Sunday, 10 January 2010

မြန်မာနဲ့တရုတ် မဟာဗျူဟာ

ဦးအောင်ခင်
ခေတ်ပြိုင်(The New Era Journal)
ဝေဖန်သုံးသပ်ချက်

နှစ်အနည်းငယ်အတွင်း သမ္မတဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေကြတဲ့ တရုတ်ဒု-သမ္မတ ရှီကျင့်ဖျင်ရဲ့ (၄) နိုင်ငံ ချစ်ကြည်ရေး ခရီးဟာ ငြိမ်းချမ်းစွာတိုးတက်ရေးလမ်းစဉ် ‘ဟားပင်ဂျူးချီ’ ကို ရောင်ပြန်ဟပ်နေသည်။ ဒီဇင်ဘာ (၁၄) ရက်က (၂၂) ရက်အထိ ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာနဲ့ ကမ္ဘောဒီးယားကို သွားခဲ့တယ်။ တရုတ်အစိုးရ အသားပေးနေတဲ့ နိုင်ငံခြားရေးရာ အယူအဆအချို့ဖြစ်တဲ့ သဟဇာတဖြစ်မှု၊ ပူးတွဲတိုးတက်ဖွံ့ဖြိုးမှု၊ ပူးတွဲတာဝန်ယူမှု၊ ကမ္ဘာ့အရေးမှာ တက်ကြွစွာပါဝင်မှု စတာတွေကို ကျင့်သုံးနေပုံရတယ်။

စစ်ရေးနဲ့ အခြားပဋိပက္ခမရှိအောင် ကြိုးစားတာဟာ သဟဇာတဖြစ်ရေးပါပဲ။ ပူးတွဲတိုးတက်မှုဆိုတာကတော့ အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ တရုတ်ပြည်အကြားမှာ ရှိနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းတာဖြစ်တယ်။ ပူးတွဲတာဝန်ယူမှုနဲ့ တက်ကြွစွာပါဝင်မှု သဘောတရားကတော့ တက်သစ်စ အင်အားကြီးနိုင်ငံရဲ့ အခန်းကဏ္ဍသစ်ကို ဖော်ပြတာဖြစ်ပုံရတယ်။ ၂၀၀၉ မှာ တရုတ်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ညီလာခံတွေမှာ ဦးဆောင်မှုပေးတဲ့ အခန်းက ပါဝင်လာတာ တွေ့ရတယ်။ တရုတ်ရဲ့ အကျိုးစီးပွားကိုသာ အဓိကမထားဘဲ တရုတ်ရဲ့အပြည်ပြည်ဆိုင်ရာ တာဝန်ဝတ္တရားကိုပါ ထမ်းဆောင်ဖို့ ဦးတည်လာတာဖြစ်တယ်။

တရုတ်-မြန်မာဆက်ဆံရေး မြှင့်တင်ရာမှာလည်း ပူးတွဲတာဝန်ယူရေးနဲ့ ပူးတွဲတိုးတက်ရေး အယူအဆဟာ အဓိကကျပုံရတယ်။ မြန်မာစစ်အစိုးရရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ်ကို ရိုသေလေးစားကြောင်း၊ တိုင်းပြည်စည်းလုံးရေးနဲ့ အမျိုးသား ညီညွတ်ရေးအတွက် မြန်မာအစိုးရကြိုးစားတာကို ထောက်ခံကြောင်း၊ တရုတ်ဒု-သမ္မတက ပြောသွားတယ်။ ဒါပေမယ့် တရုတ်-မြန်မာနယ်စပ် ဒေသတည်ငြိမ်ရေးကို အာမခံနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း၊ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးတည်ငြိမ်ပြီး တိုးတက်အောင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောသွားတယ်။

တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေးဟာ တရုတ်အတွက် အလွန်အရေးကြီးတယ်။ မကြာမီက ဖြစ်ပွားတဲ့ ကိုးကန့်တိုက်ပွဲမျိုးဟာ နယ်စပ်ဒေသကို စစ်မြေပြင်အဖြစ် အသွင်ပြောင်းနိုင်တယ်။ ကချင် နဲ့ ‘၀’ တိုင်းရင်းသားတွေဟာ ယူနန်ပြည်နယ်မှာရော၊ မြန်မာပြည်မှာရော နေထိုင်တဲ့အတွက် တရုတ်အစိုးရကို အကူအညီတောင်းထားတယ်။ ဒီဇင်ဘာအစောပိုင်းက တရုတ်ဗိုလ်ချုပ်ကြီးတဦး ကြပ်ပြေးနေပြည်တော် ရောက်သွားတာကိုကြည့်ရင် နယ်စပ်အရေးမှာ ရတက်မအေးဖြစ်နေတာ သိသာတယ်။ ဗိုလ်ချုပ်ကြီးအိုင်ဟုရှန် မြန်မာပြည်မှာ (၅) ရက်လှည့်လည်ပြီး အပစ်ရပ်အဖွဲ့တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ပုံမရပါဘူး။ ဒီအချက်ကိုကြည့်ရင် မြန်မာ့ပြဿနာမှာ တရုတ်အစိုးရပါဝင်နိုင်တဲ့ကဏ္ဍဟာ အကန့်အသတ်တွေ အများကြီး ရှိနေတာတွေ့ရတယ်။ အများထင်သလို မြန်မာအပေါ် တရုတ်က သြဇာမညောင်းဘူးလို့လည်း မြင်ကြတယ်။

ယူနန်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးမှာ မြန်မာပြည်ဟာ အရေးကြီးတဲ့အခန်းက ပါဝင်နေတာဟာလည်း တရုတ်-မြန်မာ ချစ်ကြည်ရေးကို အမြဲတမ်းမြှင့်တင်ရတဲ့ အကြောင်းရင်းတခုပါပဲ။ တရုတ်တွေဟာ မြန်မာပြည်ကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်နိုင်တယ်။ အာရှတောင်ပိုင်းနဲ့ရော၊ အရှေ့တောင်အာရှနဲ့ရော ဆက်သွယ်နိုင်တယ်။ ဒါကြောင့် တရုတ်ပြည် အနောက်တောင်ဒေသ တိုးတက်ကြီးပွားရေးမဟာဗျူဟာမှာ မြန်မာပြည်ပါဝင်နေတာဖြစ်တယ်။ မြန်မာပြည်ကို စီးပွားရေး ကိုလိုနီလုပ်ဖို့ တရုတ်က စိတ်မကူးပါဘူးတဲ့။ တရုတ်-မြန်မာဆက်ဆံရေးမြှင့်တင်လို့ အာဆီယံ-မြန်မာ ဆက်ဆံရေး ထိခိုက်မှာမဟုတ်ဘူးလို့ ယူနန်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာန ပါမောက္ခ ချန်ယန်းလီက ယူဆတယ်။

တရုတ်-မြန်မာနယ်စပ်ဟာ ပြဿနာပေါင်းစုံ ပေါ်ထွက်ရာဒေသ ဖြစ်နေတုန်းပါပဲ။ လက်နက်ကိုင် တိုင်းရင်းသားပြဿနာတင် မကသေးပါဘူး။ မူးယစ်ဆေးနဲ့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ပြဿနာအပြင် ဒုက္ခသည်ပြဿနာလည်း ရှိနေတယ်။ နယ်စပ်ဒေသဟာ စီးပွားရေးအရ တရုတ်ကို မှီခိုရတာ များတဲ့အတွက် မြန်မာစစ်အစိုးရရဲ့ သြဇာအရှိန်အ၀ါနည်းပါးတဲ့ နေရာလည်းဖြစ်တယ်။ တရုတ်နဲ့ အရင်းနှီးဆုံးလက်နက်ကိုင်တပ်ဖွဲ့ဟာ ‘၀’ ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ဖြစ်တယ်။ ‘၀’ တိုင်းရင်းသားဦးရေတ၀က်ဟာ တရုတ်ပြည်မှာရှိပြီး ကျန်တ၀က်က မြန်မာပြည်မှာရှိပါတယ်။ ‘၀’ တပ်ဖွဲ့မှာ အင်အား (၃)သောင်း ကျော်ရှိပြီး တရုတ်လုပ်လက်နက်ကြီးတွေနဲ့ လေယာဉ်ပစ်အမြောက်တွေပါရှိတယ်။

