Sunday, 21 March 2010

၂၀၁၀ အတုအယောင် ရွေးကောက်ပွဲ နှင့် ကျနော်တို့ ရဲ့ လုပ်ငန်းစဉ်များ


-ကိုကိုအောင်( D.F.B)-
တိုကျို၊ ဂျပန်

 မြန်မာ နအဖစစ်အစိုးရမှ ပြီးခဲ့သော ၂၀၁၀ မတ်လ ၈ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက် ပွဲကျင်းပရေး ကော်မရှင်ဥပဒေအပါအ၀င် ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေအရပ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့ပေသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားပါတီများ၊ အဖွဲ့အစည်း များ၊  ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ အင်အားစုများ နှင့် မြန်မာနိုင်ငံသားအများစုက ဒီမိုကရေစီ နိုင်ငံအဖြစ် အမှန်တကယ် ပြောင်းလဲနိုင်မည်လားဟူသော မျှော်လင့်ချက်ဖြင့် စိတ်ဝင်တစား စောင့်ကြည့် ခဲ့ကြသည်။ ထို့အတူ နအဖ ထုတ်ပြန်သော ရွေးကောက်ပွဲဥပဒေပြဌာန်းချက် များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပါဝင်ယှဉ်ပြိုင်ခွင့် အနေအထားကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှလည်း အထူးစိတ်ဝင် စားခဲ့ကြပေသည်။

သို့ သော် အမှန်တကယ်တမ်း ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်သောအခါ ဒီမိုကရေစီ စံနှုန်းများဖြင့် နိုင်ငံကိုတည်ဆောက်လိုသော နိုင်ငံရေးသမားများအတွက် ရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် တားဆီးပိတ်ပင်မှုများရှိနေသည်ကိုတွေ့ရပေသည်။အထူးသဖြင့် ရာဇ၀တ်မှု ကျုးလွန်သည်ဟူသော စွပ်စွဲချက်များဖြင့် အကျဉ်းကျခံရဆဲ နိုင်ငံရေးသမားများ အနေဖြင့်ရွေးကောက်ပွဲ ပါဝင်ခွင့် မရဖြစ်နေသည် ကိုတွေ့ ရပေသည်။ တနည်းအားဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်စေမည့် အခြေခံအချက်များ မပါဝင်ပေ။

ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် အမေရိကန်၊ဗြိတိန် စသောအနောက်နိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံအချို့ နှင့် အိမ်နီးနားခြင်း နိုင်ငံအချို့ တို့မှလည်း ရွေးကောက်ပွဲဥပဒေနှင့်ပါတ်သက်၍ သဘောထား အမြင်အမျိုးမျိုး ထုတ်ပြန်ကာ ကန့့် ကွက်ရှုံချကြသည်။ြှဗိတိန်နိုင်ငံဝန်ကြီးချုပ် ၏ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မကြာမီရက်ပိုင်း အတွင်း မြန်မာ့မိတ်ဆွေနိုင်ငံများနှင့် မြန်မာ့အရေးဆွေးနွေးပွဲများ ပြုလုပ်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်း၍ ဒီမိုကရေစီဖြစ်ထွန်းလိုသော မိမိတို့ မြန်မာ နိုင်ငံသားများ၊ ဒီမိုကရေစီအင်အားစုများအနေဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အင်အားစုများ အပါအ၀င် ပြည်သူတရပ်လုံး ပါဝင်လာအောင် အလေးထားစည်းရုံး ကြရန်လိုအပ်ပေသည်။

မြန်မာလူထုသည် ဒီမိုကရေလိုလားကြောင်း လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် ၁၉၈၈ ပြည်သူ့အရေး တော်ပုံကြီး ကပင်သွေး ချွေး နှင့် ဘ၀များကိုရင်း၍ သက်သေပြခဲ့ကြပြီးဖြစ်သည်။ အာဏာရှင်စနစ် ကြီးစိုးနေသ၍ ဒီမိုကရေစီရရှိဖို့ ကြီးစွာသော အဟန့်အတား တခုဖြစ်နေဦးမည် ဖြစ်ရာ မြန်မာနိုင်ငံ၏ အနာဂတ် အလားအလာ ကံကြမ္မာအတွက် မြန်မာနိုင်ငံသားများ ပြတ်ပြတ် သားသားဆုံးဖြတ် လုပ်ကိုင်ကြရ တော့မည့် အချိန်ဖြစ်ပေသည်။

