-ကျော်သိင်္ခ-
၁၂.၂၁.၂၀၀၉
ချင်းမိုင် (မဇ္ဈိမ)။ ။ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် မြန်မာ စစ်အစိုးရကို အကြံဥာဏ်ကောင်းများ ပေးရန် ကြိုးစားနေသော ကုလသမဂ္ဂ လက်အောက်ခံ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် ESCAP ကမကထပြု ဖိတ်ကြားခဲ့သော ဘောဂဗေဒ နိုဘယ်ဆုရှင် ဂျိုးဆက် စတစ်ဂ်လစ်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ပြီး စစ်အစိုးရ အရာရှိများနှင့် ဆွေးနွေးခဲ့သည်။
စင်္ကာပူတွင် ရောက်ရှိနေသော ESCAP အမှုဆောင် အတွင်းရေးမှူးချုပ် Dr. Noeleen Heyzer ကို မဇ္ဈိမ သတင်းထောက်က စစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ စားပွဲဝိုင်း ဆွေးနွေးပွဲမှာ မြန်မာဝန်ကြီးတွေက ဘာကို အဓိက ထားပြီး ဆွေးနွေးခဲ့ကြလဲ။
ဖြေ။ ဆွေးနွေးတာတွေကတော့ အများကြီးပါ။ ကျမတို့ ဆွေးနွေးတဲ့ အဓိက အကြောင်းအရာတွေထဲက တခုကတော့ နိုင်ငံတွေရဲ့ ချေးငွေ ပေါ်လစီတွေကို ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ လယ်သမားတွေအတွက် မျိုးစေ့နဲ့ ဓာတ်မြေသြဇာတွေ ဝယ်ဖို့၊ ဆင်းနွမ်းပါးမှုတွေကနေ လွတ်ဖို့အတွက် အရင်းအနှီးက ဘယ်လောက် အရေးပါတယ်ဆိုတာကို ဆွေးနွေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ သုတေသနရှာဖွေ တွေ့ရှိချက်အရဆိုရင် လယ်သမားတွေဟာ အလွတ်ငွေတိုးချေးတဲ့ သူတွေဆီမှာ အကြွေးတွေ တင်နေကြတယ်။ ငွေချေးတဲ့ သူတွေကလည်း လယ်သမားတွေဆီကနေ အတိုးကို ၁ဝ ရာခိုင်နှုန်းလောက်ကို မြှင့်ပြီး ချေးကြတယ်။ ဒါကြောင့် ကျမတို့အနေနဲ့ လယ်သမားတွေကို အဲဒီအကြွေးတွေကနေ လွတ်ကင်းအောင် ထောက်ပံ့မှုတွေ ပေးတာပါ။
လယ်သမားတွေရဲ့ အကြွေးအပြင်၊ အလုပ်ခန့်ထားခြင်းဆိုင်ရာ ကိစ္စတွေ၊ ဝင်ငွေ ပုံမှန် ရရှိစေရေးသာမက လုပ်ကိုင်နိုင်စွမ်းရည်ကိုလည်း တည်ဆောက်ဖို့ ဆွေးနွေးခဲ့တယ်။ တကယ်တော့ ရှင်တို့နိုင်ငံမှာ အတွေ့အကြုံနဲ့ အရည်အချင်း မြင့်မားတဲ့လူတွေကလည်း အသက်ကြီးနေကြပြီ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို ထပ်ပြီး တောင့်တင်းခိုင်မာအောင် တော်တော်လေး လုပ်ယူရဦးမယ်။
ဒါပေမဲ့ တချိန်တည်းမှာပဲ၊ ဆင်းရဲတွင်းထဲကနေ ရုန်းထွက်ဖို့ လူတယောက်အနေနဲ့ အရည်အချင်းတွေကို မြှင့်တင်ရမယ်။ အထူးသဖြင့် ဒုတိယအနေနဲ့ လယ်ယာတော်လှန်ရေးကဏ္ဍမှာ လိုအပ်တာက လုပ်သားလိုအပ်ချက်တခုတည်း မဟုတ်ပါဘူး။ နည်းပညာအဆင့်နဲ့ ဗဟုသုတ မြင့်မားမှု အပေါ်မှာလည်း အခြေခံပါတယ်။ ဒါကြောင့် ရှင်တို့အနေနဲ့ ရှင်တို့ရဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်တွေ လျော့နည်း မသွားအောင် ကာကွယ်ရမယ်။ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရမယ်။ အခြားသော ကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရမယ်။
ဒါပေမဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အလုပ်ခန့်ထားခြင်းနဲ့ ပုံမှန်ဝင်ငွေ ရရှိဖို့ကို ဘယ်လို ပြန်ပြီး ဖန်တီးမလဲ။ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့တော့ ရှင်တို့ နိုင်ငံအတွင်းမှာ လုံခြုံမှုနဲ့ တည်ငြိမ်အေးချမ်းမှုတော့ ရှိမှာမဟုတ်ဘူး။
