ဆောင်းပါး
ကျော်သိင်္ခ
နိုဝင်ဘာလ ၂၉၊ ၂၀၀၉
မလေးရှားနိုင်ငံတွင် overstayed ဘ၀ဖြင့် ၁၃ နှစ်ကျော်နေထိုင်လာသည့် သူ့အတွေ့အကြုံများ နှင့် အဆက်အသွယ် ကောင်းများကြောင့် အရေးကြုံလာလျှင် လူတကာက အသန်းကို သတိရကြသည်။
အဆက်မပြတ်မြည်နေသော ဖုန်းသံတွေကြောင့် ရုတ်တရက်လန့်နိုးသွားပြီး ညအချိန်မတော်ကြီး အရေးပေါ်ကယ်ဆယ် ရေးအလုပ်ကို လုပ်ရသည့် ညတွေကလည်း မရေတွက်နိုင်တော့။ ညကြီးသန်းခေါင်း ကိုယ့်ကိုအားကိုးတကြီး ခေါ်လာ သောဖုန်းသံများကို အသန်းလျစ်လျူမရှုရက်ပါ။ လျစ်လျူရှုလိုက်တာနှင့် တစ်ဖက်ကလူ၏ အသက်အန္တရာယ်က မတွေး ၀ံ့စရာ။
လူကုန်ကူးမှုစက်ဝန်းထဲက သားကောင်ဖြစ်နေသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ “ကိုအသန်းရေ…လုပ်ပါဦးဗျာ။ ကျနော့်သူငယ်ချင်းကို ကယ်ပါဦး” ၊ “ကိုအသန်းရေ….ကျနော့်ကို ရွေးပေးပါဦး” ဆိုတဲ့ အသံတွေကိုကြားရသည့် ညတွေ ကလည်း မနည်းတော့ပေ။
ထိုအသံကို ကြားလိုက်ရင်တော့ “သေချာသွားပြီ၊ မြန်မာတစ်ယောက်တော့ မလေးနယ်စပ် မှာ ရောင်းစားခံလိုက်ရပြီ” ဟူ၍ သူ့အတွေ့အကြုံက သူ့ကို အလိုလိုနေရင်း သတိပေးနေသည်။ ထိုအသံကြားလျှင်လည်း ကြားသည့်အချိန်တွင် အသန်းမှာ မဆိုင်းမတွပင် ဖုန်းဆက်ပြီး နီးစပ်သူတွေထံမှ ငွေချေးရ၊ ပွဲစားထံသို့ငွေလွှဲပြီး ကိုယ့်လူကိုယ် ပြန်ပြီးဝယ်ရနှင့် အလုပ်ရှုပ်နေတော့သည်။
တခါတရံ အရေးကြီးလျှင်ကြီးသလို ည အချိန်မတော်ကြီး ပိုက်ဆံရနိုင်မည့်နေရာသို့ သွားရသည်။ မလေးရှားလို နေရာ မျိုးမှာ ညအချိန်မတော် ကြီးအပြင် ထွက် လျှင် လုယက်တာမျိုး နှင့် အန္တရာယ်ရှိမှန်း သိသည်။ ညဖက်မပြောနှင့် မလေး ရှားလို နေရာမျိုးမှာ နေ့ခင်းဖက် အပြင် ထွက်လျှင်တောင် တက္ကစီပေါ်မှာ ဓားပြတိုက်တာ၊ လမ်းပေါ်မှာ လုယက်တာမျိုး ရှိသေးသည်။
သို့သော် ထိုအချိန်အခါမျိုးတွင် မိမိအန္တရာယ်ထက်ပိုပြီး စိုးရိမ်ရတာက လူကုန်ကူးမှု ဈေးကွက်ထဲက သားကောင်ဖြစ် နေသော အလုပ်သမားတစ်ယောက်။ မလေးလိုနိုင်ငံမျိုးတွင် တရားဝင်စာရွက်စာတမ်း တစုံတရာ ကိုင်ဆောင်ခြင်း မရှိ ဘဲ၊ မိမိဝမ်းစာရေးအတွက် လာရောက်ရှာဖွေစားသောက်ရင်း မလေးရဲက ဖမ်းဆီးထောင်ချ၊ ထောင်မှလွတ်သော် လည်း မလေးရဲက ပွဲစားလက်ထဲသို့ ရောင်းစားခြင်းကိုခံရသည်။
