သတင်းနှင့် ဓာတ်ပုံ (မိုးမခ၀က်ဘ်ဆိုက်)
ကုန်းဘောင်မင်းဆက်မှ သီပေါမင်းရဲ့မြေးတော်ဖြစ်သူ၊ စာရေးဆရာ၊ သမိုင်းသုတေသီ၊ တော်ဘုရားကလေးရဲ့ စတုတ္ထအကြိမ်မြောက် စာပေဆုပေးပွဲကို ရွှေတိဂုံဘုရားလမ်းရှိနေအိမ်မှာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက် နေ့မှာ နံနက် (၁၀) နာရီက (၁၂) နာရီအထိ ကျင်းပခဲ့ပါတယ်။
၂၀၀၉ ခုနှစ်က စပြီး စာပေနှင့်စာနယ်ဇင်းအဖွဲ့မှ ကွပ်ကဲရွေးချယ်ခြင်းမရှိတဲ့ စာပေဆုများကို ဟိုတယ်၊ ပန်းခြံ၊ ခန်းမများမှာ အခမ်းအနားနဲ့ ကျင်းပတာကို စစ်အာဏာပိုင်တို့က ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း တော်ဘုရားလေးရဲ့ နေအိမ်မှာ ကျပ်ကျပ်တည်းတည်း ကျင်းပခဲ့ရတာဖြစ်ပါတယ်။ စာပေစိစစ်ရေးအဖွဲ့ရဲ့ ခွင့်ပြုပြီး ထုတ်ဝေထားတဲ့ ကဗျာ၊ ၀တ္ထုစာအုပ် လုံးချင်းများကို ဆုရွေးချယ် ချီးမြှင့်ခဲ့ပေမယ့် တရားမ၀င် အခမ်းအနားတခုလို တော်ဘုရား ကလေးရဲ့ စာပေဆုပေးပွဲသတင်းကို လွန်ခဲ့တဲ့ နှစ်က မဂ္ဂဇင်း ဂျာနယ်၊ စာမျက်နှာများမှာ ဖော်ပြခွင့်လည်း မရ ရှိခဲ့ပါဘူး။
“ကျမအနေနဲ့ ရှိတာလေးနဲ့ စီစဉ်ရတာပါ။ တော်တော် (တော်ဘုရားကလေး) ရဲ့ စာပေနဲ့ သမိုင်းကို ချစ်မြတ်နိုး တဲ့ စိတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ စာပေဆုပေးပွဲကို ကျင်းပခဲ့တာ (၄) နှစ် ရှိပါပြီ။ ဒီနှစ်တော့ ဘယ်မှာမှ လုပ်လို့မရ လို့ အိမ်မှာပဲ ဆုရတဲ့သူတွေနဲ့ သူတို့မိသားစုတွေရယ်၊ ဆုရွေးချယ်ရေးအဖွဲ့ရယ်၊ သတင်းကြားလို့ လာကြတဲ့ စာ ပေအသိုင်းအ၀ိုင်းက သူတွေရယ်နဲ့ လုပ်ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှလည်း ဖိတ်စာနဲ့ မဖိတ်ဖြစ်ပါဘူး” ဆိုပြီး တော်ဘုရားကလေးရဲ့ ဇနီး ဒေါ်ခင်မေက ဆုပေးပွဲကျင်းပဖြစ်ခဲ့ပုံကို ပြောပြပါတယ်။
စတုတ္ထအကြိမ်မြောက် တော်ဘုရားကလေးစာပေဆုပေးပွဲမှာ ကဗျာစာအုပ်(လုံးချင်း)ဆုနဲ့ ၀တ္ထုတိုစာအုပ်(လုံး ချင်း)ဆုတို့ကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။
ကဗျာစာအုပ်(လုံးချင်း)ဆုကို “စိန်ပွင့် မြပွင့် ပတ္တမြားပွင့်” ကဗျာစာအုပ် ရေးသားခဲ့သူ စာရေးဆရာ၊ ကဗျာဆ ရာကြီး ဦးအံ့မောင်က ရရှိခဲ့ပြီး ၀တ္ထုတိုစာအုပ်(လုံးချင်း)ဆုကို “အိပ်မက်ပြဇာတ်ထဲက ဘယာနကပုစ္ဆာ ၀တ္ထုတို များ” စာအုပ်ကို ရေးသားခဲ့သူ စာရေးဆရာ ဦးဆွေ (ဒဿနိက) က ဆွတ်ခူးသွားခဲ့ပါတယ်။
ဆုပေးပွဲအခမ်းအနားမှာ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ကဗျာဆုအတွက် ဆုရွေးချယ်ရေးအဖွဲ့ရဲ့ သုံးသပ်ချက်ကို ကဗျာဆရာဇော်နောင်က ဖတ်ကြားပြီး ၀တ္ထုတိုဆုအ တွက် ဆုရွေးချယ်ရေးအဖွဲ့ သုံးသပ်ချက်ကို စာရေးဆရာ လင်းထင်က ဖတ်ကြားခဲ့ပါတယ်။
စာရေးဆရာ ထက်မြက်က ဆုရွေးချယ်ရေးအဖွဲ့အနေနဲ့ အခုလို ကျင်းပရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကြွ ရောက်လာကြတဲ့သူများကို တောင်းပန်စကားပြောကြားခဲ့ပြီး အခမ်းအနားအစီအစဉ်မှူးအဖြစ် မောင်လွင်မွန် (ကသာ) က ဆောင်ရွက်ခဲ့ပါတယ်။
ကဗျာဆုရရှိတဲ့ ဆရာဦးအံ့မောင်ကို ဆရာဒဂုန်တာရာက ဆုချီးမြှင့်ပြီး ၀တ္ထုတိုဆုရရှိတဲ့ ဦးဆွေ (ဒဿနိက) ကို တော်ဘုရားကလေးရဲ့ ဇနီး ဒေါ်ခင်မေက ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဆုလက်ခံရရှိသူများက တက်ရောက်ကြ သူများကို ကျေးဇူးတင်စကား ပြောကြားခဲ့ကြပြီး ဆရာဇော်နောင်က တော်ဘုရားကလေး ဂုဏ်ပြုကဗျာကို ရွတ် ဆိုခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။
သတင်းနှင့် ဓာတ်ပုံ (မိုးမခ၀က်ဘ်ဆိုက်)
WFWW (NY)
Monday, 8 February 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment