Monday 28 December 2009

ဖို့ဒ်ဝိန်းမြို့စာပေဟောပြောပွဲ နဲ့ ၂၀၁၀ ဆန့်ကျင်ပွဲ


ဇော်ဝင်း- (နယူးရော့်ခ်)


အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့ဒီမိုကရေစီအင်အားစုများက ဘားမား ဗီဂျေ ၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှု မှတ်တမ်းတင်ရုပ်ရှင်ကား ကြည့်ကြမယ်။ ကဗျာဆရာကိုအောင်ဝေး စာရေးဆရာမခက်မာ စာရေးဆရာမမေငြိမ်း တို့ ရဲ့ စာပေဟောပြောပွဲ နားထောင်ကြမယ်၊ ၂၀၁၀ ရွေးကောက်ပွဲ ဆွေးနွေးဝိုင်း လုပ်ကြမယ်၊ အခမ်းအနား ပြီးရင် နအဖ ဆန့်ကျင်ဆန္ဒပြပွဲလဲ လုပ်ကြမယ့် ဖိတ်စာတစောင် လက်ခံရရှိလာပါတယ်။ အားရပါးရ တက်ရောက်ဆင်နွှဲပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။

(ကဗျာဆရာ ကိုအောင်ဝေး)

ကဗျာဆရာ ကိုအောင်ဝေးဟာ ၁၉၇၆ မတ်လ မှိုင်းရာပြည့် အရေးတော်ပုံ ခေါင်းဆောင် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်း စည်းရုံးရေးမှုး၊ နွယ်နီ ရနံ့သစ် မိုး နဲ့ မုခ မဂ္ဂဇင်းတို့ ရဲ့ အယ်ဒီတာ၊ ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး မှာ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ လူရွှင်တော်ဇာဂနာ တို့နဲ့အတူပါဝင်လှုပ်ရှား ခဲ့သူ ၊ မိုးမခ မန္တလေးဂေဇက် ရတနာပုံနေပြည်တော် သတင်းစာ လွတ်လပ်သောအာရှအသံ အပတ်စဉ်ဆောင်းပါးရှင် ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေးအကျဉ်းသားတဦးပါ။
၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး မှာ သူရေးခဲ့တဲ့ – "3 F" အင်္ဂလပ်ကဗျာ ဟာ ပြည်သူတွေ လူထုလှုပ်ရှားမှုမှာပါဝင်လာစေဖို့ တွန်းအားပေး ကဗျာပါ။

We want 3 F

1st – We want FREEDOM.
We want "Freedom" for our future …

2nd – We want FRIENDSHIP.
We want "Friendship" between
Our Army and Our People …

3rd – We want FOOD.
We want "Food" to live peacefully.

About the author – Aung Way (contemporary Myanmar poet), born 1954, became poet 1982, 3 times in prison – 1976-79, 1988, 1989-91. Now he wrote this poem at one year anniversary of Saffron Revolution from Lansing, Michigan where he is now spending his time in exile alone.
နိုဘယ်ငြိမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကိုဖြစ်သူဦးအောင်ဆန်းဦးကနေနေအိမ်ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုမှုပြုလုပ်နေတာဟာ သာမန် မိသားစုအရေးပြဿနာမဟုတ်ဘဲ မြန်မာပြည် ဒီမိုကရေရရှိရေးကို အနှောင့်အယှက်ပေးနေတာ ဖြစ်တဲ့အတွက် ကိုအောင်ဝေး က ဦးအောင်ဆန်းဦး အတွက် အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာကဗျာတပုဒ် ရေးဖွဲ့ထားတာ တွေ့ရပါတယ်။

အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
အောင်ဝေး
ဒီဇင်ဘာ ၂၆၊ ၂၀၀၉

ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။


သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။

အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။

တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။

ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …

ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။

ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။

ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။

တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။

အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။

ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။

ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။

ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။

ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။

အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။

သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။

အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။

အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ

ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်


(စာရေးဆရာမ ခက်မာ)