မြန်မာစစ်အစိုးရစီစဉ်တာကို ‘၀’ တပ်ဖွဲ့ မလိုက်လျောနိုင်တာဟာ တရုတ်အားကိုးရှိနေလို့ပဲဟု မြန်မာဘက်က မြင်ပုံရပါတယ်။ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ လက်နက်စွန့်လွှတ်အောင် ဖျောင်းဖျပြောဆိုဖို့ မြန်မာစစ်ခေါင်းဆောင်တွေက တရုတ်ကို ပန်ကြားထားပေမယ့် ဒီကိစ္စမှာ တရုတ်လည်း တတ်နိုင်ပုံမရပါဘူး။ ဒါပေမယ့် နယ်စပ်ဒေသမှာ အကြမ်းဖက်ပြီး ပြဿနာဖြေရှင်း တာကို တရုတ်က မလိုပါဘူး။ ဒါကြောင့် မြန်မာ-တရုတ်နယ်စပ် တည်ငြိမ်ရေးဟာ ရေရှည်ပြဿနာအဖြစ် ဆက်လက်တည်ရှိ နေဦးမှာဖြစ်တယ်။

တရုတ်သဘောတရားရေးဆရာတချို့နဲ့ သဘောထားမာကျောတဲ့ စစ်ဗိုလ်တွေကတော့ ငြိမ်းချမ်းစွာရှင်သန်တိုးတက်ရေးမူတခု တည်း တရားသေကျင့်သုံးတာမျိုးကို မလိုလားပါဘူး။ တရုတ်စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးသာမကဘဲ အကျိုးစီးပွား ကာကွယ်ရေးအတွက်ပါ တာဝန်ရှိကြောင်း ဗိုလ်ချုပ်ကြီး ဂျန်ဂျောင်ယင်နဲ့ သဘောတရားရေးဆရာတချို့တင်ပြတာကို ဂျပန်ပြည် အကီတ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်က တရုတ်ရေးရာ ပါမောက္ခ ၀ီလီလမ်က ၂၀၀၉ ခုနှစ် စက်တင်ဘာထုတ် China’s Quasi-Superpower Diplomacy ဆိုတဲ့ စာတမ်းမှာ ရေးထားတယ်။

တရုတ်စစ်အင်အားကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ အမျိုးသားကာကွယ်ရေးတက္ကသိုလ် မဟာဗျူဟာ ကထိက ဂျင်ယီနန်နဲ့ ဝေဖန်ရေးဆရာ ဟွမ်ကွန်လွန်းတို့က လိုလားတယ်။ တရုတ်ရဲ့ အကျိုးစီးပွားတွေဟာ ပြည်တွင်းမှာသာမကဘဲ ပြည်ပမှာပါ ရှိနေတဲ့အတွက် တရုတ်အကျိုးစီးပွားရှိရာနေရာကို တရုတ်စစ်တပ်က လိုက်ရလိမ့်မယ်လို့ ဟွမ်ကွန်လွန်းက ယူဆတယ်။ ဥပမာ တရုတ်ရေနံတင်သင်္ဘောသွားတဲ့ ပင်လယ်ရေကြောင်းကို ကာကွယ်ဖို့ တရုတ်ရေတပ်မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်ဟာ အခက်အခဲနဲ့ ဆူးငြောင့်တွေကို ဖြတ်သန်းပြီး ကြီးထွားရှင်သန်လာရမှာဖြစ်ကြောင်း သာယာတဲ့တေးသံကိုချည်း နားထောင်နေရင် ကြီးထွားဖို့မလွယ်ဘူးလို့ ဂျင်ယီနန်က ဆိုပါတယ်။ ဂျင်ယီနန်ရဲ့ မဟာဗျူဟာအမြင်ကို ၂၀၀၉ ဇူလိုင် (၂၄) ရက်မှာ ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရိုက ကြားနာတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အမြဲတမ်းပူးတွဲလုပ်ကိုင်ရမယ်ဆိုတဲ့ မူဝါဒကို လက်မခံတဲ့ စစ်ဗိုလ်တွေလည်း ရှိပါတယ်။ ငြိမ်းချမ်းစွာ တိုးတက်ဖွံ့ဖြိုးပြီး အပြည်ပြည်ဆိုင်ရာမှာ သိက္ခာတက်ချင်တာနဲ့ စစ်အင်အားမသုံးဘူးဆိုတဲ့အမြင်ဟာ မှားယွင်းတယ်လို့ အမျိုးသားကာကွယ်ရေးတက္ကသိုလ်ပါမောက္ခ ရေတပ်ဗိုလ်ချုပ်ကြီး ယန်ယီက ဆိုပါတယ်။ တရုတ်ရဲ့ အကျိုးစီးပွားကို အခြားနိုင်ငံတွေက အန္တရာယ်မပေးနိုင်အောင် အင်အားကောင်းတဲ့စစ်တပ် ရှိရမယ်လို့ ဆိုပါတယ်။ စစ်အင်အားကိုသုံးမှသာ တရုတ်ပြည်ရဲ့ အင်အားကြီးနိုင်ငံအဆင့်အတန်းကို ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်တဲ့ စစ်ဗိုလ်တွေလည်း ရှိပါတယ်။

