Saturday 3 July 2010

“မြန်မာအမျိုးသမီးခေတ်နဲ့ မြန်မာအမျိုးသမီးများနေ့”

နေ့သစ်၊ Saturday, July 03, 2010

မြန်မာ့ဒီမိုကရေစီအင်အားစုများက ၁၉၉၇ ခုနှစ်ကစပြီး ဒေါ် အောင်ဆန်းစုကြည်မွေးနေ့ ဇွန်လ ၁၉ ရက်ကို “မြန်မာအမျိုး သမီးများနေ့” ရယ်လို့ သတ်မှတ်ကြပြီး နှစ်စဉ်နှစ်တိုင်း မြန်မာ အမျိုးသမီးများနေ့ ကျင်းပခဲ့ကြတာဟာ ဒီနှစ်ဆိုရင် ၁၄ နှစ် မြောက် ကျင်းပတာဖြစ်ပါတယ်။ အရင်က “မြန်မာအမျိုးသမီး များနေ့” ရယ်လို့ မရှိခဲ့ဘူးပါ။

“မိန်းမ - ဘ, သမီး”

မြန်မာနိုင်ငံမှာ လူဦးရေးရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီး များ ဖြစ်ကြပါတယ်။ အင်္ဂလိပ်ကျွန်ဘဝရောက်ခဲ့ကြရပြီး လွတ် လပ်ရေးတိုက်ပွဲ တလျှောက်လုံးမှာ မြန်မာအမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး အတူတိုက်ပွဲဝင်ခဲ့ကြတာ ပါ။ အမျိုးသားများနဲ့ တန်းတူစီတန်းလှည့်လည် ဆန္ဒပြခဲ့ကြ တယ်။ ခရီးရှည်ချီတက်လမ်းလျှောက်ခဲ့ကြတယ်။ သပိတ်မှောက်တယ်။ သပိတ်တားတယ်။ မြင်းနဲ့အတိုက်ခံကြရတယ်။ အရိုက်ခံ အ ဖမ်းခံကြရတယ်။ ထောင်ကျခဲ့ကြတယ်။ အသတ်ခံအသေခံပြီး တိုက်ခဲ့ကြတယ်။ အမျိုးသားတွေထက်ပိုတာက မုဒိမ်းအကျင့်ပါခံကြရ ပါသေးတယ်။

“မိန်းမ သတ္တိ”

နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်တွေ၊ မျိုးချစ်စိတ်ဓါတ်တွေ၊ တရားဟောပြောမှုကအစ အမျိုးသားတွေထက် နောက်ကျမကျန်ခဲ့ကြပါဘူး။ နယ်ချဲ့ကို ဆန့်ကျင်ရာမှာ အင်္ဂလိပ်မုန်းကြောင်း ခေါင်းပေါ်ကလိပ်ခွံဘီးကို ချိုးလွှင့်ပြစ်တယ်။ ခါးပေါ်က အင်္ဂလိပ်လုပ် အင်္ကျီစဝတ် ထားတာကို ဆုတ်ဖြဲပြခဲ့ ကြတယ်၊ ဆန္ဒပြပွဲမှာ အင်္ဂလိပ်အရေးပိုင် (D.C) ဒုတိယကော်မရှင်နာ (ယ္ခု ခယကဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီးအဆင့်) ကို ဖိနပ်နဲ့ ပါးရိုက်ပြီး ထောင်အကျခံခဲ့တယ်။

“အားနွဲ့သူလား”

ခေတ်အဆက်ဆက်-
- ဂျီစီဘီအေခေတ်မှာ ကုမ္မာရီ အမျိုးသမီးအသင်း
- ဒို့ဗမာအစည်းအရုံးခေတ်မှာ သခင်မ သခင်မကြီးများ
- ဖဆပလခေတ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ လွတ်လပ်ရေးအမျိုးသမီးအဖွဲ့
- ပြည်သူ့ရဲဘော်အဖွဲ့ချုပ်မှာ ရဲဘော်၊ ရဲမေ
- ဗမာပြည်ကွန်မြူနစ်ပါတီမှာ အမျိုးသမီးကွန်ဂရက်၊ အမျိုးသမီးသမဂ္ဂ

အဲဒီလိုတွေဖွဲ့စည်းပြီး အသင်းအပင်းအဖွဲ့အစည်းနဲ့ကို အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး တတပ်တအားပါဝင်ခဲ့ကြတာပါ။
“ဘယ်သောအခါမှ နောက်မကျန်ရစ်ခဲ့ကြပါ။”