စာရေးဆရာမ ခက်မာက တော့ ၁၉၈၉ ခုနှစ်မှာ လုံမလေးမဂ္ဂဇင်း မှာ ရွှေရင်စိုးထိတ် ကဗျာ ချယ်ရီ မဂ္ဂ္ဂဇင်းမှာ အိပ်မက်တမန် ဝထ္ထုတို များနဲ့ စာပေလောကကို ဝင်ရောက်လာခဲ့သူ ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ ဓနစီးပွါးရေးမဂ္ဂဇင်း တွင် စီးပွါးရေး လူမှုရေး မျက်နှာဖုံးစောင်းပါးများနှင့် အခြားဆောင်းပါးများ ရေးသားခဲ့၊ ယနေ့အထိ မဂ္ဂဇင်းဝထ္ထုတို ဝထ္ထုရှည် ၂၀၀ကျော်၊ ဆောင်းပါး မျက်နှာဖုံးစောင်းပါးပေါင်း ၂၀၀ခန့် ရေးသားခဲ့သူ၊ လုံးချင်းဝထ္ထုတအုပ်၊ မဂ္ဂဇင်းဝတ္ထုရှည်ပေါင်းချုပ်တအုပ်၊ မဂ္ဂဇင်းဝတ္ထုတိုပေါင်းချုပ်တအုပ်၊ အက်ဆေးပေါင်းချုပ်တအုပ် နှင့် အခြားစာရေးဆရာများနှင့်ပေါင်း၍ ဝတ္ထုတိုပေါင်းချုပ် မြောက်များစွာ ထုပ်ဝေပြီးခဲ့သူ နိုင်ငံရေးအကျဉ်းသူဟောင်းတဦး ဒီမိုကရေစီ ဘက်တော်သား တဦးပါ။




(စာရေးဆရာမ ခက်မာ)
ဆရာမ ခက်မာရဲ့ "အနီရင့်ရင့် အကွက်ကျဲကျဲ" ဝထ္ထုတိုလေး ခံစားကြည့်ပါအုန်း။ လူထုအသံ ပါအောင် လက်သံပြောင်ပြောင် ရေးဖွဲ့ ထားလေတယ်။


မနေ့က နေ့လယ်မှာ ချောင်းထဲ ငါးဆင်းဖမ်းရင်း အေးရီမလက်ကို သံပြားရှသွားတယ်တဲ့။ 'အမေဆေးထည့်ပေးပါ' ဆိုပြီးလာပြတော့ လက်မှာ သွေးချင်းချင်းနီနေတာပဲ။ ဒါနဲ့ ဆေးတို့ဖတ် သိပ်ပေးလိုက် ရတယ်။ ညကျတော့ တဟင်းဟင်း ညည်းပြီး ဖျားရော။ အပူတွေ တက်နေလိုက်တာများ သူ့နဖူးပေါ်မှာ လက်ကို ကြာကြာတင်မထားနိုင်ဘူး။ ဦးဟုတ်စွမ်း ကုန်စုံဆိုင်က ပါရာစီတမောတလုံး ၀ယ်တိုက်လိုက်ပြီး အိပ်ခိုင်း လိုက်တယ်။

