Monday, 30 November 2009

မြက်ကလေး တပင်



နိုင်ငံကျော် စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေး
-အောင်ခက်-

ထမင်းကောင်း ဟင်းကောင်းစားရတဲ့ အခါ မိတ်ကောင်းဆွေကောင်းတွေ ကို သတိရသလို စာကောင်းပေကောင်း တွေကို ဖတ်ရတဲ့ အခါ ကျနော်တို့ စာဖတ်မိတ်ဆွေတွေကိုလည်း သတိရမိတာတော့ အမှန်ပါဘဲ။ အဲဒီအတွက် ဘဲ ကျနော်တို့ WFWW ( We Fight We Win) က ကျနော်တို့ ဖတ်ရှု့ ခဲ့ တဲ့ စာကောင်းပေကောင်းတွေကို ကျနော်တို့ရဲ့ စာဖတ်ပရိသတ် အဆွေခင်ပွန်းတွေအတွက် မျှဝေ ပေးနေပါတယ်။ ဒီနေ့တော့ နိုင်ငံကျော် စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေး ရေးသားထားခဲ့တဲ့ "မြတ်ကလေးတပင်" ရသ ၀တ္ထုတို ကို ကျနော်တို့ရဲ့ စာဖတ်ပရိသတ်တွေ ကို ဝေမျှသွားပါမယ်။ ဒီ ရသ ၀တ္ထုတို ထဲမှာ မြန်မာ့လူမူ့ လောက မှာ  ရှက်ဖွယ်ကောင်းတဲ့ အကျင့်စရိုက်ဆိုးဖြစ်တဲ့ လူ လူခြင်း ရောင်စားပြီး နှိပ်စက်တက်တဲ့ လူကုန်ကူးမှု အကြောင်း ကို နိုင်ငံကျော် စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေး က ၀မ်းနည်းကြေကွဲဖွယ် ကောင်းစွာ သရုပ်ပေါ်အောင် ရေးသား တင်ပြ ခဲ့တာပါ။

ဒီ ၀တ္ထုတို အပြီး မှာတော့  ကိုကျော်သိင်္ခ ရေးသားထားတဲ့  "သားကောင်ဖြစ်သွားကြသူများ"  ဆောင်းပါး ကို ဆက်လက်ဖော်ပြ ပေးထားပါတယ်။ အဲဒီ ဆောင်းပါး မှာတော့ မလေးရှား-ထိုင်းနိုင်ငံနယ်စပ်မှာ လာရောက်လုပ်ကိုင် နေထိုင်နေကြတဲ့ မြန်မာလူမျိုးများ  ဘယ်လို ဒုက္ခအပေါင်းနဲ့ ရင်ဆိုင်ခံစားနေရသလဲ ဆိုတဲ့ ခေတ်သစ် လူ လူခြင်း ရောင်စားတဲ့ လူကုန်ကူးမှု အကြောင်း ကို ဆက်၍ ဖော်ပြပေးထားပါတယ်။

မြန်မာ့လူမူ့အဖွဲ့အစည်း၊ မြန်မာ့လူ့ဘောင်လောက မှာ လူ လူခြင်း နှိပ်စက်ခံရမှုမှ ကင်းဝေးနိုင်ကြပါစေ။

မြက်ကလေး တပင်
-၀တ္ထု- (ဂျာနယ်ကျော် မမလေး)-

စစ်ဗိုလ်ကတော်ခင်မမသည် ကတုံးမကလေးကို နှာခေါင်းရှုံ့၍ကြည့်၏။ ငွေငါးဆယ်များနေသလားဟု စိတ်ထဲက တွက်ချက်ကြည့်လျက် နှာမြောသလိုလိုတွန့်တိုနေလေသည်။ နှမြောမည်ဆိုလည်း နှမြောပေမည်၊ ဆယ်တန်ငါးချပ်သည် ပိုကာဝိုင်း၌ တနေကုန်တနေခန်းခါးချိအောင် ထိုင်ရိုက်ရသောငွေဖြစ်သည်။ ဖဲဝိုင်း၌ တနေ့ခင်းလုံးရှုံးနေသည်။ ပါလာသောငွေ (၁၀၀)ကျပ်ကုန်၍အတွင်းဝန်ကတော်တဦးထံက(၃၀)ကျပ်လှည့်ပြီး ဆက်ရိုက်နေစဉ်၊မင်းကတော်များရှေ့တွင်ဣနြေ္ဒမပျက်အောင် ဟန်ဆောင်ပြီး ရိုက်နေရ၏။လက်ကိုင်အိတ်တဲ ရာတန်ထည့်ယူခဲ့ရပါ့မလားဟု နောင်တရလို့မဆုံးဘယ်သူမှမသိကြ၍သာ၊ သူ့ကိုယ်သူလည်း ဆဲမိသေးသည်။

ဒေါသကြောင့်လက်ထိပ်က ချဖဲကိုမမြင်ဘဲလျှမ်းနေသည်။ ရင်ထဲကလည်းတလှပ်လှပ်ဖြစ်ကာ မွှန်နေသည်။ အသက်ရှူရပင်ကျပ်လာ၏ ကံကောင်းထောက်မ၍တဖြည်းဖြည်းငွေ(၁၀၀)ကျပ် အရင်းပြန်ပေါ်ကာ ငွေ(၃၀)ကျပ် အကြွေးကို ဆပ်နိုင်လိုက်ရုံမက ငွေ (၅၀)ကျပ် အမြတ်ထွက်လျှက် အနိုင်နှင့်ပြီးလိုက်ရ၏။ ခင်မမသည် ဖဲဝိုင်းအပြီးမြေကြီးနှင့်ခြေမထိဘဲ ၀ဲပျံသွားလျှင်ရတော့မလောက်ပေါ့ပါးသွားသည်။


ရွှင်မြူးနေ၍ အသံမှာ နဂိုအသံမဟုတ်တော့ဘဲ အူထဲကအသံထွက်လာသည်။ “ခင်တော့ အိမ်ရောက်ရင် အိပ်ရာထဲခွေရတော့မယ် အောက်မေ့တယ်...တော်ပါသေးရဲ့...ဟဲ-ဟဲ-ဟဲ” ပွင့်လင်းစွာ အားရပါးရကြီး ရယ်မောချလိုက်လေသည်။“ခင်တော့ပွတာပဲ...ကိုယ်တော့ မီးယပ်ချမ်းထနေပြီ...”မင်းကတော် စိုးကတော်၊သူဌေးကးတော်တို့၏ ရယ်မောသံများ စည်စည်ကားကား ထွက်ပေါ်နေစဉ် မီးကို ရေနှင့်ဖြန်း သကဲ့သို့ ရုတ်တရက်တိတ်သွားကြ၏။ ဖဲဝိုင်းလုပ်နေသော ထမင်းစားခန်းထဲသို့ ခပ်၀၀မိန်းမကြီး တယောက်ဝင်လာသည်။ သနပ်ခါးဘဲကျားနှင့် သားမဲမဲ၀၀တုတ်တုတ်ကြီး၊ ဗိုက်ကြီးမှာရှေ့သို့ တတောင်လောက်ချွန် နေသည်။ (၃)ပေလောက်မြင့်သော ကတုံးပြောင်ကလေးနှင့်ခလေးမ ပိန်ပိန်သေးသေး ကလေးသည်။ မိန်းမ၀၀ကြီး၏ ပေါင်တဘက်ကထမီစကို ဆွဲကိုင်လျက် ကပ်ပါ လာလေသည်။ မင်းကတော်များမှာ မိန်းမကြီး၏ ပေါင်လုံးကွယ်နေ၍တွယ်ကပ်ပါလာသောကတုံးမကလေးကို ကိုယ်ကလေး တခြမ်းသာ မြင်ကြရသည်။အသားညိုညို၊ မျက်လုံးပြူးပြူး၊ အရိုးပဒေသာ ကိုယ်လုံးကလေး ပေါ်တွင် ပိတ်ရှင်မီး၊ ရေမလျှော်ရသေးသော အသစ် စက်စက်သည် ကိုယ်ပေါ်၌အဆမတန်ချောင်နေကာ ရှင်မီးကြိုးမှာ လက်မောင်းအရိုးပေါ် ကျနေ၏ ခါးကထမီသည် ထမီ ဆင်နှင့်မတ။ူ အသားရိနေသော အ၀တ်ပိုင်းဟောင်းစ တခုကို ဂွင်းချုပ်ဝတ်ပက်ထားကာအဆင်းလည်းမရှိ၊ အရောင်လည်းမရှိ၊ မဲညစ်နေသဖြင့် အထက်ကရှင်မီး နှင့်တော့ အရောင်ကွဲခြားနေသည်။တကိုယ်လုံးတွင် မျက်လုံးသာလျှင်ပေါ်လေ၏ ပါးနီ၊ နှုတ်ခမ်းနီဆိုးလျှက် ဆံပင်များဖွာလံတွန့်ကောက်ထားသော မင်းကတော်တွေကို ခပ်ရိုင်းရိုင်းပြူးစိုက်၍ ကြည့်နေ၏ “ဒီဟာမလေးလား” ဟု ခင်မမဘေးတွင်ရပ်နေသော အရေးပိုင်ကတော်ကမျက်မှောင်ကြုတ်၍ မေးလိုက်လျှင် မိန်းမ ခပ်၀၀ကြီးသည် ရှားရောင်ပေါက်နေသောသွားများကိုဖော်ကာ မျက်နှာချိုအယင်သွေးပြီးမှ အသံသေးသေးနှင့်ပြောသည်။


“မမဘို့ပြောထားတဲ့ခလေးမက တအိမ်ကဦးသွားလို့ မရလိုက်ဘူး၊ ဒီဟာမလေးကတော့လခနဲ့မဟုတ်ပါဘူး။ အပိုင်ရောင်းမှာမို့် မမလိုချင်လဲ ယူရအောင်ဆွဲလာတာပါ...”“မလိုချင်ပါဘူတော်...”ဟု အရေးပိုင်ကတော်က ခေါင်ခါလျှက်မဲ့ပြောလိုက်သည်။ ကတုံးမလေးသည် သူ့အားဝိုင်းကြည့်နေသော မျက်လုံးများကို မခံရပ်နိုင်၍ထမီစကိုမြဲမြဲဆုပ်လျက် တင်ပါးကြီး နောက်တွင် မျက်နှာကပ်ကာ ကွယ်ဖွက်ထားလိုက်သည်။ “ဒီလက်မလောက်ကလေး ဘာလုပ်ရမလဲ...”ဟု အတွင်းဝန်ကတော်ကဆို လိုက်ရာ “ကြီးလာအောင် အနွံအတာခံပြီး မွေးထားရအုံးမဲ့ တာဝန်ကမသေးဘူး..”ဟု သစ်စက်သူဌေး ကတော်လေး က ထောက်ခံလိုက်သည်။သူတို့အထဲတွင် ဆံပင်ဖြူနေသော လွှတ်တော် ရှေ့နေကတော်ကြီးသည် တယောက်တခွန်း ထင်မြင်ချက် ပေးနေကြ သည့်အထဲ၌ မပါဝင်ဘဲငြိမ်နေသည်။အတန်ကြာမှ ရှေ့နောက်မြှော်မြင် တွေးတောစဉ်းစားနေသော အမူအယာများကို ရုတ်သိမ်း၍ စီးကရက်တလိပ် ကိုဖွာလိုက်ပြီးနောက်ကုလားထိုက်နောက်မှီနှင့်ကျောကိုပြန်ကပ်လိုက်ကာ ခပ်လေးလေး ပြောပြသည်။


