Wednesday 16 December 2009

ခမာနီခေါင်းဆောင်များ ကို သင်ခန်းစာယူပါ


Source: ဘန်ကောက်ပို့စ် - "UN-backed court issues K.Rouge genocide charges"

-မြတ်စိုး-
၁၂.၁၆.၂၀၀၉

တချိန်က မြန်မာအာဏာရှင်များကို အတုယူအားကျခဲ့ကြတဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ခမာနီ ခေါင်းဆောင်များကို ၎င်းတို့ အာဏာရှိစဉ်ကာလအတွင်း ဖြစ်ပွားခဲ့သော လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ကုလသမဂ္ဂ က ထောက်ခံမှုပေးထားသော ကမ္ဘောဒီးယားအထူးခုံရုံးတခုက တရားစွဲဆို လိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။

ခမာနီခေါင်းဆောင် အဆင့် နှစ် ရာထူးတာဝန်ထမ်းဆောင်ခဲ့တဲ့ Nuon Chea နှင့် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Leng Sary တို့နှစ်ဦးကို ၁၉၇၅-၁၉၇၉ ခုနှစ် ကာလ ခမာနီ ကွန်မြူနစ်တို့ အာဏာရရှိခဲ့စဉ် အတွင်း ကမ္ဘောဒီးယား မှာရှိတဲ့ ဗီယက်နမ် လူမျိုးများ နှင့် မွတ်စလင်မ် ချမ် တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု တွင် ပါဝင်ပတ်သက်မှုဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းများတွင်ဖော်ပြထားသည်။ သူတို့နှစ်ဦးဟာ ခမာနီ ကွန်မြူနစ်တို့ အာဏာရရှိခဲ့စဉ်အတွင်း အလွန်သဘောထားတင်းမာသူများဖြစ်ပြီး၊ လူသားမဆန်တဲ့ ရက်စက်မှုများအပေါ် တာဝန်ရှိခဲ့ကြတယ်လို့ ဖော်ပြထားပါသည်။

သူတို့နှစ်ဦးစလုံးကို ယခင်က စစ်ရာဇ၀တ်မှု နှင့် လူသားများအပေါ်ပြစ်မှုကျူးလွန်မှုတို့ဖြင့် လည်း တရားစွဲဆိုထားပြီးဖြစ်သည်။

ကမ္ဘောဒီးယား၌ ခမာနီအစိုးရအုပ်ချုပ်စဉ်ကာလ (၁၉၇၅-၇၉) အတွင်း အစားအစာငတ်မွတ်မှု၊ ဆင်းရဲမွဲတေမှု၊ ရောဂါကူးစက် ခံရမှု၊ တရားဥပဒေမဲ့ သေဒဏ်စီရင်ခဲ့မှု၊ လူသားမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့မှု၊ လူသားများအားအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှု တို့ကြောင့် လူပေါင်း (၂) သန်းနီးပါး သေဆုံးခဲ့ရပြီး၊ ယင်းအမှုများတွင် ပါဝင်ပက်သက် ခဲ့ကြသော ခမာနီ အကြီးအကဲများ ဖြစ်ကြသည့် ပိုပေါ့၊ ခယူဆန်ဖန်၊ နာမည်ဆိုးနှင့်လူသိများသော Tuol Sleng လျှို့ဝှက်အကျဉ်းထောင် အကြီးအကဲ ဒက်ခ်ျ (Kaing Guek Eav, known by the alias Duch) အပါအ၀င် ခမာနီခေါင်းဆောင်များ ကို ကုလသမဂ္ဂ က ထောက်ခံမှုပေးထားသော ကမ္ဘောဒီးယား အထူးခုံရုံးတခုက တရားမျှတမှု ရှိအောင် တရားစွဲဆို အရေးယူမှုများ ပြုလုပ်လျှက် ရှိပါသည်။

အာဏာရှင်များအနေဖြင့် မိမိတို့ အာဏာရှိစဉ်အတွင်း လူသားများအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများ အပေါ် အကာအကွယ် ရယူနိုင်ကြပေမဲ့၊ နောင်တချိန်မှာ တရားမျှတမှုရှိအောင် စီရင်ဆုံးဖြတ်ခြင်းကို ရင်ဆိုင်ကြရ ပါလိမ့်မယ် ဆိုတာ ခမာနီခေါင်းဆောင်များ၏ နောက်ဆုံးနေ့ များက သက်သေထူနေပါသည်။




1 comment :

Anonymous said...

ခင်ဗျာကလဲ... အခုမှစကား စကြတုန်းရှိသေးတယ်....