ပွဲစားကလည်း ထိုသူတွေကို လက်ထဲတွင် ကြာကြာ မထား။ သတ်မှတ်ထားသည့်အချိန်အတွင်း တစ်ယောက် ယောက် ကလာရွေးလျှင်ရွေး၊ မရွေးလျှင် ထိုင်းဘတ် သုံး သောင်းခွဲဖြင့် ငါးဖမ်းလှေ (သို့မဟုတ်) ရာဘာခြံထဲသို့ ကျွန်အဖြစ် ရောင်းစားမည်။ ထွက်ပြေးလျှင်လည်း ပစ်သတ်မည်။ ထိုင်း-မလေး နယ်စပ်မှာ လူကုန်ကူးမှုက သည်မျှ လောက်ဆိုးဝါး နေသည်ကို အသန်းသိသည်။
အသန်းရဲ့ပြောပြချက်အရ “ထောင်ထဲကနေ လွှတ်တဲ့သူတွေဆိုရင် ရဲတွေက ခေါ်သွားတယ်။ ရဲတွေက သူတို့ကို ထိုင်း-မလေးရှား နယ်စပ်က ပွဲစားတွေလက်ထဲကို ည ၇ နာရီလောက်ဆိုရင် တစ်ယောက်ကို မလေးရင်းဂစ်ငွေ ၄၀၀ နဲ့ ရောင်း စားလိုက်တယ်။ အဲဒီလိုလုပ်ဖို့အတွက် ထောင်သားတွေကို နယ်စပ်ကို သွားပစ်တော့မယ်ဆိုကတည်းက မလေးရဲက နယ်စပ်ကပွဲစားနဲ့ တစ်ခါတည်းချိတ်ထားတာ။ ရဲကရောင်းလိုက်ပြီဆိုတာနဲ့ ရောင်းစားခံလိုက်ရတဲ့ လူတွေကို ပွဲစားက တောထဲက နေရာတစ်နေရာကို ခေါ်သွားတယ်။ အဲဒီနေရာမှာပဲ အခုလို ရောင်းစားခံလိုက်ရတဲ့ လူပေါင်း ၁၀၀၊ ၂၀၀ လောက်ရှိတယ်”
အချို့ အကျဉ်းသားများမှာ မလေးရဲက ထောင်ထဲမှ ထုတ်၍ ထိုင်း-မလေးနယ်စပ်တွင် ရောင်းမစားမီ ကြိမ်ဒဏ်ရိုက်ခြင်း ကိုခံရပါသေးသည်။ ထိုအကြောင်း နှင့် ပက်သက်၍ ရောင်းစားမခံရမီ မလေးအကျဉ်းစခန်း၌ ကြိမ်ဒဏ်အရိုက်ခံခဲ့ရ သူ ကိုညွန့်ဝင်းက သူ့အတွေ့အကြုံကို အခုလိုပြောပြပါသည်။
“တရားရုံးကလည်း ကြိမ်ဒဏ်ရိုက်ဖို့ အမိန့်က ချပြီးသားဆိုတော့ ဘာမှပြောလို့မရဘူးလေ။ ကြိမ်ရိုက်မယ့်လူကို သူတို့က သက်သက်ကို မွေးထားတာ။ လူတစ်ယောက်ရိုက်ရင် မလေး ရင်းဂစ် ၁၀၀ (US$28) ရတယ်။ သူတို့က ထောင်ထဲမှာ ထောင်သားတွေကို အကြမ်းဖက်ပြီး ထိန်းတဲ့ကောင်တွေလေ။ အရပ်ကြီး တွေဆိုရင် ငါးပေရှစ်၊ ငါးပေကိုးလက်မ လောက်ရှိ တယ်။ တစ် ချို့ဆို ငါးပေဆယ့်တစ်လောက်အထိရှိတယ်။