“ဒီလိုအပိုင်းရတာမျိုးကရှားတယ်နော်... လခနဲ့ ခိုင်းရတာက မပိုင်ဝက်မွေးတွေ၊ဒါမျိုးကမှ တသက်လုံးခိုင်းဖို့ပိုင်တာ၊ ငယ်လဲခဏပေါ့။ စောင့်ရလှ(၁)နှစ်(၂)နှစ်ပါ၊ (၈)နှစ်(၉) နှစ်လောက် ဖြစ်လာယင် ပန်းကန်ဆေး၊ သနပ်ခါးသွေး၊ အ၀တ်ဖွတ်၊ ကြမ်းတိုက်ရရောပေါ့၊ အန်တီကခလေးမြေးငယ်မရှိလို့၊ ရှိရင်သူတို့နဲ့အဖေါ်ရအောင်ဝယ်ထားလိုက်မှာဘဲ” ခင်မမသည် ဖြတ်ကနဲ အိမ်က မိုက်ကယ်နှင့်လီလီကို သတိရလိုက်သည်။ မိုက်ကယ်မှာ(ရ)နှစ်သား ကလေးဖြစ်သည်။

လီလီမှာ(၁၀)နှစ်သမီးဖြစ်သည်။ ခလေးတွေမှာ အိမ်ကထမင်းချက်သော အမယ်ကြီးကို မခင်ကြပေ၊ ဆယ်လေးငါးနှစ် ခပ်ရွယ်ရွယ်ကလေးမများကို လခနှင့်ငှားထားရပေါင်းလည်းများလှပြီ။ ခလေးတွေက ဆိုးလွန်းသောကြောင့် ဒဏ်မခံနိုင်ကြဘဲ တလနှစ်လနှင့်ထွက်သွားကြသည်။ ဒီဟာမလေးဆိုရင် အပိုင်လည်းရ၊ ဒုံးပေကပ်သတ် ခိုင်းချင်တိုင်းလည်း ခိုင်းသွားနိုင်မည်။

“ဘယ်လောက်လဲ”ခင်မမသည် ဈေးထဲ၌ ဘဲကောင်ကိုဝယ်သည့်အခါ ရင်အုံနှင့်ပေါင်တံတို့တွင် အသား များမများ တို့ဖိ ကြည့်သလို တင်ပါးနောက်က ကိုယ်တခြမ်း ထွက်ပြူလာသော ကတုံးမလေး၏ လက်မောင်းနှင့်ပေါင်တံတို့ကို မျက်စိကစားရင်း မေးကြည့်လိုက်သည်။ “၅၀ကျပ် ပါရှင်...” မိန်းမ၀၀ကြီးသည် အားတက်ကာ ရောင်းမည့်ပစ္စည်းကို ၀ယ်သူအား ထုတ်ရအောင် လက်တဘက်က နောက်ပြန် ပစ်လျက် တင်ပါးနောက်၌ ပုနေသော ကတုံးမကလေး၏ ဂုတ်ကို ဆုတ်ကာ ကိုယ်ရှေ့သို့ ဆွဲထုတ် လိုက်လေ၏ ကတုံးမကလေးသည် ရုန်းရင်းလိမ်ရင်းပါလာကာ ချွန်ထွက်နေသော ဗိုက်ပူကြီးကို ကပ်ဖဲ့ကပ်ဖဲ့ဖြင့်ပင် အတင်း ကပ်မှီနေပြီးနောက် မည်သူ့ကိုမျှ မကြည့်တော့ဘဲ မျက်နှာကိုငုံ့ထားသည်မိန်းမ၀၀ကြီး၏ဗိုက်ကို မှီရပ်တွယ်ကပ်နေသော ရုပ်ပျက်ဆင်းပျက် “ပစ္စည်း”ကိုဝိုင်းကြည့်ကြရင်း အားလုံးလိုလိုပင် စိတ်ပျက်ကြသည်။ ငွေ ၅၀ ကျပ်နှင့်တန်မတန်တွန့်နေသော ခင်မမပင် နှာခေါင်းရှုံ့၍ နေလေသည်။


“ဖအေမအေလည်းမရှိပါဘူး၊ ဆွေမျိုးလည်းမရှိပါဘူး၊ မုဒုံဘက်ကပါ၊မွေးခါစက သနားလို့ယူပြီးမွေးထားတဲ့ အဖိုးကြီးလည်းသေသွားပြီ၊ အမယ်ကြီးမမာလို့မမွေးနိုင်တာကြောင့် အိမ်ကောင်းယာကောင်း ပို့ခိုင်းတာပါ...” လူအရောင်းအ၀ယ်ကို ကျင်လည်ပါးနပ်စွာ ကုန်ကူးနေသော မိန်းမကြီးသည် ခေါ်ထားသည့်ဈေးနှင့် တည့်အောင် ရောင်းပန်း မလှသောပစ္စည်းကို တွန်းရောင်းနေရလေ၏။ ခင်မမသည် အိတ်ထဲကငွေနှင့် သာဆိုလျှင် သည်လိုပိန်ပိန်ခြောက်ခြောက် (၃)ပေလောက်ဟာကလေးမျိုးကို ၀ယ်ဖြစ်ချင်မှ ၀ယ်ဖြစ်မည်။ သို့သော်အရှုံးထဲက အမြတ်ပြန်ထွက်ထားသော ငွေ၅၀ ကျပ် ပင်ဖြစ်၍လဲယူရန်အောင့်သက်သက် ဖြစ်နေသည်။

“မလျှော့ဘူးလားရှင် ၃၀ကျပ် လောက်နဲ့ မရဘူးလား....”ခင်မမသည် မိန်းမကြီးကိုပြောပြီး အိမ်ရှင်အရေးပိုင်ကတော်ကို ဆစ်ပေးရန်မျက်လုံးဖြင့် စစ်ကူတောင်းလိုက်သည်။ အရေးပိုင်ကတော်ကား လူရောင်းလာသောမိန်းမ၀၀ကြီးထက် အရည်အချင်းတပန်းသာဖြစ်၍ သွယ်ဝိုက်သောနည်းဖြင့် ဖိနှိပ် နင်းဆစ်ပေးလိုက်သည်။ “ခင့်နှယ်...ဘာလုပ်ဖို့များ လိုချင်ရတာလဲ...လက်မလောက်ဟာကို မခိုင်းရ မစီးရ ဒုက္ခသုက္ခခံလို့ မွေးရမှာ၊ ကိုယ်သာ ဆိုရင် အလကားမွေးပါဆိုတောင်မယူဘူး၊ ညီးဟကလည်း ၃၀ကျပ် ပေးယင် ဈေးကိုင်မနေနဲ့၊ တော်တော့ ညီးဟာမ လေးကို ဘယ်သူကမှ ယူမှာမဟုတ်ဘူး...သိရဲ့လား” ၁၀ ကျပ် လောက်ရလျှင်ပေးခဲ့မယ်ဟု မှန်းခဲ့သော မိန်းမကြီးသည် နုံချာကြောက်ရွံ့ရိုသေလှသော ဟန်ပေးလျက် မျက်နှာထား ကြီးနှင့် ပြောလိုက်သော အရေးပိုင်ကတော်ကို ရှိခိုးဦးတင်ပြန်ပြောလိုက်သည်။ “ဈေးမကိုင်ဝံ့ပါဘူးမမရယ်...ပေးတဲ့အတိုင်း တိုးမပြောပါဘူး...ကျမက ကြား ထဲကပါ... ဟိုအမယ်ကြီး တဘက်သားလဲ ဆေးဘိုး ၀ါးဘိုးလေးဘဲရရ သက်သက်ဆောင်ရွက်ပေးချင်လို့ ဆွဲလာတာပါ၊ မမကဒီလောက်နဲ့တော်ဆိုမှ...တိုးမပြောရဲပါဘူး”ကတုံးမလေးသည် မဲ့နေရာမှ စာပွဲပေါ်သို့ ဘယ်ကပေါ်လာမှန်း မသိ ခုန်တက်လိုက်သော ကြောင်နက်ကလေးကို ငေးစိုက်ကြည့်နေကာ ဘာတွေကို ပြောဆိုနေကြမှန်းမသိတော့ပေ။ ကြောင်နက်ကလေးသည် စာပွဲပေါ်တွင်ခွေလျက် လည်ပင်းယား၍ လက်ကလေးတဘက်နှင့် ကုပ်နေသည်ကို စိုက်ကြည့်နေလေသည်။ အရေးပိုင်ကတော်သည် ကြောင်နက်ကလေးကို ပွေ့ယူချီလိုက်ကာ ရင်ခွင်တွင်ထွေးပိုက် ထားလိုက်သည်။ကြောင်နက်ကလေး အရေးပိုင်ကတော် ရင်ခွင်ထဲ ရောက်သွားမှ မျက်စေ့လွှဲသွားကာ ခင်မမအားတလှည့် မိန်းမ၀၀ကြီး လှမ်းယူ လိုက်သော ငွေစက္ကူကိုတလှည့် ကြည့်နေပြန်၏

“ခင်ပြန်တော့မယ်...ကလပ်ကို ကားလွှတ်ရအုံးမှာ...အားလုံးဘဲပြန်မယ်နော်...”ခင်မမသည် အခန်းထဲမှ ရှေ့ကထွက်ခဲ့သည်။ ခင်မမနောက်မှ မိန်းမ၀၀ကြီးသည် ကတုံးမကလေးလက်ဆွဲလျက် လိုက်ခဲ့ ကာ ကြောင်နက်ကလေးကို ပွေ့လာသော အရေးပိုင်ကတော်နှင့် အခြားကတော်များက နောက်ဆုံးက ထွက်လိုက်လာကြ၏ အိမ်ရှေ့ ဆင်ဝင်အောက်ရှိ ကားထဲသို့မ၀င်ခင် ခင်မမသည် ကတုံးမကလေးကို အရင်တင်ပေးရန် မျက်ရိပ်ပြလိုက်သည်။“တက်...ကားပေါ်တက် ကားကြီးစီးပြီး ဟိုဈေးမှာ မုန့်သွားဝယ်ပေးမှာ၊တက်လေ...” ကားကြီးထဲ မ၀င်ဝံ့သဖြင့် မျက်လုံးများပြူးကာ အသံမထွက်ဘဲ ရုတ်တရက် အကြောက်အကန်ရုန်းယင်း မန်းမကြီး၏ ပေါင်တံအား တအားဖက်ထားပုံကို ၀ိုင်းကြည့်ကြလျက် ၀ါးကနဲရယ်ကြလေသည်။ မိန်းမကြီးက ပခုံးကလေးနှစ်ဘက်ကနေ၍လက်နှင့် ဆုပ်မ လိုက်ပြီးလျင် ကားထဲသို့ ထိုးသွင်းထည့်လိုက်ကာ ဂျိုင်း ကနဲ တံခါးကြီးပိတ်ပစ်လိုက်မှ ၀ါးကနဲ ငိုသံထွက်လာသည်။ ခင်မမသည် ပြုံး၍ ရှေ့မှဒရိုင်ဘာဘေးတွင် ၀င်ထိုင်လိုက်ကာ ကားတံခါးကို ပိတ်လျက် ကားမထွက်ခင်အားလုံးလက်ပြ၍ ရွှင်ရွှင်ပြုံးပြုံး နှုတ်ဆက်ခဲ့သည်။