မနက်ကျတော့ ကိုယ်နည်းနည်း ပူနေသေးပေမယ့်၊ ညတုန်းကလို ခြစ်ခြစ်တောက် မပူတော့ဘူး။
"အမေ ... သမီးနေကောင်းသွားပြီလား"
အေးရီမက ထဘီအဟောင်းလေး ပြောင်းလဲရင်း မေးတယ်။
"ဟဲ့ လုံးလုံး ကောင်းတာမဟုတ်သေးဘူး။ ဘာလုပ်မလို့လဲ"
"ငါးဆင်းစမ်းမလို့"
"အလိုတော် ... ညည်းတော်တော် သေချင်နေတယ်ပေါ့ ဟုတ်လား"
အေးရီမက မျက်လုံးဝိုင်းလေးနဲ့ ငေးကြည့်နေတယ်။ တခုခုပြောမလို့ အားယူနေတဲ့ပုံပါပဲ။ ခဏကြာမှ အသံတိုးတိုးနဲ့ ပြောရှာတယ်။
"သမီးစောင်ဝယ်ချင်လို့ပါ"
"စောင် ဟုတ်လား"
"ဟုတ်တယ် အမေ။ သမီးစောင်က စုတ်နေပြီ။ ပြီးတော့ အငယ်မနဲ့ တွဲခြုံရတာဆိုတော့ မလုံတော့ဘူး။ မိုးလင်းခါနီးဆို အရမ်းချမ်းတာပဲ။ အဲဒါကြောင့် စောင်ဝယ်ချင်လို့ နေ့ခင်းဘက်ဆို သမီး ငါးစမ်းပြီး ရောင်းရင်း ပိုက်ဆံစုထားတာ။ ခုဆို ပြည့်တော့မယ်ထင်တယ်။ မြန်မြန်ပြည့်သွားအောင် ငါးဆင်းစမ်းချင်တယ်"
ညှိုးရိပ်သန်းနေပြီး မျက်ရည်တွေ ဝေ့နေတဲ့ သမီးမျက်နှာကို ငေးကြည့်နေမိတယ်။ တကယ်ဆို အေးရီမဟာ ဆယ့်သုံးနှစ်ပဲ ရှိပါသေးတယ်။ သားသမီးရဲ့ လိုအပ်ချက်တွေကို စောင့်ကြည့် ဖြည့်ဆည်းပေးရမှာ မိဘတွေရဲ့ တာဝန်မဟုတ်လား။ ဒါပေမယ့် ....
"သမီးစုထားတဲ့ ပိုက်ဆံ ပြစမ်း။ လိုတာကို အမေ့ကုန်စိမ်းစာရင်းထဲက နည်းနည်း စိုက်ဝယ်ပေးမယ်။ နောက်နေ့ ကုန်စိမ်းကို အရင်းလျှော့ပြီး ၀ယ်လိုက်မှာပေါ့"
အေးရီမက ကမန်းကတန်း အခန်းထဲ ပြေးဝင်သွားတော့ ဆွေးမြည့်နေပြီဖြစ်တဲ့ ၀ါးကြမ်းခင်းတွေက တကျွိကျွိမြည်ပြီး ယမ်းခါရင်း ကျန်ခဲ့တယ်။ အေးရီမတို့ အဖေဆုံးတာပဲ (၅) နှစ်ပြည့်ခါနီးပြီး။ ဒီအိမ်ကလေးက အေးရီမတို့ အဖေ မဆုံးခင် လေးငါးနှစ် ကတည်းက ဆောက်ထားတဲ့ဥစ္စာပဲ၊ နေလို့ဖြစ်သေးတာ ကံကောင်းတယ်။ အဖေမရှိတဲ့ကလေးတွေကို ၀မ်းဝအောင် တနေကုန်တနေခန်း ရုန်းကန်ရှာဖွေနေရတာနဲ့ အိမ်ထဲက ကိုယ့်သားသမီးတွေ ဘယ်လိုနေလို့ ဘယ်လိုထိုင်ကြသလဲ ဆိုတာ မကြည့်မိတာ ကြာလှပေါ့။
"အမေ ဒီမှာ"
အေးရီမ ငါးဖမ်းပြီး စုထားတဲ့ ပိုက်ဆံတွေ။ အကြီးဆုံး ငါးဆယ်တန်ကစလို့ ငါးကျပ်တန် အဆုံး ညစ်နွမ်းနွမ်း စိုထိုင်းထိုင်းလေးတွေ။ နှစ်ရာ၊ နှစ်ရာရှစ်ဆယ်။ သုံးရာကိုးဆယ့်ငါး။
"မနက်ဖြန်ကျရင် အမေလိုတာ စိုက်ပြီး မြို့မှာ အညာစောင်လေးတထည် သွားဝယ်ပေးမယ်နော်"
အေးရီမရဲ့ အဖျားကြောင့် ညှိုးငယ်နေတဲ့ မျက်နှာလေး ၀င်းထိန်သွားတယ်။
စောင်ကလေးက ခြောက်ရာကျတယ်။ အနီရင့်ရင့် အကွက်ကျဲကျဲလေး။ အသားနည်းနည်း ပါးပေမယ့် နွေးမှာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ သမီးအေးရီမတော့ စောင်ရတော့မယ်တွေးပြီး ပျော်နေတာနဲ့ အဖျားကျလောက်ပါပြီ။ စက်သံငြိမ့်ငြိမ့်နဲ့ တရိပ်ရိပ်ပြေးနေတဲ့ ဧရာဝတီသင်္ဘောကြီးက နှေးနေသလိုပဲ။ အိမ်စောစောပြန်ရောက်တော့ ညနေ ကုန်စိမ်းရောင်းချိန် မီနိုင်တာပေါ့။
ဟော ... ဒီမြစ်အကွေ့ကျော်ရင် ရွာကို လှမ်းမြင်နေရပြီ။ ခင်းထိုင်ထားတဲ့ သတင်းစာဟောင်းလေး ပြန်ခေါက်၊ ကြွပ်ကြွပ်အိတ် အနီလေးကို ချိုင်းကြားညှပ်ပြီး သင်္ဘောလက်ရန်းနား ကပ်ရပ်နေလိုက်တယ်။
ရွာကို သင်္ဘောကပ်ဖို့ ပြင်နေတော့ ကမ်းနဖူးက လူအုပ်ထဲမှာ အေးရီမကို မြင်ရတယ်။ ကောင်မလေး နေမကောင်းလျက်နဲ့ သင်္ဘောဆိပ်ဆင်းလာတယ်။ ကဲကိုကဲတယ်လို့ တွေးမိပေမယ့် နှုတ်ခမ်းကတော့ ပြုံးမိတယ်။
"အမေ ... အမေ .. သမီး ဒီမှာ .. ဒီမှာ..."
အေးရီမရဲ့ အော်သံလေး ကြားရပြီ။ သင်္ဘေပေါ်က ကုန်းဘောင်လည်း ကမ်းပေါ်ထိုးချနေပြီ။ အို လူတွေကလည်း တိုးဝှေ့ ဆင်းလိုက်ကြတာ။ ကုန်းပေါ် မရောက်ဖူးတဲ့အတိုင်းပဲ။ ဒီကျောင်းသူမလေးနောက်က ကပ်လိုက်မှ။
"ဟဲ့ ဟဲ့ နောက်က အထမ်းသမားကြီးရဲ့ ထမ်းပိုးကြီးက ဘယ်လိုလဲ လူကို လာထိုးနေပါလား"
ဒန်အိုးဒန်ခွက်တွေကို အထမ်းထဲ ထည့်ရောင်းတဲ့ အဘိုးကြီးက တောင်းပန်တဲ့ မျက်လုံးနဲ့ လှမ်းကြည့်ပေမယ့် ကွမ်းတွေငုံထားတဲ့ ပါးစပ်က ဘာမှ ပြောလို့ မရဘူး။ သူလည်း တိုးဝှေ့ဆင်းနေတဲ့ လူအုပ်ထဲမှာ သူ့ထမ်းပိုးကို ထိန်းလို့ မရဘူး ဖြစ်နေတယ်။
"ဟဲ့ ... ဟဲ့ .. အို .. အမေလေး သွားပြီ"
ဒုတိယအကြိမ် လူအုပ်ကြားက ထိုးထွက်လာတဲ့ ထမ်းပိုးဟာ စောင်ထုပ်ကလေး ညှပ်ထားတဲ့ လက်မောင်းကို အရှိန်နဲ့ ဆောင့်တိုးလိုက်တော့ ကြွပ်ကြွပ်အိပ် အနီလေးဟာ ထမ်းပိုးထိပ်နဲ့ ငြိပြီး နောက်ကျိနေတဲ့ မြစ်ရေထဲကို ...။
အေးရီမကို ဖြတ်ခနဲ လှမ်းကြည့်မိတယ်။ အေးရီမ မျက်လုံးတွေ ၀ိုင်းသွားတယ်။ ပြီးတော့ လျှပ်တပြက် အချိန်တွင်းမှာပဲ မြစ်ရေပြင်ထဲကို ၀ုန်းကနဲ ခုန်ဆင်းသွားတယ်။
"ဟဲ့ သမီး .... သမီး .. အေးရီမ"
အေးရီမက ဘာကိုမှ ဂရုမစိုက်ပါဘူး။ မိုးနှောင်း မြစ်ရေစီးထဲမှာ မျောပါသွားတဲ့ ကြွပ်ကြွပ်အိတ်လေး နောက်ကို ကျားကုတ်ကျားခဲ ရေကူးရင်း လိုက်လို့။
သူ မီတော့မယ်။