တရုတ်ပြည်ရဲ့ အစီကအကျိုးစီးပွားတွေကို မျဉ်းနီတားထားရမယ်လို့ တရုတ်ကွန်မြူနစ်ပါတီက ၂၀၀၈ မှာ ဆုံးဖြတ်တယ်။ အဓိပ္ပာယ်ကတော့ ပါတီက မျဉ်းနီတားထားတဲ့ကိစ္စတွေမှာ နိုင်ငံခြားက ၀င်ရောက်စွက်ဖက်လာရင် ချက်ချင်းလက်တုံ့ပြန်ရမယ် ဆိုတဲ့ အယူအဆပါပဲ။ ထိုင်ဝမ်လွတ်လပ်ရေးတောင်းဆိုမှုကို ကမ္ဘာက အသိအမှတ်မပြုအောင် တရုတ်ကွန်မြူနစ်က လုပ်နိုင်တယ်။ တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ ပြည်ပရောက် ရှင်ဂျန်လှုပ်ရှားမှုခေါင်းဆောင် အူဝီဂါအမျိုးသမီး Rebiya Kadder ဟာ မျဉ်းနီတားခံရသူတွေပါပဲ။ ဒီပုဂ္ဂိုလ်တွေ နိုင်ငံခြားမှာ လှုပ်ရှားလို့မရအောင် တရုတ်အစိုးရက အစွမ်းကုန် ကြိုးစားတယ်။ အောင်မြင်တာရှိသလို မအောင်မြင်တာလည်းရှိတယ်။

ဒေါ်လာငွေသန်းပေါင်းနဲ့ချီပြီး လက်ကိုင်ထားတဲ့ တရုတ်အစိုးရဟာ စစ်အင်အားကောင်းအောင် တဘက်က ကြိုးပမ်းသလို တဘက်ကလည်း လူချစ်လူခင်ပေါများလာအောင် ပျော့ပျောင်းစွာ စည်းရုံးတယ်။ ပြည်ပမှာ ၀ါဒဖြန့်ဖို့အတွက် ဒေါ်လာငွေသန်းပေါင်း (၆,၆၀၀) သုံးဖို့ တရုတ်အစိုးရက သတ်မှတ်ထားတယ်။ ရုပ်မြင်သံကြားနဲ့ ဆင်ဟွာသတင်းကို နိုင်ငံခြားဘာသာစုံနဲ့ ဖြန့်ဝေဖို့ ရည်ရွယ်တဲ့ စီမံကိန်းပါပဲ။ တရုတ်ယဉ်ကျေးမှုနဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေကို အများလက်ခံအောင် ၀ါဒဖြန့်ဖို့ရည်ရွယ်ပြီး ကမ္ဘာပေါ်မှာ ကွန်ဖြူးရှပ်စ်ဌာန (၃၅၀) တည်ထောင်လိုက်တယ်။ လောလောဆယ်တော့ တရုတ်ရဲ့မဟာဗျူဟာ ဘယ်လောက်အောင်မြင်သလဲဆိုတာကို စောင့်ကြည့်ဖို့သာရှိပါတယ်။

No comments :