ကျနော်တို့ကို ဆေးစစ်နေတုန်း၊ ဒီကောင်ကြီး တွေက ကြိမ်စင်ပေါ်မှာ သားရေပြားတွေကို တဖြောင်းဖြောင်းရိုက်ပြီး ကြိမ်စမ်း နေတာ။ ကြိမ်ရိုက် တော့မယ်ဆိုတော့ ကျနော်တို့ကို ဆွဲခေါ်ပြီး ထုတ်သွားတာ ဟိုတုန်းက ကားစင်တင်ခံရတော့မယ့် လူတစ်ယောက်ကို အာဏာပါးကွက်သားတွေက လာပြီးခေါ် ထုတ်သွားသလိုပဲ။ ကျနော်ကတော့ ဘုရား၊ တရားပဲ အောက် မေ့ပြီး၊ ကဲ… ကံမကောင်းလို့ ခံရတာပဲကွာ။ ချကွာ… ယောက်ျားပဲကွာ ဆိုပြီး အားတင်းထားလိုက်တယ်”
ထို့နောက် ကြိမ်ဒဏ်ရိုက်ပြီးသူများကို မလေးရဲ နှင့် လ၀က အရာရှိများက ထောင်ထဲမှထုတ်၍ ထိုင်း-မလေးနယ်စပ်တွင် စွန့်ပစ်မည့်သူများကို နယ်စပ်တွင်ရှိသော ထိုင်းပွဲစားများ ထံ မလေးရင်းဂစ် ၄၀၀ နှင့် ရောင်းစားသည်။ ထို ထိုင်းပွဲစား များလက်အောက်တွင် မြန်မာ-မွတ်စလင်များ အပါအ၀င်၊ တိုင်းရင်းသား ပွဲစားများက ဝေစား၊ မျှစား စနစ်ဖြင့် လူပွဲစား အလုပ်ကို လုပ်ကြသည်။ ထိုပွဲစားများထဲတွင် အဆိုးဆုံးမှာ ဟာမစ်ကိုနိုင်ဟုခေါ်သော မွန်ကုလားပွဲစား (အသက် ၃၈-၄၀ ခန့်) က အဆိုးဆုံးဖြစ်သည်ဟု လူကုန်ကူးခံရပြီး ကွာလာလမ်ပူသို့ ပြန်တက်လာသော မြန်မာအလုပ်သမား တစ်ဦး က ပြောပြပါသည်။
သူက “ရောင်းစားခံလိုက်ရတဲ့ ကျနော်တို့အုပ်စုထဲက လူတစ်ယောက်ပေါ့။ သူက ပွဲစားကို တွေ့ချင်တယ်လို့ပြောတယ်။ ပြောလည်း ပြောရော။ ပွဲစားဟာမစ်ကိုနိုင်တပည့်တွေက “အေး….မင်း၊ ငါတို့ဆရာကိုတွေ့ရမယ်” ဆိုပြီး ဟာမစ်ကိုနိုင်ကို သွားပြောလိုက်တယ်။ “အဲဒီကောင်ကတော့ ဆရာ့ကို တွေ့ချင်တယ်” လို့လဲ ဆိုရော ဟာမစ်ကိုနိုင် ရောက်လာပြီး ကျန်တဲ့ လူတွေရှေ့မှာ “မင်းလားကွ ငါ့ကိုတွေ့ချင်တာ” ဆိုပြီးတော့ သေနတ်ဒင် နဲ့ ထုတယ်။ ဆောင့်ကန် တယ်” ဟု သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ အဖြစ်အပျက်ကို ပြောပြပါသည်။
လူကုန်ကူးခံခဲ့ရသော မြန်မာအလုပ်သမားများ၏ ပြန်လည်ပြောပြချက်အရ ယခုလို လူကုန်ကူးမှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြသူများကို ဦးဆောင်သူမှာ ဟာမစ်ကိုနိုင်ပင်ဖြစ်ပြီး၊ ၄င်းနှင့် အတူလူကုန်ကူးမှုကို ကျူးလွန်နေသူမှာ မလေး နိုင်ငံသား အသက် ၃၈-၄၀ ၀န်းကျင်ရှိ ဟတ်ဆန်ဆိုသူဖြစ်သည်။ ၄င်းက မလေးရဲများနှင့် ချိတ်ဆက်ပြီး၊ မလေးထိန်း သိမ်းရေးစခန်းများမှ ထုတ်လာသော ထောင်သားများကို အရေအတွက်အလိုက် တစ်ယောက်လျှင် ရင်းဂစ် ၄၀၀ (US$114) နှင့် ၀ယ်သည်။
