Wednesday, 13 January 2010

ခမရ ၅၁၅ မှ ဗိုလ်ကြီးကောင်းဇံ၏ ချစ်ဇနီးထံပေးစာ

ဇူလိုင် ၂၁။

ခင်လေး

နေကောင်းကျန်းမာမယ်လို့ထင်ပါတယ်။ ကိုယ့်အခြေအနေ သိဖို့ စာရေးလိုက်တာပါ။ ကိုယ်အခု နောက်တန်း ဆေးရုံကို ရောက်နေတယ်။ စိတ်မပူပါနဲ့ လက်နက်ကြီးအစ ရှပ်ထိရုံပါ။ မကြာခင်ပဲ ဆေးရုံကဆင်းပြီး ခင်လေးဆီ တခေါက်လောက် ပြန်လာတွေ့ဖို့ ကြိုးစားပါမယ်။ ခွင့်ရဖို့တော့ သိပ်မလွယ်ဘူး။ ထုံးစံ အတိုင်းပေါ့ ၁ရက် ၂ရက်လောက် အဆင်ပြေသလို လစ်လာရမှာပဲ။

ကိုယ်တို့ စကခ ၂၊ ခမရ ၅၁၅က မိုးတွင်းမှာလည် မနားရဘူး၊ ကိုယ်က ခွဲမှူးဖြစ်နေတော့ ပိုဆိုး တာပေါ့။ အပေါ်ကိစ္စလည်း ကိုယ်ပဲ။ အောက်ကိစ္စလည်း ကိုယ်ပဲ ဖြစ်နေတယ်။ ဇူလိုင်လထဲမှာ မိုးကလည်း အရမ်းကောင်းတယ်။ ဒီအချိန် ရှေ့တန်း စစ်မျက်နှာမှာ ဘယ်လို ဖြစ်နေမလဲဆိုတာ ခင်လေး မှန်းဆမိမှာပါ။ ကိုယ်တို့ ရောက်နေတဲ့ ဂွင်ထဲမှာ ရွက်ဆစ်အဖွဲ့တွေ တော်တော် များတယ်။ ဒီဂွင်ထဲမှာ ကိုယ်တို့ တပ်ရင်းက လှုပ်ရှား တခွဲနဲ့ ခလရ ၆၄ က ဗိုလ်မှူး နေထွတ်ဦးစီးတဲ့ တကြောင်းနဲ့ ခွဲတခွဲ လှုပ်ရှားနေရတယ်။

ဇူလိုင် ၁၆ ရက်နေ့မှာ ဗိုလ်မှူးနေထွတ်တို့ စစ်ကြောင်း ရွက်ဆစ်တို့ အဖွဲ့နဲ့ စပြီး ထိတွေ့မှု ဖြစ်ကြတယ်။ ဖြစ်တာက ညကြီးမိုးချုပ် သူတို့က ရွာအ၀င်မှာ ဖြစ်တာလို့ သိရတယ်။ ရဲဘော်တယောက် ဒူးမှာ လက်နက်ငယ်ထိပြီး ဒဏ်ရာရသွားတော့ သူတို့စစ်ကြောင်းက အဲဒီည အဲဒီရွာမှာပဲ အခြေပြု နေလိုက်ကြတယ်။ နောက်ရက်မှာ သူတို့စစ်ကြောင်းက ဟိုကောင်တွေ ဆုတ်သွားတဲ့ ဖက်ကို လိုက်ရှင်းကြတယ်။