ကျမတို့ နောက်ထပ်ဆွေးနွေးတဲ့ အကြောင်းအရာက လက်ရှိ လယ်သမားတွေအပြင်၊ မြန်မာနိုင်ငံမှာ လယ်သမားဟောင်းတွေလည်း အများကြီး ရှိနေပါသေးတယ်။ ကျမတို့အနေနဲ့ သူတို့အတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ပုံစံမျိုးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့လိုပါတယ်။ ပြီးတော့ အလုပ်ခန့်ထားခြင်းဆိုင်ရာ အာမခံချက်၊ အခကြေးငွေမရဘဲ လယ်လုပ်ပေးရတာမျိုးတွေ၊ ပြီးတော့ ကိုယ်စိုက်ပျိုးတဲ့ သီးနှံအပေါ်မှာ အာမခံချက်ရရှိဖို့ အဲဒါတွေအတွက် လူမှုရေးအဖွဲ့အစည်းတွေကို ဖွဲ့စည်းဖို့ လိုပါတယ်။ အထူးသဖြင့် လူမှု အသင်းအဖွဲ့ပုံစံမျိုးလေးတွေ ဖွဲ့တာမျိုးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်ကို ဒုတိယ အများဆုံး ခံရနိုင်တဲ့ နိုင်ငံဖြစ်တယ်။ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အများဆုံးခံရတယ်။ အဲဒီထဲမှာ နာဂစ်ဆိုင်ကလုန်းလည်း တခုအပါအဝင်ပေါ့။ တချိန်တည်းမှာပဲ အခြားရာသီဥတု ပြောင်းလဲမှု ပုံစံတွေကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။
ပြီးတော့ တိုင်းပြည်ရဲ့ဝင်ငွေတွေကို မြန်မာအစိုးရအနေနဲ့ ဘယ်လိုသုံးစွဲသလဲ၊ လိုအပ်တဲ့နေရာတွေမှာ ဘယ်လို အသုံးပြုသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ပါ ကျမတို့ ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး အစိုးရရဲ့ ဘဏ္ဍာရေးစနစ်နဲ့ ဘတ်ဂျက်စနစ်ဟာ ပွင့်လင်းမြင်သာမှု ရှိဖို့ကိုလည်း ဆွေးနွေးခဲ့တယ်။
မေး။ မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ချေးငွေထုတ်ပေးမယ်လို့ ကြားတယ်ဗျ။ အဲဒါ ဟုတ်လား။
ဖြေ။ အဲဒါတော့ ကျမ မသိပါဘူး။ အဲဒီကိစ္စကို ရှင်တို့အနေနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကို မေးကြည့်ရင် ကောင်းမယ်ထင်တယ်။ အဲဒီ အကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျမလည်း မသိပါဘူး။
မေး။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံကို ချေးငွေထုတ်ချေးသင့်တယ်လို့ ထင်လား။
ဖြေ။ ယခုလက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားအကူအညီ (Overseas Development Aid) ဟာ အနိမ့်ဆုံး အဆင့်မှာ ရှိနေတယ်။ နိုင်ငံခြားအကူအညီကနေ ပျမ်းမျှ လူတဦးရတဲ့ ထောက်ပံ့ကြေးငွေဟာ တနှစ်ကို သုံးဒေါ်လာပဲ ရှိတယ်။ ဇင်ဘာဘွေ (ဒါမှမဟုတ်) ကမ္ဘောဒီယားနဲ့ လာအိုတို့ကို ယှဉ်ကြည့်ပါ။ သူတို့နိုင်ငံမှာရတဲ့ လူတဦး ပျမ်းမျှရရှိတဲ့ ထောက်ပံ့ငွေဟာ ဒီ့ထက် ပိုသေးတယ်။ တကယ်တော့ မြန်မာနိုင်ငံနဲ့ အခြေအနေချင်းတူတဲ့ နိုင်ငံတွေတောင် နေရာတိုင်းကိုကြည့်ရင် ပျမ်းမျှ လူတဦးရရှိတဲ့ ထောက်ပံ့ကြေးငွေက ဒေါ်လာ ၄ဝ နဲ့ ၆ဝ ကြားမှာ ရှိတယ်။ ပြီးတော့ ဒါကြောင့် မြန်မာနိုင်ငံ လူထုကိုယ်စား မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံခြားအကူအညီ အထောက်အပံ့တွေ တိုးမြှင့်ဖို့ လိုပါတယ်။ ဆွေးနွေးပွဲ တခုလုံးကတော့ အောက်ခြေလူတန်းစားတွေ၊ လယ်သမားတွေ၊ ဆင်းရဲသား လူတန်းစားတွေအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတာပေါ့။ ဒါကြောင့် အကူအညီလိုအပ်တဲ့နေရာမှာ ကျမတို့အနေနဲ့ ကူညီထောက်ပံ့မှုတွေ ပေးဖို့ ဆွေးနွေးတာပါ။