ခေတ်အဆက်ဆက် လှုပ်ရှားမှုတိုင်း ပါတီအဖွဲ့အစည်းတွေဖွဲ့တိုင်း အမျိုးသမီးအဖွဲ့ မပါရင် မပြီးခဲ့ပါဘူး။ ပမညတမှာ အမျိုးသမီးညီ ညွတ်ရေးအဖွဲ့။ ပြည်သူ့အမျိုးသမီးအဖွဲ့ချုပ်။ တည်မြဲ၊ သန့်ရှင်း ဖဆပလကွဲတော့ ဦးနုရဲ့ ပထစမှာ ပြည်ထောင်စုအမျိုးသမီးအဖွဲ့။ ထ မိန်နီ၊ ထမီဝါ တွေနဲ့ပါ။
“အဖြည့်ခံဘဝနဲ့”

အဲဒီလို သမိုင်းမှာ မြန်မာအမျိုးသမီးတွေဟာ အမျိုးသားများနဲ့ တန်းတူရင်ဘောင်တန်းပြီး စဉ်ဆက်မပြတ် လှုပ်ရှားခဲ့ကြပေမဲ့ “မြန်မာ အမျိုးသမီးများနေ့” ရယ်လို့ သတ်သတ်မှတ်မှတ် ထိုက်ထိုက်တန်တန် အသိအမှတ်ပြုခြင်းမခံခဲ့ကြရပါဘူး။ အမျိုးသားများသာ သမိုင်း မှာ ထင်ရှားပြီး အမျိုးသမီးများရဲ့သမိုင်းဟာ တိမ်မြုပ်ပျောက်ကွယ်နေခဲ့ပါတယ်။ အမျိုးသားများနဲ့ တန်းတူရည်တူတဲ့အခွင့်အရေး မရ ခဲ့ကြပါဘူး။ အဖြည့်ခံဘဝသာ ဖြစ်ခဲ့ကြရပါတယ်။

“အာဇာနည် စုဖုယားလတ်”

ဒီလိုဖြစ်ရတာဟာ ကျမတို့အမျိုးသမီးခေါင်းဆောင်တွေရဲ့ အစွမ်းအစက ညံ့လို့လား။ မဟုတ်ပါဘူး။ ထက်မြက်ပြီး စွမ်းရည်ပြည့်ဝတဲ့ ပညာရှိ၊ သတ္တိရှိ၊ သိက္ခာရှိ၊ အိနြေ္ဒရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ဒုနဲ့ဒေးပါ။ သမိုင်းမှာရှာဖွေလေ့လာရင်တွေ့နိုင်ပါတယ်။ ကျမတို့ မြန်မာ့သမိုင်းမှာ “ဗီလိန်” လို့သိနေကြတဲ့ မိဘုရား စုဖုယားလတ်အကြောင်း လေ့လာကြည့်လိုက်တော့ တကယ့်အစွမ်းထက်တဲ့ အမျိုး သမီးခေါင်းဆောင်ဆိုတာ တွေ့ရပါတယ်။ စုဖုယားလတ်ဟာ မိဘုရားဖြစ်နေလို့ပါ။ ဘုရင်မသာဖြစ်ခဲ့ရင် ကျမတို့နိုင်ငံ ကျွန်ဘဝ မ ရောက်နိုင်ဘူးလို့လည်း ထင်မြင်မိပါတယ်။ စုဖုယားလတ်အကြောင်း တစွန်းတစတင်ပြရရင် သီပေါဘုရင် ကံတော်ကုန်တော့ မြန်မာ နိုင်ငံကို အလောင်းပြန်သယ်ဖို့ စုဖုယားလတ်က စီစဉ်တယ်။ အင်္ဂလိပ်အစိုးရက နိုင်ငံတွင်းမတည်မငြိမ်ဖြစ်မှာစိုးလို့ ခွင့်မပြုဘူး။ ရတ နာဂီရိမှာပဲ သင်္ဂြိုလ်ဖို့ အင်္ဂလိပ်အစိုးရကခွင့်ပြုတယ်။ စုဖုယားလတ်က လက်မခံတော့ အင်္ဂလိပ်အစိုးရက သီပေါဘုရင်အလောင်းကို အတင်းအဓမ္မလုတယ်။ မိဘုရား စုဖုယားလတ်ဟာ အလောင်းပိုက် အဆောင်သော့ခတ်ပြီး အချိန်ကြာမြင့်စွာခုခံတယ်။ နောက်ဆုံး အ င်္ဂလိပ်အစိုးရက အင်အားသုံး အဓမ္မလုတော့မှ သီပေါဘုရင်အလောင်း အင်္ဂလိပ်အစိုးရ လက်ထဲရောက်သွားတယ်။ သူတို့ကြိုက်သလို သင်္ဂြိုလ်လိုက်ကြတယ်။

“သုံ့ပန်းအကျဉ်းသား မိဘုရား”

စစ်ရှုံးသုံ့ပန်း ဘုရင့်မိဘုရားဟာ ပင်လယ်ရပ်ခြားတိုင်းတပါးမှာ နေမဝင်အင်ပါယာပိုင်ရှင် အင်္ဂလိပ်နယ်ချဲ့အစိုးရကို အထိန်းသိမ်းခံ အ ကျဉ်းသား ဘဝနဲ့အံတုခဲ့တဲ့ သတ္တိကိုလေ့လာသိရှိရခြင်းဖြင့် သူမရဲ့အစွမ်းထက်မြက်မှု မြန်မာအမျိုးသမီးများရဲ့ထက်မြက်မှုကို အကဲ ဖြတ်နိုင်ပါလိမ့်မယ်။ မိဘုရားစုဖုယားလတ်ဟာ မြန်မာနိုင်ငံကို ကြိုသူမရှိ၊ အသိအမှတ်ပြုသူမရှိဘဲ မထင်မရှားနဲ့ ပြန်ရောက်လာ ခဲ့ရပါ တယ်။

သမိုင်းမှာ ကျမတို့ မြန်မာအမျိုးသမီးခေါင်းဆောင်တွေ ဘယ်လောက်ဘဲ စွမ်းဆောင်နိုင်ပါစေ ရှေ့တန်းရောက်မလာခဲ့ကြပါဘူး။ အ မျိုးသားခေါင်း ဆောင်ကြီးများရဲ့ ဇနီးမယားအဖြစ်နဲ့ ညှိုးနွမ်း၊ မှေးမှိန်၊ တုံးကုန်ကြတာတွေ့ရပါတယ်။

“ထိုက်တန်တဲ့နေ့”

ဒါ့ကြောင့် ကျမတို့မြန်မာနိုင်ငံအမျိုးသမီးများရဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုခံရရေးနဲ့ အမျိုးသားများနဲ့ တန်းတူရရှိရေးတို့အတွက် “မြန်မာအမျိုး သမီးများနေ့” မှတ်တိုင်ထူရတာဖြစ်ပါတယ်။ ဒီလို သတ်မှတ် မှတ်တိုင်ထူရာမှာ သတ်မှတ်ချင်တဲ့နေ့ကို ပေါ့ပေါ့တန်တန် သတ်မှတ်လို့လည်းမဖြစ် နိုင်ပါဘူး ကျမတို့ထူလိုက်တဲ့ “မြန်မာအမျိုးသမီးများနေ့” မှတ်တိုင်ဟာ ထာဝရတည်မြဲဖို့လည်းလိုပါတယ်။

“စစ်အာဏာရှင်ခေတ်မဟုတ်”
“အမျိုးသမီးများခေတ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို "မြန်မာအမျိုးသမီးများနေ့" သတ်မှတ်ရတဲ့အကြောင်းတင်ပြပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးကိုး ကွယ်မှု ထူထောင်ဖို့မဟုတ်ပါဘူး။

ဒီခေတ်မှာ စစ်အာဏာရှင်အုပ်စိုးနေတာမှန်ပါတယ်။ စစ်အာဏာရှင်ခေတ်လို့ မြင်ကြမှာပါ။ ဒါမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ "မြန်မာအမျိုးသမီးများခေတ်" ဖြစ်ပါတယ်။ ဒို့ အမျိုးသမီးများခေတ်ကိုရောက်ပါပြီ။ အမျိုးသမီးသူရဲကောင်းတွေ ပေါ်ထွန်းလာတာတွေ့နိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံတကာက မြန်မာအ မျိုးသမီးတွေကို အသိအမှတ်ပြုလာကြရတဲ့ခေတ်ပါ။ မြန်မာအမျိုးသမီးတွေကို ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်နေတာတွေ၊ မြန်မာအမျိုး သမီးငယ်တဦးကို အမေရိကန် သမတကြီးက လက်ခံတွေ့ဆုံနေတာတွေ၊ သတင်းမီဒီယာတွေမှာ မြန်မာအမျိုးသမီးတွေရဲ့ အခန်း ကဏ္ဍ၊ မြန်မာအမျိုးသမီးတွေရဲ့အသံကို နေ့စဉ်မြင်နေကြားနေရတာတွေ ရှိနေပါတယ်။ သူတော်စင် မြတ်သီလရှင်တို့ရဲ့ အေးမြကြည် လင် သာယာရွှင်တဲ့ ကြည်ညိုဘွယ်ရာ မေတ္တာပို့သံနဲ့၊ သေနပ်သံ တဒိန်းဒိန်းညံ "အားပြိုင်" လို့နေတာကိုလည်း တွေ့ခဲ့ကြရပါတယ်။ ဒါ တွေဟာ မြန်မာအမျိုးသမီးခေတ်ရဲ့ ကြေးမှုံပြင်ပါပဲ။

