Sunday, 7 February 2010

နယူးယောက်မြို့ က ပထမဦးဆုံး အကြိမ် ပန်းချီအနုပညာပြပွဲ

ဇော်ဝင်း (နယူးရော့ခ်)

အမေရိကန်ရောက် မြန်မာနိုင်ငံသား ပန်းချီအနုပညာရှင်တွေစုပေါင်းပြီး (မြန်မာပန်းချီဆ၇ာ ၁၅ ဦး မြန်မာဓါတ်ပုံဆရာ ၂ ဦး တို့ ရဲ့) ပထမဦးဆုံး အကြိမ် ပန်းချီအနုပညာပြပွဲ ကို နယူးယောက်မြို့မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ တက်ရောက်သူပရိသတ် သုံးရာကျော် လောက်တက်ရောက်ပါတယ်။ ပန်းချီ၊ ဓာတ်ပုံ၊ ပန်းပု၊ သရုပ်ဖော်အနုပညာ၊ ဗွီဒီယိုအနုပညာနဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားတွေကို ပြသခဲ့ ပါတယ်။ ပန်းချီကားတွေ ကြားမှာ မြန်မာ့တီးလုံး လေးတွေ က ငြိမ့်ငြိမ့်လေး ဖွင့်ပေးထားပါတယ်။ လ္ဘက်ရည် မြန်မာမုန့် လ္ဘက်သုပ် တွေနဲ့တည်ခင်းဧည့်ခံပါတယ်။



"Open Center" ပန်းချီပြခမ်းထဲက ဗုဒ္ဓ ရုပ်ထု နဲ့ လက်ဖဝါးလေးတွေ ပါ သာသနာ့အလံ

အသွေးအရောင်စုံ ပန်းချီကားတွေ ကြောင့် နယူယောက်မြို့ကြီးဟာ ပိုလှပလာတယ် လို့ကျွန်တော်ခံစားရပါတယ်။ မြန်မာအနုပညာရှင်တွေရဲ့ အနုပညာလက်ရာတွေရဲ့ဆွဲဆောင်မှု ဟာ မြန်မာပြည်ကို သတိယစေ လွမ်းဆွတ် တမ်းတမိစေပါတယ်။ နိုင်ငံခြားသား တဦးက မြန်မာပြည်သွားလည်ပတ်ချင်စိတ် မြန်မာတွေကို ခင်မင်ချင်စိတ်တွေ တိုးပွါးလာရတယ်လို့ ဖွင့်ဟပြောပြတယ်။ ဒီ ပန်းချီ ဓါတ်ပုံ အနုပညာပြပွဲဟာ မြန်မာတွေ ယဉ်ကျေးတာ ပျော်ပျော်ရွှင်ရွှင်နေတတ်တာတွေ တိုင်းပြည် ရာဇဝင် အခင်းအကျင်း တစေ့တစောင်း ကိုပါ အကဲခတ်မိစေပါတယ်။ ဒီပန်းချီအနုပညာပြပွဲကို "Contemporary Burmese Art: Ideas & Ideals" "ခေတ်ပြိုင်မြန်မာအနုပညာ - စိတ်ကူးနှင့်စံများ" လို့ ခေါင်းစဉ် နဲ့စထားတာမို့ တမူထူးနေတာ သတိပြုမိပါတယ်။

ဖွင့်ပွဲအခမ်းအနားကို အနုပညာရှင် ပန်းချီဆရာမ မချောအိသိမ်းရဲ့ သရုပ်ဖေါ် အနုပညာနဲ့အတူပန်းချီဆရာ ကိုမျိုးသိန်းထွန်း ရေးဆွဲထားတဲ့ 'ငါတို့လက်များ' အမည်ရှိ နိုဗယ် ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီကားချပ်ကြီး (၅ ပေ၊ ၉ ပေ) ကို ဖွင့်လှစ်ပြသလိုက်တာကိုက အိုင်ဒီယာ စိတ်ကူး နဲ့ သူတို့အနုပညာစံကို ပရိသတ်က အကဲခပ်မိလိုက်ပါတယ်။