“နင့်နာမည်ဘယ်သူလဲပြောစမ်း...”ခင်မမသည် အိမ်ခန်းထဲ၌ အ၀တ်အစားများလဲဖယ်ကာ အညောင်းဆန့်ရန်ကုတင်ပေါ်သို့ ပစ်လှဲလိုက်ပြီးလျှင် အပြင်ခန်း တွင် တရှုံ့ရှုံ့ငိုနေသော ကလေးမကို အခန်းထဲသို့ ခေါ်သွင်းလျက် စစ်ဆေးကြည့်၏ “ပြောလေ...မေးနေတာ““ငါဘယ်ရောက်နေပါလိမ့်... “ဟု အသိဥာဏ်ဖြင့် မစဉ်းစားနိုင်သေးဘဲ၊ မှန်ကားကြီးထဲထည့်ကာ တံခါးအလုံပိတ်မောင်း လာ၍ သေလုမြောပါးကြောက်လန့်သွားသည့်အရှိန်မှာ ကောင်းကောင်းမပြေတတ်သေးသဖြင့် ရုတ်တရက်အဖြေမပေးနိုင်ဘဲ ရှိုက်၍ ငိုနေလေ၏ “ဒီနားတိုးခဲ့စမ်း...” အမိန့်ပေးသောအသံသည် ပြင်းထန်လှသဖြင့် တကိုယ်လုံးတုန်သွားကာ ကြောက်ကြောက်ရွံ့ရွံ့ ဖြင့် ကုတင်နားသို့ တိုးကပ်လာသည်။“မေးနေတာပြောလေ၊ နံမည်မေးတာပြော၊ နင့်နံမည်က ဘယ်သူလဲ...” “ညှပ်စိ” ကလေးမလေးက နောက်တကြိမ်ထပ်ပြောမှ နားထဲတွင် သဲကွဲသွားလျက် ခင်မမသည် “ညှပ်စိ... အမယ်လေးဟဲ့”ဟု အလန့်တကြားပင် အော်လိုက်ကာ မျက်နှာကြီးရှုံ့နေ၏ မွေးနေ့ပါတီက ပြန်လာကြသော မိုက်ကယ်နှင့်လီလီတို့သည် အခန်းထဲသို့ပြေးဝင်လာကြသည်။

“မာမီ...မာမီ”ဟု အော်ခေါ်လာသော အသံများကား ဆူညံသွားသည်။ မိုက်ကယ်သည် ဖိနပ်မချွတ်ဘဲ ခုတင်တိုင်ပေါ်သို့ ခုန်တက်လာ၍ ခင်မမက ထလှမ်းဆွဲလိုက်သည်။ လီလီသည် ခုတင်တိုင်ကိုကိုင်ကာ “ညှပ်စိ”အား ခြေဆုံးခေါင်းဖျား ထူးထူးဆန်းဆန်းကြည့်လိုက်၏ ညှပ်စိသည် လီလီ၏ခေါင်းပေါ်၌ ခွေလိမ်နေသောဆံပင်နှင့်နှုတ်ခမ်းနီပါးနီခြယ်ထားသော မျက်နှာကိုပြူးစိုက် ကြည့်နေသဖြင့် မနှစ်မြို့သလို နှုတ်ခမ်းစူပြလိုက်ကာ “မာမီ...သူကဘယ်သူလဲ”ဟု မေးလိုက်သည်။ မိုက်ကယ်သည် ခင်မမကျောကို ပိုးစီးထားလိုက်ကာ လည်ပင်းအစ်လောက်အောင်ဖက်ထားသဖြင့် လက်ပြုတ် အောင် ကြိုးစား၍ မနဲဖြုတ်နေရင်း “သမီးတို့ခိုင်းခိုင်းဖို့ဝယ်လာတာ”ဟုဆိုလိုက်၏ မိုက်ကယ်သည် ညှပ်စိအားကြည့်လျက် မျက်နှာရှုံ့၍ “သားသားခိုင်းဖို့ရောမ၀ယ်လာဘူးလား...ဟု ခင်မမကျောကို လက်သီးဆုပ်နှင့် တဘုံးဘုံးထုပြောလေသည် “အတူတူပေါ့သားရယ်. ..အတူတူခိုင်းကြပေါ့”ဟု အထုခံရင်း ချော့ပြောရသည်။ “မာမီ...သူကဘယ်ကလဲ” လီလီသည် အထပ်လိုက် အထပ်လိုက်ကြွဖောင်းကားနေသော ဂါဝန်အောက် ပိုင်းကိုပင့်လှန်၍ ခုတင်ပေါ်ထိုင်ချကာ ခြေထောက်ကလေးများ လှုပ်ရမ်းလျက် စိတ်ဝင်စားစွာ စစ်ဆေးမေးမြန်းနေ၏

“ဘယ်ကမှန်း ဘယ်သိမလဲ၊ ဟဲ့...နင်ဘယ်မှာမွေးသလဲ”ခင်မမ မေးနေလည်း မေးမေးပင်၊ ညှပ်စိမှာ မေးတာကို နားလည်သလိုရှိသော်လည်း၊ ဘယ်မှာမွေးမှန်း မသိသဖြင့် ကြောင်ထောင်ကြီးပင် ကြည့်နေ၏“နင့်ကိုမွေးတဲ့နေရာ နင်မသိဘူးလား...”ညှပ်စိသည် ခင်မမအားကြည်၍ ခေါင်းခါလိုက်သည်၊ လီလီနှင့်မိုက်ကယ်လည်းပြိုင်တူရယ်လိုက်ကြသည်၊ ညှပ်စိသည် မျက်နှာညှိုးသွားကာ မိုက်ကယ်အား မျက်စောင်းထိုး၍ ကြည့်လျှင် မိုက်ကယ်၏ မျက်နှာပေါက်ဆိုးဆိုးနှင့် လက်သီးကိုမြင်လိုက်ရ၍ ချာကနဲ မျက်လုံးကို ရုပ်သိမ်းပစ်လိုက်သည်။ “မာမီ...သူ့အဖေရော အမေရော မရှိဘူးလား...” ခင်မမသည် လီလီ၏ဂါဝန်နောက်ကျောမှ ကြယ်စိများကို လှမ်းဖြုတ်ပေးနေရာမ “နင့်အဖေအမေ မေးနေတယ် ...ပြောလေ” ဟုငေါက်ပြောလိုက်သည်။ ညှပ်စိသည် မိုက်ကယ်ကို မကြည့်တော့ဘဲ၊ လီလီနှင့်ခင်မမကို သာတလှည့်စီကြည့်လျက်နေ၏ “မေးတာပြောလေ...” လီလီကအော်ငေါက်လိုက်သည်၊ ညှပ်စိသည် လီလီကိုမျက်စောင်းထိုးလျက် ဆီမန်းမန်းသလို နှုတ်ခမ်းများက လှုပ်လေ၏ မိုက်ကယ်နှင့်လီလီသည် ညှပ်စိပုံပန်းကိုကြည့်လျက် စိတ်ဆိုးနေမှန်းသိကြသဖြင့် ပို၍စိတ်ဝင်စားကာ “မာမီ...မေးတာမပြောဘူး”ဟု ပြိုင်တူတိုင်တန်းကြသည်။ ခင်မမသည်ခုတင်ပေါ်မှထ၍ လီလီ၏ဂါဝန်ကို အထက်သို့လှန်ချွန်ယူလျက် ညှပ်စိဘက်သို့လှည့်ကာ“မေးတာပြော”ဟု ထပ်အော်လိုက်၏ ညှပ်စိသည်မျက်နှာပုပ်ပုပ်ဖြင့် မည်သူ့ကိုမျှမကြည့်ဘဲ ကြမ်းကိုစိုက်ကြည့်ကာ မဖြေဘဲနေ၏ ခင်မမသည် “အာဂလာတဲ့ကောင်မလေးပါလား...” ဟုထောင်းကနဲဖြစ်သွားကာ ညှပ်စိရှေ့၌ခါးထောက်ကြည့်လိုက်၏

“ညှပ်စိ...” “ဘာတုန်း...” ဖြန်း...
ညှပ်စိ၏ နာမည်ကိုကြား၍လီလီသည် တခစ်ခစ်ရယ်နေလေသည်။ မိုက်ကယ်လည်းလိုက်ရယ်သည်။ ဖြန်းကနဲအသံထွက်လျှင် အရယ်ရပ်သွားကာ ညှပ်စိအား စိုက်ကြည့်နေကြပြန်၏ ညှပ်စိသည် အသံထွက်အောင် အော်ငိုလိုက်သည်။ ဖြန်း...ဖြန်း...ဖြန်း...ဤအကြိမ်တွင် သုံးချက်ဖြစ်သွားသည်။ ထိုသုံးချက်သည် ညှပ်စိအား နောက်ထပ်အသံ မထွက်ဝံ့တော့ချေ။ “တိတ်...ကောင်းကောင်းပြော...နင့် အဖေအမေ ဘယ်သူလဲ...”ညှပ်စိသည် ရှိုက်လျက်ရှိုက်လျက် “မသိဘူး”ဟုဆိုလေသည်။ အဖေ အမေ မသိဘူးဆိုသောအဖြေမှာလီလီနှင့်မိုက်ကယ် အဖို့ ရယ်စရာကောင်းလှ၍ အားရပါးရ ရယ်ကြသည်။ “မာမီ...အရူးမလေးနော်...သူ့အဖေအမေ သူမသိဘူး... အရူးမလေး..ဟုပြောကြ၏ “နောက်တခါမေးလို့များ မဖြေဘဲကပ်နေရင်...ဟောဒီမှာ ကြည့်ထား”ခင်မမသည် သူ၏ မို့ဖောင်းတုပ်ခိုင်သော လက်ဝါးကို ထောင်ပြသဖြင့် ညှပ်စိသည် မျက်လုံးကလေး ပေကလပ်ဖြင့် ကြည့်လျက်ရှိုက်နေလေသည်။ ညှပ်စိသည် သူ၏ဇာတိကို ပြောပြတတ်ဖို့နေနေသာသာ သူ့မိဘများကိုပင် မည်သူမည်ဝါမသိရိုးအမှန်ဖြစ်၏ သိချင် စိတ်လည်းမဖြစ်မိပေ။ လူမှန်းသိတတ်စအဖိုးကြီးတယောက်နှင့် တူတူနေခဲ့ဖူးသည့် ဘ၀ကိုလည်း ပြန်လည်၍ သတိရချင်သည့် အခါမှသတိရလေသည်။

