Monday, 9 November 2009

ဘာလင်တံတိုင်း သို့ အမှတ်တရ


"Youth Power: Change Leadership, Change Your Country"

-မြတ်စိုး-
၁၁.၀၉.၂၀၀၉

၁၉၈၉ နိုဝင်ဘာလ ၉ ရက်နေ့ ဟာ အရှေ့ နဲ့ အနောက် ဂျမဏီနှစ်နိုင်ငံ ကို ကာရံတားဆီးထားတဲ့ ဘာလင်တံတိုင်းကြီး ပြိုကျသွားတဲ့ နေ့ဖြစ်တယ်။ ဒီနေ့ဟာ ဂျာမဏီ နိုင်ငံမှာ ဘာလင်တံတိုင်းကြီးပြိုကျ သွားတဲ့ နှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် ဒီလို နေ့ထူးနေ့မြတ် မှာ ကမ္ဘာကျော် သမိုင်းဝင်တေးသီချင်းလေး တပုဒ် ကို မျှဝေခံစားစေခြင် ပါတယ်။ ဒီသီချင်းလေးရဲ့ နံမည်ကတော့ “Wind of Change” ဆိုတဲ့ တေးသီးချင်းဖြစ်ပါတယ်။ သီချင်း ကို ဤနေရာမှာ နားဆင်နိုင်ပါတယ်။

"Wind of Change" သီချင်းလေးဟာ ၁၉၈၀ ဆယ်စုနှစ် ၀န်းကျင် စစ်အေးခေတ်နှောင်း တိုက်ပွဲ ကာလအတွင်း တေးဂီတ အနုပညာလောကမှာ ကမ္ဘာ့လူငယ်တွေရဲ့ နှလုံးသားကို တုန်လှုပ်စေခဲ့ ယုံသာမက၊ အရှေ့ဥရောပ နိုင်ငံရှိ အဖိနှိပ်ခံ ပြည်သူတွေကို ဆိုဗီယက် ကွန်မြူနစ်စံနစ် တန်ခိုး သြဇာအာဏာ သက်ရောက်မှုမှ လွတ်မြောက် လာစေခဲ့တဲ့ သမိုင်းဝင် တေးသီးချင်း တစ်ပုဒ် ဖြစ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒီသီချင်းဟာ ပိုလန်ထိပ်သီး ဆွေးနွေးပွဲရဲ့ ရလာဒ် နှင့် ဘာလင်တံတိုင်း ပြိုကျသွားခဲ့မှုတွေ အပေါ် ရည်ရွယ်၍ ရေးစပ် သီကုံးခဲ့ပြီး၊ အရှေ့ဥရောပ နိုင်ငံ တွေ ကိုလည်း ပြုပြင်ပြောင်းလဲသွားစေဖို့ အနုပညာဖြင့် ဖော်ကျူးရေးစပ် သီဆို သွားခဲ့တယ်။


ဒီသီချင်းကို သီကုံးရေးစပ်သူက Klaus Meine ဆိုသူ ဖြစ်ပြီး၊ ဂျာမဏီ မှ နာမည်ကြီး စကော့ပီယံ (Scorpions) တေးဂီတ အဖွဲ့ က သီဆိုတီးခတ်ခဲ့ကြတယ်။ ဒီ သီချင်းဟာ အနောက်နိုင်ငံတွေ အပါအ၀င်၊ အာရှနိုင်ငံတွေမှာ ပါ နာမည်ကြီးလာခဲ့ပြီး၊ ဓာတ်ပြားခွေ ၇၅ သန်းကျော် ရောင်းချခဲ့ရတယ်။ စကော့ပီယံ ( Scorpions) တေးဂီတ အဖွဲ့ ဟာ ဒီသီချင်းကို ဂျာမန် ဘာသာ၊ ရုရှားဘာသာ၊စပိန်ဘာသာ၊ တို့ဖြင့်လည်း ကမ္ဘာတ၀ှန်း မှာ သီဆို ဖြေဖျော် တင်ဆက် ခဲ့ကြတယ်။

မော်စကိုမြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ မော့စ်ကာဗာ(Moskva) မြစ်၊ မော်စကိုမြို့ ရဲ့ အထင် ကရရှိတဲ့ ဂေါ်ဂီပန်းခြံ အကြောင်းတွေကို ထည့်သွင်းဖော်ပြထားတဲ့ ဒီသီချင်းလေးဟာ ဆိုဗီယက် လူငယ်တွေ၊ ပြုပြင်ပြောင်းလဲလိုသူတွေအတွက် မျှော်လင့်ချက်တွေ ရောင်ခြည်တွေ ကို ကိန်းဝပ်လာစေခဲ့တယ်။ ဆိုဗီယက် လူငယ်တွေရဲ့ စိတ်မှာ သူတို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲ တော့မဲ့ လေပြင်းမုန်တိုင်ကြီး တိုက်ခိုက်လာတော့မဲ့ အရိပ်အယောင် တွေပြနေတယ်။ ဆိုဗီယက် လူငယ်တွေ ဟာ ပြုပြင်ပြောင်လဲရေးအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ကြရတော့ မယ်လို့ အသိစိတ်တွေ ကိန်းဝပ် လာကြသလို၊ ပြုပြင်ပြောင်းလဲရေးအတွက် လူထုတိုက်ပွဲတွေ ကို နေရာအနှံ့ လှုပ်ရှားတောင်းဆိုမှု တွေ ပြုလုပ်ခဲ့ကြတယ်။

ဆိုဗီယက် ကွန်မြူနစ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ လီနင်၊စတာလင်၊ ခရုရှော့ဗ်၊ ဘရက်ဇညက်၊ ယူရီအင်ဒရိုပေါ့၊ ချဲလ်နီရန်ကိုး ခေတ်အဆက်ဆက်မှာ နှစ်ပေါင်း ၇၀ ကျော် ထားရှိတဲ့ တင်းကျပ်တဲ့ ဥပဒေတွေ ကြောင့် ဆိုဗီယက် လူငယ်တွေ ချစ်မြတ်နိုးတဲ့ အနောက်တိုင်း တေးဂီတ အနုပညာရှင် အဖွဲ့တွေဟာ ဆိုဗီယက်ပြည်ထောင်စု မှာ လာရောက်ဖျော်ဖြေခွင့် မရရှိခဲ့ပါဘူး။ စစ်အေးခေတ် တိုက်ပွဲ ကာလမှာ အနောက်တိုင်းတေးဂီတ တစ်ဖွဲ့ သာ ဆိုဗီယက်ပြည်ထောင်စု သို့ တကြိမ် သာလျှင် ဖျော်ဖြေဖို့ ခွင့်ပြုပေးခဲ့တယ်။

စစ်အေးခေတ်နှောင်း တိုက်ပွဲ ကာလမှာ ဒီပိတ်ပင်မှုတွေကို ရိုက်ချိုးလိုက်သူကတော့ ဆိုဗီယက် သမ္မတဟောင်း မီခေး ဂေါ်ဘာချော့ဗ် သာလျှင်ဖြစ်တယ်။ ဆိုဗီယက် သမ္မတဟောင်း မီခေး ဂေါ်ဘာချော့ဗ်ကြောင့်သာ ဘာလင်တံတိုင်းကြီး ပြိုကျခဲ့ ပြီး၊ အရှေ့ နှင့် အနောက် ဂျာမာန် နှစ်နိုင်ငံ ပေါင်းစည်းသွားခဲ့ပြီးနောက် ၁၉၉၀ မှာ "Wind of Change" ကို အသံသွင်းခဲ့တဲ့ ဂျာမဏီ မှ နာမည်ကြီး စကော့ပီယံ (Scorpions) တေးဂီတ အဖွဲ့ ကို မော်စကို သို့ လာရောက်ဖျော်ဖြေဖို့ ခွင့်ပြုခဲ့တယ်။ စကော့ပီယံ (Scorpions) တေးဂီတ အဖွဲ့ ဟာလည်း Wind of Change သီချင်းကို ပိုလန်၊ရိုမေးနီးယား၊ ဟန်ဂေရီ၊စပိန်၊ ရုရှားဘာသာများဖြင့် လည်း အကြိမ်ကြိမ် သီဆိုဖျော်ဖြေခဲ့တယ်။

မော်စကို ရင်ပြင်နီ ဖျော်ဖြေပွဲ အပြီးမှာတော့ စကော့ပီယံ (Scorpions) တေးဂီတ အဖွဲ့ က သမ္မတ ဂေါ်ဘာချော့ဗ် အား သူရဲ့ Perestroika နှင့် Glasnost နိုင်ငံရေး အတွေးအခေါ်အတွက် နှင့် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ အတွက် ရောင်းချခဲ့ရတဲ့ လက်မှတ်  ၀င်ငွေတွေ အားလုံးကို ပြန်လည်လှူဒန်းသွားခဲ့တယ်။ ဒီအလှူငွေ တွေ ကို ဆိုဗီယက် ပြည်ထောင်စု အတွင်းရှိ ကလေးဆေးရုံတွေအတွက် သုံးစွဲသွားပါမယ်လို့ သမ္မတ ဂေါ်ဘာချော့ဗ် ဂတိပြုရင်း ကျေးဇူးတင် စကားပြန်လည်ပြောကြားသွားခဲ့တယ်။ ဒီဖြစ်ရပ်တွေ ဟာ ဒီသီချင်းလေး သမိုင်းဝင် ဖြစ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းအရာတွေဖြစ်ခဲ့ရတယ် ဆိုရင် လည်း မမှားပါဘူး။

တကယ်ပါပဲ။ ဂေါ်ဘာချော့ဗ် ရဲ့ Perestroika နှင့် glasnost နိုင်ငံရေး အတွေးအခေါ် ဟာ ဘာလင်တံတိုင်းကြီး ပြိုကျခဲ့ ပြီး အရှေ့ နှင့် အနောက် ဂျာမာန် နှစ်နိုင်ငံ ပေါင်းစည်းနိုင်ခဲ့သလို၊ အရှေ့ဥရောပ နိုင်ငံတွေရဲ့ လွတ်မြောက်ရေး ကို ရရှိစေခဲ့တယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က က အရှေ့ဂျာမဏီက အဖိနှိပ်ခံ ပြည်သူတွေ ဟာ စံနစ်ဆိုးကြီးကြောင့် ဟန်ဂေရီ၊ ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား နိုင်ငံတွေ မှာ ထောင် သောင်းချီ အလုံးအရင်း အလုပ်လုပ်ကိုင်ဖို့ နှင့် အခြေချနေထိုင်ဖို့ သူ့တို့ရဲ့ နိုင်ငံကို စွန့်ခွာခဲ့ကြတယ်။ ဒီဖြစ်ရပ်ဟာ ယနေ့ လက်ရှိစစ်ကျွန်အောက်က မြန်မာနိုင်ငံက ပြည်သူတွေရင်ဆိုင်နေရသလိုပါပဲ။

အခုလည်းပဲ ကျနော်တို့ရဲ့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲ သွားတော့မဲ့ လေပြင်းမုန်တိုင်ကြီး တိုက်ခိုက်လာတော့မဲ့ အရိပ်အယောင် တွေပြနေတယ်။ စံနစ်ဆိုးကြီးကို ပြုပြင်ပြောင်းလဲဖို့လည်း အချိန်တန်နေပါပြီ။ မြန်မာပြည်သူတွေအားလုံးဟာလည်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ခေတ်ကြီးကို မလွှဲမသွေ ဖြတ်သန်း ကြရတော့မယ်။ မြန်မာနိုင်ငံကြီးကို တိုးတက်လာအောင် ပြုပြင်ပြောင်းလဲ လိုကြတဲ့ နိုင်ငံသားတွေ၊ မြန်မာ လူငယ်တွေ အားလုံး ဆိုဗီယက်ပြည်ထောင်စုက လူငယ်တွေ၊ အရှေ့ဥရောပ က လူငယ်တွေလို ဘယ်လို ပြင်ဆင်မှု တွေ လုပ်ခဲ့ကြသလဲ၊ ဘယ်လို လှုပ်ရှားမှုတွေ ဖော်ဆောင်ခဲ့ကြသလဲ၊ ဘယ်လိုတိုက်ပွဲတွေဝင်ခဲ့ကြသလဲ ဆိုတာကို သင်ခန်းစာယူရင်း နေပြည်တော်မှာ ပိတ်ဆို့ထား တဲ့ အာဏာရှင် တံတိုင်းကြီးကို ၀ိုင်းဝန်းဖြိုချကြပါစို့။






No comments :