အခမ်းအနားကို တက္ကဆက်က ပန်းချီဆရာ ဦးပေါ်သိမ်း၊ မေရီလမ်းက ပန်းချီဆရာ ဦးဝင်းဖေ နဲ့ ပန်းချီဆရာ ကိုမင်းကျော်ခိုင်၊ နယူးဂျာစီ က ပန်းချီဆရာ ဦးဝင်းထွန်း၊ ပစ္စဘတ်မြို့ က ပန်းချီဆရာ ကိုသန်းဌေးမောင် တို့တက်ရောက်နိုင်ခြင်း မရှိပါဘူး ။

ပထမဦးဆုံး အကြိမ် ပန်းချီအနုပညာပြပွဲ ဟာ စီစဉ်စ ကနဦးမှာ လေးရက်သာပြသခွင့်ပေးခဲ့ပေမဲ့ ပန်းချီအနုပညာပြပွဲ ဖွင့်ပွဲအခမ်းအနား လုပ်နေစဉ်မှာပဲ တလတိတိ ပြသခွင့်ပေးမယ်ဆိုပြီး "Open Center" က အရာရှိတွေက ပြောပါတယ်။

ဖွင့်ပွဲစတင်ပုံလေး ကျွန်တော် ကိုယ် တွေ့ လေးကို ပြောပြချင်ပါတယ်။ ပန်းချီကားတွေ အားလုံး ကိုပြသထားပေမဲ့ နိုဗယ် ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်၏ပုံတူ ပန်းချီကားချပ်ကြီးကို တော့ ဖုံးအုပ်ထားတာ သတိပြုမိပါတယ်။ အခမ်းအနား အစ ရဲ့ အစ မှာ ပန်းချီခန်းမကြီး ကို မီးမှောင်ချထားလိုက်ပါတယ်။ ပရိသတ် တွေဟာ ပန်းချီကားပတ်ပတ်လည် ချန်ရံ ပြီး ဝိုင်းအုံ ကြည့်နေတာကတော့ ပိတ်ထားတဲ့ အလုံပိတ်အနက်ရောင် စက္ကူပုံးကြီးပါ။




စက္ကူပုံး ထဲက ရုန်းကန် မှုတွေနဲ့ မွန်းကြပ်နေတဲ့အသက်ရှူ နေသံ ဟာ ပရိသတ် ကို စိတ်ဝင်စားမှုတိုးပွါးလာပါတယ်။


အခမ်းမှောင်ထဲမှာ အနက်ရောင် စက္ကူပုံးကြီးထဲ က လူသား ရဲ့ အသက်ရှူ နေသံ ။ ပြီးတော့ စက္ကူပုံးကြီးနံရံ လေးဖက်ရဲ့ အပြင်ကိုဖောက်ထွင်းပြီး အပေါက်သေးသေး ကလေးတွေ ကနေ စက္ကူစလေးတွေ ထွက်ကျလာပါတယ်။


စက္ကူပုံး ထဲက လူသားရဲ့ ရုန်းကန် မှုတွေ က စက္ကူပုံးကြီးနံရံ လေးဖက်ရဲ့ အပြင်ကိုဖောက်ထွင်းပြီး လက်တွေ ချေထောက် တွေပါ စက္ကူပုံးကြီးနံရံ အပြင်ဖက်ထွက်ပေါက်ကို ဖောက်ထွက် လာ ပါတော့တယ်။ စက္ကူပုံး ထဲက ရုန်းကန် မှုတွေနဲ့ မွန်းကြပ်နေတဲ့အသက်ရှူ နေသံ ကတော့ အဆက်မပြတ် ထွက်နေဆဲပါ။ ပိတ်ထားတဲ့ အနက်ရောင် စက္ကူပုံးကြီး ရဲ့ အပြင် မှာ စက္ကူစလေးတွေ ပြန့်ကျဲနေတယ်။

