ကြီးထွားလာနေတဲ့ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်ဖို့ရည်ရွယ်ပြီး ဘုရင့် ကိုယ်ရေးအတွင်းရေးမှူး ရုံးကတဆင့် ဘုရင်ကြီးနဲ့တွေ့ဆုံခွင့်ရဖို့ သူကြိုးစားနေ တယ်လို့ ၀န်ကြီးချုပ်ဟောင်း ဖြစ်ခဲ့ဘူးတဲ့ ချာဗာလစ်ယောင်ချိုင်ယုဒ် က ပြောပါ တယ်။ ဒါဟာ နိုင်ငံရေးဘေးကျပ်နံကျပ် ဖြစ်နေတာကို ဖြေရှင်းဖို့ တခုတည်းသော အဖြေပဲလို့ သူ က ပြောပါတယ်။ အောက်လွှတ်တော်ဖျက်သိမ်းဖို့နဲ့ အရေးပေါ်အမိန့်ဒီကရီရုတ်သိမ်းဖို့ အစိုးရကို တောင်းဆိုထားတဲ့ ကြေညာချက်တစောင်ကို တနင်္လာနေ့က သူနဲ့ ၀န်ကြီးချုပ် ဟောင်း ဆုမ်ချိုင်းဝေါင်ဆ၀ပ်က ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးပြဿနာတွေရဲ့ အရင်းခံက ဒီမိုကရေစီ မရှိလို့ပဲ။ တိုင်းပြည်တွင်းမှာ တရားမျှတမှု မရှိလို့ပဲလို့ ၀န်ကြီးချုပ်ဟောင်း ထပ်စင် ရဲ့ယောက်ဖဖြစ်သူ ဆုမ်ချိုင်းနဲ့ ပြွေထိုင်းပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးချာဗာလစ် တို့က ပြောပါတယ်။
“ထိုင်းနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီမတည်ဆောက်နိုင်ဘူးဆိုရင်၊ ဥပဒေ ၂ မျိုးကျင့်သုံးတာတွေ မဖျက်သိမ်းဘူးဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ သဘောတူတယ်” လို့ ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။
ကြေညာချက်ထဲမှာ အစိုးရကို တောင်းဆိုထားတာတွေက ...
၁။ အကြမ်ဖက်မှုတွေနဲ့ပြည်သူတွေကို သတ်နေတာတွေ ရပ်ပစ်ဖို့။
၂။ ဆန္ဒပြတာကြောင့် လူ့အသက်တချောင်း ဆုံးရှုံးရတာမျိုး မဖြစ်စေရေး အာမခံပေးဖို့။
၃။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပြည်သူတွေဟာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရှိတာကြောင့် အရေးပေါ်အခြေ အနေ ကြေညာချက်ကို ရုတ်သိမ်းပေးဖို့။
၎။ အာဘီစစ် အစိုးရက သတင်း မှားလွင့်နေတာတွေကို ရပ်ဆိုင်းပေးဖို့။
၅။ အောက်လွှတ်တော်ဖျက်သိမ်းပြီး လူထုကို အာဏာပြန်ပေးဖို့၊ စတာတွေ ဖြစ်ပါတယ်။
ဒီအတွင်းမှာ ရတ်ချာဖရာဆွန်းလမ်းဆုံက ဆန္ဒပြသမားတွေကြားမှာ လက်နက်ကိုင်လူစုတွေ ရှိနေတယ်၊ အစိုးရ ဆန့်ကျင်ရေးအမာခံ တွေဟာ ကလေးတွေ၊ မိန်းမတွေနဲ့သက်ကြီးရွယ်အိုတွေကြားမှာ ပုန်းနေတယ်လို့ အစောပိုင်းက စွပ်စွဲပြောဆိုနေတာတွေကို အစိုးရရဲ့ အရေးပေါ်အခြေအနေဆုံးဖြတ်ရေးဗဟိုဌာနက ထပ်ပြီးပြောနေ ပါတယ်။