အဖိုးကြီးရုပ်ကိုလည်း ကောင်းကောင်းမမှတ်မိတော့ဇ၀ဇ၀ါမှတ်မိသည်။ထို့နောက်အမယ်ကြီး တယောက်နှင့် မိန်းမကြီးတယောက်ကိုသိသည်။ အမယ်ကြီးမှာ ၀ါးခြမ်းပြားနှင့် အရှိုးထအောင်တော့ အရိုက်မခံခဲ့ရချေ။ နောက်ဆုံး ထိုမိန်းမကြီး နှင့် နေခဲ့ရသည်ကိုသာ ကောင်းကောင်းမှတ်မိ တော့သည်။ ထိုမိန်း မကြီးသည် မိမိအား ခြောက်လလောက်မွေးထားပြီး ငွေ၃၀ကျပ် နှင့် ရောင်းစားလိုက်ပုံကို ဂဃဂဏ မသိလိုက်။ မိမိကို ခေါ်သွားသည်။ ငွေစက္ကူယူလိုက်သည်။ ကားထဲထည့်လိုက်သည်။ ဒါလောက်သိသော အသိကလေး သည်လည်း နောင်ကာလကြာမြင့်ခဲ့လျှင် သိချင်မှ သိလေတော့မည်။ ညှပ်စိမှာ လီလီနှင့် မိုက်ကယ်ကို မုန်းသွားလေသည်။ ခင်မမကို ကြောက်သွားသည်။ ထို့ကြောင့် မည်သူနှင့်မျှ မျက်နှာချင်း မဆိုင်လိုတော့ဘဲ အိပ်ခန်းတွင်းရှိ ကုတင်၊ မှန်တင်ခုံ၊ အ၀တ်ဘီဒို၊ပန်ကာ စသည့်အရာဝတ္တု ပစ္စည်းများကို ကျီးကန်းတောင်းမှောက် ရှောက်ကြည့်နေလျက် တချက်တချက်သာ ရှိုက်သံထွက်နေ၏“လီလီ...သူ့ကို ဒေါ်ဒေါင်းရင်ဆီခေါ်သွား၊ မီးဖိုထဲမှာ ထားလိုက်၊ပက်ဂီရော...ပက်ဂီ” မိုက်ကယ်သည် ကုတင်ပေါ်မှ ခုန်ချလိုက်ကာ၊ အခန်းဝသို့ပြေးသွားလျက် “ပက်ဂီ....ပက်ဂီ”ဟု သံကုန်ဟစ်၍ ခေါ်လေ၏ အမွှေးစုတ်ဖွားဖြင့် ပုပု လုံးလုံးခွေးကလေးသည် အခန်းထဲသို့ ပြေးဝင်လာသည်။ မိုက်ကယ်သည် ဂုတ်ကညှစ်၍ မ ယူလိုက်ပြီး ကုတင်ပေါ်သို့ လှမ်းပစ်တင်လိုက်သည်။

“ဟဲ့...ဟဲ့...သေတော့မှာဘဲ”
ခင်မမမှာ မျက်လုံးမျက်ဆန်ပြူးကာ ခွေးကလေးကို မွေ့ရာပေါ်မှသွားကောက်ယူ၍အောက်သို့ချလျက်” “ပက်ဂီဖို့နို့ထမင်း ကြိုပေးဘို့ ဒေါ်ဒေါင်းရင်ကို...ပြောလိုက်နော်”ဟု မှာလိုက်သည်။ လီလီသည် ညှပ်စိအား “လာခဲ့” ဟုဆိုကာ ရှေ့က အရင်ထွက်သွားလေသည်။ ညှပ်စိသည် ခွေးကလေးကို မျက်စိကျနေ ကာ နှစ်သသက်စွာဖြင့်လှည့်ကြည့်လှည့်ကြည့်နှင့် လိုက်သွားလေ၏ ဒေါ်ဒေါင်းရင်သည် ခင်မမတို့ပြန်ရောက်၍ တခါးဖွင့်ပေးကတည်းက ညှပ်စိကို စပါးမွှေးစူးသွားလေ၏ လီလီနှင့်ညှပ်စိ တို့ မီးဖိုထဲသို့ ၀င်လာကြလျှင် “ဒီလောက်ဟာများ ဘာဖြစ်လို့ခေါ်လာရလဲ မသိပါဘူးတော်...”ဟု ဆီး၍ ဟောက်လိုက်သည်။ ညှပ်စိသည် လူဖြစ်သည် လူဖြစ်လာကတည်းက ဘယ်သူ့မျက်နှာသာပေးမှ မခံရဘူးခဲ့ပေ၊ မျက်စောင်းဒဏ်ကို ယဉ်ပါးနေကာ ခံနိုင် ရည်ရှိပြီးသား ဖြစ်သည်။ မီးဖိုထဲရှိ ထင်းပုံနားတွင် ထိုင်ချကာ ဒေါ်ဒေါင်းရင်ကိုသာ ငေးကြည့်နေလေ၏ ဒေါ်ဒေါင်းရင်မှာ လက်မအားအောင်အလုပ်များနေသည်။ ညစာအတွက်မှီအောင် ကတန်းကမန်း လုပ်ကိုင်နေရသည်။ မီးဖိုပေါ်မှ ဟင်းအိုးနံ့သည် ညှပ်စိအားဒုက္ခပေးနေသည်။ ညှပ်စိသည် ဟင်းနံ့ဖြင့် သရေယိုနေကာ ပါးစမ်တပြင်ပြင် လုပ်လျက်ငတ်မွတ်ဆာလောင်နေလေ၏ ခင်မမသည် အလှပြင်ကာ သ ပြီးသွားပြီ မောင်တော်လာချိန်နီးပြီမို့ ဆီးကြိုတော့မည်။

လီလီနှင့်မိုက်ကယ်တို့ကိုလည်းရေမိုးချိုးပေးထားပြီးပြီ။ မောင်ပြန်လာလျှင် တအိမ်လုံးရှင်းနေမှ လှနေမှ ကြိုက်သည်။ အလှပြင်ပြီး အမြင်မတော်တာကလေးတွေ ရှောက်သိမ်းနေရသည်။ အပြင်ဘက်တွင် မှောင်ကျ၍ လာချေပြီ။ အိမ်နီးတ၀ိုက်ခြံများမှ ထွန်းထားသော မီးလက်ကို လှမ်းမြင်ရသည်။

ခင်မမသည်ပြတင်းပေါက်တွင်ရပ်ကာလမ်းဘက်သို့မျှော်လေ၏။ သို့သော်ကြယ်ပွင့်များကား ပြာမှိုင်းနက်မှောင်သော ကောင်းကင်တခွင် လုံးတွင် တဖျက်ဖျက်တောက်နေကြသည်။ “လုပ်ပါအုံး... ဗိုလ်မှူးကတော်ရဲ့” မီးဖိုထဲမှ ပြေးထွက်လာသော ဒေါ်ဒေါင်းရင်သည် ခင်မမအနီးတ၀ိုက်သို့ မရောက်ခင် အဝေးကြီးက အော်ပြောရင်း ပြေး ထွက်လာသည်။ ခင်မမလည်း တဒိတ်ဒိတ်ခုန်သွားသော ရင်ဖြင့် ဒေါ်ဒေါင်းရင်ဘက်သို့ လှည့်လိုက်ကာ “အို...ဘာဖြစ်တာလဲ”ဟု မေးလျက် ခေါင်းကိုကြီးသွားလေသည်။ “ဟိုကောင်မလေးရယ်...ခေါ်လို့မရဘူး တက်နေတယ်...” ခင်မမသည် မီးဖိုထဲသို့ ၀င်ပြေးသွားလေသည်။ လီလီနှင့်မိုက်ကယ်တို့လည်း အနောက်မှ ပြေးလိုက်ကြသည်။ ညှပ်စိမှာ ထင်းပုံကို အားပြုမှီကာ မျက်လုံးများ ပြူးထွက်အောင်...ကြပ်နေလျက် ရင်ထဲမှ အင့်...အင့်ဟုမချိမဆန့် အသံထွက်နေ၏

“ဘယ်လိုဖြစ်တာလဲ ဟင်...ဘာဖြစ်တာလဲ” ခင်မမမှာ ဘာလုပ်ပေးရမှန်းမသိအောင် စိတ်ရှုပ်သွားသည်။ အနာအဆာ နှင့်ဟာကို အ၀ယ်မှားလာပြီဟု အကြီးအကျယ် စိတ်ပျက်မိကာ ဖြစ်နိုင်လျှင် ယခုပင်ပြန်ပို့ လိုက်ချင်တော့သည်။ ခင်မမသည် တောက်တချက်ခေါက်လျက် “ဘယ်လိုလုပ်ရမှာလဲ” ဟု ဒေါ်ဒေါင်းရင် ဘက်သို့ လှည့်မေးလိုက်သည်။“ကျမ ချက်နေတာ ဘေးကနေပြီးဆာတယ်၊ ထမင်းပေးစားပါနဲ့ တပူပူတောင်းနေလို့ မနက်ကကျန်တဲ့ ထမင်းကြမ်းတွေ ဇလုံထဲထည့်ပြီး ငါးပိကြော်တွေ ပုံပေးလိုက်တယ်၊ တဇလုံလုံပြောင်နေအောင်စားပြီး အဲသလို ခေါ်မရ ပြုမရ အင့်...အင့်နဲ့ ဖြစ်နေတာဘဲ...” ခင်မမသည် ခါးထောက်၍ ရပ်ကြည့်နေရာမှ ဒေါ်ဒေါင်းရင်ကို တလှည့်ဒေါသအရောင်များ ထွက်လာသော မျက်လုံးဖြင့် စိမ်းစိမ်းကြည့်လိုက်ကာ ညှပ်စိနားသို့ သွားပြီးခြေထောက်နှင့်ကျောက်ကာ ခေါ်လိုက်၏“ညှပ်စိ” မချိမဆန့် ဝေဒနာခံစားနေရသော ညှပ်စိသည် မထူးနိုင်ဘဲအင့်...အင့်ဟုသာ အော်မည်နေ၏

“ရှင့်နှယ်ရှင်...ဇလုံထဲ ထမင်းတွေဘယ်လောက်များ ထည့်ပေးလိုက်သလဲ...တက်နေတာမဟုတ်ဘူးရှင့်၊ စားပိုးနင့်နေတာ သိရဲ့လား” မျက်နှာထား ဆိုးဆိုးဖြင့် အော်ငေါက် ကြိမ်းမောင်းပြောဆိုလိုက်ခြင်းကြောင့် ဒေါ်ဒေါင်းရင်မှာ နေစရာမရှိအောင် ဖြစ်သွားကာ “ဗိုလ်မှူးကတော်ရယ်...ဆာတယ်ဆိုလို့ ကျွေးမိတာပါ...”ဟု တုန်တုန်ယင်ယင်တောင်းပန်ရင်း “အငတ်မလေးသေတာ အေးတယ်”ဟု စိတ်ထဲက ကျိန်ဆဲလိုက်သည်။ “သူ့ပါးစပ်ထဲ လက်ညှိုး ထိုးသွင်းပြီး နှိုက်အန်မှ ဖြစ်မှာ...” လီလီနှင့်မိုက်ကယ်သည်ဒေါ်ဒေါင်းရင်၏လက်ကို မျက်တောင်မခတ်ကြည့်နေကြသည်။ လက်ညှိုးတချောင်းတည်း ထုတ်၍ မျက်နှာနားကပ်သွားသော ဒေါ်ဒေါင်းရင်၏ လက်ညှိုးမှာ ခြောက်လုံးပြူးသေနတ်ကိုချိန်လျက် အနားကပ်သွားသည့် ပုံသဏ္ဍန်လို ကလေး နှစ်ယောက်စလုံး ရင်ဖိုနေကြသည်။ ဒေါ်ဒေါင်းရင်မှာ နောက်ဖေးအိုးကိုသွန်ဆေးပေးဖို့ရာ ၀န်မလေး သော်လည်း ညှပ်စိပါးစပ်ထဲ လက်ထိုးနှုက်ရန် နှလုံး နာမိသည်။ “ဟ...ဟ ဆို...ဟ”လက်တဖက်က ညှပ်စိပုခုံးကို ခပ်ကြမ်းကြမ်းလှုပ်ရမ်းကာ တဘက်လက်က ညှိုးချိန်လျက် အတင်းဟခိုင်း၏။ ညှပ်စိသည် ရှေ့တိုးနောက်ငင် လုပ်နေလျက် မူးလာ၍ ပါးကို ဟပေးလိုက်ရသည်။ အာခေါင်ထဲတွင် ကလိလျက် ထိုးနှိုက်ပေးနေစဉ် ညှပ်စိလည်ချောင်း ထဲက ထွက်လာသောအသံများသည် ခင်မမတို့ အသဲခိုက်အောင် ယားကျိသွားလေ၏။ ညှပ်စိ၏ခေါင်းသည် ဒေါ်ဒေါင်းရင်၏လက်ထဲ၌ ဆန့်ငင်ဆန့်ငင်လွန့်နေလျက် ချွေးသီးချွေးပေါက်များ ကျလာကာ ဗွက်ကနဲ ထိုးအန်လိုက်သည်။ ဒေါ်ဒေါင်းရင်သည် အန်ဖတ်တွေစဉ်လာ၍ နောက်သို့ခုန်လိုက်ကာ “ဗိုင်းဒါမလေး..” ဟု အသံ ထွက်သွားလေ၏ညှပ်စိမှာ ဆာသလောက် စားရသည်နှင့်မျှ မကာမိချေ။ သူ့အားတယောက်တခွန်းဝိုင်း၍ ကျိန်ဆဲဆူပွက်နေကြသော အသံ များမှာ နားကို အူနေတော့သည်။ ညှပ်စိတကိုယ်လုံးတွင် ၃လမျှသောအချိန်အတောအတွင်းအမှတ်အမျိုးမျိုးထင်ခဲ့၏။ ဖနောင့်ရာ၊ လက်ရာ၊ လက်ဝါးရာ သနပ်ခါးတုံး၊တံမြက်စည်း အမျိုးပေါင်း စုံလင်လှပေသည်။ ၎င်းတို့အနက် ပန်းကန်နှင့် ခုတ်ထားသည့် မိုက်ကယ်၏လက်ချက်မှာ နဖူးတွင် လက်တဆစ်ခန့် အမာရွက်ထင် နေသည်။ လီလီ ဆိတ်ထားသော လက်သဲရာတို့ကား တကိုယ်လုံးအနှံအပြား ဖြစ်သည်။

လီလီတို့ဆော့ကစားနေကြလျှင် ညှပ်စိမှာဝင်ပါချင်လာတော့သည်။ ခင်မမခိုင်းထားသည့် တောက်တိုမယ်ရ အလုပ်များကို ထားပစ်ခဲ့ကာဝင်ပါဆော့နေသဖြင့် ခင်မမရိုက်ပေါင်းလည်း ဖန်တရာတေနေပြီ။ မောင်နှစ်မနှစ်ယောက်သင့်မြတ်နေကြလျှင် ညှပ်စိသည်အနားသို့ပင်မသီဝံ့ချေ။

အနားကပ်သွားလျှင်ထိုးရိုက်ဆိတ်လွှတ်လိုက်ကြသည်။ မောင်နှမ နှစ်ယောက်ကစားရင်း ရန်ဖြစ်၍ ကွဲသွားမှတဘက်ဘက်မှ အစားဝင် ကစားခွင့်ရတော့၏။ ထိုကြောင့်သူကစားချင်လျှင် မောင်နှမနှစ်ယောက် ရန်ဖြစ်အောင်စောင့်နေရသည်။ ရန်မဖြစ်နိုင်ကြသေးလျှင် ရန်ဖြစ်အောင်လုပ်ပေးချင်သော စိတ်သည် ပေါ်လာလေသည်။ ညှပ်စိ၏ အသိဥာဏ်များကား ခင်မမပင်သြချရလောက်အောင် တိုးတက်လာခဲ့၏ နို့ဆီဘူးကို ခိုးစားလျှင်ရမှန်း သိတတ်လာ၏။ မုန့်သေတ္တာခိုးစားရမှန်းလည်း နားလည်နေ၏။ နောက်ဆုံးပက်ဂီ၏ခွက်ထဲမှ ကော်ဖီရေပင် လစ်လျှင်ယူသောက် လိုက်တော့သည်။ ညှပ်စိ၏အလုပ်ကား နံနက်အိပ်ရာထအ၀တ်စုတ်ကလေးတစ်ခုဖြင့် သူ့အရပ်နှင့်မှီသည့် နေရာတိုင်းကို ဖုန်သုတ်ရ၏။ ဇလုံကလေးထဲတွင် ရေထည့်ကာ အ၀တ်ပိုင်းစနှင့် ကြမ်းကိုတချောင်းစီ တချောင်းစီတိုက်ပွတ်ရ၏ပြီးလျှင် သနပ်ခါးတုံးကိုင်ရ တော့ကာ တော်ပြီဟု မပြောမချင်း သွေးနေရ၏။ သူနှင့်ဆိုင်သောအလုပ်မှာ ဖုံသုတ်၊ ကြမ်းတိုက်၊ သနပ်ခါးသွေးဟု မယ်မယ်ရရ ဆိုငြားလည်း ဖုံသုတ်နေစဉ် “ညှပ်စိဖိနပ်ပေး” “ညှပ်စိရေတခွက်”ဟု လီလီနှင့်မိုက်ကယ်တို့ကျောင်းသွားခါးနီး ခေါ်ခိုင်းသမျှ များကို ထလုပ်ပေးနေရ၏ ဘိနပ်စီးနေစဉ်“ညှပ်စိ...ညှပ်စိ”ဟု ခင်မမတကြော်အော်ခေါ်နေခြင်းကို ရှေ့မှောက်သို့ပြေးသွားမှ သက်သာရာ ရတော့မည်ဖြစ်တော့သဖြင့် ဘိနပ်ကိုအပြီးစီးမပေးခဲ့၍ ပိတ်ကန်ခြင်းကို ခံလိုက်ကာခေါ်သံကြားရာသို့ အမြန် ရောက်အောင်ထပြေးသွားရသည်။“ခေါ်နေတာမကြားဘူးလား”ဟု ဆီးငေါက်၍ “ကို့ကို့ဖိနပ်ကြိုးချည်နေ လို့ပါ” ဟု လျှောက်လဲချက်ပေးသည့်တိုင် “နောက် ကိုငါခေါ်ရင် ချက်ချင်းလာခဲ့......မှတ်” ပြောကာ မှတ်မိအောင် ဗိုက်ကြောကို လိမ်စွဲထားသဖြင့် “မှတ်ပါဘီ...မှတ်ပါဘီ” ဟုလက်မလွှတ်မချင်း တွန့်လိမ် ကောက်ကွေးလျက် ပြောနေတော့၏ ရောက်စတွင် လူကြီးက အိမ်ရှေ့မှနောက်ဖေးသို့ တခုခုယူစရာ စေလွှတ်လိုက်လျှင် နောက်ဖေးသို့ မရောက်ခင် လီလီတို့ လမ်းကကြားဖြတ်ခိုင်းသမျှအလုပ်ကို သွားလုပ်ပေး နေ၏ မလုပ်ဘဲဆင်ခြေ ပေးနေလျှင် ရိုက်တတ်သည်ကို သိ၍ အနာမခံချင်သဖြင့် သူတို့ခိုင်းတာ လုပ်ပေးပြီးမှ လူကြီးခိုင်းသောအလုပ်ကို သွားလုပ်ရာတွင်ကြာနေ၍ ကြာရမ လားဟု အသေအလဲအချခံ ရပြန်၏။ ညှပ်စိသည် ထိုအမှတ်သညာကို ရရှိပြီးသည့်နောက်ပိုင်း၌ အသေအလဲအချခံရမည်သူကခိုင်းလျှင် ကြားက ဘယ်သူက ဖြတ်ခိုင်းခိုင်း လုပ်မပေးဘဲနေကာ မလုပ်ပေးသဖြင့် တယောက်တချက် ပုတ်ကြရိုက်ကြသည်ကို သက်သက်သာသာထား၍ ခံသွားကာ အသေအလဲချမည့်သူက ခိုင်းသောအလုပ်ကို ဦးထိပ်ထား၍ လုပ်တတ်လေသည်။ ညှပ်စိမှာ တစ်နေရာတွင် ကြာကြာထိုင်နေရသည်ဟု မရှိပေ။