စက္ကူပုံး ထဲက ရုန်းကန် မှုတွေနဲ့ မွန်းကြပ်နေတဲ့အသက်ရှူ သံတွေ နဲ့အတူ ထွက်ပေါက်ကို ဖောက်ထွက်ရာက စက္ကူပုံး ကြီးတုန်းလုံးလဲ သွားတော့ တက်ရောက်သူပရိသတ် သုံးရာကျော် လောက် က ဇာတ်ရှိန်အတက်ဆုံးအပိုင်းကို ရင်သတ်ရှူ့မော ကြည့်နေကြပါတယ်။

ပြီးတော့ အနီရောင် အဝတ်စ သူ့ပါးစပ် မှာ ပိတ်ဆို့ခံ ထားရပြီး ထွက်လာသူက တော့ ပန်းချီဆ၇ာမ မချောအိသိမ်း ပါ။

ပန်းချီဆ၇ာမ မချောအိသိမ်း က ပရိသတ် တွေထဲက ပရိသတ်အချို့ကို အနက်ရောင် စက္ကူပုံးကြီး ထဲက စက္ကူ တွေ ပေးတယ်။ နှုပ်ထွက်သတင်းစကား လဲသူမ ကပြောတယ် "I am not a painter, I am Painting" "သူမ ပန်းချီဆရာမ မဟုတ်ပါဘူး သူမကိုယ်တိုင် ပန်းချီကားပါ" တဲ့ ။

ပရိသတ် အချို့ ကို အနက်ရောင် စက္ကူပုံးကြီး ထဲက ပန်းချီဆ၇ာမ မချောအိသိမ်း ကသတင်းစကားတွေ ပေးနေတုန်း ....... တခမ်းလုံး မီးတွေလင်းလာပြီး ပန်းချီဆ၇ာ ကိုမျိုးသိန်းထွန်း ရေးဆွဲထားတဲ့ နိုဗယ် ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်၏ပုံတူ ပန်းချီကားချပ်ကြီးကို ဖွင့်လှစ်ပြသလိုက်ပါတယ်။ ပရိသတ်တွေအားလုံး လက်ခုပ်လက်ဝါးတီး အားပေးလိုက်ကြတယ်။


အခမ်းအနားမှုး ကိုအောင်မိုးဝင်း

အခမ်းအနားမှုး ကိုအောင်မိုးဝင်းက ဒီအခမ်းအနား ဖြစ်ပေါ်လာပုံ အစကိုရှင်းပြပါတယ်။ သူနဲ့ အမေရိကန်ရောက် မြန်မာနိုင်ငံသား ပန်းချီအနုပညာရှင်အချို့ တိဖက်ပြည်လွတ်မြောက်ရေး လှုပ်ရှားမှု မှ တိဘက်ကျောင်းသားများ လှုပ်ရှားမှုကိုစံပြ အတုယူ လုပ်ဆောင်ခဲ့ကြောင်းရှင်းပြပါတယ်။ ဝိုင်းကူလုပ်ပေးကြသူတွေ ပြပွဲကျင်းပခွင့်ပေးတဲ့ "New York Open Center" နဲ့ ကျင်းပဖြစ်အောင် အကူအညီ ပေးတဲ့ "Interfaith Center New York" ပြီးတော့ လာရောက်အားပေးသူ အားလုံးကို ပန်းချီဆရာများအားလုံးက ကျေးဇူးတင်ရှိပါကြောင်း ပြောပါတယ်။


အခမ်းအနား တက်ရောက်လာသူ အချို့


အခမ်းအနားမှုး မစန္ဒီထွန်း

အခမ်းအနားမှုး မစန္ဒီထွန်း ကတော့ အမေရီကား ရောက်မြန်မာတွေ ဒီနိုင်ငံမှာ စာရင်းဝင်ဖြစ်အောင် ဒီနှစ်မှာ စာရင်းကောက်မှာဖြစ်တယ် ၊ သူမက အမေရိကန် ကွန်ဂရက် စာကြည့်တိုက်မှာ အလုပ်လုပ်သူဖြစ်လို့ အမေရိကန်ရောက်မြန်မာတွေ အကြောင်း သူမပြုစုနေပါကြောင်းစတင်ပြောပြတယ်။ ပြီးတော့ ပန်းချီဆရာတွေ အနုပညာရှင်တွေကိုမိတ်ဆက်ပေးပါတယ်။


ပန်းချီဆရာတွေတဦးချင်းကို ပရိသတ် နဲ့မိတ်ဆက် ပေးနေပုံ


ပါမောက္ခဒေါ်ဝင်းဝင်းကြည်မှ မေးခွန်းမေးနေပုံ

မေးခွန်းမေးနေသူ တဦး


ပန်းချီဆရာတွေတဦးချင်းကို ပရိသတ် နဲ့မိတ်ဆက် ပေးနေပုံ

New York Open Center ရဲ့ ဒါရိုက်တာ ဖြစ်သူ က မြန်မာပြည်ရဲ့ အကြပ်အတည်း အကျဉ်းထောင် မလွတ်လပ်တာ စတာတွေ ကို သူသတိပြုမိကြောင်း၊ မြန်မာပန်းချီဆရာတွေ ရဲ့ လက်ရာတွေ ခံစားနိုင်ဖို့ သူတို့စီစဉ်ပေးတာဖြစ်ကြောင်း ရှင်းပြပါတယ်။

"New York Open Center" ရဲ့ ဒါရိုက်တာ နှင့် အခမ်းအနားမှူး နှစ်ဦး



ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကြီး ရေးဆွဲသူ ကိုမျိုးသိမ်းထွန်း နဲ့ သူ့မိသားစု

ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကြီး ရေးဆွဲသူ ကိုမျိုးသိမ်းထွန်းက "မြန်မာတွေမညီကြတာ ကျွန်တော့စိတ်ထဲမှာ မကြိုက်ဖူးဗျာ၊ ဒေါ်အောင်ဆန်းစုကြည် ဟာ တယောက်ထဲ ရုန်းကန်နေရရှာတယ်၊ လူတွေညီကြတာကို ကျွန်တော်မြင်ချင်တယ် တခုခုလုပ်ချင်တယ်၊ အဲ့ဒီတော့ ကျနော်လိုချင်တာက မြန်မာပြည်တပြည်လုံးမှာရှိတဲ့ လူတွေရဲ့လက်တွေရယ်၊တကမ္ဘာလုံးမှာရှိတဲ့ လက်တွေကိုလိုချင်တာဗျာ။ တကမ္ဘာလုံးက မြန်မာတွေရဲ့ လက်ဖဝါးတွေ ကို လေပျံနဲ့ တကမ္ဘာလုံးလှည့်ပတ်ပြီး ယူဖို့ရယ် မြန်မာပြည်ထဲက မြန်မာတနိုင်ငံလုံး လက်တွေယူပြီး တော့ကာ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီဆွဲချင်စိတ်ပေါက်မိတယ်၊ ကမ္ဘာပတ်ဖို့ ရယ် မြန်မာပြည်ထဲ သွားဖို့ရယ်က အကြောင်းအမျိုးမျိုးကြောင့် မဖြစ်နိုင်လို့ လောလောဆယ်ဒီပန်းချီကားမှာ ကျွန်တော့်အမျိုးသမီးရယ်၊ သမီးလေးရယ်၊ ကျနော့်မိသားစုသုံးယောက်လက်တွေနဲ့ ၊ အရောင်လေးမျိုးနဲ့ "Our Hands" ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကြီး ဆွဲဖြစ်တာပြောပြတယ်။ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကြီး နဲ့ ပန်းပန်လျှက်ပါ ပန်းချီကား နှစ်ကား ဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်ရည်ရွယ်ရေးဆွဲတာပါ လို့ပြောပါတယ်။ ဒီကားကြီးရယ် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ပန်းပန်လျှက်ပါ နှစ်ကား ကို ကျွန်တော်မရောင်းဘူး၊ ဒေါ်အောင်ဆန်းစုကြည် ကို လက်ဆောင်ပေးမယ် မြန်မာပြည်ကို မရောက်ရောက်အောင်ပို့ မယ်" လို့ ပြောပြတယ် ။