“ခိုင်မာတဲ့ ခေါင်းဆောင်မှု”

မြန်မာအမျိုးသမီးခေတ်ကို ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ…
- မြန်မာအမျိုးသမီးခေါင်းဆောင်
- မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
- မြန်မာနိုင်ငံ့ခေါင်းဆောင် Head of state ပထမဦးဆုံး အမျိုးသမီးခေါင်းဆောင်
- ကမ္ဘာ့ထူးခြားထင်ရှားတဲ့ နိုဘယ်လ်ဆုရှင် ….
ဒီလိုကြီးမြတ်တဲ့ခေါင်းဆောင်ကြီးဖြစ်ပါတယ်။

“နေမဝင် အမျိုးသမီးနေ့”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေတ်ဟာ မြန်မာအမျိုးသမီးများရဲ့ခေတ်ပါ။ မြန်မာအမျိုးသမီးများဆိုတာ မြန်မာပြည်တွင်းမှီတင်းနေထိုင်ကြ သော တိုင်းရင်းသူများအားလုံးပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဟာ “မြန်မာအမျိုးသမီးများနေ့” ဖြစ်ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကို မြန်မာနဲ့ ကမ္ဘာ့နိုင်ငံရေးဇတ်ခုံပေါ်က ဖယ်ရှားဖျောက်ဖျက်ပြစ်လို့ မရနိုင်ပါဘူး။ နွံထဲကိုနှစ်လို့မရတဲ့ “ပတ္တမြား” ပါ။ ကျမတို့ ဒီလိုမျိုး “မြန်မာအမျိုးသမီးများနေ့” လို့ သတ်မှတ်တာဟာ သင့်မြတ်ပါတယ်။ ခိုင်ခန့်ပါတယ်။ ဂုဏ်မြောက်ပါတယ်။ ဘယ် လိုပြိုင်ဖက်ကပဲဖြစ်ဖြစ် ပြိုင်ဆိုင်ပြီးချေဖျက်လို့ မရနိုင်ပါဘူးလို့ ဆိုချင်ပါတယ်။

ဒီကနေ့ နအဖစစ်အစိုးရဟာ ဇူလိုင်လ (၃) ရက်နေ့ကို “မြန်မာအမျိုးသမီးများနေ့” ရယ်လို့ သတ်မှတ်ကျင်းပကြတယ်လို့ ကြားရပါ တယ်။ ဘယ်အထိန်းအမှတ်နဲ့ သတ်မှတ်ကြတယ်လို့ တိတိကျကျမသိရပါဘူး။ ဒိအပြင် နအဖက ဖွဲ့စည်းပေးထားတဲ့ အမျိုးသမီးရေးရာ အဖွဲ့ဆိုရင် အမျိုးသမီးများရဲ့ အခွင့်အရေးကို အမှန်တကယ်ရစေချင်လို့ ဖွဲ့စည်းပေးထားတာမဟုတ်ပါဘူး။ စစ်ဗိုလ်စစ်သား မိန်းမများ၊ အရာရှိကြီး၊ ငယ်များရဲ့ ဇနီးမယားများနဲ့ အဓမ္မဖွဲ့၊ ဟန်ပြဖွဲ့၊ ပြိုင်ဆိုင်ဖွဲ့တာသာဖြစ်ပါတယ်။ အမှန်တကယ် အမျိုးသမီးတို့ရဲ့အရေးကို လုပ်နေတယ်ဆိုရင် ခေါင်းဆောင်အမျိုးသမီးများဟာ အမျိုးသမီးရေးရာဌာနမှာ မြဲနေရမှာပါ။ အခုတော့ ယောင်္ကျားရာထူးပြုတ်ရင် မိန်း မလည်းပြုတ်၊ ဒါဟာ အမျိုးသမီးရေးရာအဖွဲ့ အစစ်အမှန်မဟုတ် ဘူးဆိုတာကို ဖော်ပြနေခြင်းဖြစ်ပါတယ်။