မေး။ အခု သွားရောက်ခဲ့တဲ့ မြန်မာပြည်ခရီးစဉ်မှာ ခင်ဗျားအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေနဲ့ ထိရောက်တဲ့ စကားဝိုင်း ဖြစ်ခဲ့တယ်လို့ ထင်လား။
ဖြေ။ အဲဒီလိုပဲ ကျမ ထင်ပါတယ်။ ကျမ ဆွေးနွေးတဲ့အခါမှာ သူတို့ လိုလိုလားလား နားထောင်တယ်။ စိတ်ဝင်တစား နားထောင်တယ်ဆိုတာ တွေ့ခဲ့ရတယ်။ ဆွေးနွေးပွဲက ၉ နာရီကြာတဲ့ ဆွေးနွေးပွဲပါ။ ကျမကို သူတို့ အင်မတန်မှ လေးနက်တဲ့ မေးခွန်းတွေ မေးကြပါတယ်။ ဒါကတော့ ခရီးရှည်တခုရဲ့ ပထမဆုံး ခြေလှမ်းလို့ ကျမ မြင်တယ်။ မည်သည့် ဖွံ့ဖြိုးတိုးတက်မှုမျိုးမဆို ရှည်လျားတဲ့ လမ်းကြောင်းပေါ်မှာ ရှိပါတယ်။ အဲဒီလမ်းကြောင်းကို နားထောင်မှုတွေ၊ အပြန်အလှန် စကားပြောခြင်းတွေ၊ နားလည်မှုတွေနဲ့ စခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးတနေ့မှာ မည်သည့်နိုင်ငံမဆို ကောင်းတဲ့ အလေ့အကျင့်တွေ၊ ဆိုးတဲ့ အလေ့အကျင့်တွေကို ဖွင့်ဟဖို့လိုတယ်။ ဘယ်ဟာတွေကို ရှောင်ကြဉ်ရမယ်။ ဖွံ့ဖြိုးတိုးတက်ရေး ကျင့်စဉ်အရ ဘယ်ဟာကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတာတွေကို ပြောဖို့လိုတယ်။ ဒါကြောင့် ဒီ ဆွေးနွေးပွဲဟာ အကောင်းဆုံး တွေးခေါ်မှုနဲ့ အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလေ့အကျင့်တွေကို မျှဝေတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။
မေး။ ဟုတ်ကဲ့။ မစ္စတာ ဂျိုးဇက် စတစ်ဂ်လစ်က “စီးပွားရေးနဲ့ နိုင်ငံရေးဟာ ခွဲခြားလို့ မရဘူး” လို့ ပြောခဲ့တယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲရမယ်ဆိုရင် ပြောင်းလဲလိမ့်မယ်လို့ ခင်ဗျားထင်လား။
ဖြေ။ ကျမတို့ ဆွေးနွေးကြတဲ့အထဲမှာ တော်တော်ကို စိတ်ဖိစီးမှု ဖြစ်စေတာကတော့ မည်သည့် ဖွံ့ဖြိုးတိုးတက်မှုမှာမဆို အောက်ခြေလူတန်းစားအထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ပါပဲ။ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ဖို့လိုတယ်။ ဒါတင်မကပါဘူး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း အင်အားဖြည့်ဖို့ လိုပါတယ်။ ဆိုလိုတာကတော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု စနစ်ကို ပိုပြီး အားကောင်းလာစေဖို့ပါ။
မေး။ တချို့က ပြောကြတယ်။ ခင်ဗျားအနေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သဘောထားကို မသိဘူး။ သူတို့ပြောတဲ့ စကားတွေကို နားယောင်တယ်ဆိုပြီး ဝေဖန်ကြတယ်။ တချို့ဝေဖန်ချက်တွေမှာတော့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်က သိတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ အာဏာကို ဆက်ပြီး ကိုင်ထားချင်တယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ လမ်းမမြင်ဘူး။ အဲဒီအပေါ်မှာ ခင်ဗျား ဘယ်လို တုံ့ပြန်မလဲ။