ပန်းချီဆရာ ကိုမောင်မောင်အောင် ပန်းချီဆရာ ကိုမျိုး နဲ့ ပန်းချီဆရာ ကိုမောင်မောင်အောင် လက်ရာ ပန်းချီကား

"ကျွန်တော်က ကာတွန်းဆရာလဲဖြစ်ပါတယ် ကျွန်တော်ပန်းချီဆွဲတော့မြန်မာလူမျိုးတွေသရုပ်ဖော်ကိုရေးမိတယ် မြန်မာလူမျိုးတွေက သိပ်ပျော်တတ်ကြတယ် ကျွန်တော့်ပန်းချီကားကြည့်ကြသူတွေလဲပျော်စေချင်တယ် မြန်မာ့ယဉ်ကျေးမှုလဲပါအောင် ကိုရင်လေးတွေ လူတွေရီမောနေတာ ကို ရေးဆွဲပါတယ်" လို့ ပန်းချီဆရာ ကိုမောင်မောင်အောင်က ပြောပြပါတယ်။


ပန်းချီဆရာ ကိုမျိုး နဲ့ သူလက်ရာပန်းချီကား


ပန်းချီဆရာ ကိုမျိုးကတော့ "၁၉၉၂ ကတည်းက ကျွန်တော် အမေရိက ရောက်တယ်၊ ဒီနေ့ပန်းချီပြပွဲ မှာကျွန်တော့်ကလေးငယ်ဘဝလေးကို မြန်မာ့ယဉ်ကျေးမှု သရုပ်ဖော် နဲ့ ရေးမိပါတယ်၊ ဒီနယူးယောက်မှာ ပန်းချီပြပွဲ ဖြစ်မြောက်တာ ကျွန်တော် အရမ်းဝမ်းသာတယ်၊ ပန်းချီကားတွေကလည်း အရောင်အသွေးစုံတယ်၊ ကျွန်တော်အကြိုက်ဆုံးပန်းချီဆရာ တွေနဲ့အတူပြခွင့်လဲရတယ်၊ သူငယ်ချင်းတွေကလည်းဝိုင်းကူတော့ အရမ်းပျော်ပါတယ်" လို့ ရယ်ရယ်မောမောပြောပြတယ်။


သစ်ပုတ်ပင် ပန်းချီ ကား ရေးဆွဲသူ ပန်းချီဆရာ ကိုမင်းအောင်နီ နဲ့ သူ့လက်ရာ ပန်းချီကား


ပန်းချီဆရာ ကိုကြိုင်လင်းနိုင် နဲ့ သူရေးဆွဲတဲ့ ခြသေ့င်္ အမည်ရှိ သူ့လက်ရာ ပန်းချီကား




အခမ်းအနား တက်ရောက်လာသူ အချို့


နယူးယောက်မြို့ က ပထမဦးဆုံး အကြိမ် ပန်းချီအနုပညာပြပွဲ ဒီပွဲမှာ ပန်းချီကားတွေအပါအ၀င် အနုပညာဖန်တီးမှုလက်ရာပေါင်း ၃၀ ကျော် ပြသထားပါတယ်။ ပြပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ နမူနာပန်းချီကားတချို့ကို http://www.opencenter.org/contemporary-burmese-art-ideas-and-ideals/ အင်တာနက်စာမျက်နှာမှာ ၀င်ကြည့်နိုင်ပါတယ်ခင်ဗျာ။

ဇော်ဝင်း (နယူးရော့ခ်)

1 comment :

Anonymous said...

New dates for the exhibition at the NY Open Center!

Feb. 11, Th - 10am-4:40pm
Feb. 12, Fri - 10am-3:30pm
Feb. 15, Mon - 1-9pm
Feb. 16 - 19, Tu - Fri - 1-4pm
Feb. 24 - 26, Web - Fri - 10am-4pm
Mar. 1 - 2, Mon - Tu - 10am-4pm