အိမ်ထဲတွင် ဟိုကညှပ်စိသည်ကညှပ်စိဖြင့် တခေါ်ထဲ ခေါ် တခိုင်းထဲခိုင်းနေကြသည်။ တောက်တောက် တောက်တောက်နှင့် ဖင်မချ ရှောက်သွားလုပ်ပေးနေရသည်။ နံနက်စောစော မီးဖိုချောင်ထဲတွင် ထမင်းချက်မိန်းမကြီးပေးသော သံပန်းကန်ပြားနှင့်ထမင်းကြမ်း ဆီဆမ်း စားရသည့် အချိန်၊ မနက်စာ၊ ညစာ စားနေသည့်အချိန် ထိုအချိန်လောက်သာ စိတ်ချလက်ချ ကောင်းကောင်း ထိုင်ချရသော အချိန်ဖြစ်၏ တနေ့လုံး မောဟိုက် နွမ်းနယ်လှသဖြင့် ခြေကုန်လက်ပန်းကျသွားသောအချိန်သည် မီးထွန်းချိန်ဖြစ်သည်။ ညှပ်စိသည် ညမီးထွန်းတာနှင့် ငိုက်မျည်းလာ၍ အရိုက်ခံရတော့သည်။ အလုပ်ပေးထား၍ ထိုင်လုပ်နေလျှင် လည်း ငိုက်နေ၏။  မြင်သူတိုင်း၏အရိုက်ခံရသည်၊ ဟိုနားသည်နားခိုင်း၍ လျှောက်သွားလျှင်လည်း မတ်တတ်ငိုက်လျှောက်သွားတတ်သဖြင့် တွေ့သူတိုင်းက ရိုက်ပစ်လိုက်သည်။ လီလီနှင့်မိုက်ကယ်တို့ မအိပ်ခင်မအိပ်ရပေ။ တယောက်စီထိုင်၍ ကုတ်ပေးနေရလေသည်။ ကုတ်နေတုန်း ငိုက် မိလျှင် ထနှိပ်စက် ကြပြန်သည်။ ညှပ်စိဆိုလျှင် တအိမ်လုံးရိုက်ချင်လွန်း၍ လက်ယားနေကြသည်။

ညှပ်စိ အပြစ်အနာအဆာ ပြောရမည်ဆိုလျှင် မရ မတွက်နိုင်အောင် များပြားလွန်း၍ မမောမချင်းပြောလို့ အလွန်ကောင်းသည်။ ခင်မမရှင်းထားတာ လီလီဖွမိလျှင် ညှပ်စိကို လွှဲချလိုက်သည်၊ ဒေါ်ဒေါင်းရင် ပန်းကန်ခွဲမိလျှင် ညှပ်စိကို လွှဲချလိုက်သည်။ ရေဒီယိုခလုတ်လှည့်ဖျက်ပြီး မိုက်ကယ်သည် ညှပ်စိကို လွှဲချလိုက်သည်။ ခင်မမသည် မောင်တော်အချိန်နှင့်ပြန်မရောက် ၍ မျက်နှာပုပ်သိုးကာ မောင်ကအလည်လွန်၊ အမူးလွန်ရာမှ ပြန်လာပြီး အမျိုးမျိုးအဖုံဖုံ ချော့မော့လျက် မျက်နှာရွှင်ပြကြည်သာ လာလျှင် စောစောကမျက်နှာပုပ်သိုးရခြင်းသည်ပင် မောင့်ကြောင့်မဟုတ်ဘဲ “ညှပ်စိကြောင့်ပါ” ဟုလွှပုံချတတ်သော အခြေအနေ သို့ရောက်မှန်းမသိ ရောက်လာကြနေသည်။ ဒီကောင်အလေး ခင့်ကို သိပ်စိတ်ဆင်းရဲရအောင် လုပ်တာဘဲ၊ ခင်လဲ မောလှပါပြီမောင်ရယ်၊ မောင့်ကိုစိတ်ဆိုးလို့ မဟုတ်ပါဘူး...၊ ခင်စိတ်ညစ်လို့ပါ...”ဟု ဆိုလိုက်သည်နှင့်တပြိုင်နက် မောင်သည် ဒေါသူပုန်ထ လာချေ၏။ “ခင်က အမောမခံပါနဲ့လို့ မောင်ပြောနေတာ၊ နေမကောင်းဖြစ်သွားရင် ဘယ့်နှယ်လုပ်ပါ့မလဲ...”ဟု စိုးရိမ်ကြီးစွာ ယုယနှစ်သိမ့်ရင်းမှ သန်းခေါင်သန်းလွဲ ကျော်အိပ်ပျော်နေသော ညှပ်စိကိုနှိုးကာ ခင့်အတွက်နာကျည်းလျက် ပြာပြာသလဲ ချက်ချင်းအရေးယူပြလိုက်သည်။ သည်အခါမျိုး တွင် မူးမူးရူးရူးရိုက် နေသော စစ်ဗိုလ်၏ရှေ့မှောက်၌ တရေးနိုးကျောကော့နေရတော့၏။ ညှပ်စိသည် အိမ်တွင်မရှိမဖြစ်သော ပစ္စည်းတစ်ခုကဲ့သို့ အဘက်ဘက်က အသုံးဝင်လာသည်။ စက္ကူစုတ်များပစ်ထည့်ရာအမှိုက်ခြင်းတောင်း ကလေး ကဲ့သို့ အားလုံး၏အပြစ်များကို စုပုံချပစ်ရာ အမှိုက်ပုံးသဖွယ်အသုံးချနိုင်လာကြသည်။

လူသာလျှင်ညှပ်စိဖြစ်နေလျက် အိမ်ထဲ၌ သူများမထမ်း နိုင်သောတာဝန်တွေကို တဦးတည်းခေါင်းနှင့် ရွက်ထမ်းထား၏ မင်းကတော်များအိမ်လည်လျှင် ညှပ်စိမှာအရေးပါသော ဧရာမညှပ်စိဖြစ်၏။ ညှပ်စိအကြောင်းကို မင်းကတော်များ မပျင်းအောင် တခမ်းတနားကြီးပြောပြဧည့်ခံနိုင်သည်။ ဗီဇကိုဖျောက် လို့မရဘူး... ဘယ်လိုရိုက်ရိုက် ဘယ်လောက်တေတေ သူ့အကျင့်ဆိုးတွေ မဖျောက်ဘူး...ခင့်မှာသာမော ပြီး၊ ရင်တွေဘာတွေကို တုန်လာတာဘဲ၊လက်အံသာသေပါရော၊ သူ့မှာတော့သည်းခြေမရှိတဲ့အတိုင်းဘဲ မင်းကတော်ဘဲစဉ်းစားကြည့်တော့၊ ပစ်လိုက်ရမှာလဲအခက်၊ မွေးရမှာလည်းအခက်၊ အကုသိုလ်ဖြစ်လိုက် တာလေ...တခါတခါတော့ ဒီကောင်မလေးမွေး မိတာ မြွေပွေးခါးပိုက်ထားရတာဘဲလို့ အောက်မေ့မိတယ်” ခင်မို့လို့ ဒီလက်တောက်လောက်ဟာကလေးမွေးဖို့ စိတ်ရှည်ပါပေတယ်”ဟု နားထောင်နေသော မင်းကတော်များက ချီးကျူးလိုက်သည်။ ညှပ်စိသည်အလိုရှိလျှင်ခိုင်းရအောင် ဧည့်သည်များအပါး၌ အသင့်ဒူးတုပ်ထိုင်စောင့်နေရသဖြင့် သူ့အကြောင်းကိုသူ နားထောင်နေရသည်။ သူ့အကြောင်းကို သူကြာရတိုင်း အကောင်း တစ်ခုမှမပါချေ။တခါတရံ သူ့အကြောင်းမကောင်းပြောနေကြခြင်း ကို နားထောင်ရင်းအိပ်ချင်လာမိသည်။ တခါတလေလည်း သူ့အကြောင်းကိုသူမကြားမိဘဲ လိပ်ပြာကောင် ကလေးများ၊ ငှက်ကလေးများ သို့မဟုတ် ရေဒီယိုထဲမှ သီချင်းစကားလုံးများသည် ခေါင်းထဲသို့ တောင်ကရောက်လာ မြောက်က၀င်လာဖြင့် ထွေးလုံး ရစ်ပတ် ဖြစ်နေတတ်သည်။ လီလီဝတ်သော ဂါဝန်အစုတ်အပြတ် ကလေးကို ၀တ်ကြည့်ချင် သောစိတ်ဝင်လာလျှင် ထိုနေ့အဘို့တွင် ညှပ်စိသည် ဂါဝန်အင်္ကျီအစုတ်ကလေးများကို ကိုင်တကြည့်ကြည့်ဖြင့် လူလစ်လျှင်မှန်ရှေ့၌ ကိုယ်နှင့် ကပြာကယာ ကပ်ကြည့်ကာ အားရကျေ နပ်နေတော့သည်။

ခင်မမသည် ညှပ်စိကို ရှင်မီးအင်္ကျီ၊တလိုင်းပေါက်သရက်ထည် အင်္ကျီနှင့်လုံချည်တထည်ပေးထား၏ ကတုံးနှင့်ဆံတိုသည် အစေခံမကလေး၏ အင်္ဂါတစ်ရပ်ဖြစ်၏ ကတုံးဆံတို သရက်ထည်တလိုင်းပေါက်၊ အဆင်မရှိထမီတိုနံ့နံ့သည် အစေခံ၏ ရုပ်လကဏ္ခာနှင့်ညီညွတ်ပေသည်။ လီလီနှင့် မိုက်ကယ်တို့ စားတာသောက်တာ၊ ထို့အပြင်ဝတ်ပုံစားပုံကို ညှပ်စိအဘို့ တထောင့်ကနေ၍ နေ့စဉ်မြင်နေရသဖြင့် အားကျလာသည့် စိတ်သည် တခါတရံပေါ်လာမိသည်။

လီလီတို့ကော်ဖီသောက်လည်းသောက်ချင်သည် ချောကလက်စားလည်း စားချင်လာသည်။ ဖဲကြိုးကလေးများ မြင်လျှင် လည်း သူဆံပင်ထားချင်လာသည်။ စားချင်မှု ၊သောက်မှု၊လှချင်မှုကြောင့် မစားရ၍ ခိုးစား၊ခိုးသောက် ခိုးလှချင်မိရာ၊ ထိုအပြစ်သည် တကိုယ်လုံး၌ အပိန်းအဖုထအောင် အထုအရိုက် အကန် အကျောက်ခံရရုံသာမက အကျင့်မကောင်းဘူး ဟူသော မှတ်ပုံတင်တံဆိပ်ပေးထားကြ၏။ ဒေါ်ဒေါင်းရင်က“ နင်ဒီမှာပျော်ရဲ့လား”ဟု တီးတိုးမေး၏ ညှပ်စိသည် ဧည့်ခန်းမှ ရေဒီယိုသီချင်းသံကို ဘ၀င်ကျနေခိုက်၌ “သိပ်ပျော်တာဘဲ”ဟုဖြေသည်။