၂၀၀၈ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်၂၀၁၀မတ်လအထွေထွေရွေးကောက်ပွဲဥပဒေများ အရဖြစ်ပေါ် လာမည့် မြန်မာနိုင်ငံ အနာဂတ် အလားအလာအန္တရာယ်များကို ကြိုတင်၍ ကွက်ကွက် ကွင်းကွင်းသိမြင် လာအောင် အတတ်နိုင်ဆုံး နည်းလမ်းများဖြင့် အစွမ်းကုန်ကြိုးပမ်း သင့်ပေသည်။(မိမိအပါအ၀င်) မိမိတို့ ဒီမိုကရေစီအင်အားစုများ၊တိုင်းရင်းသားအဖွဲ့ အစည်းများအနေနှင့် ယခုထက်ပိုမို၍ ကြိုးစားအားထုတ် သင့်သည်ဟုတိုက်တွန်းလိုပါသည်။

မြန်မာနိုင်ငံပြင်ပတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသား ဒီမိုကရေစီ အင်းအားစုများအနေဖြင့် ယခုအချိန်တွင် ပြည်တွင်းရှိ NLD အပါအ၀င် အခြားသောတိုင်းရင်းသားပါတီများ၊ အဖွဲ့အစည်းများ လုပ်ကိုင်လျှင် နအဖမှ အမြဲတစေ ဟန့်တားနှောက်ယှက် ခြင်း ခံရမည်ဖြစ်သောလူထု စည်းရုံးရေးလုပ်ငန်းများကို နိုင်ငံပြင်ပမှ ဆက်သွယ်ရေးနည်းလမ်းမျိုးစုံ သုံး၍လုပ်ဆောင်သင့်ကြ ပေသည်။

လူထုအားစည်းရုံးကြရာတွင်-

  • (၁) နအဖ ၏၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေ များ၏
  • (က)ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်မကိုက်ညီမှုများ (ခ)အဆိုပါဥပဒေများဖြင့်ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်သော အခြေအနေများတို့ကို လူအများ နားလည်လွယ်သော စကားလုံးများ စာသားများဖြင့် လိုတိုရှင်း ပြောဆိုစည်းရုံးသင့်ပေသည်။
  • (၂) ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလတွင် မြန်မာပြည်သူလူထု၏ဘ၀များမှာစစ်အာဏာရှင် တဖြစ်လဲ ရွေးကောက်ခံ အာဏာရှင်တို့  လက်အောက်တွင်လူမှုဘ၀ဆင်းရဲဒုက္ခများကို ဆက်လက်ခံစား နေကြရမှာဖြစ်ပြီး လူ့အခွင့်အရေးများလည်း ဆက်လက်၍ဆုံးရှုံးနေကြရမြဲ ဖြစ်မည်တို့ကိုပါ ပြောဆိုရေးသား စည်းရုံးကြရပေမည်။
  • (၃) အထက်ပါအကြောင်းများကြောင့် နအဖ၏ တရားမျှတမှုမရှိသော ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ သပိတ်မှောက်( N0 VOTE / NO ELECTION) ဟုပြောဆိုရေးသား စည်းရုံးကြ ရပေမည်။
အကယ်၍ NLD ပါတီအနေဖြင့် နအဖ တဖက်သတ်ထုတ်ပြန်ထားသောရွေးကောက်ပွဲဥပဒေအတိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများပါဝင်ခွင့်မရဘဲ ၂၀၁၀ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်ဆိုပါစို့ ၊ လူထု၏ထောက်ခံမှုကြောင့် ၁၉၉၀ ရွေးကောက်ပွဲတုန်း ကကဲ့သို့ အမတ်နေရာအများအပြားအနိုင်ရခဲ့သည်ဆိုပါစို့ -

  • (၁) အနိုင်ရNLD ပါတီအနေနှင့် လွှတ်တော်ခေါ်ခွင့်ရမည်လား
  • (၂) အစိုးရဖွဲ့ စည်းခွင့်ရမည်လား

ဆိုသည်တို့မှာ စဉ်းစားစရာအချက်များဖြစ်ပေသည်။ စစ်အုပ်စုမှကတိမတည်ခဲ့သည့် ၁၉၉၀ရွေးကောက်ပွဲကို ပြန်လည်သတိရ သင့်ပေသည်။တဖက်မှာလည်းနိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်နိုင်ခွင့်လည်း မရှိမဖြစ်အရေးကြီးနေပေသည်။ နအဖ၏တရားမျှတမှုမရှိဘဲပြဌာန်းထားသောရွေးကောက်ပွဲ ဥပဒေကို ဒီမိုကရေစီအမှန်တကယ်လိုလားသော မြန်မာနိုင်ငံသား များ သာမက ကမ္ဘာ့ နိုင်ငံအများစုကပါလုံးဝ တရားမျှတမှုမရှိကြောင်း ထုတ်ဖော်ပြောဆို နေကြပေသည်။

