Wednesday 12 May 2010

သစ္စာမြည်ဟိန်းသံ

သစ္စာမြည်ဟိန်းသံ


မေလ ကိုဖြတ်သန်းဖို့
ငါ့မျက်ရည်တွေကို တမံတုပ်ထားရတယ်....။
စိတ်ကို
ကလစ်တချက်နှိပ်ယုံနဲ့
မေလထဲက
အံကြိတ်သံ တောက်ခေါက်သံတွေဟာ
ငါ့ရင်ထဲမှာဆူညံနေဆဲပဲ...။



သစ္စာတရားရဲ့
ခါးသီးတဲ့ အရသာတွေကိုစားသုံးဖို့
သူတို့ သွားကြတော့မည့်
၁၉၉၈ခုနှစ်ရဲ့
မေလ၁၀ရက်ဟာ
ငါတို့အားလုံးကို
အသင့်အနေအထားရှိဖို့
ပုတ်နှိုးလိုက်ကြတယ်...။


သူတို့ရဲ့အလုပ်ဟာ
တရား ဥပဒေ အထက်ကလူများရဲ့
မတရားမှုကိုခုခံဖို့
မသမာမှုကို
တွန်းလှန်မည့် ခံစစ်ဖြစ်သလို....
သစ္စာတရားအတွက်
ရှေ့ကိုတိုးတဲ့
ထိုးစစ်လည်းဖြစ်တယ်...။

တကယ်က သူတို့ဟာ
ယုံကြည်ချက်ကို
အသက်ထက်ချစ်သူ..
ဂုဏ်သိက္ခာကို
ရှင်သန်ခြင်းထက်မြတ်နှိုးသူ...

ဆရာတော် ဦးဝိစာရ ဟာ
ရက်ပေါင်း၁၀၀ကျော်တဲ့အထိ..
ကျွန်းတိုက်ပွဲကရဲဘော်များဟာ
ရက်ပေါင်း၅၀ ကျော်တဲ့အထိ..
ဒါပေမယ့် သူ့ကြတော့......
အယ်လ်နီညိုနဲ့
မာန်တက်နေတဲ့ မိုးမင်းကြီးတောင်
ကိုအောင်ကျော်မိုးကြောင့်
မေ ၁၆ ရက်နေ့မှာ
မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတယ်။
ဆရာတော် ဦးဝိစာရကို
သူ့ခေတ်ရဲ့ သူရဲကောင်းအဖြစ်
နှောင်းလူတွေ
ဦးညွှတ်ကြ....
ဂုဏ်ပြုကြ....
တန်ဘိုးထားကြ....

တို့ခေတ်ရောက်မှ ရိုင်းကြရတော့မှာလား
စစ်ပြိတ္တာတွေက
ငါတို့သမိုင်းကို
ချောင်ထိုးထား
ပါးစပ်မဟရဲအောင်လုပ်ထားပေမယ့်
ငါတို့ခေတ်ရဲ့
အပြောင်မြောက်ဆုံးသော
သူရဲကောင်းအကြောင်းကိုပြောမယ်။

ကိုအောင်ကျော်မိုး ရေ....
အတိုဆုံးသော ဒီဂုဏ်ပြုကဗျာလေးရဲ့
အကျယ်လောင်ဆုံးသောမြညိဟီးသံကို
လူသားအားလုံးကြားသိစေ.....
ခေတ်တိုင်းရဲ့လူသားတိုင်းကြားသိစေ....
ကမ္ဘာတည်သရွေ့ကြားသိစေ.....။

တင်မြိုင်စိုး(ကောလိယ)




၁၆-၅-၁၉၉၈ နေ့ သာယာဝတီ ထောင်၌ အစာငတ်ခံ ဆန္ဒပြရင်း စစ်ပြိတ္တာပါးကွက်သားတို့၏
ဖိနိပ်မှုကို ရဲ ၀ံစွာအာခံလိုက်သော အာဇာနည် သူရဲကောင်း ကိုအောင်ကျော်မိုး အား ဦးညွှတ်ဂုဏ်ပြု ရေးဖွဲ့သည်။

1 comment :

tintshwethiha said...

Aung Kyaw Moe is the bright red star of Dawn on May,16th,1998 as Thakhin Ba Hein(vilvety glove)in1946 and he broke the curtain of the natorious thayawaddy prison with his red blood and we should get the struggled lesson of the reason on the weakness of united forces for his fallen down.
best regard;

(GSC.KoThiHa8888)
WA,U.S.A.Ph;(509)5823261.