ဖြေ။ အင်း...ကျမကတော့ အဲလို မထင်ဘူး။ ကျမထင်တာက ကျမတို့အနေနဲ့ ကျမတို့ နားလည်တာကို ပြောခဲ့တယ်။ ကျမတို့ ပေးနိုင်တဲ့ အကြံဥာဏ်ကို ပေးဖို့အတွက် ကျမတို့ သူတို့ နဲ့ ပူးပေါင်းဆောင်ရွက်တယ်။ ပြီးတော့ ဒါဟာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ပဲလေ။ ဒါပေမဲ့ နိုင်ငံအတွေအနေနဲ့ ပထမဦးဆုံးခြေလှမ်းကို အမှန်တကယ်ကို စပြီး လှမ်းနိုင်ဖို့အတွက် ကျမတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ကျမ မြင်ပါတယ်။ ကျမတို့အနေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်ရတာကို စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က မြန်မာနိုင်ငံရဲ့ ကာလကြာရှည်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် ကူညီချင်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ရှင်တို့ သိထားသလိုမျိုး ကျမတို့က စစ်အစိုးရရဲ့ သဘောထားကို နားမလည်ဘူးဆိုတဲ့ အချက်နဲ့ မပက်သက်ပါဘူး။ ကျမတို့ အခုလို လုပ်နေတာဟာ စစ်အစိုးရအနေနဲ့ ပိုပြီး တာဝန်ယူတတ်လာအောင် ကူညီပေးနေတာပါ။ သူတို့အနေနဲ့ နိုင်ငံတကာက ဒီထက်ပိုပြီး လက်ခံလာနိုင်တဲ့ အနေအထား ဖြစ်လာအောင် ကူညီပေးတာပါ။
မေး။ မြန်မာပြည်တွင်း တက္ကသိုလ်တွေမှာရော၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာပါ မြန်မာစီးပွားရေး ပညာရှင်တွေ တက်ရောက်ပြီး သင်ကြားပို့ချနေကြတယ်။ စစ်အစိုးရအနေနဲ့ အဲဒီ ပညာရှင်တွေဆီက အကြံဥာဏ်တွေကို မယူဘဲ၊ ဘာ့ကြောင့် အမေရိကန် နိုင်ငံသား စီးပွားရေး ပညာရှင်ဆီက အကြံဥာဏ်ကိုယူတယ်။ အဲဒီအပေါ်မှာ ခင်ဗျားအမြင်က ဘယ်လိုလဲ။
ဖြေ။ ကျမတို့ ရဲ့ စားပွဲဝိုင်းဆွေးနွေးပွဲမှာ မြန်မာပြည်တွင်းက စီးပွားရေး ပညာရှင်တွေလည်း ပါပါတယ်။ ကျမ ထင်တယ် အခုလို ဆွေးနွေးပွဲဟာ နိုင်ငံတကာနဲ့ ပြည်တွင်း အုပ်စု နှစ်ခုကြားမှာ အသိအမြင်တွေ အပြန်အလှန် ဖလှယ်တဲ့ သဘာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆွေးနွေးပွဲမှာ ပြဖို့လိုအပ်တာက အကောင်းဆုံး အတွေးအခေါ်တွေကို ပြသဖို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်ထဲက လူတွေက ပြည်ပမှာ ဘယ်လို လုပ်ကိုင်ဆောင်ရွက်နေသလဲဆိုတာကို သိချင်ကြတယ်။ ရှင်တို့ သိတဲ့အတိုင်းပဲလေ။ မြန်မာပြည်ဆိုတာက အရမ်းကို တသီးပုဂ္ဂလ ဖယ်ကျဉ်ထားတဲ့ နိုင်ငံတနိုင်ငံ၊ ဒါကြောင့် ဒီနိုင်ငံထဲက လူတွေအနေနဲ့ နိုင်ငံပြင်ပက ဘယ်လိုဟာတွေကို သူတို့ ပြည်တွင်းမှာ အသုံးချလို့ရတဲ့ ရတယ်ဆိုတာကို သေသေချာချာ မသိကြဘူး။ အခုလို နိုင်ငံတကာနဲ့ ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက သူတို့အနေနဲ့ သူတို့ ကျင့်သုံးဖို့ လိုအပ်တဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံ သွားရမယ်ဆိုတဲ့ အခြေခံယုံကြည်မှုတခုကိုတော့ တည်ဆောက်ပေးပါတယ်။ နောက်ဆုံးမှာတော့ ကျမတို့တွေဟာ ယုံကြည်မှု တံတားတခုကို ဖွံ့ဖြိုးလာဖို့ ကြိုးစားကြတာပါပဲ။
မေး။ အခု ခရီးစဉ်မှာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဘယ်လို သဘောတူညီမှုတွေ ရရှိခဲ့လဲ။
ဖြေ။ အင်း ... အခုလို ဆွေးနွေးထားတဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ပုံနှိပ်ထုတ်ဝေဖို့နဲ့ အဲဒါတွေကို မြန်မာလို ဘာသာပြန်ပြီး ဖြန့်ဝေဖို့ပါပဲ။
No comments :
Post a Comment