မကြာသေးခင်က ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေမှာ ရှပ်နီတွေက ဒုတ်ချွန်တွေ၊ ကျောက်တုံးတွေနဲ့ သူတို့ကို တိုက်ခိုက်အပြီးမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ စစ်သားတွေမှာ လက်နက်သုံးခွင့်ရှိတယ်လို့ ဒီဗဟိုဌာနနဲ့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Sansern Kaewkamnerd က ပြောပါတယ်။ ဧပြီ ၁၀ ရက်က အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ၂၅ ယောက်သေပြီး ၈၀၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။ ကျောက်ခဲတွေနဲ့ပေါက်လို့ ခေါင်းမှာထိခိုက်ပြီး ဦးနှောက်ရောင်ယမ်းတဲ့ ဒဏ်ရာတွေနဲ့ စစ်သားတွေ သေဆုံးခဲ့ ရတယ်လို့ သူက ပြောပါတယ်။ “ဆန္ဒပြပွဲတွေလုပ်တဲ့နေရာမှာ လက်နက်ကိုင် ပြည်သူတွေရှိတယ်။ ဒါပေမဲ့ အန္တရာယ်ပြုနိုင်တဲ့ အတွက် လူအရေအတွက် အတိအကျကို အရေးပေါ်ဗဟိုဌာနက ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပါဘူး၊ လူထုစည်းဝေးပွဲနေရာမှာရှိနေတဲ့ စစ်သား ဟောင်းစာရင်းအတိအကျကို စစ်သားနဲ့ရဲတွေက စစ်ဆေးနေပါတယ်” လို့ ဗိုလ်မှူးကြီး Sansern က ပြောပါတယ်။
ကလေးတွေ၊ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေကြားမှာ ပုန်းမနေဖို့ UDD ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပြီး ဒါဟာ ရှက်စရာ လုပ်ရပ်ဖြစ်တယ်လို့ သူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဧပြီလ ၁၀ ရက်နေ့ သွေးထွက်သံယိုဖြစ်မှုတွေက ဘာကိုပြနေသလဲဆိုရင် ဆန္ဒပြသူတွေထဲမှာ သေနတ်နဲ့ပစ်တဲ့ သူတွေ၊ လက်ပစ်ဗုံးနဲ့ ပစ်တဲ့သူတွေ၊ ရှိနေတယ် ဆိုတာပါပဲလို့ သူက ပြောပါတယ်။
“ရတ်ချာဖရာဆွန်းလမ်းဆုံပတ်လည်က တိုက်မြင့်ကြီးတွေကို သူတို့တိုက်ခိုက်ရေးစခန်းတွေအဖြစ် သုံးနေတဲ့ သေနတ်သမားတွေကို တားဆီးဖို့နဲ့ ဆန္ဒပြသမားတွေကို အကာအကွယ်ပေးဖို့အတွက် စစ်သားတွေကို ဖြန့် ထားပါတယ်” လို့ သူက ပြောပါတယ်။
တနင်္လာနေ့မနက်က အရေးပေါ်အခြေအနေဆုံးဖြတ်ရေးဗဟို အစည်းအဝေးကို လုံခြုံရေး ကြီးကြပ်နေရတဲ့ ဒု ၀န်ကြီးချုပ် ဆူထပ်က ကမကထပြု လုပ်ပါတယ်။ အရေးပေါ်ဗဟိုဌာနက အသေးစိတ်စစ်ဆင်ရေးစီမံကိန်းကို လုံခြုံရေးအကြီးအကဲ ကို ရှင်းပြပါတယ်။
“အစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနဲ့အညီ လုပ်ဆောင်ချက်အပျော့လိုင်းကနေ အမာလိုင်းကို တဆင့်ပြီးတဆင့် ကူး ပြောင်းအကောင်အထည်ဖော်တာတွေ ဆက်လုပ်မှာပါ၊ ဆူပူမှုတွေမလှုံ့ဆော်အောင် ပြည်သူတွေကို တားဆီးဖို့ သင့်လျော်တဲ့ ဆောင် ရွက်ချက်တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ မလုပ်ဘူးဆိုတာကို ဆန္ဒပြသမားတွေကို ထိန်း သိမ်းတဲ့ သူတို့လုပ်ရပ်တွေက ရှင်းရှင်းလင်း လင်း ပြဆိုရမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
( မူရင်း - နေ့သစ်မီဒီယာ )
Thursday, 22 April 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment