Sunday 24 January 2010

ကရင်နှစ်သစ်ကူးမှာ ဗုံးခွဲခဲ့တာ နေပြည်တော် မှ တိုက်ရိုက်ညွန်ကြားမှုဖြင့်ဖြစ်


ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖာပွန် ကရင်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်ကွဲမှုမှာ နယ်မြေခံ နအဖ စစ်တပ်၏ လက်ချက်ဖြစ် သည်ဟု မကြာသေးမီက ထွက်ပြေးရောက်ရှိ လာသည့် နအဖ စစ်ပြေးများက ပြောဆိုဖွင့်ချခဲ့ကြပါသည်။

၎င်းတို့ ပြောဆိုချက်အရ အဆိုပါ ဖောက်ခွဲရေး စီမံကိန်း အတွက် နေပြည်တော်မှ တိုက်ရိုက် ညွှန်ကြား စေခိုင်းခြင်းဖြစ်ပြီး ဖာပွန် အခြေ စိုက် အမှတ် (၁) စစ်ဗျူဟာမှူးကိုယ်တိုင် ကြီးကြပ်ကာ နယ်မြေခံ နအဖ စစ်ထောက် လှမ်းရေးနှင့် စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်းများမှ ဖောက်ခွဲရေး ကျွမ်းကျင်သူများက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရပါသည်။

မကြာသေးမီက ထွက်ပြေးရောက်ရှိလာသည့် ဖာပွန်အခြေစိုက် အမှတ် (၁) စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်း၊ တပ်ခွဲ (၂)မှ တပ်သား မောင်စိုး (အမည်ရင်း မဟုတ်) ၏ ဖွင့်ချ ပြောဆိုချက်အရ ကေအဲန်ယူအပေါ် အများပြည်သူများ အထင်အမြင် လွဲမှားလာစေရန်အတွက် အထက်မှ ညွှန်ကြား လုပ်ဆောင်စေခြင်း ဖြစ်ကြောင်း၊ ၎င်း၏ တပ်ခွဲမှူးလည်း အသေးစိတ် လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင် ရသဖြင့် ထိုကဲ့သို့ အသေးစိတ်ကို သိရှိရခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားသည့်ညတွင် မိမိတို့ တပ်ခွဲအပါအ၀င် အခြားတပ်ခွဲများနှင့်အတူ လုံခြုံရေး ထူထပ်စွာ ချထားကြောင်း ပြောဆိုသည်။

ထိုသို့ လုံခြုံရေး ထူထူထပ်ထပ် ချထားခြင်းကြောင့် ကေအဲန်ယူ ဘယ်လိုမှ ၀င်ရောက်နိုင်သည့် နေရာ မဟုတ်ကြောင်း၊ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း၊ ပေါက်ကွဲသည့် ဗုံးအစအနကို ပြန်စစ်ပါက ၎င်းတို့ စစ်တပ်၏ ဗုံးဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် အဖြေထွက်နိုင်ကြောင်း ပြောဆိုသွားသည်။

အဆိုပါ ထွက်ပြေးရောက်ရှိလာသည့် နအဖ စစ်ပြေးသည် စစ်သက်တမ်း ၂ နှစ် ရှိပြီး ဖြစ်သည်ဟု သိရှိရသည်။

အဆိုပါ ဗုံးဖောက်ခြင်း အသေးစိတ်လုပ်ငန်းစဉ် အား ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် ဖာပွန် အခြေစိုက် ဒီကေဘီအေ (၃၃၃) တပ်မဟာ ကဆောဝါး တပ်ရင်းထံ သတင်း မပေါက်ကြား စေရန် လျှို့ဝှက်စွာ ကိုင်တွယ်လုပ်ဆောင်ခဲ့ကြ ကြောင်း၊ ဒီကေဘီအေကို နယ်မြေခံ နအဖ တပ်ဗိုလ်များက ယုံကြည်မှု နည်းကြောင်း အဆိုပါ နအဖ စစ်ပြေးက ပြောပြခဲ့ပါသည်။

သတင်း – ဖာပွန်သား

မူရင်းကို ဇွဲကပင် အင်တာနက်စာမျက်နှာတွင်တွေ့ နိုင်ပါသည်။
http://www.zwekabin.org/?p=1289#

No comments :