ဒီလိုမျိုး ဟိုရှေးရှေးတုံးကလည်း ကုမ္မာရီအမျိုးသမီးအသင်းနဲ့အပြိုင် အင်္ဂလိပ်ဗျူရိုကရေစီအရာရှိကြီးများရဲ့ ကတော်တွေက အမျိုးသမီး နေရှင်နယ် ကောင်စီဆိုတာဖွဲ့ခဲ့ကြတယ်။ အသင်း ဥက္ကဋ္ဌက မင်းကြီးကတော် ဒေါ်မြမေပါ။ အသင်းလုပ်ငန်းက ရံဖန်ရံခါ ကလေးပြပွဲ၊ ကျန်းမာရေးပြပွဲ၊ လုပ်တာမျိုးပဲရှိခဲ့ပါတယ်။ နောက်ဆုံးတော့လည်း ပျက်သွားတာပါပဲ။

ကျမတို့ မြန်မာအမျိုးသမီးတွေ ထိုက်တန်တဲ့အသိအမှတ်ပြုမှုကို ရယူလိုရင်၊ အမျိုးသားများနဲ့ တန်းတူရည်တူအခွင့်အရေးတွေ ရနိုင်ဖို့ ဆိုရင် ….
(၁) မြန်မာနိုင်ငံအမျိုးသမီးများနေ့ရယ်
(၂) ဒေါ်အောင်ဆန်းစုကြည်ရယ်
(၃) မြန်မာအမျိုးသမီးထုရယ်၊ ခွဲခြားလို့ မရနိုင်ပါဘူး။

ဒိအပြင် အမျိုးသားများနဲ့ ရင်ဘောင်တန်းတိုက်ပွဲဝင်နေကြသော မြန်မာအမျိုးသမီးထုတရပ်လုံးရဲ့ စွမ်းဆောင်ရည်များ တိုးတက်မြင့် မားလာဖို့နဲ့ မြန်မာအမျိုးသမီးများနေ့ကို ကမ္ဘာတည်သရွေ့တည်တန့်အောင် အမျိုးသားများနဲ့ တန်းတူရေးတိုက်ပွဲ ရည်ရွယ်ချက် အောင်မြင်အောင်၊ ခိုင်ခန့်အောင်၊ ကျမတို့ မြန်မာအမျိုးသမီးထုကြီးတရပ်လုံးက ဇွဲနဲ့ သတ္တိနဲ့ လုံ့လဝီရိယနဲ့ ကြံ့ကြံ့ခံ ရပ်တည်ကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

မြန်မာအမျိုးသမီးများ သွေးစည်းညီညွတ်ကြ
မြန်မာအမျိုးသမီးများနေ့ အဓွန့်ရှည်ပါစေ

ဒေါ်မြင့်မြင့်အေး
အတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိတ္ထီလာ
၃ - ၇ - ၂ဝ၁ဝ
photo by: http://www.drlunswe.blogspot.com

3 comments :

Always said...

မြန်မာနိုင်ငံအတွက် မြန်မာအမျိုးသမီးများနေ့ဆိုတာက မရှိမဖြစ် လိုအပ်နေလို့လား၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးကို အရင်လုပ်ကြပါ။ မယောင်ရာ ဆီ လူးချင် မနေကြပါနဲ့။ ဒါဟာ မြန်မာပြည်သား သန်း ၆၀ နဲ့ဆိုင်ပါတယ်၊ အတိုက်အခံ တစုတည်းနဲ့မဆိုင်သလို ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိပါ။ စစ်အစိုးရကို ဆန့်ကျင်နေတိုင်း၊ အရာရာကို မိမိသဘောအတိုင်း ဆုံးဖြတ်ပိုင်ခွင့် မရှိသလို၊ သတ်မှတ်ပိုင်ခွင့် မရှိပါဘူး။

မြန်မာပြည်သား အားလုံးကို လေးစားလျှက်
တေဇသူရ

Anonymous said...

မရှိမဖြစ် လိုလားမလိုလား တော့ မသိဘူး။ ရှိသင့် ရှိထိုက် တဲ့ နေ့ တစ်နေ့ လို့ တော့ မြင်တယ်။

Anonymous said...

မြန်မာအမျိုးသမီးများနေ့  ဆိုတာ မရှိမဖြစ် လိုမလိုတော့ မသိဘူးဗျ။ ရှိသင့် ရှိထိုက်တယ်လို့ တော့ ထင်တာပဲ။