မလေးရှား ရဲထောက်လှမ်းရေး တပ်ဖွဲ့အနေနှင့် မကြာသေးမီက လူကုန်ကူးမှုတွင် ပါဝင်ပက်သက်နေသည့် မလေးလ၀က အရာရှိများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော်လည်း ထိုင်း နှင့် မလေးရှား အာဏာပိုင်များဖက်မှ ထိုင်း-မလေးရှားနယ်စပ်တွင် အခြေချ၍ လူကုန်ကူးမှုကို ကျူးလွန်နေကြသော ဟာမစ်ကိုနိုင်ဦးဆောင်သည့် လူကုန်ကူးမှုဂိုဏ်းကို မူ ယနေ့ထိ ခြေရာခံပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
“အဲဒီနေ့က ၂၀၀၈ ခုနှစ်၊ မေလ တစ်ရက်နေ့ပေါ့။ ကွာလာလမ်ပူကို ပြန်တက်မယ့် ကျနော်တို့ကတော့ ညကိုးနာရီခွဲ လောက်မှာ တန်းစီရတယ်။ နယ်စပ်ကနေ စထွက်လာတော့ ည ၁၀ နာရီရှိပြီ။ ကွာလာလမ်ပူကို နောက်တစ်နေ့မနက် ၇ နာရီခွဲ၊ ၈ နာရီလောက်မှ ရောက်တယ်။ အဲဒီ ညမှာပဲ ထိုင်းငါးဖမ်းလှေပေါ်ကို စုစုပေါင်း ၂၇ ယောက် ရောင်းစားခံ လိုက်ရ တယ်။ ကျနော်ကတော့ မလေးရှားဖက်ကို ပြန်တက်မယ့် ၁၃ ယောက် အုပ်စုထဲမှာပါတယ်။
ကျနော်တို့ အားလုံး တန်းစီရတယ်။ ဟာမစ်ကိုနိုင်လက်ထဲက ဟို ၂၇ ယောက်ကိုတော့ ထိုင်းပွဲစားက ဘတ် ၃ သောင်း ခွဲနဲ့ လှေပေါ်မှာ ခိုင်းစားဖို့ လာဝယ်တာပေါ့။ အဲဒီ ၂၇ ယောက်က အိမ်နဲ့လည်း အဆက်အသွယ်မရဘူး။ ထိုင်းမှာလည်း အဆက်အသွယ်မရှိဘူး။ မလေးမှာလည်း အဆက်အသွယ်မရှိဘူး။ အဲဒီတော့ သူတို့ကို ပွဲစားက တစ်လကျွေး ထားပြီး ရောင်းစားပစ်လိုက်တာ။ ကျနော့်အထင်တော့ ဒီလူတွေ အသက်ရှင်ဖို့ လမ်းမမြင်ဘူး။ ပွဲစားက ထိုင်းလှေကို အပြတ်ရောင်း ပစ်တာ” လို့ ထိုင်း-မလေးရှားနယ်စပ်တွင် ရောင်းစားခံခဲ့ရပြီး၊ ပွဲစားအားငွေပေး၍ ကွာလာလမ်ပူသို့ ပြန်တက်လာနိုင်ခဲ့သော အသက် ၃၂ နှစ်အရွယ်ရှိ ကိုထွန်းအောင်က သူ့အတွေ့အကြုံကိုပြောပြသည်။
ကိုထွန်းအောင် ပြောပြချက်အရဆိုလျှင် ပြီးခဲ့သည့် မေလ ၁ ရက်နေ့က ရောင်းစားခံလိုက်ရသော မြန်မာ ၂၇ ယောက် ဘယ် ကိုရောက်သွားပြီလဲ။ ငါးဖမ်းလှေပေါ်မှာပဲ ကျွန်တွေဖြစ်ကုန်ကြပြီလား။ သို့မဟုတ် ထွက်ပြေး၍အသတ်ခံလိုက်ရပြီလား။ ယခုလို ငါးဖမ်းလှေတွေကို ရောင်းစားခံလိုက်ရသော မြန်မာလူမျိုး အရေအတွက် ဘယ်လောက်ရှိနေပြီလဲ။ ဘယ်နှစ်ယောက် အသတ်ခံလိုက်ရပြီလဲ။ မည်သူမှ အတိအကျမသိပါ။