မိမိအမြင်ဆိုရလျှင်နအဖ၏တရားမျှတမှုမရှိသောရွေးကောက်ပွဲဥပဒေများအရ ရွေးကောက်ပွဲမ၀င် သောကြာင့် NLD ပါတီအား ဖျက်သိမ်းခဲ့သော်ငြားလည်း နအဖ အနေနှင့်သာ NLD ပါတီကို ဖျက်သိမ်းကြောင်း တဖက်သတ်ကြေငြာနိုင်လိမ့်မည်။

သို့သော် NLD ပါတီနှင့်ပါတီ၏နိုင်ငံရေးအခန်းကဏ္ဍမှာမြန်မာလူထုနှင့်ကမ္ဘာ့ နိုင်ငံများကြား၌ ဆက်လက်ရှင်သန်နေပေမည်။ မြန်မာလူထုမညံ့ပါ၊နိုင်ငံရေးအတွေးအခေါ်မညံ့ကြပါ။ ကိုလိုနီခေတ်မှစ၍ ၁၉၈၈ပြည်သူအရေးတော်ပုံကြီး၊ထိုမှယနေ့ ထိတိုင်နိုင်ငံရေးတာဝန်ကျေခဲ့ကြပါသည်။ ဆက်လက်၍ လည်းသမိုင်းပေးနိုင်ငံရေးတာဝန်ကျေကြပါလိမ့်မည်။

NLD ပါတီ အနေနှင့်လူထု၏ထောက်ခံအားပေးဝန်းရံမှုဖြင့် နိုင်ငံရေးခရီးဆက်သင့်ပါသည်။ ၂၀၀၉ ရွှေဂုံတိုင်ကြေငြာစာတမ်း အတိုင်းဆက်လက်၍အခိုင်အမာရပ်တည်သင့်ပေသည်။မတရားတဲ့အမိန့် အာဏာမှန်သမျှတာဝန်အရဖီဆန်ကြရမှာဖြစ်ပေသည်။ မြန်မာလူထုသည် NLD ပါတီနှင့်တသားတည်း ထပ်တူရှိနေပါလိမ့်မည်။

နအဖ သည် ၂၀၁၀ ရွေးကောက်ပွဲဥပဒေထုတ်ပြန်ပြီးသည့်နောက်ပိုင်း NLD ပါတီ၊ တိုင်းရင်းသား ပါတီအဖွဲ့ အစည်းများ၊ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ ရွေးကောက်ပွဲဥပဒေများအပေါ် တုံပြန်မှုများ ကို အလေးထား စောင့်ကြည့်နေမှာ ဖြစ်ပြီး ထိုတုံ့ ပြန်မှုများ အပေါ်အခြေခံကာ နိုင်ငံရေး ကစားကွက် ဖော်မည်ဟု ယူဆရပေသည်။ လူထု၏ အခန်းကဏ္ဍကို အထူးထည့်တွက်ထားဟန်မတူပေ။

ဒီမိုကရေစီလုပ်ငန်းစဉ်/ဖြစ်စဉ် တွင်ရွေးကောက်ပွဲသည်မရှိမဖြစ်သောလိုအပ်ချက်တခုဖြစ်ပေသည်။ သို့ရာတွင် နအဖ၏ တရားမျှတမှူမရှိသော ၂၀၁၀ရွေးကောက်ပွဲဥပဒေကို လူထုကလုံးဝလက်ခံ လိမ့်မည်မဟုတ်ပေ။ ဆန့်ကျင်ကန့်ကွက်ပေလိမ့်မည်။ သို့သော် NLD ပါတီ အနေနှင့် လူထုရှေ့ မှ မားမားမတ်မတ်ရပ်တည်ကာ စည်းရုံးဦးဆောင်မှု ပေးရန်လိုပေသည်။

အချုပ်အားဖြင့်ဆိုရသော် ယခုအချိန်သည် NLD ပါတီ၊ပြည်သူလူထု(ပြည်တွင်းပြည်ပရှိ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများအပါအ၀င်) တို့နှင့် နအဖတို့ နိုင်ငံရေး/တော်လှန်ရေး စီးချင်းထိုးရတော့မည့် အချိန် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

No comments :