ခက်မာ။
ဗြူတီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၁ခုနှစ်။



(စာရေးဆရာမ မေငြိမ်း)
စာရေးဆရာမ မေငြိမ်း ကတော့ ၁၉၈၆ မှာ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ က မြန်မာစာဌာနနည်းပြဆရာမ တဦးပါ။ အမည်ရင်း ဒေါ်ငြိမ်းခက်ခက် ဖြစ်ပါတယ်။ ၁၉၈၇ မေလကနေစပြီး စာပေနယ်ထဲဝင် ရောက်ခဲ့ပါတယ်။ ပေဖူးလွှာမဂ္ဂဇင်းမှာ ပြည့်စုံခြင်း.. ကဗျာနဲ့ပါ။ ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလအထိ.. ဒဂုံတက္ကသိုလ် မြန်မာစာဌာနမှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ… ၂၀၀၅ ဖေဖော်ဝါရီလမှာ မြားနတ်မောင်မဂ္ဂဇင်းမှာ မိုင်တိုင်အမှတ် ၄၀ ၀တ္ထုတို ရေးခဲ့ပြီး ပြည်ပထွက်ခဲ့ ပါတယ်။ မဂ္ဂဇင်းဝတ္ထုတိုပေါင်း ၁၀၀ကျော်..။ လုံးချင်းဝတ္ထု ၁၀အုပ်။ မုန်တိုင်းရဲ့ကျောရိုးနဲ့ ချစ်သောဝတ္ထုများ.. ၀တ္ထုရှည် စုစည်းမှု ၁အုပ်။ တွဲထွက် ၀တ္ထုတိုစု ၅အုပ်..။ အတ္ထုပ္ပတ္တိ စာအုပ် တအုပ် ထွက်ရှိခဲ့ပါတယ်။ တွဲဖက်ထုတ်ဝေတဲ့ စာအုပ်တွေအများကြီး ပါဝင်ရေးသားခဲ့ဖူးပါတယ်။ ခံစားသူအကြိုက် ၀တ္ထုတိုများ.. မိုးမိုး(အင်းလျား)အထိမ်းအမှတ် ၀တ္ထုတိုများ.. စသည်ဖြင့်ပါ။ ၂၀၀၅ မတ်လဆန်းမှာ ထိုင်းနိုင်ငံကို ရောက်ရှိ လာပြီး ဒီနေ့ထိ စာပေရေးသား နေသူတဦးပါ။