“တခါတခါ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတယ်။ ကိုယ့်လူတစ်ယောက် နယ်စပ်ကနေပြန်တက်လာဖို့အတွက် ပွဲစားကို ပိုက်ဆံ ပေးပြီးရွေးလိုက်တာကိုက သူတို့ကို လူကုန်ကူးမှုကျူးလွန်ခွင့်ကို ပေးနေသလို ဖြစ်နေသလားလို့ပါ။ ကိုယ်က အဆင်မ ပြေသေး လို့ပါ လို့ပြောရင် ပွဲစားက သူ့လက်ထဲကကိုယ့်လူကို ကိုယ်နဲ့ ဖုန်းပေးပြောခိုင်းတယ်။ ဖုန်းပြောနေတုန်းမှာပဲ ပွဲစားရဲ့ တပည့် တွေက နောက်ကနေ ကန်တယ်၊ ရိုက်တယ်။ လက်သီးနဲ့ထိုးတယ်ပေါ့။
အဲဒီအသံကို ဒီဖက်ကနေ ကြားနေရတော့ စိတ်မချမ်းသာဘူး။ မရွေးရင်လည်း ကိုယ့်လူက သူတို့လက်ထဲမှာ သေရတော့မှာ။ မသေခင် ဒီကောင်တွေက ၀ အောင် ညှဉ်းဆဲဦးမှာ။ နောက်ဆုံးတော့ ကိုယ့်မှာ မရှိ၊ ရှိတဲ့ပိုက်ဆံလေး နဲ့၊ မလောက်ရင်လည်း သူများဆီက ခဏချေးငှားပြီးတော့ ကိုယ့်လူကိုယ် ပြန်ရွေးရတာပါပဲ” ဟု အသန်းက စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောသည်။
လူအခွင့်အရေး အဖွဲ့တွေသော်လည်းကောင်း၊ ထိုင်း နှင့် မလေးရှား အာဏာပိုင်တွေကသော်လည်းကောင်း၊ နိုင်ငံတကာ ကသော်လည်းကောင်း ထိုကိစ္စတွေကို မသိ၍ပဲလား၊ သို့မဟုတ် လျစ်လျူထားတာလားဆိုသည်ကိုတော့ မပြောတတ်။ ထို ကဲ့သို့အမှုမျိုးကို ယနေ့ထိတိုင် ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။ သေချာတာကတော့ ထိုင်း-မလေးနယ်စပ်က လူကုန်ကူးသည့် ပွဲစားများ နှင့် သက်ဆိုင်ရာ အာဏာပိုင်များမှာ မိမိတို့နှင့် အမျိုးအနွယ်တူ လူသားအချင်းချင်းကိုပင် လက်လီ၊ လက်ကား ရောင်းဝယ် ဖောက်ကား၍ စီးပွားဖြစ်နေကြသည်။ ခေတ်သစ်ကျွန် စနစ်ထဲမှာ သားကောင်ဖြစ်နေရတာကတော့ ပြည်တွင်းက မိသားစု စားဝတ်နေရေးအတွက် ပြည်ပမှာ နဖူးကချွေး ခြေမ ကျအောင် လာရောက်ရုန်းကန်နေကြရပြီး၊ နောက်ဆုံးမှာ ကျွန် အဖြစ် ဘ၀ဇာတ်သိမ်းသွားကြရရှာတဲ့ မြန်မာလူမျိုးတွေပဲဖြစ်ပါတယ်။
Monday, 30 November 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment