Tuesday, 16 February 2010

မီးပျက် ရေပြတ် ရန်ကုန်

-မင်းသက်-
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၅ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ လျှပ်စစ်မီး ပြတ်တောက်မှု များနေပြီး လာပါကလည်း မီးအားမပြည့်သဖြင့် ရန်ကုန်တိုင်း မြို့နယ် အများအပြားရှိ အထပ်မြင့်တိုက်များ ရေရရှိရန် ခက်ခဲနေကြရသည်။

ပြီးခဲ့သည့် လနှောင်းပိုင်းမှ စတင်ကာ ရန်ကုန် မြို့နယ်များ အလှည့်ကျ လျှပ်စစ်မီးပေးဝေမှု ပျောက်ကွယ်သွားကာ မီးလာပါက ဓာတ်အားများ ပိုမိုကျဆင်းလာသဖြင့် ရေမော်တာများ ရေထွက်အား မကောင်းဘဲ ဖြစ်သောကြောင့် အပေါ်ထပ်များတွင် နေထိုင်သူများ ရေရရှိရန် ခက်ခဲနေခြင်း ဖြစ်သည်။

''ကျနော်တို့က အိမ်ငှားနေတာပါ။ ၃ ထပ်ပဲ ရှိပါတယ်။ ရေမော်တာက တကောင်ခွဲလို့ ပြောပါတယ်။ ဒါပေမဲ့ ရေက လုံးဝ တင်လို့မရတာ ၄ ရက် ရှိနေပြီ။ အရင်နေ့တွေက ည ၂ နာရီလောက်ထိ မအိပ်ဘဲ စောင့်တင်ရတယ်။ အိပ်ရေးပျက်တာကတော့ ထားပါတော့၊ ရေရရင်ပဲ ကျေနပ်ပါတယ်။ အခုဟာက ရေလည်းမရ၊ အိပ်ရေးလည်း ပျက်ပါတယ်။ အတော့်ကို စိတ်ပျက်စရာ ကောင်းနေပါတယ်'' ဟု ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တွင် ယခင်က ရပ်ကွက်များကို လျှပ်စစ်မီးခွဲတမ်း ပေးဝေပြီး လျှပ်စစ်မီတာ ငွေပြေဖြတ်ပိုင်းတွင် အုပ်စု အေ၊ ဘီ၊ စီဟု ရေးပေးထားကြောင်းနှင့် မိမိနေအိမ်သည် မည်သည့်အုပ်စုတွင် ပါဝင်သည်ကို သိလိုပါက ရပ်ကွက် ရဝတ ရုံးများသို့ သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သို့သော် ယခုအခါ ယင်းသို့ပင် အုပ်စုအမည်များ မပါတော့ကြောင်းနှင့် မည်သည့်အချိန် ပျက်ကာ မည်သည့်အချိန်တွင် လာမည်ကိုလည်း ခန့်မှန်းရခက်နေကြောင်း သိရသည်။

''ကျနော် ပြောမယ်ဗျာ။ ကျနော်တို့ အရင်ကဆိုရင် ၆ နာရီခြား တခါ မီးလာတယ်။ တပတ်မှာ တရက်ကတော့ တနေကုန်ရတယ်။ အခု အဲဒီစနစ် ပြောင်းသွားတယ်။ ကျနော်တို့က မြို့နယ် အီးပီစီ ရုံးကို မေးတယ်။ ဘာပြောတယ် မှတ်သလဲ။ လျှပ်စစ်တိုင်တွေ လုပ်နေလို့တဲ့ဗျာ'' ဟု တာမွေမြို့ နယ်မှ ဒေသခံတဦးက ပြောသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ပေးစေရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးအောင်ခိုင်ကို မေးမြန်းရာ လျှပ်စစ်မီး ပေးဝေခြင်းနှင့် ပတ်သက်သော သတင်းများကို သူ့အနေဖြင့် ဖြေဆိုရခွင့် မရှိကြောင်း ပြောသည်။

''ပြီးခဲ့တဲ့နှစ်မှာ မီး ရက်ကြာကြာပျက်တယ်။ အဲဒီတုန်းက ရန်ကုန်ကိုလာတဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်နေလို့ ပြင်နေရတယ်လို့ ပြောတယ်။ အဲဒီအတွက် အလုံနဲ့ သာကေတက သဘာဝဓာတ်ငွေ့နဲ့မောင်းတဲ့ ဓာတ်အားပေးစက်တွေ မလည်နိုင်လို့၊ ရှိတဲ့ဓာတ်အားကိုပဲ ခွဲပေးရမှာမို့၊ မီးတွေပျက်မယ်ဆိုပြီး စည်ပင်ပိုင် ရန်ကုန် စီးတီးအက်ဖ်အမ် ရေဒီယိုက ကြေညာပေးသေးတယ်။ အခုတော့ ဘာမှမသိရဘူး'' ဟု ကျောက်တံတားမြို့နယ်မှ
လျှပ်စစ်ပစ္စည်းအရောင်းဆိုင် တဆိုင်က ပြောသည်။

လျှပ်စစ်မီး ရရှိမှု ယခုလို ကျဆင်းသွားသဖြင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်အချို့လည်း အရောင်းအဝယ် ထိုင်းမှိုင်းနေသည်။

ပုဇွန်တောင်မြို့ နယ်ရှိ လျှပ်စစ်ကုန်စုံဆိုင်တခုမှ အရောင်းတာဝန်ခံက ''မီးတွေပျက်တော့ ကျနော်တို့ရဲ့ လျှပ်စစ်ကုန်တွေ ဘယ်လိုလုပ်ပြီးတော့ ဝယ်သူရှိမှာလဲဗျာ။ မြို့တွင်း ၆ မြို့နယ်ကတော့ ဒီရက်ပိုင်းမှာ မီးပျက်တာ အဆိုးဆုံးပဲလို့ ပြောနိုင်တယ်'' ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် လျှပ်စစ်မီး အပျက်များနေသဖြင့် အင်တာနက်ဆိုင်များ၊ စူပါမားကက်များ၊ အလှပြင်ဆိုင်များ၊ စတိုးဆိုင်များလည်း တွက်ခြေမကိုက်ဖြစ်နေသည်။

ရန်ကုန်တိုင်းအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ တနာရီလျှင် ၄၅၀ မဂ္ဂါဝပ်ဖြစ်သော်လည်း ဖြန့်ဖြူးသည့် မဂ္ဂါဝပ်မှာ ၃၈၅ သာ ရှိကြောင်း မြို့တော်လျှပ်စစ်ဓာတ်အားပေးအဖွဲ့၏ စာရင်းများက ဆိုသည်။

လျှပ်စစ်နှင့်ပတ်သက်၍ လသာမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးရုံးမှ တာဝန်ရှိသူတဦးက ပြီးခဲ့သည့်လက မီးပေးဝေချိန် အချိန်ဇယားအသစ် ထုတ်ပြန်ခဲ့ကြောင်းနှင့် အုပ်စု ၃ စု ဖြင့် အလှည့်ကျပေးရာတွင် တနေ့လျှင် ၂၄ နာရီအနက် မီးလာချိန်မှာ တနေ့လျှင် ၆ နာရီ၊ မီးပျက်ရက် တရက်၊ မီးပျက်ချိန် ၁၂ နာရီ နှစ်ရက်ဆက်တိုက် ရှိမည်ဖြစ်ကြောင်း ပြောသည်။

သူက ''ဒါက ပြီးခဲ့တဲ့လက အချိန်အတိုင်းပါ။ ကျနော်တို့လည်း ဖုန်းနဲ့မေးတာကို ပြန်မပြောတတ်တော့ပါဘူးဗျာ။ ခင်ဗျားတို့ သိချင်ရင်တော့ မီးလာမယ့် အချိန်တွေကို ဒီမှာသာ လာဖတ်ပါတော့'' ဟု ပြောသည်။

ရန်ကုန်မြို့ခံတဦးက ''ကျမတို့တွေကတော့ မီးစက်သံမှ မကြားရရင် ပျင်းတောင်နေပါပြီ။ အသားကျနေပြီ။ လက်ရှိ ပြောင်းလဲပြီး အချိန်ဇယား ထုတ်ပြန်ထားတယ်ဆိုပေမယ့် ဒီအချိန်ဇယားအတိုင်းလည်း မီးမရပါဘူး။ သူတို့ မီးမှန်မှန် ပေးမယ်ဆိုတဲ့ ည ၁၁ နာရီကနေ မနက် ၅ နာရီအထိတောင် မှန်မှန်မရပါဘူး။ ကြားထဲမှာ အနည်းဆုံး ၃-၄ ခါလောက် ပျက်တယ်။ နေ့ဘက်ဆိုရင်တော့ ပြောမနေနဲ့ တနေ့လုံးနေလို့ တနာရီ၊ ၂ နာရီတောင် မရဘူး” ဟု ပြောသည်။

မန္တလေးမြို့တွင်လည်း လွန်ခဲ့သော ၅ ရက်ခန့်မှ စတင်ကာ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း မြို့ခံတဦးက ပြောသည်။

''ပြီးခဲ့တဲ့ရက်ကပဲ ရဲရွာရေအားလျှပ်စစ် ပတ်လမ်းသွယ်နေတယ်ဆိုပြီးတော့ လျှပ်စစ်တွေ ဖြတ်ထားတာ။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပြီးမယ်။ အဲဒိနေ့မှာပဲ လျှပ်စစ်ရမယ်တဲ့။ ဒီနေ့ ၁၆ ရက်နေ့ထိတော့ မရသေးဘူး။ စိတ်ပျက်ဖို့ ကောင်းတယ်။ အရင်က အဲဒီလိုမျိုး မဖြစ်ဖူးဘူး'' ဟု မန္တလေးရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။

ယင်းသို့ လျှပ်စစ်မလာသည့်အတွက် မန္တလေး၏ အင်တာနက်ဆိုင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် ပရိဘောဂ လုပ်ငန်းများ၊ စက်မှုဇုန် စက်ရုံများ အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း သူက ဆက်ပြောသည်။

ရန်ကုန်သည် ကယားပြည်နယ် လောပိတ ရေအားလျှပ်စစ် စက်ရုံ၊ သဘာဝဓာတ်ငွေ့ အသုံးပြု လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ဖြစ်သည့် သာကေတ၊ ရွာမ၊ လှော်ကားနှင့် အလုံစက်ရုံတို့မှ လျှပ်စစ်ဓာတ်အား ရရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၃ ရက်နေ့တွင် ကယားပြည်နယ်ရှိ လျှပ်စစ်တာဝါတိုင်တခုကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ - KNPP က မိုင်းထောင်ဖျက်ဆီးခဲ့ခြင်းကြောင့် ရန်ကုန်လျှပ်စစ်မီး အခြေအနေ ကျဆင်းသွားကြောင်း နေပြည်တော်မှ ထုတ်လွှင့်နေသည့် ပိတောက်မြေ FM က နောက်ပိုင်းတွင် စွပ်စွဲပြောဆိုမှုများ ထုတ်လွှင့်ခဲ့သည်။

No comments :