တခါတွင်လည်း ညှပ်စိသည် အချိန်မဟုတ်သော ညနေစောင်းတွင် လူမရှိဘူးအထင်နှင့် ရေဒီယိုခလုတ်ကို ဖွင့်လှည့်မိ၏ “ဖြန်း” ကနဲအသံ နှင့်အတူ လက်တဘက်သည် အရှိန်ပြင်းစွာပါးပေါ်သို့ကျလာကာ ဖဲ့ချလျှင် ပဲ့ကျလုမတတ် ရဲရဲနီယောင်သွား လေသည်။ ထိုဒဏ်ရာမျိုးကို ညှပ်စိသည် အမှတ်မရနိုင်။ ရေဒီယိုမှ မြန်မာနိုင်ငံတော်အသံလွှဌာနမှ ၂၃ဒဿမ ၄၄ လှိုင်းလတ် ၃၁၄ မီတာများမှဟူ၍ ရေဒီယိုအသံကြား လိုက်ရလျှင် မျက်ရည် တိတ်လျက် ဖယောင်းထိသောမီးကဲ့သို့ အရည်ပျော်သွားလေ၏

“ဂွတ်မောနင်းဒယ်ဒီ...ဂွတ်နိုက်ဒယ်ဒီ” စသည်ဖြင့် အိပ်ထအိပ်ရာဝင် လီလီတို့ပြောကြသော အင်္ဂလိပ်စကား သံ ကိုသာ အလွန်တရာ နားငြီးမိသည်။ ညှပ်စိနှင့် သွေးသားလိုချစ်ခင်သောအဖော်ကား ပက်ဂီဖြစ်သည်။ မိုက်ကယ်၏ ညှဉ်းပန်းနှိပ်စက်ခြင်း ကို ခံရသော ပက်ဂီသည်ညှပ်စိပေါင်ပေါ်တွင် တက်ခွေထိုင်ကာ ငြိမ်ဝပ်လျက်၊ဒဏ်ရာခံစားနေတတ်၏ ညှပ်စိ၏ လက်ကလေးဖြင့် သော်လည်း ကောင်း ပါးကလေးဖြင့် သော်လည်း ကောင်း ပွတ်သပ်ယုယပေးခြင်းဖြင့် အနာသက်သာရာရမှုကို နားလည်ထားသော ပက်ဂီသည် မိုက်ကယ်လက်ချက်ဖြင့် နာကျင်တိုင်း ညှပ်စိဆီသို့ ပြေးလာတတ်သည်။ ညှပ်စိ ထမင်းစား နေခိုက် ပက်ဂီသည် မီးဖိုထဲသို့ ပြေးဝင်လာသည်။ညှပ်စိအား ထမင်းကောင်းကောင်းစားခွင့် မပေးဘဲ ကုတ်ဖဲ့ဆွဲကိုက် ကစားနေတတ်၏။

“ဖယ်လေ...သွား....နင်စားပြီးသားဘဲ သွား”ဟုပြေကာ တွန်းဖယ်၍ ပစ် သည့်တိုင် ပက်ဂီသည် ညှပ်စိအနားမှ မခွာဘဲ ပွတ်သီးပွတ်သတ်လုပ် နေလေ၏“သူများထက်ကောင်းကောင်းစားရပြီးတော့ သူများစားရင် လာရှုတာဘဲ...သွား” ညှပ်စိသည် ရှုပ်ရမလားဟု စိတ်မရှည်ဖြစ်လာကာ နှုတ်ကရန်တွေ့ရင်း အတင်းတွန်းဖယ် ပစ်သည် ပက်ဂီသည် တွန်းဖယ် လိုက်သောနေရာ၌ ညှပ်စိနှင့် မျက်နှာချင်းဆိုင်ထိုင်နေကာ လျှာတန်းလန်းဖြင့် ညှပ်စိမျက်နှာကို အငူသားကြည့်နေပေသည်။ ညှပ်စိသည် သံပန်းကန်ထဲမှထမင်းကို ပလုတ်ပလောင်းသွင်းစားနေရင်း ပက်ဂီမျှော် ကြည့်နေပုံကြောင့် မျိုမကျဖြစ်လာကာ နင်လာလေသည်။ ညှပ်စိသည် အနောက်ဘက်သို့လှည့်၍ တချက်ကြည့်လိုက်ပြီးနောက် သံပန်းကန်ထဲမှ ထမင်းကိုဆုပ်၍ ပက်ဂီရှေ့၌ ချပုံပေးလိုက်ကာ “ရော့...မြန်မြန်စား”ဟု ဆိုလိုက်သည်။ မီးဖိုထဲသို့ ခြေဖျားထောက်၍ ၀င်လာသော လီလီသည် ခြေဖျားထောက်၍ ပြေးထွက်သွားသည်။တဖန်ခြေဖျားထောက်၍ ပြန်ဝင်လာလေရာ သူ့နောက်၌ ခင်မမလည်း ခြေဖျားထောက်လျက်ပါလာလေသည်။

ခင်မမသည် မည်သို့လုပ်လိုက်မှန်း သူ့ဟာသူနောက်မှသိ၏ ညှပ်စိသည်ကျောမှကန်လိုက်သည့် ဖနောင့်ဒဏ်ဖြင့် သံပန်းကန်ပြားပေါ်သို့ မှောက်ရက်ကျသွားလေရာ နားသယ်မှသွေးများ ငေါက်တောက်ပန်း ထွက်လာလေသည်။ “သပေါက်မလေး...ကြည့်စမ်း...ငါးပိတွေငရုတ်သီးတွေနဲ့ နယ်ထားတဲ့ ထမင်းကို ပက်ဂီကို ချကျွေးတယ်၊ ဒါကြောင့်ပက်ဂီ ဟာဝမ်းပျက်နေတာ...နောက်တခါနင်စားတဲ့ အစာကို ကျွေးအုံးမလားဟဲ့ ....ကျွေးအုံးမလား...” ညှပ်စိသည် ဆက်လက်၍ အရှည်ကြီး ဆဲဆိုစစ်ဆေးနေမှာကို နားမထောင်လိုပေ။ သည်လိုကျွေးလျှင် ဘာဖြစ်မည်ကို တွက်ထားပြီးသား ဖြစ်သည်။ သူ၏ ဘ၀ပြဿနာကို ဘာမှန်းမသိသော်လည်း ညှပ်စိသည် ပက်ဂီ၏ဘ၀ကို ရိပ်စားမိပြီးသား ဖြစ်သည်။ ရရှိလိုက်သော ဒဏ်ရာဒဏ်ချက်များသည် ခါးတိုင်းလိုဒီနေရာရိုက်၊ ဟိုနေရာကျလျှင် ပျောက်သော်လည်းယနေ့မူအနာက နာကျည်းသည်ထက် စိတ်ကနာကျည်းချက်ကို ဖျောက်ဖျက်၍ မရနိုင်အောင် နာကျင်နေသည်။ ညှပ်စိသည် ပက်ဂီကိုကြည့်မရအောင် ဖြစ်သွားလေသည်။

ပက်ဂီနှင့်အတူတူ ပလူးနေချင်သောစိတ်များ ကုန်ခန်းသွားသည်။ သူ့ဘ၀နှင့်မတူသော ပက်ဂီကိုမြင်လျှင် အဝေးက ရှောင်ချင်လေသည်။ ပက်ဂီအား ယုယုယယပိုက်ထွေးလျက် ခင်မမ သန်းရှာပေးနေပုံကို တထောင့်မှ လှမ်းကြည့်နေသော ညှပ်စိ၏ရင်မှာ ခုန်နေ ကာ အသက်ရှူလည်း မမှန်တော့ပေ။

“ကြားရဲ့လား ငါပြောတာ...ပြန်လာရင်အကုန်လုံးပြီးပစေ၊ ပက်ဂီကိုလဲရေချိုးပေးလိုက် နင့်နားသယ်က အနာက နနွင်းလိမ်းထား...” ညှပ်စိသည် ညှိုးငယ်စွာဖြင့် ခင်မမမျက်နှာကို တွေတွေကလေးကြည့်နေလေ၏ တနင်္ဂနွေနေ့တိုင်း ရွှေတိဂုံဘုရားသို့ သားအမိသာအဖလေးယောက် ဘုရားဖူး သွားကြသည်။ တနင်္ဂနွေ နေ့တိုင်းပင်ညှပ်စိသည် ပက်ဂီနှင့်လွတ်လပ်စွာ အားရပါးရ မြူးတူးခုန်ပေါက် ကစားနေကြမြဲဖြစ်သည်။ ယခု တကြိမ်၌ “ပက်ဂီ ကို မုန်းနေသဖြင့် ပက်ဂီနှင့်နေရစ်ခဲ့ရန် ၀မ်းမသာနိုင်ဘဲသူတိုနှင့်အတူ ခေါ်သွား စေချင်သော စိတ်ဖြင့် ပက်ဂီကျန်ရစ်ခဲ့တာ စိတ်ရှုပ်သွားသည်။

ကားမထွက်ခင် မိုက်ကယ်က ကားထဲမှ လက်သီးပြသွားသည်၊ လီလီကရှာထုတ်ပြောင်ပြသွားသည်။ ခါးတိုင်းရီ၍ ငေးကြည့်ကျန်ရစ်ခဲ့မြဲ ဖြစ်သော်လည်း ယခုမူမကြည်မသာ မျက်မှောင်ကြုတ်၍ ရှုံ့ကြည့်နေရစ်ခဲ့၏ “ဟဲ့...ညှပ်စိ အပြင်ကအလုပ်တွေအကုန်ပြီး အောင်လုပ်ထား နော်၊ ငါသွားခွေးနဲ့လဲ ကမြင်းမနေနဲ့ ကြားရဲ့လား ကောင်မ...” ဒေါ်ဒေါင်းရင်၏ အမိန်သံသည် ညှပ်စိနားထဲသို့ တစ်ခလုံးမှမ၀င်ချေ။ အိမ်၏ ရှေ့တောင်ဘက်ဆီက သဲ့သဲ့မျှကြား လိုက်သော ဆိုင်းသံဗုံသံကိုသာ နားစိုက်လိုက်သည်။ ဒေါ်ဒေါင်းရင် မီးဖိုချောင်ထဲသို့ ရောက်သွားလျှင် ညှပ်စိသည် စိထားသောတံခါးကို အသာတွန်း၍ ပြေးဆင်းလာသည် ခြံထောင့်ပေတစ်ရာလမ်းမကြီးဘက်မှ လွင့်လာသော ဆိုင်းသံကို နားစွင့်ကာ ခြံတခါးကို ပြေးဖွင့်ပြီးနောက် ခြံရှေ့ကရပ်၍လမ်းမကြီးဘက်သို့ မျှော်ကြည့်နေလေသည်။ ဆိုင်းသံမှာနီးနီးကပ်ကပ်မကြားရသေးဘဲ အဝေးကသာ လာနေသေးသည်။ ညှပ်စိသည် အားမလိုအာမရဖြင့် အသံလာ ရာဆီသို့ လှမ်းမျှော်ရင်းခြံရှေ့ရှိ ညာဘက်လမ်းချိုးကလေးအတိုင်း လမ်းမကြီးပေါ်သို့ တလှမ်းပြီးတလှမ်း တိုးသွားနေ၏ ဆိုင်းသံများ တဖြည်းဖြည်း တိုးကပ်လာသဖြင့် လမ်းမကြီးပေါ်၌ သွားရပ်ကြိုစောင့်ကြည့်ချင်လာပြန်သည်။ ရှေ့တိုးမသွား မီ အမှတ်မထင် အနောက်သို့ တချက်လှည့်ကြည့်လိုက်သည်။ ပက်ဂီသည် ညှပ်စိအနောက်မှ ထက်ချပ် ပြေးလိုက်လာလေသည်။

ညှပ်စိသည် လမ်းပေါ်၌ တုံ့ရပ်လိုက်ကာ အံကိုကြိတ်လျက် ပက်ဂီ အနားရောက်အောင် စောင့်ဆိုင်းနေ၏ “သွားလေ...သွား...ပြန် နင် ငါ့နောက်မလိုက်ခဲ့နဲ့၊ ပြောတာမရဘူးလား” ညှပ်စိသည် အိမ်သို့ပြန်ရန် ပက်ဂီကို မောင်းလွှတ်နေသည်။ လမ်းမကြီးပေါ်က ဆိုင်းသံ ဗုံသံများလည်း ကပ်သည်ထက် ကပ်လာ၍ မမြင်လိုက်ဘဲ လွတ်သွားမှာစိုးသဖြင့် ဘယ်လိုလုပ်ရမှန်း မသိအောင်ဖြစ်ကာ ကြံရာမရ အနားရှိ အုတ်ခဲကြီးကိုကုန်း ကောက်လို်က်၏ “သွားနော်...သွားဆိုသွား...ငါပေါက်လိုက်မယ်”ပက်ဂီသည် အုတ်နီခဲရွယ်ထားသော ညှပ်စိကိုကြည့်ကာ ရဲရဲတင်းတင်းပင်တိုးကပ်လာနေသည်။ ညှပ်စိသည် သူ၏ မျက်လုံးများကို မှိတ်လျှက် အုတ်နီခဲကိုရွယ်၍ တအားမြှောက်လိုက်ရာ အရှိန်လွန်ပြီး နားသယ်က အနာနှင့်တိုက်မိသွားသည်။ အုတ်နီခဲနှင့် အနာကိုခိုက်မိသဖြင့် တသက်တွင် မမေ့နိုင်လောက်အောင် စူးရှနာကျင်သောဝေဒနာကို ခံစားလိုက်ရသည်။ ညှပ်စိသည် နာလွန်း၍ မျက်ရည်များလည်လာသည်။ အုတ်နီခဲကြီးလက်က မချသေးဘဲ ပက်ဂီကို နှာခေါင်းရှုံ့၍ကြည့် လိုက်၏ပက်ဂီသည် နောက်နောင်က ပလူးနေကျ မျက်နှာချိုအတိုင်း လျှာကလေးတစ်တစ်ဖြင့် မော့ကြည့်လျက် သူ့ခေါင်းနှင့်ညှပ်စိ ခြေထောက်ကို ၀င်ခွေ့လေသည်။ညှပ်စိသည် ငုံ၍ကြည့်ရင်း အုတ်နီခဲနှင့်ထုလိုက်လျှင် ပက်ဂီနာကျင်သွားမည့် ဝေဒနာကို တွေးသနားမိသည်။

ဘာစိတ်ဘာလက်ပေါက်သွားသည်မသိ၊ ပက်ဂီအားထုရန်ရည်ရွယ်ထားသော အုတ်နီခဲကြီးကို လမ်းပေါ်သို့ ဖုံးကနဲ မြည်အောင် လွဲပစ်ချလိုက်သည်။ပက်ဂီသည် ၀ုတ် ၀ုတ်နှင့်ဟောင်ကာ ဖုန်းကနဲအသံကို ကြောက်အားလန့်အားဖြင့် လှည့်ပြေးလေသည်။ ညှပ်စိသည် ပက်ဂီကိုကြည့်မနေတော့ဘဲ လမ်းမကြီးဘက်သို့ ပြေးထွက်လာခဲ့သည် ကုလားဘိုင်စကုပ်လှည့်သော မော်တော်ကား၏ အနောက်ပိုင်းကို သီသီကလေး မှီလိုက်၍ ကားဘေး၌ ချိတ်ထားသော အရုပ်များကို ကောင်းစွာမမြင် လိုက်ရချေ။ ညှပ်စိသည် ကားနောက်မြီးကို ငေး၍ ကြည့်နေ၏ နံနက်စောစော အင်းယားကန် ဘောင်ဘက်မှ မြင့်တက်နေသောနေ လုံးသည် သူ၏ရောင်ခြည်ကိုဖြန့်လျက် ဖြော့ဖြော့ကလေး အလင်းရောင်လက် နေ၏ ပြာလင်းသော ကောင်းကင်ကြီးသည် အမိုးကဲ့သို့ အရိပ်ပေးကာ အမိုးအောက်၌ လေသည် တညှင်းညှင်းပြန့်နေသည်။ ညှပ်စိသည် မော်တော်ကားကွယ်သွားလျှင်၊ သူမျက်စေ့နှင့်တည်ရာနေလုံးကြီးကို ငေးကြည့်လျက် အားသစ်အင်သစ်များ ပြည့်တင်းလာသည်။ အုံနွေးနွေးနယ်ကာအသည်းနှလုံးကလေးကို လေညှင်းသည် တဖြူးဖြူး အေးမြအားဖြည့်ပေး နေသည်။ညှပ်စိသည် သဘာဝ၏ပိုက်ထွေးယုယမှုဖြင့် ကြည်လင်လန်းဆန်း သွားလေသည်။ လမ်းပေါ်၌ တောင်မြောက်လေးပါးကို လှည့်ငေးကြည့်ကာ အိမ်ပြန်ရန်မေ့သွားလေသည်။ ဤအိမ်သို့ရောက်မှ အိမ်ပြင် လမ်းမကြီး ပေါ်သို့ မတ်တတ်ထွက်ရပ်ရသည့် ရှေးဦးစွာ အကြိမ်ဖြစ်သဖြင့် တောင်ဘက်က မကြီးကိုလည်းမျက်စေ့တဆုံးမျှော်ကြည့်လိုက်၏ လမ်းပေါ်၌ လူသွား လူလာပါးနေသည်။ တောင်ဘက်၌ သာယာလှပသော ခြံ ကလေးတွေနှင့် အိမ်ကလေးတွေ ရှိကြသည်။ မြောက်ဘက်၌ တဲကုပ်ကုပ်ကလေးတွေ တဲတွင်းမှ ခလေးငိုသံ။ သူသည်ဝိုးတိုးဝါးတား ပေါ်လာသော အတွေးဆဖြင့် ငယ်ငယ်ကနေခဲ့ရသော တဲကလေးလိုလို ထင်ယောင်ထင်မှား အောက်မေ့ မိသည်။လမ်းဘေးရှိ သစ်ပင်ကြီးငယ်တို့ကား ကြည့်ရွှသော အရောင်အဆင်းဖြင့် စိုပြေလန်းဆန်းနေကြ၏ နေရောင်ခြည်ထဲတွင် သစ်ပင် ပေါ်မှ အရွက်ထွက်စ သစ်ရွက်နုနုတို့ သည် အညွန့်တဝေေ၀ ၀င်းပ နေကြ ပေသည်။

သူ့ရင်ထဲတွင် သူမသိနိုင်သော လွတ်လပ်ရေး၏ အရသာကို ပတ်ဝန်းကျင်က သူသိအောင် ဖန်တီးပေးထား၏ ဘယ်အရာကို ကြည့်ကြည့်ရေနှင့် အသစ်ဆေးထားသကဲ့သို့ ဖြူလင်းသန့်စင်သည်။ စိမ်းစိုဝင်းတောက် နေသည် ကျယ်ပြန့်၍ မျက်စေ့ တဆုံးရှိကြသော လမ်းကြီးတွေကို သူသည်မျက်စေ့ အာရုံဖြင့် လိုက်၍ ကျယ်ကျယ်ပြန့်ုပြန့်ဆုံး အောင် မျှော်ငေးစိုက် ကြည့်နေလေသည်။

“ညှပ်စိရေ...ညှပ်စိ”
ဆိုင်းသံမှာ နီးနီးကပ်ကပ် မကြားရသေးဘဲ အဝေးကသာလာနေသေးသည်။ရုတ်တရက်နားကို မီးပူနှင့် ကပ်လိုက်သလို ပူသွားကာ၊ ထို့နောက်ထူ သွားကာ အိမ်ဘက်သို့ လှည့် မျှော်ကြည့်လိုက်သည်။ ဒေါ်ဒေါင်းရင်သည် ခြံဝတံခါးမှ မဟုတ်ဘဲ အိမ်ဝတံခါးက ခေါ်နေမှန်း သူသိသည်။ ညှပ်စိသည် အိမ်ကိုလည်း လှမ်းကြည့်၏။ လမ်းမကြီးကိုလည်း လှည့်ကြည့်ပြန်၏ ။ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ အိမ် ဘက်ပြန်လျှင် မုချ အရိုက်အနှက်ခံရတော့မည်။ စောစောစီးစီးအသားနာမှာကို မခံချင်ပေ။ စောစောစီးစီးလည်း မငိုချင်ပေ။ တစာစာခေါ်သံများသည် အိမ်ဝကမဟုတ်ဘဲ ခြံထဲက ထွက်လာပြန်သည်။ နောက်ဆုံးတစ်ခွန်း ခေါ်သံသည် သူနှင့်ကပ်သည်ထက် ကပ်လာသလို ထင်ရသည်။ ညှပ်စိသည်သူ့ကတုံးကလေးကို လက်ဝါးနှင့်အုပ်၍ မကြံတတ်မစည်တတ်ဖြစ်နေကာ တခုတည်းသော အသိဖြင့် ဆုံးဖြတ် ချက်ချလေ၏။ ထိုအသိကား အတားအဆီးမရှိသော လေကိုရှူရှိုက်လျက် ပိတ်ဆို့မထားသော ဖြောင့်တန်း ရှည်လျားသည့် မြေပေါ်လမ်းမ ကြီး၌ လွတ်လွတ်လပ်လပ်စိတ်ထင်သလို လျှောက်သွားလိုသော ဆန္ဒ၏ အသိဖြစ်သည်။ ညှပ်စိသည် ထိုလမ်းမ ကြီးအတိုင်း တအားကြုံး၍ ကဆုန်ချ ပြေးသွားနေလေသည်။

(ဂျာနယ်ကျော် မမလေး)


ဤ ၀တ္ထုတို ကို လမ်းသစ် လူမှုစီးပွားသတင်းဂျာနယ် မှ ကူးယူဖော်ပြသည်။




No comments :