the source, everything will remain intact. If some people can reverse it, there comes "V".

Anonymous said...

မြန်မာပြည်ပညာရေးဟာ ၁၉၇၀ နောက်ပိုင်းကတည်းက
အံလွဲနေခဲ.တာပါ။နအဖလက်ထက်မှာတော.အဆိုးဆုံး
ပေါ.။ဆရာဝန် ဖြစ်ချင်တာကတော.အဆိုးမဆိုသင်.ဘူးလားလို.ပါ။မြန်မာ.ပညာရေးမှာ သင်ထားတဲ.ပညာရေးကိုလက်တွေ.မှာရော ပြင်ပမှာပါအဟပ်တည်.တာဆေးပညာနှင်. သူနာပြုပဲရှိတာပါ။
မြန်မာပြည်ကအင်ဂျင်နီယာဆိုတာကတော.(BE/AGTI)တွေကတော.အခြေခံအဆောက်အဦးမပြည်.စုံလို.လား
ပုဂ္ဂလိကကဏ/စက်ရုံတွေ/သုတေသနတွေစတဲ.စံနစ်တွေကိုဖေါ်ဆောင်တဲ.စံနစ်မရှိလို.လား
သိပ်ပြီးတော.အားရစရာမရှိပါဘူး။စက်ပြင်(Mechnics OR Fitter )သာသာပါပဲ။
တစ်ခြား Academic ဖြစ်တဲ. Physics/Chemistry
Maths/Biology တွေတော.ပြောမနေနဲ.
သင်ခဲ.ရတာတွေက Nuclear physics/Atom/proton
neutorn/electron/titrartion/organic/inorganic
Differentiate/calculas/hypabolic စသဖြင်.ပေါ.၊
ကျောင်းပြီးတော. မူလတန်းပြ၀င်လုပ်ပြန်သင်ပေး
ရတာက“ က ကြီးရေက ကကြီးရေးချ ကာ”
သမ၀ါယမ မှာစာရေးဝင်လုပ် အရောင်းစာရင်းသွင်း
အစိုးရဌာနတွေမှာ နေ.စားအောက်တန်းစာရေးဝင်လုပ်
ဘယ်မှာလဲ ဗျာသင်ခဲ.ရတာတွေနဲ.အပ်စပ်တာ။
ပိုက်ဆံမရရင်နေပါ ကိုယ်သင်ထားတဲ.ပညာနဲ.အပ်စပ်အောင် ဘာအလုပ်အကိုင်မှဖန်တီးမပေးနိုင်တဲ.
နိုင်ငံရေး/စီးပွားရေးစံနစ်အလွဲကြီးကို ပြင်ရကောင်းမှန်းလည်းမသိ/သိတဲ.လူလည်းမမေး/
သိတဲ.လူလည်းမသုံးတဲ.ဒီတိုင်းပြည်မှမမွဲ/မတိုးတက်
ရင်ဘယ်တိုင်းပြည်မွဲမလဲခင်ဗျာ။
ပြောရရင် ပညာရေးနဲ.ပါတ်သက်ရင် မြန်မာပြည်ဟာ
နှစ်ပေါင်း (၄၀) လောက်အဟောသိကံဖြစ်ခဲ.ရပါပြီ
ခင်ဗျာ။

Antivirus said...

Kane “ကိန်” ဆိုတာ VIRUS
ဒီ blog မှာ ပါဝင်ဆွေးနွေး ရေးသားတဲ့ သူတွေဟာ ဒီမီုကရေစီနဲ့ လူ့ခွင့်အရေး အတွက် အဖိနှိပ်ခံ ကိုယ့်ပြည်သူတွေကို အားပေးပြီး
အာဏာရှင်တွေကို ပြတ်ပြတ်သားသား တိုက်ခိုက်ဖို့ တာဝန်ရှိပါတယ်။
တိုင်းပြည်ပျက်တာ အာဏာရှင်တွေကြောင့် လို့ တစ်ခွန်းမှ မပြောဘဲ
မင်းတို့ ပြည်သုတွေ စိတ်ဓါတ်အောက်တန်းကျ အသုံးမကျလို့ အာဏာရှင်တွေတက် တိုင်းပြည်ပျက်ရတာ၊မင်းတို့ မြန်မာနိုင်ငံသားတွေ ဘယ်တော့မှ ဒီမိုကရေစီ မရစေရဘူးကွ (“ကိန်” ရေးတာဒီထက်ပိုဆိုးပါသေးတယ်) လို့ စစ်အဆိုးရအလိုကျ Kane (“ကိန်” ဟုဖတ်ပါ) ဆိုတဲ့အကောင်က၊ blog ဖတ်တဲ့ အဖိနှိပ်ခံပြည်သူတွေနဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေ စိတ်ဓါတ်ကျအောင် (မလိမ့်တပတ် သူ့လူက ကိုယ့်ဘက်သားဟန်နဲ့ ဘိုလို) ပက်ပက်စက်စက် ရေးနေတာကို အကင်းပါးတဲ့သူက နားလည်လို့ virus လို့ထောက်ပြတာပါ။
တကယ်တော့ ခွေးလှေးခုန်လို့ ဖုန်မထပါဘူး၊ ခွေးဝဲစားခဲမှန်တဲ့ အသံကြီးနဲ့ "ကိန်" ဆိုပြီး ထွက်ထွက်အော်နေတာ မျက်စေ့နောက် နားငြီးလို့ပါ။
blog ပိုင်ရှင်လည်း ဘိုစာ အဖတ်ပျင်းလိုလား မျက်စေ့ပဲလျှမ်းနေလား မသိပါဘူးဗျာ၊ ဒီ comment တွေတင်ပေးနေတာ။
Kane “ကိန်” ရေးတဲ့ comment တွေဖတ်ရှာကြည့်ပါဦး။