ထွက်ခဲ့တဲ့ လုံးချင်းများ

သီချင်းနှင်းဆီ (၁၉၉၀)
ပကတိမြား (၁၉၉၀)
မီးခိုးငွေ့ မီးခိုးမျှင် (၁၉၉၁)
အဆိပ်ဖြင့်...မြက်ခင်းများဆီ (၁၉၉၁)
ချစ်သူ့မျက်နှာစာ (၁၉၉၂)
ချစ်သူတို့ရဲ့ မနက်ဖြန် (၁၉၉၃)
အိပ်မက်တခုနဲ့ မျက်နှာချင်းဆိုင် (၁၉၉၄)
ချိုတဲ့တေး (၁၉၉၅)
ကောင်းကင်နိဒါန်း (၁၉၉၇)
အသံသစ်ပြတိုက် (၁၉၉၆)
အချစ်အကြောင်းပြောရအောင် (၁၉၉၈)



ကိုယ်ပိုင် Blog ၃ခု ရှိ တာကို သွားအားပေးနိုင်ပါတယ်။

http://maynyane.blogspot.com/

http://maynyane-literature.blogspot.com/

http://maynyane-edu.blogspot.com/

၂၀၀၈ ဒီဇင်ဘာမှ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပြီး Maryland မှာ နေထိုင်နေပါတယ်။ Voice Of America မှာ အသံလွှင့်တာဝန်ထမ်းဆောင်နေပါတယ်။

ကျောင်းသားထုချစ်တဲ့ ဆရာမမေငြိမ်း ရဲ့ မေငြိမ်း


(စာရေးဆရာမ မေငြိမ်းကို သူမမိခင် ဖခင် နှင့် အတူတွေ့ရစဉ်)

လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက အမေ၊ ကျမနဲ့ အဖေ..
ကျမကတော့… အဲဒီနာမည်ဟာ ငြိမ်းဖို့ခက်တယ်ဆိုတာမျိုးအဓိပ္ပါယ်ရနေတယ်လို့ ထင်တာမို့ (တကယ်လဲ ငြိမ်းဖို့ခက်ခဲ့)ငယ်ငယ်ကတည်းက စာအုပ်တွေမှာ နာမည်ထိုးတိုင်းနာမည်ရဲ့အောက်မှာPeace is not easy to get.But I conquer… လို့ ကလေးအတွေးနဲ့ ကိုယ့်ဘာသာ ရေးရေးထားခဲ့တာ။
ကျမက ဂျူးလိယက်ဆီဇာရဲ့I come,I see, And I conquer….. ဆိုတာကိုလဲ သဘောကျတာကိုး။
စာရေးတော့မယ်လို့ ကလောင်နာမည်စဉ်းစားတဲ့အခါမှာတော့ နာမည်အရင်းက မာရေကျောရေနိုင်တယ်လို့ ထင်တာနဲ့ပဲနည်းနည်းများနူးညံ့သွားမလားလို့ မေငြိမ်းလို့ ရွေးခဲ့တာ..။ မထင်မှတ်ဘဲ အတည်ဖြစ်သွားရာက မေငြိမ်းကိုတော့ ၁၉၈၆ မှာ မွေးဖွားခဲ့ပါတယ်။
အင်း…လွန်ခဲ့တဲ့ ၇၉နှစ်..၁၉၂၈ခုနှစ်ရဲ့ ဒီနေ့လို ဇွန်၁၄မှာတော့တော်လှန်ရေးလောကမှာ သူရဲကောင်းတစ်ဆူဖြစ်လာမယ့် (ကျမအင်မတန်လေးစားရတဲ့) ချီ ( Che Guevara) ကို အာဂျင်တီးနားနိုင်ငံမှာ မွေးခဲ့တယ်။
အဲဒီနောက် ၁၈နှစ်အကြာ.. ၁၉၄၆ခုနှစ်ရဲ့ ဇွန်၁၄ကျတော့ စီးပွားရေးလောကထဲ သမားတစ်ဆူဖြစ်လာမယ့် Donald Trump ကို အမေရိကမှာ မွေးခဲ့တယ်။


၁၉၆၉ ခုနှစ်ရဲ့ ဇွန်၁၄မှာတော့ တင်းနစ်လောကထဲ ချန်ပီယံတစ်ဆူဖြစ်လာမယ့် Steffi Graf ကို ဂျာမနီမှာ မွေးခဲ့တယ်။
ဒီလူတွေကတော့ နယ်ပယ်တခုမှာ အထင်ကရဖြစ်သူတွေပေါ့။ အင်တာနက်က မှတ်တမ်းတင်ရတဲ့ အကျော်အမော်တွေ။ ဒါဖြင့် ဇွန်၁၄ဖွားတွေထဲမှာ အဆိုးတွေ အဖျင်းတွေရောမပါဘူးတဲ့လား… ပါမှာပေါ့။