ထုံးစံအတိုင်းပေါ့ကွာ အထက်ကလည်း ကိုယ်တို့ကို လိုက်ရှင်းခိုင်း ပိတ်ခိုင်းတော့ ကိုယ်တို့ တပ်ခွဲက နောက်နေ့ ညနေ ၃နာရီ ကျော်လောက်မှာ ဟိုကောင်တွေနဲ့ စထိတွေ့ ပစ်ခတ်ကြတယ်။ ဒီကောင် တွေ ၂၀ လောက်ရှိမယ်လို့ ခန့်မှန်းတယ်။ ကိုယ်တို့လည်း ပစ်အားနဲ့ ဖိပြီး တွယ်လိုက်တော့ ဒီကောင်တွေ ပြေးသွားတယ်။ ကိုယ်တို့ တပ်ခွဲက ဖြန့်ပြီး လိုက်ရှင်းတယ်။ အဲဒီမှာပဲ ညနေ ၆ နာရီ လောက်မှာ တခြားအဖွဲ့နဲ့ ထပ်ပြီး ထိတွေ့ ကြတယ်။ ဒီတခါတော့ ဒီကောင်တွေဘက်က အတော် များတယ်။ ခန့်မှန်းခြေ ၈၀ လောက်ရှိမယ် ထင်တယ်။ ဘူဇူကာလည်း အတော် သုံးနိုင်ကြတယ်။ ကိုယ်လည်း မထင်မှတ်ဘဲ ချုံခိုမိတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ သူတို့ဘက်က လက်နက် ကြီးတွေ ပုံအောပစ်တာ ခံလိုက်ရတယ်။ ဒီပွဲမှာ ကိုယ်လည်း လက်နက်ကြီး အစ ထိခဲ့တယ်။

ကိုယ်စိတ်မကောင်းတာက ကိုယ့်ခွဲက အားအကိုးရဆုံး တပ်ကြပ် ယဉ်ထွေး၊ တပ်ကြပ် မြင့်လွင်နဲ့ တပ်ကြပ် နန္ဒာထွေးတို့ ကျသွားကြတယ်။ တပ်သား စိုးမြင့်အောင်လည်း ကျသွားတယ်။ အားလုံး ၄ယောက် ကျသွားတာပေါ့။ ဟိုတလောကမှ ကိုယ်တို့ခွဲကို ပြောင်းလာတဲ့ ဗိုလ်မျိုးသူဟိန်းလည် ဒဏ်ရာရတယ်။ တပ်ကြပ်ကြီး သက်ဦး၊ တပ်ကြပ် အောင်ကျော်ဦး။ တပ်သား အေးမင်းတို့လည်း ဒဏ်ရာရတယ်။ အားလုံးက လနက ဒဏ်ရာတွေပဲ။ ဆိုးတာက သေနတ် ၄လက် ပါသွားတာပဲ။ MA1 ၁လက်၊ MA2 ၂လက် ၊ နဲ့MA4 ၁လက်။ ကိုယ်တော့ စစ်ခုံရုံး ၀င်ရမှာ သေချာ သလောက်ပဲ။

ခင်လေးဘာမှ စိတ်မပူပါနဲ့ ကိုယ်တို့စုဆောင်းရှာထားသမျှ လေးတွေနဲ့ ပေးကမ်းပြီး အမှုပေါ့အောင် ကြည့်လုပ်ရမှာပေါ့။ ခင်လေး ပစ္စည်းတွေ ခဏ ထုတ်သုံးရမှာကိုတော့ မောင်နှမျောမိ ပေမဲ့ မတတ်နိုင်ဘူး ခင်လေးရေ။ နောက်မှ မောင် ပြန်ရှာ ပေးပါမယ်ကွာ။ လောလော ဆည်ဆည်တော့ ထုခွဲပြီး ငွေရှာထားပါအုန်း။ ဒါမှ ဒီတပါတ်အတွင်း ကိုယ်ပြန်လာရင် အဆင်သင့် ဖြစ်နေအောင်။ ဘာပဲဖြစ်ဖြစ်၊ ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ မှတ်ပါတယ်။ သားလည်း နေကောင်းတယ်မို့လား။

ခင်လေးနဲ့သားမောင်သီဟ ကျန်းမာဖို့ မောင် ဆုတောင်းပါတယ်။

သတိရစွာနဲ့
မောင်

(၀ိမုတ္တိဘလော့ခ်မှ ကူးယူဖော်ပြသည်။)

2 comments :

danyar said...

စိတ်မကောင်းစရာပါပဲဗျာ ဖတ်ရတာ .....စိတ်မကောင်းဘူးဗျို့ ......ကိုယ်ချင်းစာပါတယ်....

Anonymous said...

စိတ်မကောင်းပါဘူးဗျာ ...ဖတ်ရတာ ...စိတ်ညစ်ပါတယ်