(စာရေးဆရာမ မေငြိမ်း)

ဒါပေမဲ့ လောက သဘာဝအတိုင်းအကောင်း အမွန်ကိုသာ မှတ်တမ်းတင်လိုပေလိမ့်မယ်။ နောက်ထပ်သေချာတာတခုကတော့ အဲဒီကျော်ကြားသူများဟာ မှတ်တမ်းတင်ခံရဖို့ဆိုတာထက် လောကထဲ အသုံးဝင်အောင် အသုံးကျအောင်နေရင်းက အထင်ကရဖြစ်သွားကြတာပါပဲ။ ဆိုတော့…သူတို့လို မကျော်ကြားခဲ့၊ မှတ်တမ်းတင်မခံခဲ့ရတောင်မှပဲ ကိုယ့်ဝန်းကျင်က ကိုယ့်ကိုလိုအပ်နေအောင် အသုံးကျနေရင် ကောင်းလေစွလို့ တွေးမိပါတယ်။ ဒါမှလဲ..ပင်ပင်ပန်းပန်း မွေးခဲ့ဖွားခဲ့ရတဲ့အဖေနဲ့ အမေ့ခမျာလဲ မွေးရကျိုး နပ်ရှာမယ်.. ပြီးတော့ ကျမဘက်ကလဲ မိဘရဲ့မွေးကျေးဇူးကို ငဲ့ရာကျပေလိမ့်မယ်။ ပြီးခဲ့တဲ့ ၆နှစ်၊ အဖေဆုံးပါးတဲ့အချိန်ထိ.. ဒီသမီးအတွက် အဖေစိတ်မငြိမ်းရသေး…(အဖေ့ခမျာ သူ့သမီးကြီး ကျမနဲ့ ပတ်သက်ရင်စိတ်ချမ်းသာစရာဆိုလို့ ကျမ မေငြိမ်းဖြစ်လာတာပဲရှိပါတယ်။ အဖေက ကျမ တက္ကသိုလ်မှာ ဆရာမဖြစ်တာထက် မေငြိမ်းဖြစ်လာတာကို ကျေနပ်သူ.. အမေကတော့ ဆရာမဖြစ်တာကို ကျေနပ်။ ဒါကတော့ ကျမဘ၀မှာ ဖြေသာစရာ။) ကြည့်ပါဦး…ခုပဲ.. ၄၂နှစ်ရှိခဲ့ပြီ။ ကျမ မိဘအပေါ် ဘယ်လောက်မှ ကျေးဇူးမသိရသေး။ (ကိုယ့်ဘ၀ကတောင် ခုချိန်ထိ ဘာတခုမှ သေချာတာမရှိသေးတာမို့ နောက် ဆိုတာကလဲ ဘယ်လောက်မှ မသေချာ..) ဒါပေမဲ့ လုံးဝသေချာတာတစ်ခုကတော့.. ဒီကနေ့မှာ အမေကတော့ မျက်စေ့အောက်ကနေ ပျောက်သွားခဲ့တဲ့ သမီးကြီးကျမအတွက်… အိမ်ကဘုရားမှာ ဆွမ်းကပ်ရင်း.. တနေရာရာမှာ အလှူဒါနလုပ်ရင်း.. (ပြီးတော့ တိတ်တိတ်ကလေး မျက်ရည်ကျရင်း) ဆုတောင်းပေးနေမှာကတော့ .. သေချာလှပါတယ်။ ကျမမှာကတော့ အမေ့ကျေးဇူးတွေအတွက် ပြန်ပေးစရာ…….
အမေရေ.. လောလောဆယ်တော့ကိုယ့်ဝန်းကျင်လောကလေးမှာ.. အနည်းဆုံးအားဆေးတစ်ခွက်လောက်တော့အသုံးဝင်အောင်… အဆိပ်ရည်အဖြစ် တစ်စက်မျှတောင် မဖြစ်ရအောင်.. ကြိုးစားတည်ဆောက်နေနေတာကပဲ.. မွေးတဲ့မိဘအတွက် သမီးတတ်နိုင်သလောက် ကျေးဇူးဆပ်နေတာလို့သာ စိတ်ဖြေပါရစေတော့နော်.. အမေ။

မေငြိမ်း(ဇွန်၁၄-အမှတ်တရ)

ဆရာမမေငြိမ်း ရဲ့ ချစ်ခြင်းမေတ္တာဆိုတာတွေ ဒီဘက်ခေတ်ထဲမှာ ရှားပါးလာနေပြီလားဆိုတာ မီးမောင်းထိုးပြထားတဲ့ လက်ရာလေး ခံစားကြည့်ပါအုန်း..

(ကဗျာဆရာ၉၈ယောက်ရဲ့ အချစ်ကဗျာ ၉၈ပုဒ်ကို ၁၉၉၈မှာ ထုတ်ခဲ့)

အချစ်ကိစ္စ

မနေ့ကတင်တဲ့စာကို ချစ်စိတ်လို့နာမည်ပေးဖြစ်တော့ ချစ်စိတ်ဆိုတဲ့စကားလုံးကို ဒီနေ့ဆက်တွေးနေမိပါတယ်။ တကယ်တော့၊ချစ်စိတ်ဆိုတာကိုက အင်မတန်သာယာနာပျော်ဖွယ်ရှိတဲ့ စကားလုံးလေးပါ။ တချိန်ထဲမှာပဲအချစ်၊ ချစ်ခြင်းမေတ္တာဆိုတာတွေ ဒီဘက်ခေတ်ထဲမှာ ရှားပါးလာနေပြီလားဆိုတာကိုပါ ဆက်တွေးမိသွားရင်းနဲ့ပဲ အချစ် ဆိုတာကို ကျမ သတိရသွားပါတယ်။

ပြည်တွင်းမှာတုန်းကကျမလုံးချင်းဝတ္ထုတွေ၊ကဗျာတွေရေးတဲ့အခါ အများစုကအချစ်ဝတ္ထုတွေဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်စွဲစွဲလန်းလန်းကြိုက်လေ့ရှိတာကလဲ အချစ်ဝတ္ထု၊ အချစ်ကဗျာ၊ အချစ်သီချင်းတွေပါပဲ။ ဒါနဲ့ပဲ ကျမ သူငယ်ချင်း မင်းထက်မောင်နဲ့အတူ စီစဉ်ပြီး ကဗျာဆရာ၉၈ယောက်ရဲ့ အချစ်ကဗျာ ၉၈ပုဒ်ကို ၁၉၉၈မှာ ထုတ်ခဲ့ပါတယ်။

အဲဒီတုန်းက တိုင်းပြည်ထဲမှာ လူတွေအနာဂတ်ပျောက်နေတာမျိုး စကြုံလာနေကြရပြီ။ အထူးသဖြင့် လူငယ်တွေ ကြားထဲမှာ ငွေကြေးကသာအရေးကြီးဆုံးဆိုတာမျိုး ဖြစ်လာနေပြီးတော့ ကိုယ်ကျင့်တရား..မေတ္တာတရား.. အနုပညာ နဲ့ အချစ်ဆိုတာတွေ မှေးမှိန်စပြုလာနေတာကို တွေ့နေရပါတယ်။ အထူးသဖြင့်.. ၉၆ ကျောင်းသား လှုပ်ရှားမှုကြောင့် တက္ကသိုလ်တွေ ရက်ရှည်ပိတ်ထားပြန်တဲ့ အချိန်မို့ လူငယ်တွေကြားမှာ စိတ်လေလွင့်မှု လှိုင်းတွေ ရိုက်ခတ် အားကောင်းနေတဲ့အချိန်။ပြီးတော့ လူလတ်ပိုင်းအရွယ်တွေကြားမှာ စီးပွားရေးပြဿနာ၊ အလုပ်လက်မဲ့ပြဿနာတွေများလာတဲ့အချိန်။

အဲဒီ ၁၉၉၆နောက်ပိုင်းကာလတ၀ိုက်တုန်းက ကျမပတ်ဝန်းကျင်မှာ ဘိန်းဖြူစွဲတဲ့လူငယ်တွေ၊ ရာဘ လို့ခေါ်တဲ့ စိတ်ကြွဆေးတမျိုးစွဲနေတဲ့ လူငယ်တွေ များလာတယ်။ စစ်အစိုးရရဲ့ စနစ်တကျဖျက်ဆီးမှုအောက်မှာ မူးယစ်ဆေးဝါးနဲ့ အရက်သေစာဟာ အင်မတန်ပေါတဲ့ဖျော်ဖြေရေးပစ္စည်းတွေလို ဖြစ်လာနေတယ်။အဲဒီအချိန်.. မိန်းကလေးတွေဟာ သူတို့ရဲ့ချစ်သူတွေ ၊ အိမ်ထောင်ဘက်တွေကို အဲဒီ မူးယစ်ဆေးတွေ၊ အရက်သေစာတွေနဲ့ ယှဉ်ပြိုင်ပြီး ချစ်နေကြရတယ်။အဲလိုပဲ မိဘတွေ၊ညီအကိုမောင်နှမတွေဟာလဲ သူတို့သားချင်းတွေကိုမူးယစ်ဆေး တွေ အရက်သေစာတွေဆီကနေ ပြန်လုယူနေကြရတယ်။

အရင်ခေတ်တွေနဲ့ယှဉ်ရင် အဲဒီကာလအပိုင်းအခြားမှာ လူငယ်အတော်များများဟာ ချစ်ခြင်းမေတ္တာတွေကို မူးယစ်ဆေးတွေနဲ့ လဲနေကြတဲ့အချိန်ဖြစ်ပါတယ်။ မိသားစုဘ၀တွေ၊ ချစ်သူဘ၀တွေဟာ မူးယစ်ဆေးကြောင့် ယိုယွင်းလာနေတယ်။ (ကျမကိုယ်တိုင်ရဲ့ လက်တွေ့ဘ၀ အပါအ၀င်…)။ စိတ်ကျတယ်ဆိုတဲ့စကားလုံးကို အသုံးများလာကြတယ်။

အဲဒီအခါ…အချစ်တွေဟာပေါ့ပျက်ပျက်ဖြစ်လာတယ်၊ ပျက်စီးလာနေတယ်။ သေချာတာကတော့.. ချစ်ခြင်းမေတ္တာ ရဲ့ မွန်မြတ်လှတဲ့ တန်ဖိုးတွေ ကျဆင်းလာတာပါပဲ။ ဒါဟာ အနာဂတ်ကာလရဲ့ ငြိမ်းချမ်းရေးအတွက် စိတ်ပူစရာ လို့ ကျမ ခံစားရပါတယ်။

ရှောလမုန်သီချင်း အခန်းကြီး၈အခန်းငယ်၆(ရှောလမုန်၈း၆)
ကျမကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ်ခတ်တော်မူပါ။
လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော်မူပါ။
အကြောင်းမူကား..
မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။
ခင်ပွန်းကို မယုံသောစိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။
သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။

ဒါနဲ့ပဲ ကျမ.. အချစ်ကဗျာစာအုပ် ထုတ်ဖြစ်ခဲ့တာပါပဲ။ အဲဒီတုန်းက..ကျမရေးခဲ့တဲ့ ကဗျာ..

အရောင်ဆွံ့

ရင်ထဲ တင်းတင်းကျပ်ကျပ်နာကျင်
ကြေကွဲတမ်းတ နေ့များ ညများ
တရွတ်တိုက် မျောပါ ရွေ့လျား
ပြေးလွှားလာကြသမျှ ဓါးသွားလှံချက်တွေ
ငိုကြွေးတိုင်တည်ရာ ကောင်းကင်ပြင်မြင့်မား
အဝေးကြီးကသူ့ဆီ
နှလုံးသားကို ခိုစီးလို့ လိုက်ပါသွား
မြင်ရဲ့လားအချစ်ရေ..
မင်းအနားက အရိပ်တစ်ခုကို
အဲဒါ ..ရူးသွပ်နေတဲ့ ၀ိဥာဉ်
မင်းစွန့်ပစ်ထားတဲ့ ဆံတစ်ပင်..
မင်းလက်ခံမယူရဲတဲ့ သစ်တစ်ပင်..
မင်း ဖြတ်တောက်ခုတ်ထစ်ရမယ့် နွယ်တစ်ပင်။ ။

ကျမစိတ်ထင်တော့ အဲဒီအချိန်ဟာ မြန်မာပြည်က လူငယ်တွေရဲ့အနာဂတ်တွေ အထိပါးအခံရဆုံး အဖျက်ဆီးအခံရဆုံးအချိန်တွေပါပဲ။ အဲဒီကာလမှာ ဇနီးမယားတွေ၊ ချစ်သူတွေ၊ မိဘသားချင်းတွေဘက်က အဆုံးအရှုံး များခဲ့ပါတယ်။

မေငြိမ်း(၆ဇွန်)

-----------------------------------------------ဇော်ဝင်း- (နယူးရော့်ခ်) မှ ပေးပို့ပါသည်-------------------------------------------------

1 comment :

Anonymous said...

ကိုအောင်ဝေး
၉၀ပြည့်လွန်နှစ်တွေက ခင်ဗျားရဲ့ဆောင်းပါးတပုဒ်မှာ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ရောက်သွားတဲ့ စာပေသမားတွေကို ထွက်ပြေး၍လွတ်မြောက်သွားသူများဆိုပြီး ကင်ပွန်းတပ်တဲ့ရေးသားမှုဖတ်လိုက်မိတယ်။ အခုခင်ဗျားတကယ်လွတ်မြောက်ပါပြီလား။ ခင်ဗျားရဲ့ယာမာဂူချီခင်ဆွေရီကော ကျမ်းမာပါစ။